• Today is: Monday, August 2, 2021

ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်နိုင်ဖို့ လိုပြီ

Federal Journal
June27/ 2021

၂၇ – ၆ – ၂၀၂၁

ကချင်ပြည်နယ်ဟာ သယံဇာတတွေ ပေါကြွယ်ဝတဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမဲ့ သယံဇာတက ရရှိလာတဲ့ အကျိုးအမြတ်ကို ဒေသခံ တိုင်းရင်းသားတွေ ခံစားပိုင်ခွင့် နည်းပါးနေပါသေးတယ်။ ဒါအပြင် ပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေ အ တွင်း အဓိက ထိခိုက်ခံစားရတာက အမျိုးသမီးတေွပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့၊ တိုက်ပွဲတွေကနေ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိဖို့ အထူးလိုအပ်နေပါတယ်။

ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာ သယံဇာတအကျိုးစီးပွားတွေနဲ့လည်း ဆက်စပ်နေတယ် လို့လည်း ပြောနိုင်ပါတယ်။ ကျောက်စိမ်းက ရရှိတဲ့ အကျိုးအမြတ်တွေဟာ များပြားပေမဲ့လည်း ဒေသခံအမျိုးသမီးတွေ ရရှိခံစားပိုင်ခွင့် မရှိသလောက် နည်းပါးနေပြီး အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရေအရင်းအမြစ် တွေပေါ် ထိခိုက်မှုတွေနဲ့ပါ တွေ့ကြုံလာရပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေခဲ့တဲ့ စစ်ပွဲကာလဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင်ခဲ့တဲ့ စစ်ပွဲတွေကြောင့် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက် ၁ သိန်း ကျော်ထိ ရှိတယ်လို့ သိရပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်သလို သူတို့ နေထိုင်ခဲ့တဲ့ အိမ်တွေ၊ သူတို့ လုပ် ကိုင်စားသောက်ခဲ့တဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် သူတို့တွေ အရင်က နေထိုင်ခဲ့တဲ့ နေရာတွေမှာ တခြားက စီးပွားရေး သမားတွေ လာရောက်နေရာယူ လုပ်ကိုင်တာတွေလည်း ရှိနေတယ် လို့ ဆိုပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာ အမျိုးသမီးတွေက နေရပ်ပြန်နိုင်ဖို့နဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရရှိဖို့ လိုလားနေကြ တာပဲ ဖြစ်ပါတယ်။ သူတို့လိုလားတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးရမှာပါ။

လူ့အခွင့်အရေး ကြေငြာစာတမ်း (Universal Declaration of Human Rights) မှာ ဖော်ပြပါရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် – အထူးသဖြင့် မြေယာပိုင်ဆိုင်ခွင့်မှာ ဒေသခံ တိုင်းရင်းသားတွေ ပြည့်ပြည့်ဝဝ ပိုင်ဆိုင်ခွင့် မရှိသေးပါဘူး။ ဥပမာအားဖြင့် ဒေသခံ အမျိုးသမီးတွေ လုပ်ကိုင် စားသောက်ခဲ့တဲ့ မြေယာတွေ ဆုံးရှုံးရတာ၊ ဌာနေတိုင်းရင်းသား တွေရဲ့ မြေယာပိုင်ဆိုင်ခွင့်အတွက် တိကျတဲ့ အာမခံချက် မရှိတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပေမဲ့ လက်တွေ့မှာ ထူးခြားမှု မရှိသေးပါ။

တကယ်လို့ ကချင်တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း မြေယာပိုင်ဆိုင်ခွင့်ကိုသာ နိုင်ငံတော်ဘက်က အသိအမှတ် ပြုပေးခဲ့ရင် အများကြီး အကျိုးရှိလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်မယ်ဆိုရင် လယ်ယာမြေ စီမံခန့်ခွဲမှု၊ သယံဇာတ စီမံခန့်ခွဲမှုတွေမှာ ညီညွတ်မျှတဖို့ အစိုးရက အလေးထား လုပ်ဆောင်ပေးရမှာပါ။

