• Today is: Wednesday, September 22, 2021

တတိယနောက်ပြန်လှိုင်းကြားက မြန်မာ့ဒီမိုကရေစီ

Federal Journal
August04/ 2021

ရဲမြင့်ကျော် (ဆောင်းပါး)

ဩဂုတ် ၄ ရက်

တစ်နိုင်ငံလုံးမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့ပွားနေချိန် သေဆုံးမှုတွေ မြင်မကောင်းအောင် မြင့်တက် နေချိန်မှာ ဒီမိုကရေစီအကြောင်း ပြောရတာအားနာစရာပါ။ သို့ပေမဲ့ အကဲဆတ်လှတဲ့ မြန်မာ့ ဒီမိုကရေစီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁ ရက်မှာ ရုတ်တရက် heart attack ရရှိပြီးနောက် ဆက်တိုက် ကြုံတွေ့လာရတဲ့  ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အကြမ်းဖက်သတ်ဖြတ်ခံရမှု၊ ပြည်သူတွေဘဝမလုံခြုံမှု၊ ဘဏ်စနစ်ပျက်ပြားမှု၊ ကျန်းမာရေးစနစ်ပြိုလဲမှု၊ ကျရှုံးနိုင်ငံဖြစ်သွားမှု စတဲ့အရာအားလုံးဟာ အကင်း သာသာရှိသေးတဲ့ ဒီမိုကရေစီစနစ် ဖျက်ဆီးခံရမှုမှာပဲ အကြောင်းရင်းခံနေပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီကို မလိုမုန်းထား ဖျက်ဆီးနေသူတွေဟာ မြန်မာမှာတင်မကဘဲ တကမ္ဘာလုံးမှာ လှိုင်းသဖွယ် ဖြစ်ပေါ်နေတာကိုလည်း  သတိထားမိကြဖို့ လိုမယ် ထင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မြင်ထား ခြင်းက မြန်မာဒီမိုကရေစီ နောက်ပြန်ကျမှုကို သုံးသပ်ရာမှာ အထောက်အပံ့ဖြစ်စေသလို လက်ရှိ တော်လှန်ရေးအတွက်လည်း အကျိုးဖြစ်စေနိုင်ပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို လေ့လာသူတိုင်း ဆင်မျူရယ် ပီ ဟန်တင်တန် ၁၉၉၁ က ရေးတဲ့ ‘တတိယလှိုင်း’  ဒီမိုကရက်တိုက်ဇေးရှင်းစာအုပ်ကို အနည်းနဲ့အများ ရင်းနှီးဖူးပြီးသားဖြစ်ပါ တယ်။  လိုအပ်လို့ အချုပ်ပြန်ပြောရရင် ကမ္ဘာမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လှိုင်းသုံးလှိုင်း ဖြစ်ပေါ် ခဲ့တယ်။ ရှည်လျားတဲ့ ပထမလှိုင်းက ၁၈၂၀ ဝန်းကျင်မှာ စတင်ခဲ့ပြီး အမျိုးသားများမဲပေးပိုင်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ရရှိလာမှုနဲ့အတူ ၁၉၂၆ မှာ ဒီမိုကရေစီနိုင်ငံ ၂၉ နိုင်ငံအထိ ရှိလာတယ်။ ဒါပေမဲ့ ၁၉၂၂  အီတလီမှာ မူဆိုလီနီ အာဏာရလာပြီး ဖက်ဆစ် ဝါဒ တစစ အားကောင်းလာတဲ့နောက် ပထမ နောက်ပြန်လှိုင်း ဝင်လာခဲ့တယ်။ ၁၉၄၂ မှာ ဒီမိုကရေစီ ၁၂ နိုင်ငံအထိ ပြန်ကျဆင်းသွားပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်နိုင်ငံတွေရဲ့အောင်ပွဲက ဒီမိုကရေစီဒုတိယလှိုင်းကို ဖြစ်ပေါ်စေခဲ့ပြီး၊ ၁၉၆၂ မှာ ဒီမိုကရေစီနိုင်ငံ ၃၆ နိုင်ငံအထိ ရှိလာပါတယ်။ ဒီနောက် ဒုတိယနောက်ပြန်လှိုင်း ၁၉၆၀-၁၉၇၅ မှာ ဝင်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ၃၀ ပဲ ကျန်ပါတယ်။ ၁၉၇၄ နဲ့ ၁၉၉၀ ကြားမှာ ဒီမိုကရေစီ တတိယလှိုင်းဖြစ်ထွန်းပြီး နောက်ထပ် နိုင်ငံပေါင်း ၃၀ ဒီမိုကရေစီ ကူးပြောင်းလာပါတယ်။ အထူးသဖြင့် အရှေ့ဥရောပနဲ့ လာတင်အမေရိကက အများဆုံးပါ။ သို့သော် ပါမောက္ခဟန်တင်တန်က တတိယလှိုင်း ဖြစ်စဉ်ဟာ သိပ်ပျော်နေဖို့ မဟုတ်ဘဲ၊ ဒီနောက်မှာ တတိယနောက်ပြန်လှိုင်း (third reverse wave) လိုက်လာဖို့ရှိတာကို သူ့စာအုပ်မှာ ကြိုသတိပေးထားခဲ့ပါတယ်။

