• Today is: Saturday, July 11, 2020

တိုင်းရင်းသား ဘာသာစကားတွေ ရေရှည် ရှင်သန်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘာတွေလိုသလဲ

Federal Journal
April18/ 2019

စိုင်းဇင်ဒီဒီဇုံ

ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီးတော့ အခြေခံပညာ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေကို စတင်သင်ကြားခွင့်ပြုခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ပထဆုံးအနေနဲ့ အခြေခံပညာကျောင်းတွေမှာ တရားဝင်သင်ကြားခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ၁၉၈၈ မတိုင်မီကတော့ အစိုးရက တိုင်းရင်းသား ဖတ်စာအုပ်တွေ ထုတ်ဝေခဲ့ဖူးပေမယ့် သင်ကြားရေးမှာ ဟုတ်တိပတ်တိ အကောင်အထည် မဖော်ခဲ့ပါဘူး။

လက်ရှိ စတင်သင်ကြားနေတဲ့ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ သင်ကြားရေးအစီအစဉ်ဟာ ထိရောက်တဲ့ အစီအစဉ် မဟုတ်သေးပေမယ့် ပထမဆုံးခြေလှမ်းအနေနဲ့တော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းချိန်ပြင်ပအဖြစ် မသင်ခင်ကရော တိုင်းရင်းသားစာပေတွေကို ဘယ်လိုသင်ကြားခဲ့ကြသလဲ ဆိုတာကို ပြန်လည်လေ့လာကြည့်တဲ့အခါ ဥပမာအားဖြင့် ရှမ်းစာသင်ကြားမှုအကြောင်းကို တင်ပြလိုပါတယ်။

၂၀၁၁ မတိုင်ခင် ကာလကဆိုရင် ရှမ်းဘာသာစကား သင်ကြားမှုကို (၁) ဘုန်းတော်ကြီးကျောင်းတွေမှာ သာမဏေတွေကို သင်ကြားခြင်း (၂) ဘုန်းတော်ကြီးကျောင်းများနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်းများက နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက် ကာလတွေမှာ တစ်လ၊ နှစ်လကြာ သင်ကြားခြင်း၊ (၃) ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ (အပစ်ရပ် အဖွဲ့၊ ပြည်သူ့စစ်အဖွဲ့) ထိန်းချုပ်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းများတွင် သင်ကြားခြင်း ဆိုပြီးတော့ တွေ့နိုင်ပါတယ်။

အခြေခံပညာကျောင်းများမှာတော့ သင်ကြားမှု မရှိသလောက်ပါပဲ။ တချို့ကျောင်းတွေမှာတော့ ကျောင်းသားတွေကလည်း ရှမ်းတွေချည်း၊ တာဝန်ကျတဲ့ ဆရာ/ဆရာမကလည်း ရှမ်းလူမျိုး ဖြစ်တဲ့အခါမှာတော့ ဆရာ/ဆရာမက သူ့အစီအစဉ်နဲ့သူ ကျောင်းချိန်အတွင်းမှာ စေတနာနဲ့ ရှမ်းစာသင်ပေးတာမျိုးကိုလည်း ရှားရှားပါးပါး တွေ့ဖူးပါတယ်။ တော်ရုံ ဆရာ/ဆရာမတွေကတော့ မလုပ်ရဲကြပါဘူး။ အခန့်မသင့်ရင် ထုချေလွှာ အတောင်းခံရမယ့် အပေါက်မျိုးပါ။

အဲဒီတော့ လက်ရှိ ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာပေ သင်ကြားရေးအစီအစဉ်ဟာ ယခင် ဘုန်းတော်ကြီး ကျောင်းတွေ၊ စာပေ/ယဉ်ကျေးမှုအသင်းတွေက ကိုယ်ထူကိုယ်ထ သင်ကြားပေးကြတဲ့ အစီအစဉ်နဲ့ သိပ်မကွာလှပါဘူး။ သင်ကြားတဲ့ အချိန်ကာလ ပိုလာတယ်၊ ဖတ်စာအုပ်နဲ့ ဆရာ/ဆရာမ အတွက် ထောက်ပံ့ငွေတွေကို အစိုးရဘက်က စီစဉ်ပေးလာတယ်။ ကိုယ်ထူကိုယ်ထစနစ်ကနေ အစိုးရက ထောက်ပံ့ပေးတဲ့ စနစ်အဖြစ် စပြောင်းလာတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် ရှမ်းမှာတော့ ကိုယ်ထူကိုယ်ထ စနစ်က မပျောက်သေးပါဘူး။ ဘုန်းတော်ကြီးကျောင်းတွေ၊ စာပေ/ယဉ်ကျေးမှုအသင်းတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်ကြားပေးနေကြရတုန်းပါ။

