• Today is: Thursday, August 5, 2021

စာရေးဆရာကိုတာ (National Network for Education Reform-NNER) တည်ထောင်သူအဖွဲ့ဝင်နှင့်တွေ့ဆုံခြင်း

Federal Journal
May27/ 2019

(အယ်ဒီတာတွေ့ဆုံမေးမြန်းသည်)

( မြန်မာနိုင်ငံ၏ လက်ရှိပညာရေးအခြေအနေမှာ နိုင်ငံတာနှင့်နှိုင်းယှဉ်လျှင်နိမ့်ပါးသသည့်အဆင့်သို့ရောက်ရှိနေကြောင်း ပညာရှင်များ သုံးသပ်ချက်များကျယ်ကျယ်လောင်ထွက်ပေါ်လာနေပြီး တိုင်းရင်းသားများလိုလားသော ပညာရေးကဏ္ဍဗဟိုချုပ်ကိုင်မှုလျှော့ချ  ရေးအတွက် ထောက်ပြပြောဆိုမှုများ ရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် အမျိုးသားပညာရေးပညာရေးဥပဒေ ပြဋ္ဌာန်းလိုက်သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တက္ကသိုလ်ကျောင်းသားများ၏အကြီးအကျယ်ကန့်ကွက်မှုကို ရင်ဆိုင် ခဲ့ရပြီး ကျောင်းသားသပိတ်စစ်ကြောင်းကိုအကြမ်းဖက်ဖြိုခွင်းခဲ့ရသည့်အဆင့်ထိရောက်ရှိခဲ့ရသည်မှာ အများသိပြီးဖြစ်ပါသည်။ တစ်နည်းပြောရလျှင် စမ်းသပ်ခံပညာရေးဟုအများသူငှာပြောရသည့်အခြေအနေအဆင့်ထိရောက်နေသည့် မြန်မာ့ပညာရေးအခြေ အနေကို သိရှိနိုင်ရေး (National Network for Education Reform-NNER)တည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာ  ကိုတာ နှင့်တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြအပ်ပါသည်။)

 

အယ်ဒီတာ။ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်က အရင်ကထိပ်ဆုံးပိုင်းမှာရှိနေရာကနေ အခုအခြေအနေက  အောက်ဆုံးအဆင့်ထိုးကျသွားရ တယ်လို့ပြောဆိုနေတာတွေရှိနေပါတယ်။ အဲဒါ အဓိကဘာတွေကြောင့်ဖြစ်မလဲဆိုတာ သိချင်ပါတယ် ဆရာ။

ကိုတာ။ မြန်မာနိုင်ငံရဲ့ပညာရေးက ထိပ်ပိုင်းရောက်တယ်လို့ ကျွန်တော်တစ်ခါမှ မကြားမိပါဘူး။ သုံးသပ်ပြောရရင် ပညာရေးက အခုထက်တော့ကောင်းတယ်။ အရင်ကရန်ကုန်တက္ကသိုလ်ကတော့နာမည်ကြီးခဲ့တာပေါ့။ နောက်တော့တက္ကသိုလ်တွေ လည်းမကောင်းတော့ဘူး။ အဓိကကတော့ ဦးနေဝင်းတက်လာကတည်းကပဲ။ ဦးနေဝင်းကတက္ကသိုလ်ဆိုတာ စပယ်ရှယ်နေရာ တစ်ခုဖြစ်တယ်ဆိုတာသိပုံမရဘူး။ တက္ကသိုလ်ဆိုတဲ့ပညာရေးကို သူဟာနဲ့သူမထားပဲ(ပညာရေးလွတ်လပ်ခွင့်မရှိ) သူတို့အောက် (အစိုးရလက်အောက်မှာထားပြီး) သူတို့ထင်သလို ပညာရေးကိုလုပ်ပစ်လိုက်တာ။ ကျောင်းဆိုတာကျောင်းသားကိုပဲ တာဝန်ခံရ တယ်ဆိုတာကိုမသိဘဲ အဲဒီအစိုးရတာဝန်ရှိသူတွေက သူတို့ကိုတာဝန်ခံရဖို့လုပ်ကြတယ်။ အစိုးရဆိုတာပြောင်းနေကြတာပဲ။