  • ဘာကြောင့် နောက်ပြန်ရလဲ

၁၉၈၉ ဘာလင်တံတိုင်းပြို၊ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုပြိုလဲမှုတို့နဲ့အတူ အနောက် အရင်းရှင်ဒီမိုကရေစီ အောင်ပွဲခံခဲ့ပြီး နိုင်ငံတော်တော်များများ ဒီမိုကရေစီ၊ ဈေးကွက်စနစ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းအောက် ပါလာ တာမို့ တတိယလှိုင်းဒီမိုကရေစီဖြစ်စဉ်ဟာ အားရစရာ အကောင်းဆုံးပါပဲ။ သို့သော် ဟန်တင်တန် ဟောတဲ့ အတိုင်း ကြာကြာမပျော်လိုက်ကြရပါဘူး။ ၂၀၀၁ စက်တင်ဘာ ၁၁ အမေရိကန်ကုန်သွယ်ရေးစင်တာ အကြမ်းဖက်တိုက်ခိုက်ခံရမှုဟာ တတိယလှိုင်းနောက်ပြန်မှုရဲ့ အစလို့  ယူဆကြပါတယ်။ ၂၀၁၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ အရပ်နွေဦးလို ဒီမိုကရေစီရုန်းကန်မှုတွေ ရှိလာပေမဲ့ တူနီရှားတစ်နိုင်ငံကလွဲလို့  ဒီမိုကရေစီလမ်းကြောင်းပေါ် ဟုတ်ဟုတ်ငြားငြား မရှိကြပါဘူး။ အစ္စလာမ်စစ်သွေးကြွတွေက အနောက် လစ်ဘရယ်ဒီမိုကရေစီကို အတော်ခြိမ်းခြောက်နိုင်ခဲ့ပြီး ဒီမိုကရေစီဘိုးအေ အမေရိကဟာ အဖဂန်နစ္စတန်နဲ့ အီရတ် စစ်ပွဲကြီးနှစ်ပွဲနဲ့  နွံနစ် ခြေကုန်လက်ပန်း ကျသွားပါတယ်။

