• Today is: Monday, August 2, 2021

တိုင်းရင်းသား တန်းတူရှိမှုကို ဖော်ဆောင်ပါ

Federal Journal
July04/ 2021
Federal

 

လွတ်လပ်ရေးနဲ့ အတူ ဖွားဘက်တော် အဖြစ် “ပြည်တွင်းစစ်မီး”လည်း တစ်ပါတည်း ပါလာတာကြောင့် မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဒဏ်ကို ခါးစည်းခံလာရတာ နှစ်ပေါင်း ၇၃ နှစ်ကြာတဲ့ အခုအချိန်ထိတိုင် ရပ်တန့်မယ့် အနေအထား မရှိသေးတဲ့အပြင် ပိုမိုပြီးတိုးမြင့်, တောက်လောင်နေတဲ့ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရဆဲပါ။ ကမ္ဘာမှာ သက်တမ်း အရှည်ကြာဆုံးဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ဟာ နောက်ထပ် ဘယ်လောက်ကြာမယ်၊ ဘာဖြစ်လာဦးမယ် ဆိုတာတွေလည်း ခန့်မှန်းလို့ မရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

သမိုင်း မှတ်တမ်းတွေအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ကြေညာပြီးနောက် မတ်လ ၂၈ ရက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ဖဆပလ အစိုးရက ရှာဖွေ ဖမ်းဆီးတာကနေ ပြည်တွင်းစစ် စတင်ဖြစ်ပွားတယ်လို့ ဆိုပါတယ်။ မြန်မာ့ပြည်တွင်းစစ်ဟာ ဘာကြောင့် ဒီလောက် “သက်ဆိုး” ရှည်နေရတာလဲဆိုတာ အလွယ်တကူ မဖြေနိုင်ပေမဲ့ ပြည်တွင်းစစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို လက်ရှိကာလတိုင် တိုင်းရင်းသားဒေသတွေမှာ ပိုမိုများပြား နက်ရှိုင်းစွာ ခံစားနေရဆဲ ဆိုတာ အထင်အရှား တွေ့မြင်ရပါတယ်။

၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တချို့ကနေ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်မယ် ဆိုတဲ့ ပြည်သူတို့ လိုလားတဲ့ အိပ်မက်ဟာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့, တပ်မတော်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း သိသိသာသာ မှုန်ဝါးသွားရပါတော့တယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တပ်မတော် ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့သလို သောင်းချီတဲ့ ပြည်သူတွေလည်း နေရပ်စွန့်ခွာ, ထွက်ပြေးခဲ့ ရပါတယ်။ ပြီးတော့ ချင်းပြည်နယ် မင်းတပ်မြို့မှာ ဆိုရင်လည်း ဒေသခံ စစ်ဘေးရှောင်တွေကို ကိုယ့်အိမ်တွေဆီ ပြန်လာခွင့် ပေးပြီ ဆိုပေမဲ့ သူတို့ အကုန်လုံး ပြန်မလာရဲသေးတဲ့ အနေအထား ဖြစ်ပြီး အချိန်မီ ဆေးဝါးကုသခွင့် မရတဲ့ အတွက် ၇ လ,သား ကလေးငယ် တစ်ယောက် အပါအဝင် ဒေသခံ ၆ ယောက်ထက် မနည်း သေဆုံးခဲ့ရပါတယ်။

ဒါအပြင် ကယားပြည်နယ်မှာဆိုရင် တပ်မတော်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် သိန်းချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာခဲ့ရသလို တပ်မတော်ရဲ့  လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူ အများအပြားလည်း သေဆုံးခဲ့ရပါတယ်။ မြို့တွေနဲ့ ကျေးရွာတွေမှာ မနေထိုင်ရဲတော့လို့ ဘေးလွတ်ရာ တောတောင်နဲ့ လိုဏ်ဂူတွေထဲမှာ ပုန်းခိုနေကြရတဲ့ စစ်ဘေးရှောင်တွေဟာ စားသောက်ရေး လုံလောက်မှု မရှိတဲ့ အပြင် ကျန်းမာရေး အထောက်အပံ့လည်း မရှိသလောက် အနေအထားမှာ ရှိနေပါတယ်။ ပိုဆိုးတာက ထောက်ပံ့ ကူညီမှုတွေ ပေးလို့လည်း မရအောင် လမ်းပမ်းပိတ်ဆို့တာတွေ၊ ရိက္ခာယာဉ်တွေကို တပ်မတော်က မီးရှို့ပစ်တာ တွေပါ။

