• Today is: Monday, January 25, 2021

ခွဲ(မ)ထွက်ရေးမူကိစ္စ အစိုးရိမ်လွန်ခြင်းလော၊ နိုင်ငံရေးအသုံးချခြင်းလော

Federal Journal
March03/ 2019

ဆလိုင်း ကျဲအိုဘိခ်ထောင်း

အားလုံးသိရှိသည့်အတိုင်း လက်ရှိ (၂၁)ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်သည် အစိုးရဘက်/တပ်မတော်ဘက်က ကြိုတင်သတ်မှတ်သော ခွဲမထွက်ရမူ၊ တစ်ခုတည်းသောတပ်မတော်မူနှင့် နှင့်တိုင်းရင်းသားများလိုလားသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်အခြေခံဥပဒေကိစ္စ Package Deal ညှိနှိုင်းမရဖြစ်၍ သောင်တင်နေဆဲဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏တစ်စိတ်တစ်ပိုင်းဖြစ်သော တွဲရေးခွဲရေးကိစ္စသည် အမှန်တကယ် ဆွေးနွေးငြင်းခုန်နေစရာလိုသလော။

နိုင်ငံတကာ သင်ခန်းစာ

ဒုတိယကမ္ဘာစစ်မတိုင်ခင် ကမ္ဘာမှာ နိုင်ငံပေါင်း(၁၀၀)ပင်မပြည့်ခဲ့ပါ။ ယနေ့ UN အသိမှတ်ပြု(၁၉၃)နိုင်ငံထဲက အများစုသည် ကမ္ဘာစစ်ပွဲပြီးမှပေါ်ပေါက်လာသော နိုင်ငံသစ်များဖြစ်ကြသည်။ စစ်အေးကာလကုန် ၁၉၉၀ခုနှစ် နောက်ပိုင်းမှာတင် နိုင်ငံသစ်ပေါင်း (၃၄)နိုင်ငံပေါ်ပေါက်လာပါသည်။ ယင်းနိုင်ငံအများစု(အားလုံးမဟုတ်သည့်တိုင်)သည် ရှိရင်းစွဲနိုင်ငံများထဲမှာ ပဲ့ထွက်(ခွဲထွက်) လာကြခြင်းဖြစ်သည်။ ထို့ပြင် ခွဲထွက်ရန် ကြိုးပမ်းနေဆဲ လူမျိုး(ပြည်နယ်)များ – ဥပမာ စကော့တလန်၊ ကတ်တလိုနီးယား(ဘာစီလိုနာ)၊ ချေချင်နီယာ၊ ကောဒ် စသည် လူမျိုး/ပြည်နယ်များ ဆယ်ဂဏန်းထက်မနည်း ကျန်ရှိနေပါသေးသည်။ ထိုသို့ ကမ္ဘာ့နိုင်ငံသစ်များခွဲထွက်သည့်(ကြိုးပမ်းလျက်ရှိသည့်) အတွေ့အကြုံကို လေ့လာကြည့်ရာတွင် မိခင်(ရှိရင်းစွဲ)နိုင်ငံများ၏ သဘောတူထောက်ခံခြင်း၊ မထောက်ခံခြင်းသည် အဓိကမဟုတ်ချေ။ ခွဲထွက်ရန်အချက် (၂)ချက်သာ လိုအပ်ပါသည် – ခွဲထွက်ရန် အမှန်တတယ်ဆန္ဒရှိခြင်းနှင့် ခွဲထွက်နိုင်ရန် အင်အားအလုံအလောက်ရှိခြင်း ဟူ၍။ တစ်နည်းအားဖြင့် မိခင်နိုင်ငံ၏ တည်ဆဲဥပဒေ(အခြေခံဥပဒေ)က ‘ခွဲထွက်ခွင့်’ ပြဋ္ဌာန်းပေးထားခြင်း၊ မပေးထားခြင်းနှင့် မသက်ဆိုင်ပါ။ အကြောင်းမှာ ဥပဒေသည် အမျိုးသားရေးနှင့် နှိုင်းယှဉ်လျှင် စက္ကူသာဖြစ်သောကြောင့်ဖြစ်သည်။

