• Today is: Friday, April 23, 2021

စိုင်းဝမ်းလှိုင်းခမ်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နှင့် တွေ့ဆုံမေးမြန်းခြင်း

Federal Journal
August07/ 2019

ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများနှင့် ဒေသခံတိုင်းရင်းသားတို့၏ အကျိုးခံစားခွင့်စိုင်းဝမ်းလှိုင်းခမ်း(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

နှင့်တွေ့ဆုံမေးမြန်းခြင်း

(စောမြအောင်တွေ့ဆုံမေးမြန်းသည်)

(လက်ရှိမြန်မာနိုင်ငံတွင်းလုပ်ကိုင်နေသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများနှင့် ဒေသခံတိုင်းရင်းသားတို့၏အကျိုးခံစားခွင့် နှင့်ပတ် သက်၍ လတ်တလောဖြစ်ပေါ်နေသည့်အခြေအနေ၊ ဒေသခံများစိုးရိမ်နေသည့်အကြောင်းအရာနှင့် ဖြေရှင်းဆောင် ရွက်သင့်သည့်အချက်များကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စိုင်းဝမ်းလှိုင်းခမ်း(အမျိုးသား လွှတ်တော် ကိုယ်စားလှယ်)နှင့်တွေ့ဆုံမေးမြန်းချက်များကိုစုစည်းဖော်ပြအပ်ပါသည်။)

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများအခြေအနေ

ကျွန်တော်တို့မြန်မာနိုင်ငံတွင်းမှာ ကျွန်တော်တို့သိရှိရသလောက်၊ကြားသိရလောက်ဆိုရင် လူ့အရင်းအမြစ်ကိုအခြေခံတဲ့ စက်ရုံအလုပ်ရုံ(ထုတ်ကုန်)အခြေခံရင်းနှီးမြုပ်နှံမှုမဟုတ်တဲ့ သဘာဝအရင်းအမြစ်အခြေခံရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးတွေ အများကြီးလာဖို့ရှိပါတယ်။ အချို့တွေကလုပ်လက်စလည်းဖြစ်နေပါပြီ။ ဥပမာပြောရရင် ရေနံနဲ့သဘာဝဓါတ်ငွေ့ကိုအခြေခံ တဲ့စီမံကိန်းတွေ။ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းပေါ့၊ ဒါအများသိတဲ့အတိုင်းပြီးတောင်နေပါပြီ။ ပြီးတော့ လမ်းမကြီးစီမံကိန်း တွေရှိတယ်၊ အာရှပတ်လမ်း လမ်းမကြီးပေါ့။ အဲဒါနဲ့အတူရထားလမ်းစီမံ ကိန်းရှိလာမယ်ပေါ့။ ရခိုင် ကျောက်ဖြူကနေ တရုတ်ကူမင်းအထိ၊ကုန်ရထားပြေးဆွဲမယ်ပေါ့၊ လူစီးရထားလည်းပါမယ်၊ ဒါပေမယ့် အဲဒီရထားက ပြည်တွင်းမှာရပ် မယ့်ဘူတာမရှိဘူး။ ကျွန်တော်တို့ ရှမ်းပြည်မှာလည်းရပ်မှာမဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့နိုင်ငံသားတွေအသုံးပြု လို့ရတဲ့ ရထားလမ်းတော့မဟုတ်ဘူးပေါ့။