ကယားပြည်နယ်က ဒီးမော့ဆို၊ လွိုင်ကော်မြို့တွေက ဒေသခံတွေဟာလည်း တိုက်ခိုက်, ပစ်ခတ်မှုတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို နေအိမ်ပျက်စီးမှုတွေ ပါ ရှိခဲ့ပါတယ်။ ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာပဲ ဒီးမော့ဆိုမြို့နယ်မှာ ပစ်ခတ်, သတ်ဖြတ်ခံရ သူတွေရဲ့ အလောင်းတွေ တွေ့ရရှိရပြီး ဖေဖော်ဝါရီ ၁ ကနေ ဇွန် ၂၇ ရက်နေ့ အထိ သေဆုံးသူ အရပ်သား ပြည်သူ ၇၀ ကျော်ထိ ရှိနေပြီလို့ သိရပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည် လူမျိုးစုတွေ နေရပ်ပြန်နိုင်ရေး ပူးပေါင်းကြိုးပမ်း ကြဖို့ ဒုက္ခသည်စခန်းက လူငယ်တွေက တောင်းဆိုထားကြောင်း ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ ဖော်ပြချက်မှာ တွေ့ရပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် နယ်စပ်က မိုးဗြဲမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ, ထွက်ပြေးနေရတဲ့ ကရင်နီပြည်သူ ၁ သိန်းကျော်အထိ ရှိနေပြီး သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေပါ လိုအပ်နေပါတယ်။

ကရင်နီပြည်နယ် ထဲမှာ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ၁၉၉၅-၉၆ ဝန်းကျင် ကတည်းက ထိုင်းနယ်စပ်ကို ထွက်ပြေး, တိမ်းရှောင် နေရသူတွေ ဟာလည်း နှစ်ပေါင်း ၂၀ ကျော်တဲ့ အထိ နေရပ်ပြန်ခွင့် မရသေးပါဘူး။ လွိုင်ကော် လောပိတ ရေအားလျှပ်စစ် စက်ရုံက ထွက်ရှိတဲ့ လျှပ်စစ်ဓာတ် အားကိုတောင် ကယားပြည်နယ်မှာ သုံးစွဲခွင့် အပြည့်အဝ မရသေးပါ။ NLD ပြည်သူ့ အစိုးရ လက်ထက် မှာတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူမှုကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တွေက ကန့်ကွက်ခဲ့တာကြောင့် တရားစွဲဆိုခံရပြီး ထောင်ချတဲ့ အထိ အရေးယူခံရတာတွေလည်း ရှိခဲ့ပါတယ်။

သယံဇာတ စီမံခန့်ခွဲမှုမှာလည်း အစိုးရအဆက်ဆက် ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှု အောက်မှာပဲရှိနေပြီး ဒေသခံ တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးနေရတာပါ။ ဒီလို တိုင်းရင်းသား တန်းတူရည်တူ မရှိမှုနဲ့ မမျှတမှု ကြောင့် တိုင်းရင်းသားဒေသတွေ အတွင်း ပဋိပက္ခတွေ ပိုမိုဆိုးဝါးလာ တာ ဖြစ်တယ် လို့ သုံးသပ်ရပါတယ်။

ဖေဖော်ဝါရီလ တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း ဧရာဝတီ မြစ်ဆုံဒေသမှာ တရားမဝင် ရွှေတူးဖော်မှုတွေ ပိုမိုများပြားလာသလို ကချင်ပြည်နယ် ဖားကန့်ဒေသမှာလည်း ကျောက်စိမ်းတူး ဖော်မှုတွေ တဟုန်တိုး များပြားလာပါတယ်။ မကြာသေးခင်က Global Witness အဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းက ရရှိတဲ့ အကျိုးအမြတ်တွေဟာ တပ်မတော်လက်ထဲပဲ ရောက်ရှိသွားတယ် လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်က ထွက်ရှိတဲ့ ကျောက်စိမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကလည်း တရုတ်နိုင်ငံ ဘက်ကို တရားမဝင် ရောက်ရှိနေရတယ် လို့ ဆိုပါတယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသားတွေ အနေနဲ့ မိမိတို့ နယ်မြေက ထွက်ရှိတဲ့ ကျောက်စိမ်း အကျိုးအမြတ်ကို မခံစားရတာကို ဖော်ညွှန်းနေတဲ့ အပြင် တန်းတူရည်တူ မရှိမှုကိုပါ သက်သေပြနေပါတယ်။

