• Today is: Thursday, August 5, 2021

ဌာနေတိုင်းရင်းသားတို့ မျိုးဆက်ရှင်သန်မှုနှင့် ကျောက်မီးသွေးစွမ်းအင် ဘယ်ဟာရွေးမလဲ

Federal Journal
July31/ 2019

အေးမွန်

တောင်စဉ်၊ တောင်တန်းများ ကာရံထားပြီး ဂေါ်ဖီစိုက်ခင်း၊ ခရမ်းချဉ်သီးစိုက်ခင်း၊ ကြက်သွန်ဖြူ စိုက်ခင်းစသဖြင့် တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းများနှင့် စိမ်းစို၊ သာယာလှပနေသော ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နှင့် ၂၂ မိုင်အကွာ၊ ပင်လောင်းမြို့နယ်၊ ပြင်သာရွာအနီး တီကျစ်ကျေးရွာအုပ်စုသို့ မေ ၇ ရက်နေ့က ရောက်ရှိခဲ့ပါသည်။  ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု အစရှိသည့်တိုင်းရင်းသားတို့ နေထိုင်ရာ ထို ကျေးရွာစုဝန်းကျင်သည် တီကျစ်ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေးနှင့် စိန်ခေါ်မှုများ ရှိနေသည်။

တီကျစ်လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ရပ်နားခဲ့ သည်။ ထပ်မံ၍   ၂၀၁၅ ခုနှစ်တွင် တင်ဒါခေါ်ခဲ့ရာ အောင်မြင်ခဲ့သည့် တရုတ်ကုမ္ပဏီ Wuxi Huagaung Electric Power Engineering ကုမ္ပဏီနှင့် နှစ်ရှည်ငှားရမ်းခြင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ၂၀၁၇ ခုနှစ်မှ  စက်များကို ပြန်လည်ပြုပြင်ပြီး လည်ပတ်လျက်ရှိနေသည်ဟု  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျောက်မီးသွေးသတ္ထုတွင်းတူးဖော်ရေးလုပ်ငန်းများ၊ ကျောက်မီးသွေးနှင့် ကျောက်မီးသွေပြာအား စီမံကိုင်တွယ်ခြင်းနှင့် သိုလှောင်ခြင်းသည် မလောင်ကျွမ်းသည့် မီးသွေးမှုန်ဖြစ်စေ (သို့) လောင်ကျွမ်းပြီး မီးသွေးမှုန်ဖြစ်စေ ဖုန်မှုန့်များထွက်ပေါ်သည်။ ယင်းအမှုန့်နှစ်မျိုးလုံးတွင် အဆိပ်အတောက်ရှိသည့် သတ္ထုများ ပါဝင်ပြီး ကျောက်မီးသွေးအမှုန်တွင် အဆိပ်အတောက်ရှိသည့် PAHs (Polycyclic Aromatic Hydrocarbons) များပါဝင်သည်။ ထိုအဆိပ်အတောက်ဖြစ်စေသည့် အမှုန်များကြောင့် စက်ရုံအနီး နေထိုင်သည့် ဒေသခံများ အပေါ်များစွာ ထိခိုက်မှုဖြစ်စေပြီး ပန်းနာရင်ကျပ်၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ လေဖြတ် ခြင်း၊ ကိုယ်လက်လှုပ်ရှားသည့်အခါ နှလုံးစူးအောင့်ခြင်း၊ နှလုံးထိခိုက်ခြင်းနှင့် ကင်ဆာစသည့် ရောဂါများ၊ ဖြစ်ပွားစေသည်ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ် အဖွဲ့ (MATA)၏ ၂၀၁၈ ခုနှစ်အတွင်းပြုလုပ်သည့် တီကျစ်ဒေသ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်လေ့လာချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“စက်ရုံပိတ်ခြင်း၊ မပိတ်ခြင်းက အဓိကမကျဘူး။ လူတွေအတွက် ဒုက္ခရောက်မယ့်ကိစ္စဖြစ်တဲ့ ပြာ တွေကို စွန့်ပစ်တဲ့ပုံစံက မဟုတ်သေးဘူး။ နှစ်ပေါင်းများစွာလည်း စွန့်ပစ်ခဲ့ပြီ။ ပညာရှင်တွေရဲ့ တွေ့ရှိချက် တွေကို အလေးထားစေချင်တယ်။ လူထုအတွက် ပြန်ပြီးစမ်းစစ်ရမှာက အစိုးရရဲ့ တာဝန်ဖြစ်တယ်။ နောက်ပြီး တော့ တိုင်ရင်းသားဒေသတွေဆီမှာ ဒီအရင်းအမြစ်တွေကို လာပြီးတော့မှ ထုတ်ယူသွားတယ်။ မိုင်းတူးမယ်။ ကျောက်မီးသွေးမိုင်းကို သဘောတူစာချုပ်အရ ၂၂ နှစ်လောက်တူးမယ်။ ရွာတွေမှာ ကျောက်မီးသွေးမိုင်းတူးတဲ့ အတွက် ရေကြောတွေက အဲဒီကိုအကုန်စီးဆင်းသွားတယ်။ တချို့ရေတွင်းဆို ခန်းသွားပြီ။ ဒါကို အစိုးရက ပြည်သူလူထု ဘဝတွေအတွက် ဘယ်လိုပြန်ကြည့်ပေးမှာလဲ။ လူမှုဘဝတွေ ပြန်မကြည့်ဘဲနဲ့ ငါတို့ လုပ်ချင် တာ လုပ်မယ်ဆိုရင်တော့ အစိုးရကောင်းတစ်ရပ်မှ မဟုတ်တာ” ဟု (MATA)၏ ရှမ်းပြည်နယ်အဖွဲ့ခွဲ တာဝန်ခံ နှင့် နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုးက ပြောဆိုသည်။