နောက် ရေကာတာစီမံကိန်းတွေလုပ်ဖို့ရှိတယ်ဆိုတာလည်း ကြားသိရပါတယ်။ အခုလောလောဆယ်ဆောင်ရွက်နေတဲ့ ဒုတ္ထဝတီဖြစ်ပေါ်ကစီမံကိန်းဆိုရင် ရေလွှမ်းဧရိယာ သုံးရွာလောက်ရှိပါတယ်။ ပြီးခဲ့တဲ့အခေါက်က ကျွန်တော်ကိုယ်တိုင် အဲဒီ ရွာတွေဆီရောက်ရှိခဲ့ပါတယ်။ နောက် သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေပေါ့၊ ဒီဟာကို ကျွန်တော်တို့က ပွင့်လင်း မြင်သာမှုမရှိဘူးလို့သုံးသပ်ပါတယ်။ ဒေသခံတွေကိုယ်တိုင်ဘာမှမသိရဘူး၊ ကျွန်တော်တို့လည်း မသိရဘူး၊ ကြားတဲ့သတင်း ပဲရှိပါတယ်။ ဒါပေမယ့်နောက်ဆုံးကြားရတဲ့သတင်းအရတော့ EIA,SIA တွေတောင်လုပ်ပြီးသွားပြီလို့ ကြားသိရတယ်။ အဲဒါ က နောင်ဖဆိုတဲ့ရွာနားမှာလုပ်မယ့် ရေကာတာစီမံကိန်းအတွက်ပေါ့။ စဉ်းစားမရတာက အဲဒီဒေသတွေက အစိုးရအုပ်ချုပ် ရေးယန္တရားအားနည်းတဲ့ဒေသဖြစ်သလို ဖွံ့ဖြိုးမှုအရမ်းနိမ့်ကျတယ်၊ လမ်းပန်းဆက်သွယ်ရေးလည်းတော်တော်ခတ်ခဲတယ်၊ ကားလမ်းလုံးဝမပေါက်တဲ့ဒေသဖြစ်တယ်။ ပြီးတော့တိုင်းရင်းသားလူနည်းစုတွေ မိရိုးဖလာလုပ်ကိုင်စားသောက်နေတဲ့ ဒေသလည်းဖြစ်တယ်။ ဒီလိုအနေအထားမှာ EIA,SIA တွေတောင်လုပ်ပြီးသွားပြီဆိုတဲ့ကိစ္စက တော်တော်အံ့သြစရာ ကောင်းတဲ့အချက်ပေါ့။ Public Consultation တွေလုပ်တာလည်းမတွေ့ရဘူး။ ဒီအနေအထားကို ကျွန်တော်တို့ဘက်က ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာပွင့်လင်းမြင်သာမှု(Transparency) အားနည်းတယ်ဆိုတာထက် လုံးဝမရှိဘူးလို့သုံးသပ် ရမှာပဲပေါ့။

ပြီးတော့ ကျောက်ဖြူကနေ တရုတ်ကူမင်းအထိသွယ်တန်းထားတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါ့။ ဒီဟာလည်းပဲ ရခိုင်က နေ အလယ်ပိုင်းဒေသ ပြီးတော့ ကျွန်တော်တို့ရှမ်းပြည်ကိုဖြတ်သွားတယ်။ ဒါကအချိန်မရွေး မတော်တဆပေါက်ကွဲ နိုင်တဲ့အန္တရာယ်ရှိတယ်ပေါ့။ ဆိုလိုတာက ပိုက်လိုင်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားနေတယ်။ ဒါပေမယ့် အန္တရာယ်ကြားထဲနေရတဲ့ဒေသခံပြည်သူတွေအတွက် ဘာခံစားခွင့်မှမရှိဘူး။ အဲဒါကို အားလုံးလည်းသိပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း အဲဒီစီမံကိန်းကရတဲ့ အခွန်ဘဏ္ဍာတွေကို ပြည်နယ်အစိုးရ(ရှမ်းပြည်အစိုးရ)ဆီ အချိုးကျခွဲဝေပေး ရန်အစီအစဉ်မရှိ/မရှိဆိုတာကို နမ္မတူပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် လွှတ်တော်မှာမေးဖြစ်တယ်။ ခွဲဝေပေးဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ပြည်ထောင်စုရဲ့ဘတ်ဂျတ်ပဲ ဖြစ်တယ်ပေါ့။ အဲလိုအဖြေရခဲ့ပါတယ်။ အမှန်တော့ ဒါမဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ဘက်ကယူဆတယ်လေ။ ပိုက်လိုင်းတစ်လျှောက် ဒေသခံတွေရဲ့မြေယာတွေ၊ ခြံတွေ၊အိမ်တွေ ပျက်စီးခံခဲ့ရ တယ်လေ။ အဲဒါစီမံကိန်း စတင်အကောင်အထည်ဖော်စဉ်ကတည်းကဖြစ်ခဲ့တာပေါ့။ စီမံကိန်းလည်းပြီးသွားရော ဘာတွေ ထပ်သိရသလဲဆိုရင် ကျွန်တော်စောစောက ပြောခဲ့သလိုပေါ့။ ဒါကြီး အချိန်မရွေးပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိနေတယ်၊ ဆိုတော့ ဒေသခံတွေအနေနဲ့က အန္တရာယ်တွေကြားထဲမှာ တစ်ချိန်လုံးနေနေရမှာလားပေါ့။ ဒီကြားထဲ ပြဿနာကပိုက်လိုင်း တစ်လျှောက်မှာလည်း တိုက်ပွဲတွေပါခဏခဏဖြစ်နေတယ်ဆိုတော့ ဒေသခံပြည်သူတွေအတွက်က ကျီးလန့်စာစားသလို နေနေရပြီလေ။ လုံးဝမဖြစ်သင့်တဲ့ကိစ္စပေါ့။

