• Today is: Monday, August 2, 2021

ခေတ်သစ် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကြိုးကိုင်နေသည့် အုပ်စုများ

Federal Journal
June29/ 2021

29 – June – 2021

 

ခေတ်သစ် မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း၏ အခြေခံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားသူ နှင့် မလိုလားသူအကြား ဖြစ်ပေါ်သည့် နိုင်ငံရေးပဋိပက္ခဟု အတိုင်းတာတစ်ခုထိ ဆိုနိုင်သော်လည်း ထိုအချက် သည် နိုင်ငံရေးအကျပ်အတည်း၏ အဓိက ရင်းမြစ်မဟုတ်ပါ။ နိုင်ငံရေး အကျပ်အတည်း၏ အဓိက ရင်းမြစ်သည် မြန်မာ့သမိုင်းကို လွဲမှားစွာ နားလည်သဘောပေါက်သည့် စစ်တပ်ထောက်ခံသူအုပ်စု နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်သူအုပ်စု နှစ်ခုကြားဖြစ်ပွားသည့် နိုင်ငံရေးအာဏာလုပွဲမှစတင်ကာ၊ ထိုအုပ်စု နှစ်ခုလုံးကို ဆန့်ကျင်သည့် ဖက်ဒရယ်ဒီမိုကရေးစီစနစ် နှင့် အတူယှဥ်တွဲနေထိုင်ရေး (pluralistic society) လိုလားသူ (တတိယ) အုပ်စု သုံးခုအကြား ဖြစ်ပေါ်သည့် ပဋိပက္ခဖြစ်သည်။ ပထမ နှင့် ဒုတိယ အုပ်စုနှစ်ခုတွင် တူညီသော နိုင်ငံရေးရည်ရွယ်ချက် ရှိသည်။ ၎င်းတို့၏ အဓိကနိုင်ငံရေးရည်ရွယ်ချက်သည် အမျိုးဘာသာသာသနာ အခြေခံ သော ဗမာအမျိုးသားကြီးစိုးသည့် စတုတ္ထမြန်မာနိုင်ငံတော် တည်ထောင် ခြင်းဖြစ်ပြီး၊ ထိုအုပ်စုနှစ်ခုသည် ဒီမိုကရေစီစနစ်ကို လိုလားကောင်း လိုလားနိုင်သော်လည်း ဖက်ဒရယ်အခြေခံ ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ လိုလားသူများ မဟုတ်ပေ။ တတိယ အုပ်စုသည် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို လက်ခံရုံသာမက မတူကွဲပြား အတူ ယှဉ်တွဲနေထိုင်ရေးကို အားပေ းထောက်ခံသူများ ဖြစ်သည်။ အများအားဖြင့် စစ်တပ် နှင့် အောင်ဆန်းစုကြည် ထောက်ခံ ကိုးကွယ်သူတွေ မဟုတ်ကြပါ။

ပထမအုပ်စု။ ။ပထမ အုပ်စုက မြန်မာနိုင်ငံသည် ပင်လုံစာချုပ်အခြေခံကာ ပေါက်ဖွားလာသည့် နိုင်ငံဟူ၍ လက်ခံခြင်း မပြုကြပေ။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ဗမာဘုရင်များ တည်ထောင်လာသည့် ပထမ၊ ဒုတိယ၊ တတိယ ဗမာနိုင်ငံတော်တွင် အခြေခံကာ ဖြစ်ပေါ်လာသည့် နိုင်ငံဟုယူဆကြသည်။ ဒီအုပ်စုအတွက်ဗမာမဟုတ်သည့် ကျန်တိုင်းရင်းသားအားလုံးကို ယခင် ဗမာဘုရင်များ၏ လက် အောက်ခံများ အဖြစ်သာ လက်ခံကာ၊ ဗုဒ္ဓဘာသာ ဗမာလူမျိုးကြီးစိုးရေးဝါဒကို လက်ကိုင်ယုံ ကြည်ကြ သည်။ ဤအုပ်စုအနေဖြင့် စစ်တပ်ကို ထောက်ခံ အားပေးခြင်း အဓိကအကြောင်းရင်း သုံးခုရှိသည်။