ဒေသတွင်း ကောက်ရိတ်သိမ်းချိန်တွေမှာ ရိုးရာဓလေ့အရ အပြန်အလှန် ကူညီကြတာ တွေ တွေ့နေရသေးတာက ကချင် တိုင်းရင်းသားတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခု ဖြစ် ပြီး အမျိုးသမီး အများစု ပါဝင်တာ တွေ့ရပါတယ်။ အမျိုးသမီးတွေ အတွက် လိုအပ်ချက်တွေ ကလည်း အများကြီး ရှိနေဆဲ ဖြစ်သလို အခြေခံကျတဲ့ လိုအပ်ချက် နှစ်ခုက မြေယာ အသုံးပြု မှုနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းနဲ့ပတ်သက်ပြီး ရိုးရာအဝတ်အထည်တွေ ဈေးကွက် ပိုမို ရရှိဖို့၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေမှာ ဈေးကွက်နဲ့ နည်းပညာတွေ ကူညီပေး နိုင်ဖို့ ဖော်ဆောင်ပေးသင့်ပါတယ်။ ဒါအပြင် စစ်ရှောင်စခန်း တွေမှာ နေထိုင်နေရတဲ့ မိန်းကလေး ငယ်တွေ အတွက် ပညာသင်ယူခွင့် ရရှိရေးဟာလည်း အလွန်အရေးပါတဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ လျှပ်စစ်မီး မလုံ လောက်မှုတွေလည်း ဒီကနေ့အထိ ရှိနေဆဲပါ။ ပြည်နယ် အတွင်း တရားမဝင် ရွှေတူးဖော်မှု အပါအဝင် သတ္တုတူးဖော်မှုတွေကနေ အကျိုးဆက် ဖြစ်တဲ့ ရေအရင်းမြစ် ဆုံးရှုံးလာမှု၊ သန့်ရှင်းတဲ့ သောက်သုံးရေ ရှားပါးလာမှုဒဏ်ကို ခံစားရတဲ့ အထဲမှာ ဒေသခံ အမျိုးသမီးတွေ ပါဝင်နေပါတယ်။ နောက်ပြီး စစ်ပွဲတွေရဲ့ နောက် ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်က ထိပ်ဆုံးက ပါဝင်နေတာကိုလည်း မေ့မထားသင့်ပါဘူး။ ဒီအန္တရာယ် မြေမြှုပ်မိုင်းတွေ ရှင်းလင်းပြီးမှသာ နေရပ်ပြန်တဲ့အခါ ရပ်ရွာမှာ တောင်ယာလုပ်ငန်းနဲ့ သီးနှံစိုက်ပျိုးရေး အပါအဝင် အခြားသော လုပ်ငန်းတွေ လုံလုံခြုံခြုံ လုပ်ကိုင်နိုင်ကြမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက ရွာတချို့ရဲ့ အနီးတဝိုက်မှာဆိုရင် မြေမြှုပ်မိုင်းတွေ ရှိနေတာကြောင့် ဒေသခံတွေဟာ ထင်းခွေတာ၊ ခြံလုပ်တာ၊ ဟင်းသီး ဟင်းရွက် ရှာတာတွေ လုပ်ဖို့ စိုးရိမ်နေကြရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Landmine and Cluster Munitions Monitor အဖွဲ့ရဲ့ အဆိုအရ မြေမြှုပ်မိုင်း အများဆုံး ရှိတဲ့ ပြည်နယ်တွေဟာ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇွန်လက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကချင်ပြည်နယ်ထဲက နေရပ်ပြန်မယ့် စစ်ရှောင်ပြည်သူတွေ နေထိုင်တဲ့ ၅၉ ရွာထဲက ၇၀ ရာခိုင်နှုန်းဟာ မြေမြှုပ်မိုင်း အန္တရာယ် ရှိနေသေးတယ် လို့ သိရပါတယ်။ ကချင်စစ်ပွဲ ၉ နှစ် ပြည့်မြောက်တဲ့ နေ့မှာ ကချင်နှစ်ခြင်း အသင်းတော် (KBC) က ဦးဆောင်ပြီး ကချင်စစ်ပွဲ ၉ နှစ်ပြည့် အခမ်းအနားကို မြစ်ကြီးနားမြို့မှာ ကျင်းပ,ခဲ့တုန်းက အချက် ၅ ချက် တောင်းဆိုခဲ့ပါတယ်။