ရင်းနှီးမြုပ်နှံမှုနဲ့ အကျိုးခံစားခွင့်

ဒီလို ရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးလုပ်တယ်ဆိုတာ Stakeholder ပေါင်းစုံထိုက်သင့်တဲ့အကျိုးခံစာခွင့် ရရှိဖို့ဖြစ်ပါတယ်။ ဒီမှာ လည်း ရင်းနှီးမြုပ်နှံတဲ့နိုင်ငံအစိုးရ၊ ရင်းနှီးမြုပ်နှံတဲ့နိုင်ငံခြားကုမ္ပဏီ၊ ပြီးတော့ ကျွန်တော်တို့အစိုးရရှိမယ်၊ ကျွန်တော်တို့ဆီက အကျိုးတူပူးပေါင်းတဲ့ပြည်တွင်းကုမ္ပဏီရှိမယ်၊ နောက်ဆုံးတော့ ဒေသခံပြည်သူတွေပေါ့။ အခုဟာက ကျွန်တော်တို့ဆီမှာ အဲ ဒါတွေနဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့် ဘာတွေရှိတယ်ဆိုတာရှင်းရှင်းလင်းလင်းမတွေ့ရပါဘူး။ အထူးသဖြင့် သဘာဝသယံ ဇာတအရင်းအမြစ်ကရရှိတဲ့အကျိုးခံစားခွင့်တွေမှာပေါ့။ ပြောချင်တာက ကျွန်တောတို့အစိုးရဆိုတဲ့နေရာမှာလည်း ပြည် ထောင်စုအစိုးရနဲ့ သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရဆိုပြီးရှိတာကိုး။ ပြီးမှ ဒေသခံပြည်သူတွေအတွက် ထိခိုက် နစ်နာမှုအပေါ်မှာဘယ်လိုစီမံမယ်၊ သူတို့ရဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက်ဘယ်လိုအစီအမံတွေဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်းရှိရမှာလေ။ အခုဖြစ်နေတာက ရလာတဲ့အကျိုးအမြတ်တွေအကုန်လုံးပြည်ထောင်စုအစိုးရဆီသွားမယ်၊ ပြီးမှ ပြည်ထောင်စုအစိုးရကတစ်ဆင့်သင့်တော်သလိုခွဲဝေပေးမယ် ဆိုတာဖြစ်နေတယ်၊ ဒီတော့ တိတိကျကျရှင်းရှင်းလင်း လင်းမရှိဘူးပေါ့။ ဒီတော့ ပြည်နယ်တွေအကျိုးခံစားခွင့်က ရှိတော့ရှိပါရဲ့ ဒါပေမယ့်ထိုက်သင့်သလောက်မရဘူး၊နည်းနေ တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့အထူးသတိပြုရမယ့်ကိစ္စက ထိခိုက်နစ်နာမှုအခံစားရဆုံးက ဒေသခံတွေဖြစ် တယ်ဆိုတာပါပဲ။ တကယ်တန်းမှာလည်း ကောင်းကျိုးကမခံစားရသေးပဲနဲ့ ဆိုးကျိုးကိုတော့ ပြည်သူတွေခံစားနေရပြီဖြစ်ပါ တယ်။