ဆက်တိုက်ဖြစ်လာတာက ၂၀၀၈  အမေရိကန်အိမ်ခြံမြေပြိုလဲမှုကနေ ကူးစက်သွားတဲ့ ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်း၊ စီးပွားရေးကျဆင်းမှုနဲ့ မိုက်ဂရေးရှင်းပြဿနာတို့ပါ။ အကျိုးဆက်က ဥရောပနဲ့ ကမ္ဘာ့နေရာ အတော် များများမှာ အမျိုးသားရေးဝါဒီတွေ၊ ပေါ်ပြူလစ်အာဏာရှင်တွေ အလျှိုအလျှို ပေါ်ထွက်လာပါတယ်။ နီယိုလစ်ဘရယ်ဝါဒ ကလည်း နေရာတိုင်းမှာ အဓိကတရားခံဖြစ်နေသလို၊ လစ်ဘရယ်ဒီမိုကရေစီကလည်း ခံစစ် အနေထား ရောက်သွားပါတယ်။  Freedom House အဖွဲ့ရဲ့ စောင့်ကြည့်ချက်အရ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း ကမ္ဘာတလွှားမှာ နိုင်ငံရေးလွတ်လပ်ခွင့်နဲ့ အရပ်ဘက်လွတ်လပ်ခွင့်တွေက တိုးတက်မလာဘဲ အများကြီး ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြထားတယ်။ ၂၀၁၅ နောက်ပိုင်း ပိုဆိုးလာပြီး၊ ၁၉၇၄ မှာ စတင်ခဲ့တဲ့ တတိယလှိုင်း ဒီမိုကရေစီလမ်းကြောင်းဟာ ၂၀၁၅-၂၀၁၉ ငါးနှစ်အတွင်း နိုင်ငံ ၁၂ နိုင်ငံ ဒီမိုကရေစီကနေ နောက်ပြန်လှည့် သွားပါတယ်။

ပညာရှင် လာရီဒိုင်းမွန်းက စီးပွားရေးထိုင်းမှိုင်းကျဆင်းမှု (economic recession)  စကားလုံးကို ယူပြီး ‘ဒီမိုကရေစီ ထိုင်းမှိုင်းကျဆင်းမှု’ (democratic recession) ကာလလို့ အမည်တပ်ပါတယ်။ မူဆိုလီနီနဲ့ ဟစ်တလာတို့လို ဖက်ဆစ်အဆင့်ထိ မရောက်သေးပေမဲ့၊ ရွေးကောက်ပွဲတွေမှာ အပြော ကောင်းကောင်းနဲ့ အမျိုးသားရေးတွန်းတင် တက်လာတဲ့ ပေါ်ပြူလစ်ခေါင်းဆောင်တွေဟာ အာဏာရ တာနဲ့ ချက်ချင်း ဒီမိုကရေစီတန်ဖိုးတွေ လျစ်လျူရှု၊ လူမျိုးရေးခွဲခြားမှုတွေလုပ်၊ သတင်းလွတ် လပ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် စတဲ့လွတ်လပ်မှုတန်ဖိုးတွေကို ပိတ်ပင်ပါတယ်။ စီအင်အင်နဲ့ ဝါရှင်တန်ပို့စ် သတင်းစာမှ သတင်းသုံးသပ်သူ ဖားရိဒ်ဇာခါရီယား က ရွေးကောက်ပွဲဒီမိုကရေစီတော့ ရှိပြီး၊ လွတ်လပ်ခွင့်တွေပိတ်ပင် ပြင်းပြင်းထန်ထန်ဖိနှိပ်တဲ့ အခြေအအနေကို ‘လစ်ဘရယ်မဲ့ဒီမိုကရေစီ’ (Illiberal Democracy) လို့ သုံးနှုန်းပါတယ်။

ရရှိထားပြီးသား ဒီမိုကရေစီကို ဖျက်ဆီးပစ်နေတဲ့ အဆိုပါ ‘လစ်ဘရယ်မဲ့ ပေါ်ပြူလစ်’ ခေါင်းဆောင် တွေကို ဘရာဇီး၊ အိန္ဒိယ၊ မက္ကစီကို၊ ပိုလန် တို့မှာ  အထင်အရှား မြင်တွေ့ရပါတယ်။ ဟန်ဂေရီ၊ ဖီလစ်ပိုင်၊ တူရကီ၊ ဗင်နီဇွဲလား တို့က အာဏာရှင် စနစ်ဆီ တွားသွားနေကြတယ်။ ဂျော်ဂျီယာမှာ အာဏာရပါတီ Georgian Dream Party က ရွေးကောက်ပွဲဖြစ်စဉ်နဲ့ တရားဥပဒေစိုးမိုးရေးကို ပျက်စီး‌စေခဲ့တယ်။ အယ်လ် ဆာဗေးဒိုးမှာ အာဏာသိမ်းခေါင်းဆောင်  Nayib Bukele က သူ့အာဏာ အတွက် အဟန့်အတားဖြစ်နေတဲ့ ရှေ့နေချုပ်နဲ့ တရားသူကြီးချုပ်တွေကို ဖယ်ရှားပစ်တယ်။ မြန်မာမှာ လိုပဲ ပီရူးနဲ့ အမေရိကမှာ ရွေးကောက်ပွဲ မဲရလဒ်အပေါ် လုပ်ကြံစွပ်စွဲမှုတွေနဲ့ ရှုပ်ထွေးခဲ့ပါတယ်။

တကယ် အံဩစရာအကောင်းဆုံးက အမေရိကပါ။ ကမ္ဘာ့ဒီမိုကရေစီ သက်တမ်းရင့် ဦးဆောင်နိုင်ငံ ကြီးမှာ ပြည်ပ အစွန်း ရောက်တွေတင်မက ပြည်တွင်းမှာပါ ဒီမိုကရေစီဆန့်ကျင်လှုပ်ရှားမှုတွေ ရင်ဆိုင် နေရတာပါ။ အထူး သဖြင့် သမ္မတထရမ့်လက်ထက်မှာ သူကိုယ်တိုင်က ဒီမိုကရေစီကို ဆိုးဆိုးရွားရွား ဆန့်ကျင်ဖျက်ဆီးသူ ဖြစ်နေတယ်။ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ဇန်နဝါရီ ၆ ရက်နေ့ လွှတ်တော်အဆောက်အဦ Capitol ထဲ ဝင်စီးဖို့  မိုက်မဲစွာ မြှော က်ပေးခဲ့တာဟာ အမေရိကန် ဒီမိုကရေစီ ရုပ်ပျက်ဆင်းပျက်ဖြစ်ရုံသာမက ကမ္ဘာ့ဒီမိုကရေစီပါ ရင်လေးစရာဖြစ်ခဲ့ရပါတယ်။ ရီပတ်ဘလစ်ကန်ပါတီကြီးကလည်း တစ်နေ့ထက်တစ်န့ လူဖြူအမျိုးသားရေး ရှေ့တန်းပိုတင်လာပြီး  ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီတဲ့ အပြုအမူတွေ ပိုပြလာနေပါတယ်။

ပါမောက္ခဟန်တင်တန် ထောက်ပြခဲ့သလိုပါပဲ။ ဒီမိုကရေစီပြန့်နှံ့မှုတွေက တစ်နေရာမှတစ်နေရာ လှိုင်းလုံးသဖွယ် အပြုသဘောဆောင် တိုးတက်ပြန့်နှံ့တတ်သလိုပဲ၊ ဒီမိုကရေစီကျဆင်းမှုနဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကလည်း အုံနဲ့ကျင်းနဲ့ လှိုင်းသဖွယ် ကူးစက်ပြန့်နှံ့လေ့ရှိပါတယ်။ အကယ်၍ ထရမ့်အုပ်စုက ရွေးကောက်ပွဲရလဒ် လက်မခံဘဲ၊ ဂျိုးဘိုင်ဒင်ထံ အာဏာမလွှဲဖို့ ကြိုးပမ်းမှုသာ အောင်မြင်သွားခဲ့ရင်၊ အမေရိကမှာသာမက ကမ္ဘာ့ဒီမိုကရေစီပါ ရေတိမ်နစ်ပြီလို့ လာရီဒိုင်းမွန်း က ‌သုံးသပ်ပါတယ်။ ထရမ့်ရဲ့အကြံအစီသာ ဖြစ်မြောက်ခဲ့ရင် ကမ္ဘာ့ဒီမိုကရေစီ ထိုင်းမှိုင်းကျဆင်းမှု (democratic recession) အဆင့်ကနေ ကမ္ဘာ့ဒီမိုကရေစီကပ်ကြီး (democratic depression) ဆိုက်တဲ့အထိ အရှိန်မြင့်သွားလိမ့်မယ်လို့ ပြောပါတယ်။ ဒီနေရာမှာ အမေရိကန် ဒီမိုကရေစီကို ကယ်တင်လိုက်နိုင်တာက သူတို့ရဲ့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်နဲ့၊ ရွေးကောက်ပွဲ နဲ့ နိုင်ငံရေးပါတီ တွေကြား ဝင်ပါဝင်ခွင့်မရှိတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် တို့ပါပဲ။