ခွဲထွက်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

ဒုတိယကမ္ဘာစစ်နှင့်အတူ ခေတ်စားလာသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်(Self-Determination)ကို နိုင်ငံတကာတွင် တစ်ကျောင်းတစ်ဂါထာ အဓိပ္ပယ်ဖွင့်ကြသည်။ Universal definition ခေါ်ကမ္ဘာလုံးဆိုင်ရာ တူညီသော အဓိပ္ပယ်ဖွင့်ဆိုချက်မရှိပေ။ လွတ်လပ်သည့်နိုင်ငံ(independent) ထူထောင်ခွင့်အထိ အဓိပ္ပယ်ဖွင့်ဆိုသောသူများက အထက်ပါအတိုင်း လွပ်လပ်သည့်နိုင်ငံသစ်တည်ထောင်ကြသည်။ တစ်ချို့က Confederation အဆင့်ဖြင့် အဓိပ္ပယ်ဖွင့်လို့ ကွန်ဖက်ဒရစ်အသွင်ဖြင့် ပူးပေါင်းကြသည်။ အချို့က Federation အဖြစ်အနက်ဖွင့်၍ ဗဟိုနှင့်ပြည်နယ်အာဏာမျှဝေသော နိုင်ငံတည်ထောင်ကြသည်။ ကျွန်တော်တို့နိုင်ငံမှာ ၁၉၇၆ကတည်းက National Democratic Front (NDF) လက်နက်ကိုင်မဟာမိတ်များက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖက်ဒရယ်စနစ်၊ တစ်နည်းအားဖြင့် ‘internal’ self-determination အဖြစ်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီးဖြစ်သည်။ ထိုနောက်ပိုင်းတွင် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်း (၉၉ ရာခိုင်နှုန်း)က Independent တို့၊ Confederation တို့ကို တရားဝင်တောင်းဆိုခြင်းမပြုတော့ချေ။ အထက်တွင်ဖော်ပြသည့်အတိုင်း ဖက်ဒရယ်စနစ်ဆိုသည်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် အနိမ့်ဆုံးအဓိပ္ပယ်ဖွင့်ဆိုခြင်းဖြစ်သောကြောင့်ယင်းကိုလက်မခံပါက အခြားရွေးချယ်စရာလမ်းသည် ပိုဆိုးမည်ဖြစ်သည်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဥရောပ စသည့် အင်အားကြီး နိုင်ငံများကရော မည်ကဲ့သို့ အနက်ဖွင့်ကြသနည်း။ ပုံသေမရှိပါ။ သူတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ မဟာဗျူဟာကို အခြေခံ၍ အခင်းဖြစ်ပွားမှုပေါ်အခြေခံ၍ အနက်ဖွင့်လေ့ရှိသည်။ ဥပမာ- အမေရိကန်နိုင်ငံက Soviet Union မှအဆင့် ပြိုကွဲပဲ့ထွက်သော နိုင်ငံများနှင့် ထိုင်ဝမ်(တရုတ်တိုင်ပေ)၊ တောင်ဆူဒန် စသည်တို့ ခွဲထွက်မှုကို အားပေးအသိအမှတ်ပြုသော်လည်း ကတ်တလိုနီးယားပြည်နယ်က စပိန်နိုင်ငံမှ ခွဲထွက်ကြောင်း ကြေညာမှုကို အသိအမှတ်မပြုအားမပေးပါ။