တိုင်းရင်းသားဘာသာစကားတွေ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးဟာ စာသင်ကျောင်းတွေမှာ ဒီလိုသင်ကြားပေးရုံ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေက သင်ကြားပေးနေရုံနဲ့ မလုံလောက်ပါဘူး။ တိုင်းရင်းသားစာပေတွေကို သင်ယူနေတယ် အခုလက်ရှိကျောင်းသူကျောင်းသားတွေဟာ သက်ဆိုင်ရာ မိမိတို့မိခင် တိုင်းရင်းသား ဘာသာစကား ပြောတတ်ဆိုတတ်သူတွေသာ ဖြစ်ပါတယ်။ ဒီတော့ သူပြောဆိုတတ်တဲ့ ဘာသာစကားကို စာလုံးတွေအဖြစ် စာအုပ်ထဲ ရေးချတတ်ရုံ၊ သူများရေးထားတာကို  အသံထွက်ဖတ်တတ်ရုံ၊ အတော်အတန် နားလည်ရုံလောက်သာ ဖြစ်ပါတယ်။

ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်ဆိုရင် တိုင်းရင်းသားဘာသာစကားတွေဟာ ထမင်းစားရေသောက်လောက်ပဲ ပြောဆိုရန်၊ သာကြောင်းမာကြောင်း မေးမြန်းကြရန်၊ ဈေးရောင်းဈေးဝယ်အတွက်ပဲ သုံးရန်၊ အလာပသလာပလောက် ပြောဆိုရန် လောက်ပဲ အသုံးပြုနိုင်တော့မှာပါ။ ဘာသာရပ် အကြောင်းအရာတစ်ခုခုတွေ ပြောဆိုဆွေးနွေးတော့မယ်ဆိုရင် မိမိတို့ တိုင်းရင်းသားဘာသာစကားနဲ့ ပြောဆိုနိုင်တော့မှာ မဟုတ်ဘဲ တခြား ဘာသာစကားတွေနဲ့ တင်ဆင်ပြောဆိုဟောပြော ဆွေးနွေးရတာမျိုးတွေကို တွေ့လာရပါတယ်။

ဘာသာစကားဆိုတာ အစဉ်အမြဲ ပြောင်းလဲတိုးတက်လာတဲ့သဘောဖြစ်ပါတယ်။ လူတွေရဲ့ အသိပညာ၊ အတတ်ပညာတွေ တိုးတက်လာတာနဲ့အမျှ ဝေါဟာရ အခေါ်အဝေါ်အသစ်အဆန်းတွေလည်း အမြဲတမ်း နေ့စဉ်နဲ့အမျှ ပေါ်ထွက်နေလေ့ရှိပါတယ်။ ဒီတော့ ဘာသာစကားတစ်ခုဟာ တိုးတက်လာတဲ့ အသိပညာ အတတ်ပညာတွေကို မိမိဘာသာစကားနဲ့ မပြောဆို မရေးသားနိုင်တော့ဘူးဆိုရင် အဲဒီဘာသာစကားက တဖြည်းဖြည်းနဲ့ တိမ်ကောပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

ကျနော်တို့ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင်−  နိုင်ငံရေးဘာသာရပ်တွေ၊ သိပ္ပံဘာသာရပ်တွေ အကြောင်းကို ရှမ်းလိုဘာသာပြန်ရေးတဲ့အခါမှာ ဝေါဟာရတစ်လုံးတည်းကို တစ်ယောက်နဲ့ တစ်ယောက် ဘာသာပြန်ကြတာ မတူပါဘူး။ ရေးတဲ့သူတွေကတော့ ကိုယ်သင့်တော်တယ်လို့ ထင်သလို ဘာသာရေးလိုက်ကြတယ်ဆိုတော့ ကိုယ်ဘာသာနဲ့ ကိုယ်အဆင်ပြေနေတာပါပဲ။ ဖတ်တဲ့သူတွေအတွက်တော့ အတော်လည်း အခက်အခဲရှိတယ်။

ဒါတွေဟာ ဘာကြောင့်လဲဆိုတော့ စာရေးတဲ့သူတွေ၊ ဖတ်တဲ့သူတွေဟာ မိမိတို့ တိုင်းရင်းသားဘာသာစကားနဲ့ ဒီပညာရပ်တွေကို စာသင်ကျောင်းတွေမှာ မသင်ခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားများ ဘာသာစကားတွေ ရေရှည်ရှင်သန်ဖွံ့ဖြိုးဖို့ဆိုရင် အဓိက အချက်ကြီး သုံးချက် လိုလိမ့်မယ်လို့ ယူဆမိပါတယ်။