ပထမအကြောင်းရင်းမှာ ဗမာစစ်တပ်သည် လက်နက်ကိုင် တော်လှန်ရေးနည်းဖြင့် နယ်ချဲ့လက် အောက်သို့ ရောက်ရှိသွားသော ဗမာပြည်ကြီးကို ကယ်တင်နိုင်ခဲ့သည့် ကယ်တင်ရှင်အဖြစ် ရှုမြင်ကြသည်။ တစ်နည်းပြောရလျှင် ဗမာစစ်တပ်သာလျှင် မြန်မာပြည်လွတ်လပ်ရေး ယူဆောင်ပေးနိုင်သူ နှင့် နိုင်ငံတော် ပြန်လည် ထူထောင်ပေးနိုင်သည့် အဖွဲ့အစည်းဟု ယူဆကြသည်။ ဒုတိယ အကြောင်းရင်းမှာ လွတ်လပ် ရေးနောက်ပိုင်း စစ်တပ်၏ အခန်းကဏ္ဍဖြစ်သည်။ ဤအုပ်စုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသည် နယ်ချဲ့သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပုန်ကန်မှု အဖြစ် မြင်ကာ စစ်တပ်သည်သာ ထိုနယ်ချဲ့လက်ပါးစေ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူများ၏ ရန်မှ နိုင်ငံတော်ကို အကာအကွယ် ပေးနိုင်သည့် တစ်ခုတည်းသောအဖွဲ့စည်းအဖြစ် လက်ခံယုံ ကြည်ကြသည်။ ထိုအပြင် ဤအုပ်စုအနေဖြင့် ဗုဒ္ဓဘာသာ ဗမာလိုမျိုးမဟုတ်သည့် လူနည်းစု တိုင်းရင်း သားများ၏ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး နှင့် စီးပွားရေးဆိုင်ရာ တန်းတူအခွင့်ရေး ရရှိရေးကို မလို လားကြ။ ထိုတန်းတူအခွင့်ရေးသည် တိုင်းပြည် နှင့် အမျိုးဘာသာသာသနာအတွက် အကြီးမားဆုံးသော အန္တရာယ်အဖြစ် ရှုမြင်သည်။ ဥပမာ၊ မူစလင်ဘာသာဝင်များ နှင့် ခရစ်ယာန်ဘာသာဝင်များကို အမျိုးဘာသာ သာသနာ၏ အကြီးမားဆုံး ရန်သူအဖြစ် သတ်မှတ်ပြီး စစ်တပ်သာလျှင် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ကြသည်။

၎င်းအုပ်စုအနေဖြင့် စစ်တပ်ကိုထောက်ခံအားပေးရသည့် တတိယ အကြောင်းရင်းမှာ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အယုံကြည်မရှိခြင်းကြောင့် ဖြစ်သည်။ အထက်မှာ ဖော်ပြထားသလို ဒီပထမအုပ်စု၏ နိုင်ငံရေးရပ်တည်ချက် (သို့) ရည် မှန်းချက်သည် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး နှင့် ဗမာကြီး စိုးသည့် အမျိုးသားနိုင်ငံတော် တည်ထောင်ရေးဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် ထိုနိုင်ငံရေး ရည်မှန်းချက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံရေးရည်မှန်းချက် အကောင်ထည် ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အာဏာသည် ဗမာကြီးစိုးသည့် စစ်တပ်၏ လက်ထဲတွင် ရှိမှသာ ဖြစ်သည်ဟုယုံကြည်ကြပြီး၊ လက်နက်အင်အား မရှိသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရထံသို့ နိုင်ငံတော်အာဏာ အပ်နှံဖို့ရန်အတွက် စိတ်မချနိုင်ကြပေ။ ထို့ကြောင့် နည်းလမ်း ပေါင်းစုံ သုံးပြီး ဗမာကြီးစိုးသည့် စစ်တပ်အာဏာ ရရှိရေးကို ခေတ်အဆက်ဆက် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။ အခြားအုပ်စုထက်စာရင် လူနည်းစုဟု ယူဆနိုင်သော်လည်း သူတို၏နောက်ခံတွင် စီးပွားရေး နှင့် လက်နက်အင်အား အပြည့်ရှိသည်။