NLD အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းခဲ့တာကို အသိအမှတ် ပြုရမှာ ဖြစ်ပေမဲ့ တိုင်းရင်းသားတို့ရဲ့ ခံစားနေရမှုနဲ့ လိုလားဆန္ဒကို နားလည်မှု မပေးနိုင်တာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီး မရေရာတဲ့ အခြေအနေကို ဆိုက်ရောက်လာပြီး မျှော်လင့်ချက်လည်း မှုန်ဝါးလာတဲ့ အနေအထားလို့ ဆိုရမှာပါ။

ဒီလို အခြေအနေမှာ နိုင်ငံပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်နေတဲ့ အဖွဲ့အစည်းတချို့ကို တွေ့လာရ တဲ့အပြင် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုတဲ့အသံလည်း အတော်အတန် ကျယ်ကျယ် လောင်လောင်ကြားလာရ ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ် ဆိုရင် “ဗမာလူမျိုးကြီးဝါဒ” ကို စွန့်လွှတ်ဖို့ပါ။ ကချင်, ကယား, ကရင်, ချင်း, ဗမာ, မွန်, ရခိုင်, ရှမ်း စတဲ့ လူမျိုးစုတွေကြား တန်းတူအခွင့်အရေး ရ,ရမှာ ဖြစ်ပြီး ဗမာက အများစု ဖြစ်လို့ ဆိုပြီး အခွင့်အရေး ပိုမယူသင့်သလို လွှမ်းမိုးချုပ်ကိုင်တာမျိုးလည်း မရှိသင့်ပါဘူး။

လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ လက်ထက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် တိုက်ပွဲတွေဟာ ဗမာလူမျိုးအများစုနေထိုင်တဲ့ ဒေသတွေထက် တိုင်းရင်းသားတို့ရဲ့ ဒေသတွေမှာ အများ ဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်နစ်နာမှု အများဆုံး ခံစားရတာလည်း တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရရှိဖို့ ဗမာနဲ့ တိုင်းရင်းသားတွေကြား ထားရှိခဲ့တဲ့ “ပင်လုံကတိကဝတ်”တွေ အကောင် အထည် ပေါ်မလာခဲ့တာ၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဗမာအများစု လွှမ်းမိုးခဲ့တဲ့ အစိုးရတွေက လစ်လျှူရှုခဲ့တာတွေက မပြီးဆုံးနိုင်တဲ့ ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို ဦးတည်စေခဲ့ပါတယ်။

ဗမာလူမျိုးတွေဘက်က ဆင်ခြေပေးတတ်တာက “တို့တတွေက ကချင်ဆိုလည်း ချစ်တယ်၊ ကရင်ဆိုလည်း ချစ်တယ်၊ ချင်းဆိုလည်း ချစ်တာပဲ၊ ဘယ်မှာ ခွဲခြားလို့လဲ” ဆိုတဲ့ စကားပါ။ အဲဒီ စကားက မှန်သလိုလို ရှိပေမဲ့ သေချာ စိစစ်ကြည့်ရင် အမှန် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင်… အခြေခံပြည်သူတွေ အချင်းချင်းကြား ချစ်ခင်ရင်းနှီးမှု တစ်စုံတရာ အတိုင်းအတာအထိ ရှိနေနိုင်ပါတယ်၊ ဒါပေမဲ့ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေနဲ့ ခေါင်းဆောင်ဆိုသူတွေက တိုင်းရင်းသားတွေ အပေါ် အမှန်တကယ် ချစ်ကြည်ရင်းနှီးမှု မရှိသလို တိုင်းရင်းသားတွေရဲ့ အခွင့်အလမ်းတွေအတွက် ဖော်ဆောင်ပေးရမယ့် စေတနာလည်း ရှိခဲ့ကြပုံ မရပါ။ တိုင်းရင်းသား ဝတ်စုံကို ဝတ်ပြတာ၊ တိုင်းရင်းသား အစားအစာ စားပြတာတွေဟာ အပေါ်ယံ အကာသက်သက်သာ ဖြစ်ပြီး ဘာ အနှစ်သာရမှ မရှိဘူး။