တစ်ဖက်မှာလည်း စာချုပ် ချုပ်ဆိုထားသည့် တရုတ်ကုမ္ပဏီဖြစ်သည့် ဝူရှီဟွာဂေါင်(Wuxi Huagaung) လျှပ်စစ်စွမ်းအား အင်ဂျင်နီယာကုမ္ပဏီကလည်း မြန်မာဝန်ထမ်းဦးရေ ၉၅ ဦး၊ ပြင်ပဝန်ထမ်း ဦးရေ ၁၇၀ ဦး၊ တရုတ်ပညာရှင်ဦးရေ ၈၄ ဦး၊ စုစုပေါင်း ၃၄၉ ဦး ခန့်အပ်ထားကာ တီကျစ်ကျောက်မီးသွေး စက်ရုံနှင့် အနီးဝန်းကျင်ကျေးရွာစုစုပေါင်း ၂၅ ရွာကို တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ဖြင့် ထောက်ပံ့ကြေးများ ပေးထားသည်။ ထို့ပြင် လူမှုအကျိုးစီးပွားအတွက် တာဝန်ယူမှု(CSR) လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေ အနေများအဖြစ် ကျေးရွာများရေပိုက်သွယ်တန်းခြင်း၊ ကွန်ကရစ်လမ်းခင်းပေးခြင်း၊ အုတ်ရေကန်တည် ဆောက်ခြင်း အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေသည်ဟု  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း  အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ပြာမှုန်ဖမ်းတဲ့စနစ်ကို နှစ်ရှည်ငှားရမ်းစာချုပ်ထဲမှာပါတဲ့ နိုင်ငံတကာ သတ်မှတ်ထားသော  အမျိုးသား စံချိန်စံညွှန်း အခိုးအငွေ့တွေနဲ့ ပတ်သက်လို့ သတ်မှတ်စည်းကမ်းတွေ ပါပါတယ်။ မီးခိုးငွေ့မှာ သတ်မှတ်ရာခိုင်နှုန်းထက် မကျော်ရပါဘူး။ ပြာနဲ့ပတ်သက်ပြီး ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ 30 mg ၊ ဆာလဖာအောက်ဆိုဒ် 400 mg ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် 200 mg အတွင်းဝင်အောင် လုပ်ရမယ်ဆိုတာ ပါပါတယ်။ လက်ရှိကုမ္ပဏီက စာချုပ်ပါအတိုင်း အာမခံထားတဲ့ အချက်အလက်အတိုင်း စက်ကိုပြန်လည် မောင်းနှင်းတာဖြစ်ပါတယ်။ နိုင်ငံတကာနည်းပညာများကို သုံးထားပါတယ်” ဟု တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဝင်းဌေးကရှင်းပြ သည်။