ဒုတိယအုပ်စု။ ။ဤအုပ်စုတွင်မူ အများအားဖြင့် အဲန်အယ်လ်ဒီပါတီကို ထောက်ခံသူများဖြစ်ပြီး အောင်ဆန်းစုကြည် ကို ကိုးကွယ် သူများဖြစ်ကြသည်။ အဲန်အယ်လ်ဒီပါတီ ထောက်ခံသူ အားလုံးကို ဆိုလိုခြင်း မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအများစုဟု ယူဆနိုင်သည်။ ဒုတိယအုပ်စု သည် ပထမအုပ်စုနှင့် မြန်မာ့သမိုင်းအား နားလည်သဘောပေါက်ပုံခြင်း တူ၏။ သို့သော် မြန်မာပြည်လွတ်လပ်ရေးရရှိမှု ဖြစ်စဉ်နှင့်ပတ်သက်လျှင် ဗမာစစ်တပ်တစ်ခုလုံးထက် ဗိုလ်ချုပ် အောင်ဆန်း ၏ အခန်းကဏ္ဍကို ပိုပြီးအလေးပေး အသိမှတ်ပြုကြသည်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်း ကြောင့်သာ တိုင်းရင်းသားများ အပါဝင် မြန်မာပြည်တစ်ခုလုံး လွတ်လပ်ရေးရရှိခြင်း ဖြစ်သည်ဟု ယူဆပြီး တိုင်းရင်းသားလူနည်းစုများ၏ အခန်းကဏ္ဍကို အသိအမှတ် ပြုပုံမရကြပါ။ စစ်တပ်ထောက်ခံ သူများနည်းတူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ခြင်းကို တိတ်တဆိတ်အားပေးထောက်ခံသူများ သည်။ အထူးသဖြင့် မူဆလင် ရခိုင်ရိုဟင်ဂျာ ကိစ္စနှင့် ပတ်သက်လာရလျှင် သဘောထား တင်းမာကြ သည်။ ပထမအုပ်စု နှင့် မတူညီသည့် အဓိက အချက်များမှာ စစ်တပ်အပေါ် အယုံအကြည်မရှိခြင်း နှင့် ဒီမိုကရေစီစနစ် လက်ခံ အားပေးခြင်းဖြစ်သည်။ ဤအုပ်စုအနေဖြင့် စစ်တပ်သည် မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ တရားခံဖြစ်သည်ဟု ယူဆပြီး ဒေါ်အောင်ဆန်းစုကြည်သာလျှင် မြန်မာ့နိုင်ငံရေး ပြဿနာ၏ အဖြေဖြစ်သည့် ဟုယူဆကြသည်။ ဤအုပ်စုအနေဖြင့် အဲန်အယ်လ်ဒီပါတီ ကို ထောက်ခံ အားပေးခြင်းမှာ ဒီမိုကရေစီစနစ်ကို လိုလားသောကြောင့် ဆိုသည်ထက် လွပ်လပ်ရေးဖခင်ရ၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစား ကိုးကွယ်သောကြောင့်ဟု ဆိုနိုင်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရှင် ဖြစ်လာလျှင်ပင် ဆက်လက်ထောက်ခံမယ့်သူ ပိုများနေသေး သည်။ ဒီမိုကရေစီစနစ်ကို လက်ခံအားပေးကြသော်လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ် ပတ်သက်လာရင် သံသယကြီးသူများဖြစ်ကြသည်။ ဥပမာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့စဥ်က ရခိုင်ပြည်နယ်တွင် အနိုင်ရထားသည့် ရခိုင်ပါတီကို အစိုးရဖွဲ့ခွင့် မပေးခဲ့ခြင်း၊ ပြည်နယ်အသီးသီးမှာ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒကို ဆန့်ကျင်ကာ ဗိုလ်ချုပ်ရုပ်ထုများ စိုက်ထူခြင်း၊ မွန်ပြည်နယ်ရှိ တံတားတစ်ခု နာမည်နဲ့ပတ် သက်၍ မွန်ပြည်သူများ၏ ဆန္ဒကိုဆန့်ကျင်ကာ ဗိုလ်ချုပ်အောင်ဆန်းနာမည်အား အတင်း အကျပ်ပေးခြင်းနှင့် စစ်တပ်ရဲ့ ရိုဟင်ဂျာတိုင်းရင်းသားအပေါ် မတရား ကျူးလွန်မှုကို နိုင်ငံတကာခုံရုံးမှာ ကာကွယ်ပေးခြင်းတို့သည် တိုင်းရင်းသား အခွင့်ရေးကို လျစ်လျူရှုခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် နှင့် လုံးဝဆန့်ကျင်သည့် လုပ်ရပ်များဖြစ်သည်။ ထို့နောက် လွန်ခဲ့သည့် ဆယ်စုနှစ်ကာလ အဲန်အယ်လ်ဒီ ပါတီ၏ နိုင်ငံရေးလှုပ်ရှားမှုများကို လေ့လာသုံးသပ်ကြည့်လျှင်စစ်တပ်ဖြုတ်ချရေး နှင့် ဒေါ်အောင်ဆန်းစုကြည် လွှမ်းမိုးသည့် နိုင်ငံရေးအခင်းအကျင်းအတွက်သာ အဓိကထား လုပ်ဆောင်ခဲ့ ခြင်း တွေ တွေ့မြင်နိုင်ပါသည်။