ဆိုရရင် ပြီးခဲ့တဲ့ ၁၅ နှစ်လောက်က စလာတဲ့ ကမ္ဘာ့ဒီမိုကရေစီ တတိယနောက်ပြန်လှိုင်းအောက်မှာ မြန်မာ့ဒီမိုကရေစီဟာ လွန့်လွန့်လူးလူး ရှိနေတာကို သတိပြုသင့်ပါတယ်။ နှစ်ပေါင်း ၅၀ လောက် ဒီမိုကရေစီ သားကြောပြတ်ခဲ့ရာကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်မှာ စစ်တပ်ပေးသလောက် အရပ်ဘက်က အာဏာဝင်ယူ လုပ်ဆောင်ရတယ်။ စစ်တပ်က ‘အမျိုးသားနိုင်ငံရေး’ ဝေါဟာရသုံးပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ လက်နက်နဲ့စွက်ဖက် ကမ္ဘာတည်သရွေ့ ဦးဆောင်ချုပ်ကိုင် ထားချင်တယ်။ အရပ်ဘက်နိုင်ငံရေး မြင့်တက်လာပြီး စစ်တပ်အကျိုးစီးပွားအပေါ် စိန်ခေါ်လာပြီ ဆိုတာနဲ့ အာဏာသိမ်းတော့တာပဲ။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ မထင်မှတ်တဲ့ရလဒ်က အရပ်ဘက် နိုင်ငံရေး မြင့်တက်လာပြီး စစ်တပ်ချုပ်ကိုင်မှု လျော့ကျတော့မယ့် အခြေအနေ ရုပ်လုံးပေါ်လာတယ်။ ဒါကြောင့် အရှိန်ရစပြုနေတဲ့ ဒီမိုကရေစီကို မိုက်မိုက်မဲမဲ ဖျက်ဆီးလိုက်ပါတယ်။

အာဏာသိမ်းလိုက်တာဟာ မင်းအောင်လှိုင်တစ်ဦးထဲ အာဏာရူးတာ မကပါဘူး။ စစ်ဗိုလ်ချုပ် အဟောင်းအသစ်နဲ့ သူတို့မိသားစုတွေက သူတို့ရဲ့ မဟားတရား ဆက်လုပ်နိုင်ခွင့်တွေ ချမ်းသာကြွယ်ဝမှု တွေကို ပြည်သူ့အစိုးရက တစ်စတစ်စ ထိန်းချုပ်လာနိုင်တော့မှာ သိနေကြလို့ပါပဲ။ အာဏာအပြည့် အဝမရှိတဲ့ NLD အစိုးရကို စကတည်းက ‌ရေရှည်မရပ်တည်နိုင်စေဖို့ အဆင့်တိုင်းမှာ ဖျက်ခဲ့ကြတာ အားလုံးအသိပါပဲ။ ရခိုင်အရေးလို ပြဿနာမီးရှို့မှုတွေ အတော်များများ ဖန်တီးခဲ့ပါတယ်။ NLD ခေါင်းဆောင်ပိုင်းက ထိန်းထိန်းသိမ်းသိမ်း လျှောက်လှမ်းခဲ့လို့ စစ်တပ်ကျူးလွန်မှုတွေအပေါ် အကာ အကွယ်ပေးတယ်လို့ စွပ်စွဲမှုတွေလည်း ပြည်တွင်းပြည်ပ ရှိခဲ့သလို၊ NLD အားနည်းချက်တွေ အပေါ် အဖက်ဖက်က တိုက်ခိုက်မှုတွေလည်း များခဲ့ပါတယ်။ အဆုံးမတော့ မြန်မာမှာ အရှိန်ရရှိပြီးသား ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ဖျက်ဆီးခံလိုက်ရတော့တာပါပဲ။