တီကျစ်ကျောက်မီးသွေးစက်ရုံမှ ၂၀၁၇ ခုနှစ်တွင် စက်များပြုပြင်ပြီး ကာလမှစ၍ တစ်ရက်လျင် မဂ္ဂါဝပ်အားဖြင့် ၁၀၀ မဂ္ဂါဝပ်၊ ယူနစ်အားဖြင့် ယူနစ်သန်းပေါင်း ၁၁၀၀ အထိ လျှပ်စစ်ဓါတ်အားရရှိပြီး နိုင်ငံ တော် ဓါတ်အားစနစ်နှင့် ချိတ်ဆက်၍ ကလောခွဲရုံ၊ လွိုင်ကော်ခွဲရုံ၊ ရွှေမြို့ခွဲရုံ၊ တောင်ငူခွဲရုံ အစရှိသည့် ပင်မ ဓါတ်အား လိုင်းများမှတဆင့် မြို့များ၊ ကျေးရွာများကို လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ပေးနေသည်ဟု အင်ဂျင်နီ ယာချုပ် ဦးဝင်းဌေးက ဆက်လက်ရှင်းပြသည်။

ကမ္ဘာကြီးက တစ်နှစ်ထက်တစ်နှစ် ပို၍ပူနွေးလာသည်။ ထို့ကြောင့် နိုင်ငံပေါင်း ၁၉၅ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများက ၂၀၁၅ ခုနှစ်က ကျင်းပသည့် (၂၁) ကြိမ်မြောက် ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကို အဖြေရှာရန် သဘောတူညီမှု ယူကြသည်။ ၂၀၁၉ ခုနှစ် (၂၄) ကြိမ်မြောက်အစည်းအဝေးတွင် ကမ္ဘာကြီးပူးနွေးစေမည့် စီမံကိန်းများကို လျှော့ချရန် ၂၀၂၀ ခုနှစ်တွင် အာဏာသက်ဝင်အောင် ထပ်မံသဘောတူညီမှု လက်မှတ်များရေးထိုးကြသည်။ ထိုကဲ့သို့ သယံဇာတများကို ထုတ်ယူသုံးစွဲမှုများတွင် ကျောက်မီးသွေးကဏ္ဍ၏ ဆိုးကျိုးများကို နည်းပညာမြင့်မားပါသည်ဆိုသော နိုင်ငံ များပင်လျင် မတတ်နိုင်ဘဲ လျှော့ချရမည့်၊ ရပ်တန့်ရမည့် အခြေအနေများဖြစ်လာသည်။ ထိုကြောင့်လည်း  ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် ၂၀၃၀ ခုနှစ်နောက်ဆုံးထား၍ ကျောက်မီးသွေး စီမံကိန်းများကို အသုံးပြုခြင်း ရပ်တန့်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ၂၀၅၀ ခုနှစ်နောက်ဆုံးထား၍ ကျောက်မီးသွေး စီမံကိန်းများကို ရပ်တန့်ရန် သဘောတူညီထားကြသည်ဟု သိရသည်။ ထိုကဲ့သို့သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် ပထမဆုံးဆောက်လုပ်ခြင်းဟု သိရပြီး ဌာနေတိုင်းရင်းသားတို့၏ စိုးရိမ်မှုမှာ ၁၀ စုနှစ်တစ်ခုကျော်ခဲ့ပြီဖြစ်သည်။ အမြဲတမ်းစက်ရုံ ပိတ်သိမ်း ပေးရန် ဆန္ဒပြတောင်းဆိုမှုများလည်းရှိခဲ့သည်။ တီကျစ်ဒေသခံတစ်ဦးက ယခုကဲ့သို့ရင်ဖွင့် ပြောဆိုရာတွင်      “ကျွန်တော်က တီကျစ်စက်ရုံရဲ့ အနောက်ဘက်အခြမ်းမှာ နေပါတယ်။ ညနေပိုင်း ၅ နာရီ၊ ၆ နာရီ လောက်ဆို ရင် အငွေ့တွေက ပုံမှန်လာပါတယ်။ စက်ရုံအနီးဆူညံသံတွေကြားရတယ်။ အခုအချိန်အထိတော့  ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ဆိုးဆိုးရွားရွား မခံစားရသေးပါဘူး။ ဒါပေမယ့် စိုးရိမ်ပါတယ်။ ရေခြောက်သွေ့မှုပိုများလာ တယ်။ ဒီစက်ရုံမစတင်ခင်က ရေခန်းတာမရှိဘူး။ အခုနောက်ပိုင်း ရေခန်းလာတယ်။ အဝီစိတွင်းရေတွေ ရေပို ခန်းလာတယ်။ ကျွန်တော်တို့ဒေသခံတွေအနေနဲ့ ပြောချင်တာက စက်ရုံပိတ်လိုက်ရင်တော့ ပိုကောင်းတယ်။ တောင်သူလယ်သမားတွေက စိုက်ပျိုးရေး လုပ်စားရတာ ခက်လာတယ်။ အခုက ရေရရှိမှုပြဿနာ ဖြစ်လာ တယ်” ဟု ပြောသည်။