တတိယအုပ်စု။ ။ဤအုပ်စု၏ အဓိကထူးခြားချက်မှာ အတူယှဥ်တွဲနေထိုင်ရေး (pluralistic society) လက်ကိုင်ယုံကြည်ခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း၏ အဖြေသည် အတူယှဉ်တွဲနေထိုင်ရေး (pluralistic society)၊ အမျိုးသားတန်းတူရေး နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် သာဖြစ်သည်ဟု လက်ခံယုံကြည်သူ အုပ်စုဖြစ်သည်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်၏ အနှစ်သာရကို လက်ခံကာ လက်တွေ့ အကောင်အထည်ဖော်ရန် ကြိုးပမ်း အားထုတ် သူများဖြစ်ပြီး၊ လက်ရှိမြန်မာပြည်သည် ပင်လုံစာချုပ်မှ တဆင့် ပေါက်ဖွားလာသော နိုင်ငံဖြစ်ကြောင်း မားမားမတ်မတ် ဆုပ်ကိုင်သူများ ဖြစ်သည်။ တတိယအုပ်စုသည် အာဏာရှင် စစ်တပ် နှင့် လူမျိုးကြီးဝါဒ သည် လက်ရှိမြန်မာပြည် နိုင်ငံရေးအကျပ်အတည်း၏ အဓိက တရားခံများအဖြစ် ရှုမြင်ကြသည်။ အများစုသည် ခေတ်ပညာတတ်လူငယ်များဖြစ်ပြီး၊ များသောအားဖြင့် လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဘာသာစွဲ စသည် အယူသီဝါဒနဲ့ ကင်းရှင်းကာ ပလျူရယ် စီကျူလာရီဇိမ်ဝါဒ (plural secularism) ကိုလက်ကိုင် ယုံကြည်သူများ ဖြစ်သည်။ လက်ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကို သတ္တိရှိရှိ ဦးဆောင်သူများတွင်လည်း အများစုပါ၀င်ကြသည်။ ဖက်ဒရယ် ဒီမိုကရေစီစနစ်နှင့် ပတ်သက်လျှင်အချို့တိုင်းရင်းသား ခေါင်းဆောင်များ နှင့် ရပ်တည်ချက် ချင်း တူသည်ဟု ဆိုနိုင်သော်လည်း တိုင်းရင်းသား ခေါင်းဆောင်များနည်းတူ လူမျိုးစွဲ၊ ဘာသာစွဲ ထို သူတို့မှာမရှိပါ။ လူနည်းစုများအတွက် တိုင်းတူအခွင့်အရေးရရှိရေးကို လက်ခံပြီး ပလျူရယ်လစ် လူ့အဖွဲ့အစည်း (pluralistic society) ကို အားပေးထောက်ခံကြသည်။