ဥပမာအနေနဲ့ပြောရရင် ဒုတ္ထဝတီမြစ်ပေါ်လုပ်မယ့် ရဲရွာစီမံကိန်းပေါ့။ အဲဒီ မံကိန်းက ၂၀၀၈ ကစတင်ပြီးတော့  ၂၀၁၄မှာမှဒေသခံပြည်သူတွေသိရတဲ့စီမံကိန်းပါ။ အဲဒီစီမံကိန်းအကြောင်းကို လွှတ်တော်ထဲမှာမေးခွန်းတင်တော့ တာဝန်ရှိသူ(သက်ဆိုင်ရာဝန်ကြီး)က လာရောက်ဖြေကြားတာမှာ စီမံကိန်းစတင်တုန်းကပြည်သူတွေနဲ့တွေ့ ဆုံဆွေး နွေးမှုပြုလုပ်ပြီးမှ လုပ်ငန်းစတင်ခဲ့တာလို့ဖြေ ကြားခဲ့တယ်။ တကယ်တော့ ဒေသခံတွေက ဒီစီမံကိန်းကိုအလုပ်စေချင်ဘူး၊ သူတို့ရွာကိုလည်းမရွှေ့ချင်ဘူး၊ လာဖြေတဲ့ ပုဂ္ဂိုလ်က ဒါကိုတော့ချန်ထားတယ်။ ပြီးတော့ ဒီစီမံကိန်းဆောင်ရွက်ခြင်းအားဖြင့် အောက်ပြည်အောက်ရွာ (မြစ်အောက် ပိုင်း)မှာရေကြီးရေလျှံဖြစ်မှုကိုကာကွယ်နိုင်မယ်လို့ပြောသွား၊ အဲမှာ ကျွန်တော် တော်တော်စိတ်မကောင်းဖြစ်ရတာက အောက်ဘက်ဗမာပြည်မှာ ရေကြီးရေလျှံတာမဖြစ်ဖို့အတွက် ကျွန်တော်တို့ရှမ်းပြည် ကရေကြီးရေလျှံတဲ့ဒဏ်ကိုခံစားရတော့ မယ်ပေါ့။ ဒါမဖြစ်သင့်ဘူး၊ လုံးဝမျှတမှုမရှိတဲ့ကိစ္စပဲလို့ ကျွန်တော်ယူဆတယ်။ ပြီး တော့စဉ်းစားကြည့်လေ ၂၀၀၈ ကတည်းကစတင်လာတဲ့စီမံကိန်း ၂၀၁၄ကျမှ ဒေသခံတွေသိရတဲ့စီမံကိန်း၊ လက်ရှိဒေ သခံပြည်သူတွေကိုယ်တိုင်ကလည်းကန့်ကွက်နေတဲ့စီမံကိန်း၊ ပြောရရင် ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်း၊ အဲဒါကို လွှတ် တော်ကနေအကောင်အထည်ဖော်ဖို့ ဘတ်ဂျတ်ခွင့်ပြုတယ်ဆိုတာ ဖြစ်သင့်ရဲ့လားပေါ့။ လုပ်ငန်းကအကောင်အထည်ဖော် တော့မယ်၊ ဒေသခံတွေကိုလည်းပြောင်းရွှေ့ဖို့ပြောနေပြီ၊ ဒါပေမယ့် ဘယ်နေရာပြောင်းရမလဲဆိုတာမရှိဘူး။ ဆိုလိုတာက ပြန်လည်နေရာချထားရေးလုပ်ငန်း ဘာတစ်ခုမှဆောင်ရွက်ထားခြင်းမရှိပဲနဲ့ စီမံကိန်းအကောင်အထည်ဖော်မယ့်လုပ်ငန်းကို ပဲ လုံးပန်းနေတယ်ဆိုတာ လုံးဝဖြစ်သင့်ဘူး။