(၁) အခြေခံပညာကျောင်းတွေမှာ သိပ္ပံ၊ ပထဝီဝင်၊ သင်္ချာ၊ သမိုင်း စတာတွေကို သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေနဲ့ သင်ကြားဖို့ လိုအပ်ပါတယ်။ သင်ကြားတယ်ဆိုတာကလည်း မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ ရေးသားထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို တိုင်းရင်းသားဘာသာစကားနဲ့ ရှင်းလင်းသင်ကြားပေးတာမျိုးကို မဆိုလိုပါဘူး။ တိုင်းရင်းသားစာပေတွေနဲ့ ပြုစုထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပေးတာမျိုးကို ဆိုလိုတာပါ။

(၂) တိုင်းရင်းသားဘာသာစကားတွေနဲ့ သုတ၊ ရသ စာအုပ်စာပေတွေ၊ ရုပ်ရှင်ဇာတ်လမ်းတွေ ဘုန်းပေါလအော မဟုတ်ရင်တောင်မှ အတော်အသင့် ထွက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီစာပေတွေဟာ ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ မပါဝင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ ဖွံ့ဖြိုးဖို့ကို အများကြီး အထောက်အကူပြုပါတယ်။  အရေးကြီးတာကတော့ ဒီအပိုင်းဟာ အနုပညာအပိုင်းဖြစ်နေလို့ပါ။ အနုပညာဟာ ဘာသာစကားတစ်ခု ထွန်းတောက်ဖို့၊ ရေရှည်တည်တံ့ဖို့၊ ပြန့်ပွားဖို့အတွက် အဓိကနည်းလမ်း တစ်ခုဖြစ်ပါတယ်။

(၃) နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ တိုင်းရင်းသားဘာသာစကားနဲ့ တင်ဆက်တဲ့ ပုံနှိပ်စာစောင်တွေ၊ ဝက်ဘ်ဆိုက်တွေ၊ ဒေသန္တရ ရေဒီယို အသံလွှင့်ရုံတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေ လိုအပ်ပါတယ်။ သတင်းမီဒီယာတွေဟာ ဘာသာစကားတစ်ခုအတွက် ဝေါဟာရအသစ်တွေ အများဆုံးထွက်ပေါ်တဲ့နေရာ ဖြစ်သလို သတင်းမီဒီယာတွေမှာ သုံးနှုန်းတဲ့ ဝေါဟာရတွေကို လူအများစုက သိရှိနားလည်ကြပါတယ်။ အရေးကြီးဆုံးကတော့ လူတွေနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ နေရာဖြစ်ပါတယ်။

ဒီသုံးချက်ဟာ ဘာသာစကားတစ်ခု ရေရှည်ရှင်သန် ဖွံ့ဖြိုးတိုးတက် တည်တံ့စေမယ့် ဒေါက်တိုင်ကြီးသုံးခုပဲ ဖြစ်ပါတယ်။ တစ်ဖက်ဖက်က ချို့ယွင်းနေမယ်ဆိုရင် ဟန်ညီညီ တိုးတက်လာနိုင်မှာ မဟုတ်ပါတဲ့အပြင် တဖြည်းဖြည်းနဲ့ လဲပြိုကြသွားနိုင်ပါတယ်။ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားစာပေတွေနဲ့ ပြုစုထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနိုင်တယ်၊ တိုင်းရင်းသား စာပေ၊ ဂီတ၊ ရုပ်ရှင်တွေ အတော်အသင့် ထုတ်ဝေပြသနိုင်တယ်၊ တိုင်းရင်းသား ဘာသာစကားနဲ့ သတင်းမီဒီယာတွေ ရှိတယ်ဆိုရင်ပဲ တိုင်းရင်းသားဘာသာစကားတွေ ရေရှည်ဖွံ့ဖြိုးတိုးတက် ရှင်သန်သွားဖို့ အတော်လေးလုံလောက်သွားပြီလို့ ဆိုရမှာပါ။

ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေပါ။ မရှိမဖြစ်လိုအပ်ချက်တွေပါ။ ဒီလုပ်ငန်းတွေကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာက အဓိက စိမ်ခေါ်ချက်ဖြစ်ပါလိမ့်မယ်။ ဒီလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့အတွက် လူ့အရင်းအမြစ်တွေ လိုပါမယ်၊ ငွေကြေးအရင်းအမြစ်တွေ လိုပါမယ်။ ဒါတွေရရှိဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ မူဝါဒချမှတ်တာတွေ၊ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းတာတွေ လုပ်ဖို့ လိုပါလိမ့်မယ်လို့ တင်ပြလိုက်ရပါတယ်။