ကချင်စစ်ရှောင်ပြည်သူတွေ အတွက် တောင်းဆိုတဲ့ အချက်တွေက နေရပ်ကို လုံခြုံစွာ ပြန်နိုင်ဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့၊ နိုင်ငံတကာ အကူအညီတွေ အဟန့်အတားမရှိဘဲ ကူညီနိုင်ဖို့၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြား နှစ်ဖက်အပစ်ရပ် သဘောတူစာချုပ် ရေးထိုးပြီး ဆက်လက် ဆွေးနွေးဖို့၊ နေရပ်မပြန်လိုတဲ့ သူတွေကိုလည်း သူတို့နေထိုင်ချင်တဲ့ နေရာတွေမှာ နေထိုင်ရေး စီစဉ်ပေးဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ မြစ်ကြီးနားနဲ့ ဗန်းမော်မြိုနယ်မှာ ရှိတဲ့ စစ်ဘေးရှောင်တချို့ နေပြန်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဝမ်းသာစရာ ကောင်းတဲ့ သတင်းတစ်ခုကတော့ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေး နေရတဲ့ တိုင်းရင်းသား ၃၀၀၀ ကျော် နေရပ်ပြန်နိုင်မယ့် သတင်းပါပဲ။ သူတို့ဟာ မူလနေထိုင်ခဲ့တဲ့ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအိုမြို့နယ်တွေဆီ ပြန်လာနိုင်မှာ ဖြစ်ပြီး အစိုးရ၊ ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီနဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်တို့က စီစဉ်နေတာပါ။ နေရပ်ပြန်မယ့် ရွာတွေထဲက ရွာတစ်ရွာ အပါအဝင်ဖြစ်တဲ့ ဝိုင်းမော်မြိုနယ် တဘတ်ယာန် ကျေးရွာမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေး ဆောင်ရွက်ပေးခဲ့တယ် လို့ တပ်မတော် ဘက်က ပြောကြားထားပါတယ်။

ဒီလို မိုင်းရှင်းလင်းပေးတဲ့ ကိစ္စဟာ ကြိုဆိုရမယ့် ကိစ္စဖြစ်သလို အမျိုးသမီးတွေရဲ့ လုံခြုံဘေးကင်းရေးကိုပါ အထောက် အကူပြုမှာ ဖြစ်ပါတယ်။ တစ်ဖက်ကလည်း နေရပ်ပြန် မယ့် အမျိုးသမီးတွေဟာ အရင်ကလို တောင်ယာတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ လိုလားနေကြ ပါတယ်။ ကချင် လူသားချင်းစာနာထောက်ထားမှု ကော်မတီ အစီအစဉ်နဲ့ နေအိမ်တွေ ဆောက်လုပ်ပေးနေ တာ ရှိသလို အစိုးရ အစီအစဉ်နဲ့ နေအိမ်တွေ ဆောက်လုပ်ပေးသွားမယ့် အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ နေရပ်ပြန်ဖို့ အရေးမှာ စစ်ရှောင်အမျိုးသမီးတွေရဲ့ စိုးရိမ်မှုတချို့လည်း ရှိနေဆဲပါ။ သူတို့ ပြန်သွားတဲ့ အခါ နေထိုင်ရမယ့် အိမ်တွေ ခိုင်ခံ့မှု မရှိမှာကို သူတို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ် တဘတ်ယာန်ရွာက စစ်ရှောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ဇာတိ ကျေးရွာမှာ ခရစ်စမတ်ပွဲတော် ကျင်းပနိုင်ခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၂၁ ခုနှစ် မတ်လ အတွင်း နေရပ်ပြန်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဘီဘီစီက ထုတ်လွှင့်ခဲ့တဲ့ တွေ့ဆုံမှု တစ်ခုမှာ တဘတ်ယာန် ကျေးရွာက ဒေါ်ဂျာမိုင်က “နေရပ်ပြန်နိုင်မယ် ဆိုလို့ အရမ်းဝမ်းသာတယ်၊ ပျော်တယ်” လို့ ပြောကြားတာ တွေ့ရပါ တယ်။ ဒေါ်ဒါရှီခါးဂျာကလည်း “ယက်ကန်းရက်မယ်၊ ကြက်တွေ မွေးချင်တယ်” လို့ ပြောကြားပါတယ်။ သူတို့လိုပဲ တခြားအမျိုးသမီးတွေက စစ်ရှောင်စခန်းမှာ နေထိုင်ရင်း သင်ယူတတ် မြောက်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်း ပညာတွေနဲ့ လုပ်ကိုင်စားသောက်ချင်နေကြတာပါ။ ဒီအချက်ကို ကြည့်ရင် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ကချင်ပြည်နယ်က အမျိုးသမီး တွေ လိုလားတောင့်တနေကြတာ အသေ အချာပါပဲ။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပြီး နောက်ထပ်တဖန် စစ်ပွဲတွေ ထပ်မဖြစ်ဖို့က ကချင်ပြည်သူတွေ အတွက် အရေးကြီးပါတယ်။