MATA ၏ ၂၀၁၈ ခုနှစ်အတွင်းပြုလုပ်သည့် တီကျစ်ဒေသ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် လေ့လာ ချက် အစီရင်ခံစာအရ ကျောက်မီးသွေးလောင်စာကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စက်ရုံများ သည် လေထုညစ်ညမ်းစေသော ပစ္စည်းများဖြစ်သည့် ဆာလဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အဆိပ်ပါဝင်မှု အတက်အကျရှိသည့် အော်ဂင်းနစ်ဒြပ်ပေါင်းများ၊ ပြဒါး(မာကျူရီ)နှင့် Particulate Matter(PM) စသည့် သတ္ထုဓါတ်များ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ တီကျစ်ကျေးရွာအနီးနား ရေကြောများထံမှ ရယူထားသည့် ရေနမူနာများကို သုံးသပ်သည့် ဓာတ်ခွဲခန်း အစီရင်ခံစာအရ ရေနမူနာ ၁၃ ခုစလုံးသည် GRM ရေအရည်အသွေး သတ်မှတ်ပြဋ္ဌာန်းချက်များအရ သတ်မှတ်ပမာဏ (parameter) တစ်ခု (သို့မဟုတ်) တစ်ခု ထက်ပိုကာ အများဆုံးပါဝင်မှုထက် ကျော်လွန်နေသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယင်းအစီရင်ခံစာတွင် တီကျစ်တွင်နေထိုင်သော ကလေးများ၏ သွေးနမူနာယူပြီး သွေးတွင်း ခဲပမာဏကို စမ်းသပ်ကာ ဆေးကုရန်လိုမလို ဆုံးဖြတ်ရန်ညွှန်ကြားထားသည်။ တီကျစ်ဝန်းကျင်၌ ဖမ်းမိသည့် ငါး အထူးသဖြင့် ခရုမျိုးနှင့် ငါးကြီးများ၊ တီကျစ်ရေသောက်သည့် တိရစ္ဆာန်တို့၏ နို့ရည်နှင့် အသားများကို မစားသုံးမီ စမ်းသပ်သင့်ကြောင်း၊ ညစ်ညမ်းမှုအရင်းအမြစ်ကို မဖော်ထုတ်နိုင်မီကာလအတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို ရပ်ဆိုင်းသင့်ပါကြောင်း ဖော်ပြထားသည်။

“ကျန်တဲ့မြို့တွေမှာ နေထိုင်သူတွေက အဲယားကွန်းအခန်းထဲမှာ နေနေရပြီး တိုင်းရင်းသားဒေသက လူတွေက အဆိပ်တောထဲ နေရမယ်ဆိုရင် ဟန်ချက်ညီသော ဖွံ့ဖြိုးရေးမဟုတ်ဘူး။ အကျိုးစီးပွား ကျွန်ပြုခံရ တာ၊ ဒါတွေကို ကျွန်တော်တို့က မကျေနပ်ပါဘူး။ ဖက်ဒရယ်ပေါ်မှာ အခြေခံတာတောင် မပြောသေးဘူး။ လူတိုင်းကတော့ အကျိုးစီးပွားပေါ်မှာ အခြေခံကြတာပဲ။ ဒါကနိုင်ငံတော်အတွက် အကျိုးစီးပွားလား။ နိုင်ငံ တော်က အရှုံးခံပြီး ဖြန့်နေရတာ။ နိုင်ငံတော်က အရှုံးတွေချည့်ပဲ။ စက်ရုံနဲ့ပတ်သက်ရင် နိုင်ငံတော်က အရှုံး၊ မိုင်းတွင်းနဲ့ပတ်သက်ရင် နိုင်ငံတော်က အရှုံး။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီးလို့ နောက်ပိုင်းပြန်ကုစားရင် အစိုးရပဲ။ ဒါတွေကို ကောင်းကောင်းမွန်မွန် မလုပ်ရင် ကောင်းမွန်တဲ့အစိုးရ ဖြစ်မှာမဟုတ်ဘူး။ လူထုပဋိပက္ခ  ရှိနေမှာပဲ” MATA ၏ ရှမ်းပြည်နယ်အဖွဲ့ခွဲ တာဝန်ခံနှင့် နေပြည်တော်ရုံးတာဝန်ခံ ဦးအောင်ကျော်မိုးက ပြောဆိုသည်။