ဒေသခံပြည်သူများ၏ ဥပဒေအရနစ်နာချက်များ

ဒီလိုဖြစ်တဲ့အပေါ်ပြောရရင် အချို့ကပြဋ္ဌာန်းဥပဒေတွေကိုယ်တိုင်ကအား နည်းချက်ရှိလို့ပဲ။ စီမံကိန်းကြီးတွေဆောင်ရွက် မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့သဘောတူညီမှုရယူရမယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်စံညွန်းတွေရှိရက်သားနဲ့ ဒေသခံပြည် သူတွေနဲ့တွေ့ဆုံဆွေးနွေးရမယ် လို့အစားထိုးပြဋ္ဌာန်းတာတွေရှိတာကိုး။ အဲဒီအပြင် ဘာရှိသလဲဆိုတော့ ရင်းနှီးမြုပ်နှံမှုစီမံ ကိန်းကြီးတွေဖြစ်ဖြစ် ပြည်တွင်းကဆောင်ရွက်တဲ့စီမံကိန်းတွေဖြစ်ဖြစ် ဝင်လာတဲ့အခါ သူကမက်လုံးတွေနဲ့ဝင်လာတတ်ပါ တယ်။ ဥပမာ- လမ်းတွေပိုကောင်းလာမယ်၊ မီးတွေ ၂၄-နာရီလင်းမယ်၊ စီးပွားရေးကောင်းလာမယ်၊ လူနေမှုအဆင့်အတန်း မြင့်မားလာမယ် ဆိုတာမျိုးပေါ့။ ဒါပေမယ့် သိရသလောက်ဆိုရင် စီမံကိန်းကြီးတွေပြီးသွားတဲ့နောက်ပိုင်း အရင်ပေးထားတဲ့ မတ်လုံးတွေ ဘာတစ်ခုမှဖြစ်မလာတဲ့အပြင် ပြဿနာတွေပဲသောင်းခြောက်ထောင်ဖြစ်ကျန်ရစ်တာပဲတွေ့ရတယ်။ ပေါင်း လောင်းရေအားလျှပ်စစ်စီမံကိန်းဆိုရင် စီမံကိန်းမှာပါတဲ့ရေကာတာ ရေဝပ်ဧရိယာအတွက် ဖယ်ပေးလိုက်ရတဲ့ ဒေသခံ ကျေးရွာသားတွေ အခုထိစားဝတ်နေရေးအဆင်မပြေတာတွေရှိတယ်။ သူတို့ရဲ့ဖယ်ပေးလိုက်ရတဲ့ လယ်ယာမြေတွေအ တွက်သူတို့ပြန်ရတဲ့မြေက လုပ်ကိုင်စားသောက်လို့မရတဲ့မြေတွေဖြစ်နေတာတွေ့ရတယ်။ နောက်တစ်ခုက မူလလက်ငုတ် လုပ်ကိုင်နေတဲ့သူရှိထားမြေဖြစ်နေတာတွေရှိတယ်၊ အဲဒီမှာ ဒေသခံပြဿနာတက်ရတာတွေလည်းရှိတယ်။ ပြီးရင် ရွှေ့ပြောင်းသူတွေအနေနဲ့ သူတို့ရတဲ့ လျော်ကြေးငွေနည်းနည်းလေးနဲ့ တစ်နှစ် နှစ်နှစ်အတွင်း မူလအတိုင်ပြန်လည်ထူ ထောင်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ဒါကြောင့် မက်လုံးတွေပဲမလုပ်ဘဲနဲ့ သူတို့ရေရှည်ဘဝရပ်တည်ရေးအတွက်ပါ စဉ်း စားပေးရမှာဖြစ်ပါတယ်။

ပြည်ထောင်စုစနစ်(ဖက်ဒရယ်စနစ်)