ထင်မှတ်မထားတဲ့ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီ အစဉ်ဟာ မရေမရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန်နီပွန် ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ ဆောင်ရွက်နေတဲ့ အစီ အစဉ်မှာ အိမ်ထောင်စုပေါင်း ၇၀၀ ကျော် နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်တွေ ဆောက်လုပ်‌ပေးဖို့ အမေရိကန် ဒေါ်လာ ၅ သန်း ကူညီခဲ့ပါတယ်။ စီမံကိန်း ၉၀ ရာခိုင်နှုန်း ပြီးစီးနေတဲ့ အချိန်မှာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် နေရပ်ပြန်ရေး မရေ မရာ အခြေအနေကို ပြန်ဖြစ်သွားရတဲ့ အနေအထားပါ။

ပဋိပက္ခတွေထပ်မံ ဖြစ်ပွားလာခဲ့မယ် ဆိုရင် အများဆုံးထိခိုက်ခံကြရမှာက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်လို့ သူတို့ဘဝတွေ လုံခြုံဖို့၊ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရှင်သန်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းကြိုးပမ်းပေးရမှာပါ။

ဒေသခံတွေ သဘောမတူတဲ့ စီမံကိန်းတွေကို အတင်းအကျပ် အကောင်အထည် ဖော်တာမျိုး မရှိဖို့လည်း လိုပါတယ်။ ထင်ရှားတဲ့ စီမံကိန်းတွေက မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ခေါင်လန်ဖူးဒေသမှာ သတ္တုတူးဖော်ရေး စမ်းသပ်ရှာဖွေခွင့် ပြုမယ့် စီမံကိန်းတွေပါ။ ဒီစီမံကိန်းတွေကနေ ‌ဒေသခံပြည်သူတွေရဲ့ မြေယာပိုင်ဆိုင်ခွင့် အပါအဝင် လူမှုဘဝနေထိုင် ရပ် တည်ရေးနဲ့ ပတ်ဝန်းကျင်ရေးရာတွေကိုပါ ထိခိုက်စေနိုင်တဲ့ အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ အထိ ရိုက်ခတ်လာနိုင်တာကြောင့် ဒေသခံတွေ လက်ခံသဘောတူတဲ့ စီမံကိန်းတွေကိုသာ ပွင့်လင်းမြင်သာမှုရှိရှိ အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်၊ တောင်ယာနဲ့ လယ်ယာဥယျာဉ်တွေ စိုက်ပျိုးနိုင်မယ်၊ ဒေသထွက် သီးနှံနဲ့ ရိုးရာအဝတ်အထည်တွေ အတွက် ဈေးကွက်တွေလည်း ရရှိလာမယ် ဆိုရင်… စစ်ပွဲနဲ့ ပဋိပက္ခတွေကနေ လွန်‌ မြော က်လာတဲ့ အမျိုးသမီးတို့ရဲ့ ဘဝရပ်တည်မှုမှာ မျှော်လင့်ချက်တွေ ရှင်သန်လာမှာ ဖြစ်သလို လူ့ဂုဏ်သိက္ခာနဲ့ အညီ နေထိုင်နိုင်မှာလည်း ဖြစ်ပါတယ်။        ။

နော်မန်ဒီ

#FederalJournal