သုတေသနလုပ်ငန်းများကို ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော  E Guard Environmental Services ၏ သုတေသန အစီရင်ခံစာအရ တီကျစ်ကျေးရွာ ၁၈ ရွာကို လေထုညစ်ညမ်းမှု၊ ဆူညံသံ၊ လေတိုက်နှုန်း၊ စိုထိုင်းစများကို တိုင်းတာခဲ့ရာ အချို့ကျေးရွာများတွင် သတ်မှတ်ထားသော အမျိုး သားပတ်ဝန်းကျင်ဆိုင်ရာထက် ကျော်လွန်နေခြင်း၊ တီကျစ်ဒေသတွင် ထူးခြားချက်အနေဖြင့် တောင်များရှိနေ သည့်အတွက်ကြောင့် အမှုန်အမွှား ပျံ့လွင့်မည်ဆိုပါက တီကျစ်စက်ရုံ၏ မြောက်ပိုင်းက ပို၍သက်ရောက်မှု ရှိသည်ကို လေ့လာတွေ့ရှိရကြောင်း E Guard Environmental Services ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီ ဟက ပြောသည်။ မေလ ၇ ရက်နေ့က တီကျစ်ကျေးရွာအုပ်စုရှိ တောင်ပို့ကြီးကျောင်းတိုက်တွင် တီကျစ် ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ခြင်းလုပ်ငန်း (Enviromental Impact Assessment) အစီရင်ခံစာ( EIA) အကြောင်း  ရှင်းလင်းတင်ပြခြင်း၊ ပြည်သူများနှင့် ဆွေးနွေးပွဲတွင် ဦးအေးသီဟက ပြောကြားခြင်းဖြစ်သည်။

“ရေထဲမှာအဆီပါဝင်မှုများနေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် စက်ရုံက လက်ရှိအချိန်မှာ အဆီပါ ဝင်မှုကို လျှော့ချဖို့ စီစဉ်ပြီးဖြစ်ပါတယ်။ စက်ရုံကဒါလေးကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ဖို့ လိုပါတယ်။ တီကျစ် ကျောက်မီးသွေးစက်ရုံအနေနဲ့ အဆိုးနဲ့အကောင်း ဆက်ပြီးတည်ရှိနေမှာဖြစ်ပြီး အခြားသက်ရောက်မှု တွေလည်း ရှိလာနိုင်ပါတယ်” ဟု ဦးအေးသီက ပြောသည်။

“စွမ်းအင်လိုတာမှန်ပေမယ့် သုတေသနလုပ်တဲ့သူတွေက မေးခွန်းထွက်လာတယ်။ အဲဒီ စွမ်းအင်ရဖို့ အတွက် ရေတွေသုံးရတာက နည်းတာမဟုတ်ဘူး။ နောက်ဆုံးနည်းပညာတွေမှာ ရေကိစ္စကိုလည်း ထည့်ပြီး စဉ်းစားဖို့လိုတယ်။ စွမ်းအင်ကိုပဲ တစိုက်မတ်မတ် အာရုံမစိုက်ပါနဲ့။ သုတေသနစာတမ်းတွေကလည်း မေးလာ ပြီ။ ရေထု၊ လေထုတွေဒုက္ခဖြစ်မယ့် ညစ်ညမ်းမှုတွေနဲ့ သေသေချာချာ ဆုံးဖြတ်ပြီး လုပ်စေချင်ပါတယ်” ဟု သဘာပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်စင်က သုံးသပ်ပြောဆိုသည်။

တိုင်းရင်းသားတို့နေထိုင်ရာ ဒေသတစ်ခုဖြစ်သည့် တီကျစ်ဒေသ၏  လေထု၊ ရေထု၊ မြေထုများ အချိန် ကာလ ကြာသည်နှင့်အမျှ ထိခိုက်နစ်နာမှုများ ဖြစ်လာပါက ထိုဝန်းကျင်တွင် နေထိုင်သည့် လူသားများပင်မက ဇီဝမျိုးစုံမျိုးကွဲ သက်ရှိတို့အားလုံး ထိခိုက်ခံစားရမည်ဖြစ်သည်။ တိုင်းရင်းသားတို့နေထိုင်ရာဌာနေရှိ သဘာ၀ အလှအပတရားများ၊ ရေ၊ မြေ၊ လေထုများကို နောင်လာမည့် မျိုးဆက်များအတွက် ရှင်သန်ခွင့်ပေးများ ပေးနိုင် မလား။ စွမ်းအင်လိုအပ်ချက်ကိုပဲ အဓိကထားသွားမလားဆိုသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်တော့သည်။