စာလုံးပေါင်းသတ်ပုံတွေကအစ လုပ်ချင်ရာလုပ်ကြတယ်။ ကျောင်းတွေပိတ်တာ ကျောင်းဖွင့်တာ သူတို့သဘော။ ကျောင်းတွေ ကိုလည်းရွှေ့ပစ်ကြတယ်။ အဲဒီခေတ်ကခဏခဏကျောင်းပိတ်တာတွေဖြစ်နေတယ်။ တက္ကသိုလ်ဆိုတာ(ကျောင်းဆို တာ) ကျောင်းသားတွေရဲ့ပညာရေးကိုပဲ တာဝန်ခံတယ်ဆိုတာပညာရေးလွတ်လပ်ခွင့်ပဲ။ (Academic Freedom)ပါပဲ။ အစိုးရ တစ်ရပ်ကို တာဝန်ခံရရင် ဘယ်လိုလုပ် လွတ်လပ်မှာလဲ။ ၁၉၆၀-၆၄ လောက်ကတည်းကပညာရေး ပြုပြင်ပြောင်းလဲ မှုစလုပ်တယ်ပေါ့လေ။ အဲဒီကတည်းက ပညာရေးဟာ မကောင်းတော့ဘူး။ အစိုးရက ပညာရေးစနစ် အရေးကြီးတာသိရဲ့ လားဆိုတာရှိတယ်။ အဲလိုတောင် မစဉ်းစားပဲနဲ့ လုံခြုံရေးတို့ အခြားဟာတွေကို ဦးစားပေးနေတယ်။ အဲဒါတွေ ဦးစားပေးနေတော့ ပညာရေးက ကျသွားတယ်။

အယ်ဒီတာ။ ဟုတ်ကဲ့ပါဆရာ။ ဒီမှာကျွန်တော်နားလည်လိုက်တာက ပညာရေးလွတ်လပ်ခွင့်ပေါ့၊ အဓိကတက္ကသိုလ်တွေကို အစိုးရထိန်း ချဲပ်မထားပဲ လွတ်လပ်ခွင့်ပေးဖို့ဆိုတာပဲဖြစ်ပါတယ်။ ဒါတွေကို ပြန်လည်ပြုပြင်ရေးလုပ်မည်ဆိုရင် ဘယ်အချက်တွေအဓိကထား ဘယ်လိုလုပ်ရမလဲ ဆရာ။

ကိုတာ။ အချက်အလက်နဲ့ပြောရရင်အများကြီးပဲ။ အရေးကြီးတာက သင်ကြားရေးဆရာတွေကအရေးအကြီးဆုံးပဲ။ ပညာရေး မူဝါဒတွေ၊  ပညာရေးလွတ်လပ်ခွင့်ဆိုတဲ့ တက်သိပညာရှင်တွေကစီမံခွင့်ပေါ့လေ။ ဒါလည်းအရေးကြီးတာပဲ။ အထက်ကပြောခဲ့ သလို တက္ကသိုလ်တွေ(ကျောင်းတွေ)ဟာ သူ့ဟာသူစီမံအုပ်ချုပ်တဲ့ Autonomousကိုဆိုလိုပါတယ်။ Decentralization လုပ်ဖို့လည်းလိုမယ်။ ခုထိတော့ Decentralization မလုပ်ရသေးဘူး။ နေရာဒေသကိုအခြေခံတဲ့ ပညာရေးစနစ် ( Place-based Education ) ဖြစ်ရမယ်ဗျ။ ခုထိတော့ ဗဟိုကပဲ ချုပ်ကိုင်နေတဲ့ ပညာရေးဆိုတော့ ဒါတွေကိုပြင်ရမယ်။

အယ်ဒီတာ။ နောက်တစ်ချက် တက္ကသိုလ်ဝင်တန်းကို ရမှတ်နဲ့အကဲဖြတ်တဲ့စနစ်မဟုတ်တော့ပဲ ဝင်ခွင့်ဖြေပညာရေးစနစ်ကိုပြောင်းမယ် လို့ပြောတာရှိပါတယ်။ အဲလိုပြောင်းလဲကျင့်သုံးလိုက်ရင်  အတားအဆီးအခက်အခဲအသစ်တွေ ဘာတွေဖြစ်လာနိုင်လဲ ဆရာ။

ကိုတာ။ ဒါကတော့ ဘာမှမဖြစ်လာဘူးလို့ထင်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်တွေအတွက် စနစ်တကျနဲ့ ကောင်းကောင်းလုပ်မယ်ဆိုရင် ဘာမှမဖြစ်နိုင်ဘူး။ တစ်ကမ္ဘာလုံးမှာ ဒါတွေကျင့်သုံးနေတာပဲ။ အောင်မြင်နေတယ်၊ အဆင်ပြေနေတာပဲပေါ့။ တကယ့်လက်တွေ့မှာ  အခက်တွေ့မလား မတွေ့ဘူးလားဆိုတာက အခက်အခဲနည်းနည်းပါးပါးတော့ ရှိချင်ရှိမှာပေါ့။