မြန်မာ့သမိုင်း၊ အစိုးရိမ်လွန်ခြင်းသင်ခန်းစာ

ဗိုလ်ချုပ်အောင်ဆန်း ကိုတိုင်းရင်းသားခေါင်းဆောင်များက ယုံကြည်နေမှုမှာ သူ့အလိုလိုဖြစ်လာခြင်းမဟုတ်ပေ။ သူကိုယ်တိုင်က တိုင်းရင်းသားများအပေါ် လက်ဦးမှုယူပြီး သတ္တိရှိရှိဖြင့် ယုံကြည်မှုကို ပုံအပ်ခဲ့၍ ဖြစ်ပါသည်။ “ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ်” ဆိုသည့်အချက်အပြင် “မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် စစ်ဦးစီးချုပ်ကို တိုင်းရင်းသားများထဲက ဖြစ်စေချင်တယ်” ဆိုသည့် သူ၏နှုတ်ထွက်စကားများသည် တိုင်းရင်းသားများ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းဗမာ နိုင်ငံရေးခေါင်းဆောင်လုပ်သူများက ကရင်သူပုန်ထ၍ဆိုပြီး စစ်ဦးစီးချုပ်(ကရင်) စမစ်ဒွန်းကို ၁၉၄၉ခုနှစ်တွင် နေ၀င်းဖြင့် အစားထိုးလိုက်သည်။ တစ်စုံတရာ လက်ခံ၍ရသေးသည်။ ၁၉၅၈-၆၀ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေ၀င်းကို အိမ်စောင့်အစိုးရဆိုပြီး ယာယီအာဏာလွှဲအပ်ခြင်းမှာ ဖဆပလ (၂)ခြမ်းကွဲခြင်း သက်သက်မဟုတ်ဘဲ အခြေခံဥပဒေအရ ဆယ်နှစ်ပြည့် လို့တိုင်းရင်းသားများ ‘ဖြစ်နိုင်ခြေ ခွဲထွက်ခွင်လှုပ်ရှားမှု’ကို စိုးရိမ်၍ စစ်ရေးနည်းဖြင့် ယာယီအိမ်စောင့်ခိုင်းခြင်းဟု ယူဆပါသည်။ ထိုမှ ရှမ်းစော်ဘွားများကိုလည်း လူမျိုးစုလွှတ်တော်ကနေ ဖယ်ထုတ်၊ ကရင်နီနိုင်ငံရေးသာမားများကို နှိပ်စက်၊ လက်နက်ကိုင်များကိုလည်း တိုက်ခိုက်လက်ဦးယူစေခဲ့သည်။ နောက်ဆုံး ၁၉၆၂ မှာ တိုင်းရင်းသားများကြောင့် တိုင်းပြည်ပြိုကွဲနိုင်သည်ဟု စိုးရိမ်ပြပြီး အာဏာသိမ်းသည့်အထိဖြစ်သွားသည်။

တစ်နည်းအားဖြင့်ဆိုသော် ယင်းသည် “ကြောင်မှ ကျားဖြစ်စေသည့်နည်းလမ်း”သာဖြစ်သည်။ အခုလည်း ထိုနည်းလည်းကောင်းပါ။ UNFC ကို စိုးရိမ်၍ ဖြိုခွင်းရာမှ FPNCC ဖန်တီးစေသည်။ အကြောင်းမှာ NCA ကိုတပ်မတော်က NCCT/UNFC အဖွဲ့ဝင်အားလုံး လက်မှတ်ထိုးခွင့်ပြုခဲ့လျှင်          UNFC ပြိုကွဲမှာမဟုတ်သလို FPNCC လည်း ပေါ်ပေါက်ခဲ့မှာမဟုတ်ပေ။ ယခု AA လက်နက်ကိုင်ခေါင်းဆောင်က Confederation အဆင့်ထိ ပြောလာသည်မှာလည်း မြန်မာ့တပ်မတော်ကြောင့် ဟုပြောနိုင်ပါသည်။ ၂၀၁၅ခုနှစ်တုန်းက တပ်သား ၂၀၀၀ အောက်သာရှိခဲ့သည့် AA ကို တပ်မတော်က NCA လက်မှတ်ရေးထိုးခွင့်ပြုခဲ့လျှင် ယနေ့ AA တပ်အင်အား ၆၀၀၀ ပြည့်ခဲ့မှာမဟုတ်သလို၊ Confederation လည်း ဖွင့်ဟလာမည်မဟုတ်ပေ။ ထိုစဉ်က AA သည် “ရခိုင်မှာအခြေမချလို့” ဆိုပြီး တပ်မတော်က အကြောင်းပြခဲ့သည်။ KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးခဲ့ပြီးသား၊ “သူတို့(AA)က မြေအောက်ကဖြစ်ဖြစ်၊ ကောင်းကင်ကဖြစ်ဖြစ် ရခိုင်ကို အရောက်သွားကြမှာပဲ”ဟူ၍။ 