ပြည်သူက မဲပေးရွေးချယ်ခဲ့တယ် ဆိုတဲ့ NLD အစိုးရ လက်ထက်ကို ပြန်ကြည့်ရင် ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိတာ၊ မွန်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း တံတား လို့ အမည်ပေးတာတွေ တွေ့ရမှာပါ။ တိုင်းရင်းသားတွေက အဲဒီကိစ္စတွေကို ဘာကြောင့် ကန့်ကွက်တာလဲ၊ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို အလေးမထား, မစဉ်းစားဘဲ ဇွတ်အတင်း လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ လို့ ခေါ်ဆိုတာကို၊ မြန်မာလို့ ခံယူရတာကို တိုင်းရင်းသားတွေဘက်က အတိုင်းအတာ တစ်ခုအထိ လက်ခံနိုင်ပေမဲ့ ဗမာလွှမ်းမိုးမှုကိုတော့ လက်မခံနိုင်ကြတာ သဘာဝ ကျပါတယ်။

မှတ်ပုံတင်ပြုလုပ်ရာမှာလည်း တိုင်းရင်းသားတွေရဲ့ နိုင်ငံသားကတ်မှာ ဗမာလို “ဦး/ဒေါ်” တွေ ဇွတ်အတင်း, ထည့်သွင်း တာတွေ ရှိနေပြီး ဒီလို ထည့်သွင်းတာဟာ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှု, ဓလေ့ထုံးတမ်းနဲ့ အစဉ်အလာကို နားလည်းမလည်, အရေးလည်းမထားရာ ရောက်ပါတယ်။ ဥပမာ အားဖြင့် နာမည်တွေရဲ့ ရှေ့မှာ “စိုင်း/ စဝ်/ နော်/ စ/ ဆလိုင်း/ မိ” စသဖြင့် ထည့်သွင်းတာမျိုးကို ခွင့်မပြုဘဲ “ဦး/ ဒေါ်/ မောင်/ မ” ဆိုပြီး ရေးသွင်းတာမျိုး ဖြစ်ပါတယ်။

ဗမာလူမျိုး အများစု နေထိုင်တဲ့ ဒေသတွေမှာ လာရောက်, နေထိုင်, အလုပ် လုပ်ကိုင်နေကြတဲ့ တိုင်းရင်းသူတွေကိုလည်း “ရှမ်းမ/ ကချင်မ/ ကရင်မ/ မွန်မ” စသဖြင့် ခေါ်ဝေါ်တာမျိုးကလည်း မသင့်လျော်ဘဲ စေတနာမှန် မဟုတ်တဲ့ ခေါ်ဝေါ်, ပြောဆိုတာမျိုး ရှောင်ကြဉ်ဖို့ လိုပါတယ်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် တိုင်းရင်းသားတို့ရဲ့ ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ချိန်က ဗမာအများစုဟာ မသိကျိုးကျွန်ပြု နေနိုင်ခဲ့ကြတဲ့ အပြင် တချို့သော ဗမာတွေဟာ တိုင်းရင်းသားတွေ အနေနဲ့ ဗမာတွေက ပေးမှသာ အခွင့်အရေးရမှာ လို့ လွဲမှားစွာ ယူဆနေကြပြီး ဗမာဆိုတာကလည်း တိုင်းရင်းသား လူမျိုးစု တစ်စုသာ ဖြစ်တယ် ဆိုတာ မေ့လျော့နေကြပါတယ်။ သူတို့ကိုယ်တိုင်က တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကျူးလွန်ခဲ့တာ မရှိဘူး ဆိုပေမဲ့ ဒီချိုးဖောက်မှုတွေကို ထောက်ခံ, အားပေးနေသူတွေလည်း ရှိပါတယ်။

တကယ်တော့ ပြည်ထောင်စု တစ်ခုထဲမှာ မတူညီ, ကွဲပြားတဲ့ လူမျိုးတွေ၊ ယဉ်ကျေးမှု, အစဉ်အလာ, ဓလေ့ထုံးတမ်းတွေ စုံလင်, စုစည်းပြီး နေထိုင်ကြရတာ ဖြစ်ပြီး အဲဒီနေထိုင်မှုမှာ အပြန် အလှန် လေးစားမှု, အလေးထားမှုနဲ့ နားလည်, အားပေးမှုတွေနဲ့ နေထိုင်မှသာ အနှစ်သာရ ပြည့်ဝ,တဲ့ ပြည်ထောင်စုဆီ ဦးတည်နိုင်မှာပါ။

၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ ရှမ်း, ကချင်, ချင်း ခေါင်းဆောင်တွေရဲ့ သဘောတူ ဆုံးဖြတ်ချက် ၅ ချက်ကို လေ့လာကြည့်ရင်… အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

(၁)       ဗမာနှင့် အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျ ခံစားခွင့် ရှိရမည်၊