  • ဒီမိုကရေစီ ခြေသုံးချောင်း

နိုင်ငံရေးပညာရှင်တွေက ဒီမိုကရေစီအစိုးရစနစ်မှာ အဓိက ခြေထောက်သုံးချောင်းရှိတယ်လို့  ဆိုကြပါ တယ်။ ပထမတစ်ခုက ပြည်သူ့အချုပ်အခြာအာဏာ (popular sovereignty) ပါ။ ပြည်သူလူထုဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ သူတို့ကြိုက်တဲ့ခေါင်းဆောင်တွေကို လွတ်လပ်စွာ ရွေးချယ်နိုင် ခွင့်ရှိရမယ်။ ခြိမ်းခြောက် နှောင့်ယှက်မှု မရှိရ။ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ရမယ်။ ရွေးကောက်ပွဲဖြစ်စဉ် ဘက်မလိုက်မှု၊ တိကျစွာမဲရေတွက်မှု၊ အနိုင်ရသူကို အာဏာလွှဲပြောင်း အပ်နှံရမယ်။ စစ်တပ်က ရွေးကောက်ပွဲလုပ်ငန်းဖြစ်စဉ်ထဲ ဝင်ပါစရာ ဝင်ပြောစရာ အကြောင်းတစ်စိမှ မရှိဘဲ၊ အနိုင်ရအစိုးရအဖွဲ့ထံ သစ္စာခံရပါမယ်။ ဒါက ဒီမိုကရေစီရဲ့ အရေးကြီးဆုံး ဒေါက်တိုင်ပါပဲ။

ဒုတိယကတော့ လစ်ဘာတီ (Liberty) ပါ။ ဒီကနေ့ ဒီမိုကရေစီဆိုရာမှာ လစ်ဘရယ်ဒီမိုကရေစီကို ဆိုလိုပါတယ်။ ဒီမိုကရေစီရှေ့က အထူးပြုထားတဲ့ ‘လစ်ဘရယ်’ နာမဝိသေသနဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်၊ အမြင်မတူတာသည်းခံမှု၊ ပြိုင်ဖက်နိုင်ငံရေးသမားများရဲ့ အခွင့်အရေး လေးစားမှု စတဲ့ လွတ်လပ်ခွင့် လစ်ဘာတီတွေကို ကိုယ် စားပြုပါတယ်။ ဒီမိုကရေစီဟာ လူများစုအနိုင်ရရှိမှု ဖြစ်တဲ့အတွက် မကြာခဏ လူများစုအာဏာရှင်စနစ် (Tyranny of the majority) ဖြစ်သွားတတ်ပြီး၊ လူနည်းစုအုပ်စုတွေကို အနိုင်ကျင့်တတ်တာမို့ လစ်ဘာတီဆိုင်ရာ ဥပဒေ အကာ အကွယ်ပေးမှုတွေက မရှိမဖြစ်လိုအပ်ပါတယ်။