နိုင်ငံရေးအဖြေ။ ။မတူညီသော နိုင်ငံရေးအုပ်စုသုံးခုကြား ဖြစ်ပွားသည့် နိုင်ငံရေးပဋိပက္ခကို မည်သို့အဖြေရှာ ဖြေရှင်းကြမည်နည်းဆိုသည့် အရေးကြီးလှသော မေးခွန်းတစ်ခုကို မေးစရာရှိပါသည်။ ထိုမေးခွန်း၏ အဖြေသည် ကျွန်တော်တို့ အနာဂါတ်မြန်မာနိုင်ငံကို မည်သို့ပုံဖော်လိုသနည်းဆိုသည့် မေးခွန်းအပေါ် များစွာမူတည်ပါလိမ့်မည်။ ပထမအုပ်စုကဲ့သို့ အမျိုးဘာသာ သာသနာကို အကာအကွယ်ပေးသော စစ်အာဏာရှင်စနစ် အုပ်ချုပ်သည့် နိုင်ငံမျိုး လိုချင်သည်လား။ သို့မဟုတ် ဒုတိယအုပ်စု လိုချင်သည့် လူမျိုးတစ်မျိုး သို့မဟုတ် အနိုင်ရအများစုကြီးစိုးသည့် ဒီမိုကရေစီ (majoritarian democracy) နိုင်ငံလော။ သို့မဟုတ် တတိယအုပ်စု လိုချင်သော အားလုံးတန်းတူအခွင့် အရေးရကာ လူနည်းစု အခွင့်အရေးများကိုလည်း အကာအကွယ် အပြည့်အ၀ပေးသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံလော။ စာရေးသူ အမြင်အရ ပထမ နှင့် ဒုတိယအုပ်စု လိုချင်သည့် နိုင်ငံမျိုးသည် လက်ရှိကြုံတွေ့နေသော မြန်မာနိုင်ငံရေးအကျပ်အတည်း အဖြေမဟုတ်ဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့နေသော နိုင်ငံရေးပဋိပက္ခရဲ့ အဓိကရင်းမြစ်ဟု ယူဆသည်။ လက်ရှိ ကြုံတွေ့နေသော နိုင်ငံရေး ပြဿနာ၏ အဖြေသည် တတိယအုပ်စု လိုချင်သည့် နိုင်ငံရေးစနစ်ဖြစ်ပြီး ထိုစနစ်ကို အကောင်ထည် ဖော်ဆောင်ရွက်ရေးအတွက် အဓိက လုပ်ငန်း သုံးခုရှိသည်။ ပထမလုပ်ငန်းမှာ ကျောင်းသုံးမြန်မာ့သမိုင်း ပြန်လည်ရေးဆွဲခြင်းနှင့်အတူ မျိုးဆက်သစ်များကို သမိုင်းမှန် ပြန်လည်သင်ကြားပေးခြင်းဖြစ်ပြီး၊ ဒုတိယလုပ်ငန်းမှာ စစ်တပ်နှင့် အောင်ဆန်းစုကြည် လွှမ်းမိုးမှုမရှိသည့် နိုင်ငံရေးအခင်းအကျင်း ဖန်တီးခြင်းဖြစ်သည်။ အဓိကဖြစ်သည့် တတိယလုပ်ငန်းမှာ ဖက်ဒရယ်ဒီမိုကရေစီ နှင့် တန်းတူ အခွင့်အရေး လိုလားသည့် တတိယအင်အားစုကို အားကောင်းအောင် အဘက်ဘက်မှ ကြိုးစားလုပ် ဆောင်ခြင်း ဖြစ်သည်။

 

စာရေးသူ: Rual Lian Thang

 

Federal