(၂)       အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်ကြသော ရှမ်းကိုယ်စားလှယ်နှင့် ကချင်ကိုယ်စား လှယ်တို့သည် မိမိတို့ လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာ အားလုံး အတွက် တာဝန်ယူ ဆောင်ရွက်ကြရ မည်။ ထို့အပြင် ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထား၊ အကောက်တော် အစရှိသော အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စများအတွက် အားလုံး စုပေါင်း တာဝန်ယူ ဆောင်ရွက်ကြရမည်၊

(၃)       ကချင်တို့က သီးခြား ကချင်ပြည်နယ် အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံ သည်။

(၄)       ဗမာပြည် အစိုးရနှင့် ဗြိတိသျှ အစိုးရတို့၏ “အောင်ဆန်း-အက်တလီ” စာချုပ်ပါ သဘောတူ ညီချက်များသည် ရှမ်း, ကချင်တို့နှင့် ပတ်သက်ခြင်း မရှိစေရ၊

(၅) လွတ်လပ်ရေး ရပြီးသည့် နောက် ဗမာပြည်ထောင်စုမှ ကျွန်ုပ်တို့ သဘောကျသည့် အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်။

ဒီအချက်တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် (၁) ကို “အာမခံကြောင်း” ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့ပြီး၊ ဆုံးဖြတ်ချက် (၂) နဲ့ ပတ်သက်ပြီး ထပ်မံဆွေးနွေးမှု မရှိခဲ့ကြောင်း၊ ဆုံးဖြတ်ချက် (၃) နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “ကချင်လူမျိုးတွေ လိုလားတောင့်တ,တဲ့ ကချင်ပြည်နယ် ဖြစ်လာစေရေး မူအားဖြင့် ထောက်ခံကြောင်း” ပြောခဲ့ပြီး၊ ဆုံးဖြတ်ချက် (၄) နဲ့ ပတ်သက်ပြီး “ဝေဖန် ဆွေးနွေးဖို့ မရှိကြောင်း” ပြောခဲ့ကြောင်းနဲ့ ဆုံးဖြတ်ချက် (၅) နဲ့ ပတ်သက်ပြီး “မူအားဖြင့် လက်ခံပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ တင်သွင်းဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ကြောင်း” ပြောခဲ့တယ် လို့ ဖက်ဒရယ် ဂျာနယ်ပါ ခွန်းမတ်ရ်ကိုဘန် ရေးသားတဲ့ ‘၁၉၄၇ ခုနှစ် ပင်လုံညီလာခံမှ ၂၁ ရာစု ပင်လုံညီလာခံသို့’ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒါကိုကြည့်ရင် တိုင်းရင်းသားတွေဟာ ဗမာတိုင်းရင်းသားတွေနဲ့ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ ရရှိစေရမယ် ဆိုတဲ့ သဘောတူညီချက် အတိုင်း နှစ်ပေါင်း ၇၃ နှစ်ကျော်အထိ မရှိခဲ့လို့ အခုတိုင် ရုန်းကန်, တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ် ဆိုတာ မီးမောင်း ထိုးပြနေပါတယ်။ တိုင်းရင်းသားတွေ ရ,သင့်၊ ရ,ထိုက်တဲ့ အခွင့်အရေး ဆိုတာ နိုင်ငံသားတိုင်း၊ တိုင်းရင်းသားတိုင်း ရရှိရမယ့် မွေးရာပါ အခွင့်အရေး ဖြစ်ပြီး ဗမာတွေက ပေးမှ ရမယ့်ဟာမျိုး မဟုတ်ဘူး ဆိုတာ အမြင်ရှင်းရှင်း နားလည်ရမှာပါ။

ဒီကနေ့ အချိန်မှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အတွက် အာဏာရှင်ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးစု အားလုံးက အတူလက်တွဲပြီး ဆန့်ကျင်, တွန်းလှန်နေကြတာ တွေ့ရမှာပါ။ မကြာမီ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဖက်ဒရယ် ပြည်ထောင်စုမှာ တိုင်းရင်းသား အားလုံးရဲ့ တန်းတူရည်တူ ရှိမှုနဲ့ ခိုင်မာအားကောင်းတဲ့ သွေးစည်းချစ်ကြည်မှုပါ အလေးအနက်ထား ဖော်ဆောင်ဖို့ အထူးအရေးကြီးပါကြောင်း တင်ပြလိုက်ရပါတယ်။

 

နော်မန်ဒီ

Federal Journal