ကျွန်တော်တို့နိုင်ငံက စတည်ထောင်တုန်းကပြည်ထောင်စုစနစ်(ဖက်ဒရယ်)ကို မျှော်မှန်းခဲ့ပေမယ့် အခုထိဖြစ်မလာခဲ့ဘူး။ ဗဟိုချုပ်ကိုင်မှုကြီးမားတဲ့ တစ်ပြည်ထောင်စနစ်(Unitary)ဖြစ်နေတုန်းပဲ။ ကိစ္စအဝဝကို ဗဟိုအစိုးရကပဲစီမံခန့်ခွဲတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်/တိုင်းဒေသကြီးအစိုးရနဲ့ လွှတ်တော်တွေပေါ်လာပြီဆိုပေမယ့် လုပ်ပိုင်ခွင့်အာ ဏာခွဲဝေမှုကမရှိသလောက်ပဲ။ ဗဟိုချုပ်ကိုင်မှုကကြီးမားနေဆဲပဲ။ အဲဒီအပြင် လက်ရှိပြည်ထောင်စုလွှတ်တော် ပထမအ ကြိမ်မှာပဲဖြစ်ဖြစ်၊ ဒုတိယအကြိမ်(ယခုကျင်းပဆဲ)မှာပဲဖြစ်ဖြစ် ပြဋ္ဌာန်းဥပဒေတွေကလည်း ပြည်ထောင်စုစနစ် ဘက်ကို ဦး တည်လာတာမတွေ့ရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုမိုခိုင်မာစေတဲ့ ဒေါက်တိုင်တွေလို ဥပဒေတွေပဲထွက် လာတယ်။

ဥပမာပြောရရင် မကြာခင်ကပြဋ္ဌာန်းလိုက်တဲ့ မြေလွတ်၊မြေလပ်၊မြေရိုင်းစီမံခန့်ခွဲရေးဥပဒေဆိုရင် တိုင်းရင်းသားတွေရဲ့ ရှိနှင့် ပြီးသား မြေယာစီမံခန့်ခွဲမှုစနစ်ကို အသိအမှတ်မပြုမှုတစ်ခုပေါ့။ ပြည်ထောင်စုစနစ်ရဲ့သဘောတရားနဲ့ ဆန့်ကျင်ပြီး ၂၀၀၈ အခြခံဥပဒေပြဋ္ဌာန်းချက်တွေကို ပိုမိုခိုင်မာစေတဲ့ဒေါက်တိုင်တစ်ခုလို့ ကျွန်တော်က အဲလိုမြင်တယ်။ ဖက်ဒရယ်စနစ်ကို မှန် မှန်ကန်ကန်အကောင်အထည်မဖော်သေးဘဲနဲ့ ဒီလိုဥပဒေတွေပြဋ္ဌာန်းလိုက်တဲ့အခါ ကျွန်တော်တို့တိုင်းရင်းသားတွေ အနေ နဲ့ ဥ့ပဒေတွေရဲ့ အကာအကွယ်ကိုရယူဖို့မပြောနဲ့ ဥပဒေရဲ့ဆိုးကျိုးသက်ရောက်မှုတွေပဲ ခံစားရမှာဖြစ်တယ်။ ဖက်ဒရယ် ဆိုတာက အများသိတဲ့အတိုင်းပဲ ကိုယ့်ဒေသမှာကိုယ်ကိုယ်တိုင်ပဲအဓိကကျတာပေါ့။ အစစအရာအရာ ဗဟိုအစိုးရက စီမံ ခန့်ခွဲနေတာမျိုးမဟုတ်တော့ဘဲ နိုင်ငံတွင်းမှာရှိတဲ့ မတူကွဲပြားမှုအားလုံးကို အသိအမှတ်ပြုတာကိုး။ ဒေသတစ်ခုရဲ့အရေးက အဲဒီဒေသမှာနေထိုတဲ့သူတွေရဲ့ဆုံးဖြတ်ချက်က အဓိကဖြစ်တာပေါ့။ ဆိုတော့ စောစောကပြောတဲ့ မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေဆိုလည်း ဒီဥပဒေအရသာမြေတွေ ကိုမှတ်ပုံ တင်ရမယ် ဆိုတာမျိုးမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ မြေစီမံခန့်ခွဲမှုကိုလည်း အသိအမှတ်ပြုတယ်ဆိုတာမျိုး ပါလာရမှာလေ။ ဒီလိုပြောလို့ ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသား တွေပဲ ခံစားရမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ ဗမာတိုင်းရင်းသား တွေကိုယ်တိုင်လည်း တပြေးညီခံစားရမယ့် အကျိုးရလဒ် တွေပဲဖြစ်ပါတယ်။