တတိယကတော့ တရားဥပဒေစိုးမိုးရေး (the rule of law) ပါ။ ဒီမိုကရေစီဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေမှာ ဘက်လိုက်မှုကင်းစေဖို့ လွတ်လပ်တဲ့တရားစီရင်ရေးစနစ် ရှိရပါမယ်။   အာဏာအလွဲမသုံး အောင် ထိန်းထေပေးမှု (checks and balances) အင်စတီကျူးရှင်းတွေ ရှိရပါမယ်။ ရွေးကောက်ပွဲနဲ့ အခြားအဂတိလိုက်စားမှုတွေကို စောင့်ကြည့်တည့်မတ်ပေးဖို့ လွတ်လပ်ဘက်မလိုက်တဲ့ တရားရေး စနစ်ဟာ အရေးကြီးပါတယ်။ the rule of law ရဲ့ အရေးကြီးဆုံး ဦးတည်ရည်ရွယ်ချက်က အစိုးရရဲ့ အာဏာ ကန့်သတ်ပေးနိုင်ရေး (limited government) ဖြစ်တာကို အထူးဂရုစိုက်ဖို့ လိုပါတယ်။

  • အာဏာမလွှဲတဲ့နောက်

အဲဒီ ခြေထောက်သုံးချောင်းဟာ ဒီမိုကရေစီအစိုးရတစ်ခုအတွက် အခြေခံယူနစ်အဖြစ် နိုင်ငံရေး ပညာ ရှင်တွေ သဘောတူတဲ့အချက် ဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကို ရရှိဖို့ ပညာရှင်တွေကြား အမြင် သဘောထား ကွဲလွဲမှုတွေ ရှိပါတယ်။ သို့သော် ဒီမိုကရေစီမှာ အနိမ့်ဆုံးအခြေခံအချက်က ‘လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ အနိုင်ရသူတွေကို အာဏာလွှဲအပ်ပေးမှု’ ဆိုတာပါပဲ။ ဒီအချက် မရှိရင် ဒီမိုကရေစီလို့ကို စဉ်းစားလို့ မရတော့ပါဘူး။ တခြားအချက်တွေ ဘယ်လောက်ပြော နေနေ ဒီမိုကရေစီဟာ အသက်ထွက်သွားပါပြီ။

ဒီမိုကရေစီသမိုင်းကြောင်းကြီးမားတဲ့ အမေရိကန်ပြည်ထောင်စုကိုယ်တိုင် ရွေးကောက်ပွဲဖြစ်စဉ် အကျပ် အတည်းကို ရင်ဆိုင်ခဲ့ရပါတယ်။ အခြားအင်စတီကျူးရှင်းဆိုင်ရာ အားကောင်းမှုကြောင့်ပဲ ပြန်ထိန်း နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီမိုကရေစီကို ဆက်လက်တိုက်ခိုက်နေမှုတွေဟာ သူတို့ဆီမှာ အရှိန်အဟုန်ကြီး မားနေဆဲ။ ၂၀၂၀ နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲ အပြိုင်အဆိုင်ကြီးမားမှုက နိုဝင်ဘာ ၈ ရက် မြန်မာရွေးကောက်ပွဲအပေါ် အတိုင်းအတာတစ်ခု အကျိုးသက်ရောက်ခဲ့ပါတယ်။ အထူးသဖြင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ ထရမ့်နဲ့ ဘိုင်ဒင်ကို စောင့်ကြည့်ကြရင်း စိတ်မပါလက်မပါဖြစ်နေတဲ့ မဲဆန္ဒ ရှင်တွေဟာ နောက်ဆုံး မြန်မာရွေး‌ကောက်ပွဲကို အသက်ဝင်စေခဲ့ပြီး၊ ရွေး‌ကောက်ပွဲနေ့ဟာ နိုင်ငံတကာ စောင့်ကြည့်သူတွေ အသိ အမှတ်ပြုရလောက်အောင် သမိုင်းဝင် ကြီးကျယ်ခမ်းနားသွား စေပါတော့ တယ်။