အယ်ဒီတာ။ တိုင်းရင်းသားဒေသတွေမှာ ဗမာစကားနဲ့သင်ကြားနေရတော့ အခက်အခဲတွေကြုံတွေ့နေရလို့ သိရတယ်တယ်ဆရာ။ အထူး သဖြင့် တိုင်းရင်းသားဖက်ကအခုနောက်ပိုင်းမှာ မိခင်ဘာသာအခြေပြု ဘာသာစုံသင်ကြားရေးစနစ်ပေါ့၊ အဲဒါတွေကိုပြောလာတာ  တွေတွေ့ရတယ်၊ အဲဒီအပေါ်မှာရော ဆရာ့အမြင်ကိုသိချင်ပါတယ်။

ကိုတာ။ မိခင်ဘာသာစကားနဲ့ သင်ကြားရေးက အရေးကြီးတယ်လို့ပညာရေးဌာနကလူကြီးတွေဘဝင်ကျရမယ်။ နားလည်ရမယ်။ ဒါမှ တိုင်းရင်းသားကလေးတွေက နားလည်မယ်လို့သူတို့သိထားရမယ်။  ဘက်ဂျက်ရဲ့ ၄-၅% ပိုပြီးကုန်ကျမယ်လို့ သုတေသ နတွေရှိပြီးသား။ ဒါတွေကိုလုပ်တဲ့ပညာရှင်တွေရှိတယ်။ ညှိနိုင်းတိုင်ပင်ပြီးလုပ်ရမှာပဲ။ ခုဟာကမိခင်ဘာသာစကားနဲ့ သင်မှ တိုင်းရင်းသားတွေကျေနပ်မယ်။ သူတို့ဘာသာစကားဟာ သူတို့ရဲ့အမှတ်အသားဆိုတာကိုပဲသိပုံမရဘူး။ တိုင်းရင်းသား ကလေးတွေရဲ့ ပညာရေးအတွက်လည်းကောင်းသလို နိုင်ငံရဲ့စည်းလုံးညီညွှတ်မှုအတွက်လည်းကောင်းတယ်။ Social cohesion ဟာ မိခင်ဘာသာစကားသင်ကြားစေခြင်းနဲ့ရတယ်လို့ သုတေသနတွေရှိပါတယ်။

အယ်ဒီတာ။ တကယ်လို့ ဖက်ဒရယ်ပညာရေးစနစ်ကိုသွားမယ်ဆိုရင် ခုလက်ရှိပညာရေးစနစ်နဲ့ ဘယ်လိုပြုပြင်ပြောင်းလဲပြီး သွားလို့ရမလဲဆိုတာလေးကို ရှင်းပြပေးပါအုံးဆရာ။

ကိုတာ။ ဖက်ဒရယ်ဆိုတာက ဂျိုဟန်ဂါတ်တွန် (Johan Galtung)ရဲ့စကားကိုချေးငှားပြောရရင် Center-Point sharing ပါပဲ။ ဗဟိုနဲ့အစိတ်အပိုင်းများ ခွဲဝေကြခြင်းတဲ့၊ ဒါပါပဲ။ center-periphery မဟုတ်ဘူးနော်။ ဖက်ဒရယ်ပညာရေးစနစ်ဆိုတာကလည်း ကိုယ့်နေရာနဲ့ကိုယ်လုပ်ခွင့်ပဲ။ Place base Education ကိုယ့်ဒေသနဲ့ကိုလုပ်ခွင့်ပဲ။ ကိုယ့်ဒေသအခြေအနေနဲ့ ညီအောင်လုပ်ဖို့ပဲ။ ဥပမာ- ရှမ်းဒေသအကြောင်းကို ရှမ်းတွေကပိုသိတော့ ရှမ်းကသူဟာသူလုပ်ပေါ။ သူ့သင်ရိုးညွှန်းတမ်းနဲ့သူ၊ အားလုံး တသမတ်တည်းဖြစ်အောင် ညီညီညွှတ်ညွှတ်ပြေပြေပြစ်ပြစ်ဖြစ်အောင်တော့ထားရမှာပဲ။ ဒီလောက်ပဲပြောချင်ပါတယ်။

အယ်ဒီတာ။ ကျေးဇူးတင်ပါတယ်ဆရာ။