ဥပမာ လက်ပံတောင်းတောင်စီမံကိန်းဆိုရင် ဗဟိုအစိုးရကပဲစီမံနေတာမျိုးမဟုတ်ဘဲ စီမံကိန်းစကတည်းက သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၊ ဒေသခံပြည်သူတွေနဲ့ သေသေ ချာချာ ညှိနှိုင်းပြီးဆောင်ရွက်ခဲ့မယ်ဆိုရင် အခုလိုပြဿနာတက်ပြီး ထိခိုက်နစ်နာမှုကြီးမားလာမှာမဟုတ်ဘူး။ ဗဟိုအစိုးရက ပဲ ဒေသခံတွေအတွက် မီးလင်းမယ်၊ လမ်းဖောက်ပေးမယ်၊ ဖွံ့ဖြိုး တိုးတက်လာမယ်ဆိုပြီးလုပ်တာက မမှန်ဘူး။ တကယ်လို့ ဒေသခံတွေသဘောထားဘာရှိသလဲ၊ ဒီစီမံကိန်းလုပ်ဖို့ရော သဘောတူသလားမေးရင် သူတို့အနေနဲ့ လမ်းတွေ၊မီးတွေ လိုချင်မှလိုချင်မယ်၊ အဲဒီတောင်က သူတို့အတွက်အထင် ကရနေရာတစ်ခုခုလည်းဖြစ်နိုင်တယ်။ အခုဖြစ်နေတာက မီးရတယ်၊ လမ်းကောင်းတယ်၊ ဒါပေမယ့် ဒေသခံတွေရဲ့ဘဝက ဒုက္ခတွေနဲ့ဝိုင်းနေတယ်၊ ပဋိပက္ခတွေနဲ့ပြည့်နက်နေတယ်၊ ဒီတော့ ဒီလိုစီမံကိန်းတွေကို ဘာလို့လုပ်နေတော့မလဲ။ ဒေသ ဖွံ့ဖြိုးရေးအတွက် အခြားနည်းလမ်းကိုသုံးရတော့မှာပေါ့။