ရိုးရိုးသားသား စိုးရိမ်မှုလော၊နိုင်ငံရေးအကွက်ဆင်မှုလော

အထက်မှာဖော်ပြခဲ့သလို ၁၉၄၇ အခြေခံဥပဒေအမှာ “ခွဲထွက်ခွင့်ရှိသည်”ဟု ပြဋ္ဌာန်းခဲ့သော်လည်း တကယ့်တကယ်တွင် တိုင်းရင်းသားများ မခွဲထွက်နိုင်(မခွဲထွက်ချင်)ခဲ့ပါ။ နောက်နောင်မှာလည်း “ခွဲမထွက်ရ” ဟု မည်သို့ပြင် ဥပဒေက ဆိုစေကာမူ တိုင်းရင်းသားများအနေဖြင့် ခွဲထွက်လိုက (လုံလောက်သော အင်အားရှိလျှင်) ခွဲထွက်မည်သာဖြစ်သည်။ အထက်မှာ ဖော်ပြပြီးသည့်အတိုင်း ယင်းသည် စာရွက်(စက္ကူ)ဖြင့် ချည်နှောင်၍မရသော အမျိုးသားအခွင့်အရေး၊ သို့တည်းမဟုတ် သဘာဝအခွင့်အရေး (natural/national right) ဟု လူတိုင်းက ခံယူကြ၍ဖြစ်သည်။ တနေ့ တိုင်းရင်းသားဒေသတွင် သယံဇာတကုန်ခမ်းပြီး တိုင်းရင်းသားများကို ၀န်ထုတ်ဝန်ပိုးဟု ဗမာနိုင်ငံရေးခေါင်းဆောင်များက ခံယူလာသည့်အချိန်တွင် ရုရှားနိုင်ငံကဲ့သို့ သူကိုယ်တိုင်က မခွဲထွက်ဘူးဟု မဆိုနှိုင်။ ထို့ကြောင့် လက်ထပ်စာချုပ်တွင် “ကွာရှင်းခွင့်ရှိသည်”ဟု ဖြည့်စွက်စရာမလိုအပ်သလို “လုံဝမကွာရှင်းရ”ဟု ထည့်သွင်းစရာလည်း မလိုအပ်ချေ။

ခြုံပြောရလျှင် ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့်ဆိုသည်မှာ တိုင်းရင်းသားများက ပင်လုံကတိက၀တ်ဖြစ်သည်ဟု ခံယူလျက် မဖြစ်မနေ ဆွေးနွေးပွဲစားပွဲပေါ်အရောက်တင်ပြမှသာ ဆွေးနွေးသင့်သည့်အချက်ဖြစ်ပါသည်။ သို့မဟုတ်လျှင် တပ်မတော်နှင့်အစိုးရက အသာကလေးခေါက်ထားသင့်သည့်အချက်ဖြစ်သည်။ တိုင်းရင်းသားများက ၁၉၄၇အခြေခံဥပဒေအရ သူတို့ရရှိခဲ့သော ခွဲထွက်ခွင့်ပုဒ်မကို ထပ်မံတာင်းဆိုခြင်းမပြုတော့သည်ကိုပင် တပ်မတော်နှင့်ဗမာခေါင်းဆောင်များက ကျေးဇူးတင်သင့်သည်။

ထိုသို့ဆိုလျှင် ဘာကြောင့် တပ်မတော်က “မခွဲထွက်ရ” ဆိုသည်ကို အတင်းထိုးထည့်သနည်း။ အမှန်တကယ် စိုးရိမ်မိလို့လား။ ဗိုလ်ချုပ်ကြီး နေ၀င်းက “တိုင်းရင်းသားလက်နက်ကိုင်တွေသာမရှိရင် ငါတို့အာဏာ ဘယ်တည်မြဲမလဲ”ဟု ဟာသတစ်ဝက်၊ အတည်တစ်ဝက်ဖြင့် ပြောခဲ့ဖူးသည်ဟု မှတ်သားဖူးပါသည်။ လက်ရှိ ကာ-ချုပ်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်ပြီးမှသာ တပ်မတော်က နိုင်ငံရေးကနေ ဆင်းပေးနိုင်မည်ဟု အလားတူစွာ ပြောခဲ့ဖူးသည်။ ထိုသို့ဆိုလျှင် နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်လိုသေး၍ ပြည်တွင်း ငြိမ်းချမ်းရေးကို အချိန်ဆွဲနေသလော။

photo- internet