သို့သော် အားလုံး ကြုံတွေ့ခဲ့ရတဲ့အတိုင်းပါပဲ။ ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ နောက်ဆုံးပိုင်း အစိုးရအဖွဲ့ သစ်ဖွဲ့စည်းမှု စကာနီး စစ်တပ်က အာဏာသိမ်းယူခဲ့တယ်။ ဒီမိုကရေစီ နောက်ပြန်လှိုင်းထဲမှာ အဆိုးရွား ဆုံး ရုပ်အပျက်ဆုံး အခြေအနေမို့ ကမ္ဘာကျော်သွားပါတယ်။ ဒီမိုကရေစီစနစ်သွားရာမှာ ရွေးကောက်ပွဲ ရလဒ် ဖျက်ဆီးခံရတဲ့နောက် အရာအားလုံး ပျက်စီးသွားတော့တာပါပဲ။ မြန်မာဒီမိုကရေစီဟာ အကင်း ဘဝမှာတင် လုပ်ကြံခံရပြန်တယ်။ အာဏာနဲ့အရာရာ သရဲမရဲစီးနေတဲ့ အရိုင်းအစိုင်းအုပ်စု (predatory barbarians) က စစ်တပ်ကို အသုံးချပြီး အနိုင်ရပါတီ ထောက်ခံသူတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရန်ငြိုးထား အကြမ်းဖက် သတ်ဖြတ်တယ်။

ကနေ့အခါမှာ ဒီမိုကရေစီရဲ့ အခြေခံအချက်နဲ့ ကျင့်ဝတ်ဖြစ်တဲ့ ရွေးကောက်ပွဲဖြစ်စဉ် ပျက်စီးသွားရင် တိုင်းပြည်ဟာ အာဏာရှင်စနစ် တွင်းမည်းထဲ ထိုးစိုက်ဆင်းသွားတာပဲ။ အဲဒီတွင်းမည်းကြီးဟာ ၁၆ ရာစုက ဒဿနပညာရှင် တောမတ်စ်ဟော့ဘ် ပြောတဲ့ ‘သဘဝနယ်’ (State of the Nature) အခြေ အနေမျိုးကို ပြန်ဦးတည်သွားတာပါပဲ။ သဘာဝနယ်မှာ စနစ်မရှိ၊ စည်းမရှိ၊ ယဉ်ကျေးမှုမရှိ၊ ကြီးနိုင် ငယ်ညှဉ်း..။ လူတွေရဲ့ဘဝကလည်း ဟော့ဘ်ပြောသလို ဖိနှိပ်မှု မလုံခြုံမှု ရောဂါဘယထူပြောမှု တို့အောက်မှာ ‘အထီးကျန်၊ ဆင်းရဲ၊ ရွံရှာမုန်းတီး၊ သက်တမ်းတို’  (solitary, poor, nasty, and short) ။

အဆိုးဆုံးအခြေအနေ ဘယ်လိုရှိရှိ ဒီမိုကရေစီကို မဖြစ်မနေ ပြန်လည်တည်ဆောက်ယူကြရဦးမှာဖြစ် ပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ်နဲ့ရလဒ်ကို အသိအမှတ်ပြုရမှာပဲ ဖြစ်တယ်။ ဒီမိုက‌ရေစီ ဟာ ခြောက်ပြစ်ကင်း ပြည့်ဝတဲ့စနစ် မဟုတ်သော်လည်း ပြည်သူကို အကောင်းဆုံး တာဝန်ခံမှုပေးနိုင် တာ ဒီမိုကရေစီစနစ်ပဲ ရှိပါတယ်။ ဒီမိုကရေစီခရီးအတွက် လက်ရှိ အလိုရမ္မက်ကြီး သရဲမရဲစီးနေတဲ့ အရိုင်းအစိုင်းတွေအောက်က လွတ်မြောက်အောင် ကြိုးပမ်းကြရဦးမယ်။ မျိုးဆက်တိုင်း တစ်ဦးချင်းစီ တိုင်းရဲ့ ဘဝလုံခြုံမှုကို အာမခံနိုင်မယ့် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုရအောင် ပြန်တည်ဆောက် ကြရပါမယ်။

ရဲမြင့်ကျော် (ဆောင်းပါး)

Federal Journal