အထူးသဖြင့် တိုင်းရင်းသားဒေသတွေပေါ့၊ အရင်ကတည်းကရှိထားနှင့်တဲ့ ကိုယ့်လူမျိုးရဲ့ဓလေ့ထုံးဓမ်းတွေနဲ့နေထိုင်လာခဲ့ ကြတာဆိုတော့ ဗဟိုအစိုးရအနေနဲ့ အစစအရာရာစီမံခန့်ခွဲတဲ့စနစ်ကိုလျှော့ချမှအဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့အကြောင်းကို ကျွန်တော်တို့ထက်နိုင်ငံခြားသားပညာရှင်တစ်ယောက်က ပိုမသိနိုင်သလိုမျိုး တိုင်းရင်းသားဒေသ တွေရဲ့အကြောင်းကို ဒေသခံတွေထက်အခြားသူတွေက ပိုသိတယ်ဆိုတာမဖြစ်နိုင်ဘူးလေ။ ကျွန်တော်တို့က ကိုယ့်မိရိုးဖ လာအခြေခံစနစ်တွေနဲ့နေလာခဲ့တာ နှစ်ပေါင်းထောင်ချီတဲ့သမိုင်းကိုယ်စီရှိခဲ့ကြတာကိုး။ ဒီတော့ ဘာပဲဖြစ်ဖြစ် မတူကွဲပြားမှု ကိုအသိအမှတ်ပြုတဲ့ ဖက်ဒရယ်စနစ်ကသာလျှင် အခုကြုံနေရတဲ့ပြဿနာတွေကိုလျော့ပါးသွားအောင် ဖြေရှင်းနိုင်မှာဖြစ်ပါ တယ်။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့တိုင်းရင်းသားတွေဟာ လွတ်လပ်ရေးရပြီကတည်းက ဒီနိုင်ငံမှာကဏ္ဍ ပေါင်းစုံ၊နယ်ပယ်ပေါင်းစုံမှာ လစ်လျှူရှုခံထားရတဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့တည်ရှိမှုနဲ့ သမိုင်းကြောင်းတွေ ကလည်းမှေးမှိန်ပျောက်ကွယ်ခဲ့ရသလို အခုထိလည်းဦးစားပေးမခံခဲ့ရပါဘူး။ ဒါပေမယ့် တစ်စုံတစ်ရာထိခိုက်နစ်နာရမယ့် ကိစ္စနဲ့ကြုံလာရင် ကျွန်တော်တို့က အရင်ဆုံးထိခိုက်နစ်နာရသူတွေဖြစ်ပါတယ်။ အဲဒါကြောင့် ဗမာတိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကိုလေ့လာသင်ယူရသလိုမျိုး တိုင်းရင်းသားတွေရဲ့သမိုင်းကြောင်းကိုလည်း လေ့လာသင်ယူသင့်ပါတယ်။ ကျွန်တော်တို့ရဲ့တည်ရှိမှုတွေကိုလည်းအသိအမှတ်ပြုရမှာဖြစ်ပါတယ်.။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတကာချေးငွေ(ဂျပန်ချေးငွေ၊အီးယူချေးငွေ)တွေ ယူပြီးတော့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်မယ်ဆိုတော့ တိုင်းရင်းသားဒေသတွေမပါဘူးဖြစ်နေတယ်။ ဒါကဖြစ်နေတဲ့အရှိ တရားပါ။ ဒါဆို တိုင်းရင်းသားဒေသတွေကနောက်ကျ ကျန်ခဲ့မြဲကျန်ခဲ့တော့မှာပေါ့။ ဒါကလည်းမျှတမှုမရှိဘူးပေါ့။ မျှမျှ တတလေးဖြစ်စေချင်တယ်။

နောက်တစ်ချက် ကျွန်တော်ဒီနေရာကနေပြောချင်တာက အခုကျွန်တော်တို့နေထိုင်နေကြတဲ့ပြည်ထောင်စုမြန်မာနိုင်ငံဆို တာ ဗမာတိုင်းရင်းသားတစ်ခုတည်းကပဲတည်ထောင်ထားတဲ့နိုင်ငံတော်မဟုတ်ပါဘူး။ တိုင်းရင်းသားပေါင်းစုံက အတူတကွ တည်ထောင်ထားတဲ့နိုင်ငံတော်ဖြစ်ပါတယ်။ ဥပမာပြောရရင် ချင်းပါမယ်၊ ကချင်ပါမယ်၊ ရှမ်းပါမယ်ပေါ့၊ အဲဒါတွေနဲ့စုပေါင်း တည်ထောင်ထားခြင်းဖြစ်လို့ တိုင်းရင်းသားဆိုတာဒီနိုင်ငံရဲ့လူနည်းစုတိုင်းရင်းသားမဟုတ်ပဲ ပြည်ထောင်စုရဲ့ပိုင်ရှင်တွေဖြစ် ပါတယ်။ ဖက်ဒရယ်စနစ်ကိုကျင့်သုံးမှသာ ငြိမ်းချမ်းရေးလည်းမြန်မြန်ရမှာဖြစ်သလို နိုင်ငံလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ် ပါတယ်လို့ ဒီနေရာကပြောချင်ပါတယ်။

*************