• Today is: Wednesday, July 15, 2020

တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လျစ်လျူမရှုပါနဲ့

Federal Journal
April07/ 2020

ဖက်ဒရယ်ပြည်ထောင်စုဆီ အမှန်တကယ်ဦးတည်မယ် ဆိုရင် တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးရပါလိမ့်မယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေတာရှိပေမဲ့ တစ်ဖက်ကလည်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ တိုက်ပွဲ တွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အခွင့်အရေးတွေ(ဥပမာ – သယံဇာတခွဲဝေမှု၊ မြေယာ ပိုင်ဆိုင်မှု) မှာလည်း လျစ်လျူရှုခံနေရဆဲပါ။
ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့ စီမ့ကိန်းတွေဟာ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ ရှိနေသလို ခုထက်ထိ အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲ ကချင်ပြည်နယ်၊ မြစ်ဆုံဒေသက “မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း” ကိုဆက်လက်လုပ်ဆောင်ခြင်း ရှိ/မရှိ ဘာမှ မသိရှိရသေးပါဘူး။ မြစ်ဆုံစီမံကိန်းကြောင့် ဆနေရပ်ရင်းရွာတွေ ကနေပြောင်းရွှေ့ခံခဲ့ရတဲ့ ကချင်လူမျိုးတွေဟာလည်း နေရပ်မှာ ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။ သယံဇာတစီမံခန့်ခွဲမှုနဲ့ ပတ်သက်လာရင်လည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသထွက်ရှိ တဲ့ကျောက်စိမ်း ကရလာတဲ့ အကျိုးအမြတ်ကို ကချင်တိုင်းရင်းသားတွေ ခံစားခွင့်မရသေးဘဲ သဘာဝပတ်ဝန်းကျင်ထိခိုက် မှု တွေနဲ့ပဲ တွေ့ကြုံနေရပါတယ်။ နောက်ထပ် ကချင်ပြည်နယ်ကို ခြိမ်းခြောက်လာနေတဲ့ ပြဿနာ တစ်ခုကတော့ တစ်သျှူး ငှက်ပျော်စိုက်ပျိုးမှုပဲ ဖြစ်ပါတယ်။ တစ်သျှူး ငှက်ပျော်စိုက်ပျိုးမှုမှာ ပိုးသက်ဆေးတွေ သုံးစွဲတဲ့အတွက် ရေအရင်မြစ်ထိခိုက်မှုတွေ ရှိလာနေသလို တရုတ်ကုမ္ပဏီတွေက အဓိကလုပ်ကိုင်နေကြတာပါ။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်က လောပိတရေအား လျှပ်စစ်စက်ရုံကနေ မြန်မာတစ်နိုင်ငံလုံးကို မဟာဓာတ်အားလိုင်းကနေတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေပေမယ့် လွိုင်ကော်မြို့နယ်ထဲမှာ လျှပ်စစ်မီး မရသေးတဲ့ရွာတွေ ရှိနေပါသေးတယ်။ သယံဇာတအရင်းမြစ်တွေကြွယ်ဝတဲ့ ကယားပြည်နယ်မှာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်စေမယ့် စီမံကိန်းတွေ ဖော်ဆောင်ဖို့ ကရင်နီ တိုင်းရင်းသားတွေက သဘောမတူ ကြပါ။ သစ်တောတွေအများကြီး ရှိနေပေမဲ့ သစ်ခုတ်လှဲထုတ်လုပ်မှုတွေကြောင့် သစ်တောဧရိယာတွေလည်း နည်းပါးသွားခဲ့ပါပြီး။ နောက်တစ်ခုကတော့ ဋ္ဌာနတိုင်းရင်းသားတွေဖြစ်ကြတဲ့ ကရင်နီတိုင်းရင်းသားတွေရဲ့ မြေယာပိုင်ဆိုင်မှုကိစ္စတွေမှာ အခွင်အရေးအများကြီး ဆုံးရှုံးနေရတဲ့ ကိစ္စပါ။ ဒီးမော့ဆိုမြို့နယ် ဒေါဆို ရှေးကျေးရွာက တောင်သူတွေဟာ ကျူးကျော်တယ်လို့စွပ်စွဲခံရပြီး တရားစွဲဆိုခံနေရ တာဟာ စိတ်မကောင်း စရာပါ။ ဒီရွာမှာ စုစုပေါင်းအိမ်ထောင်(၂၇)စုပဲရှိပြီး အိမ်ထောင်စု (၁၅)စုထဲက အိမ်ထောင်ဦးစီး တွေ၊ အမျိုးသမီးတွေကို တပ်မတော်ကနေ ပိုင်းနက်ကျူးကျော်မှုနဲ့ ပုဒ်မ(၄၄၇)နဲ့ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ (၆/၁)နဲ့ တရားစွဲဆိုထားတာမို့ အခက်အခဲတွေနဲ့ တွေ့ကြုံနေ ရပါတယ်။
၂၀၁၈ မှာ အသစ်ပြန်လည် ရေးဆွဲခဲ့တဲ့ မြေလွတ်မြေရိုင်း ဥပဒေကြောင့် မူလ လက်ငှတ်လုပ်ကိုင်ခဲ့တဲ့ တောင်သူတွေရဲ့ မြေယာပိုင်ဆိုင်မှုဆုံးရှုံးနေရကြောင်း အရပ်ဘက်က ထောက်ပြနေပေမယ့် အစိုးရနဲ့ လွှတ်တော်ဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။
ဥပဒေရဲ့ ပုဒ်မ(၂၂)၊ ပုဒ်မခွဲ(ခ)အရ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီး ခြောက်လအတွင်း မြေယာမှတ်ပုံတင်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဥပဒေပုဒ်မ(၂၇၊ ပုဒ်မခွဲ(က)မှာ ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်မရဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြုသူမည်သူမဆို ပုဒ်မ(၂၂)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၃) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရရင် ထောင်ဒဏ်(၂)နှစ်၊ ငွေဒဏ်(၅)သိန်း၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချမှတ်ရနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဖက်ဒရယ်ကိုအခြေခံတဲ့ ဖက်ဒရယ်မြေယာဥပဒေရေးဆွဲမယ်ဆိုရင် မတူကွဲပြားတဲ့ဒေသအသီးသီးက တိုင်းရင်းသားပြည်သူတွေပါဝင် ရေးဆွဲနိုင်မှုဖြစ်သင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။
တိုင်းရင်းသားဒေသတွေက မြေယာပိုင်ဆိုင်ခွင့်ဟာ မရေမရာဖြစ်နေသေးသလို စီမံကိန်းတစ်ခုခုကို အကောင်အထည်ဖော်မယ်ဆိုရင်လည်း တိုင်းရင်းသားတွေရဲ့သဘောဆန္ဒကို ထည့်တွက်မစဉ်းစားတာ တွေ့ရပါတယ်။ နေထိုင်ရဒေသတွေမှာ ပညာသင်ယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ စိုက်ပျိုးထွန်ယက်ခွင့်၊ တိုင်းရင်းသားဘာသာစကား သင်ယူခွင့်တွေဟာ ရကိုရသင့်တဲ့အခွင့်အရေးတွေဖြစ်ပေ မယ့် အခုထက်ထိ အပြည့်အဝမရသေးသလို လျစ်လျူရှုခံနေရဆဲပါ။ တိုင်းရင်းသားရေးရာဝန်ကြီးဋ္ဌာနတွေ ထားရှိပေမယ့် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူတို့ရဲ့ရပိုင်ခွင့်ကို အာမခံနိုင်တဲ့ အခြေခံဥပဒေ ဖြစ်ရမှာ ဖြစ်ပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ကိုမပြင်ဆင်သေးတာက အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ သယံဇာတစီမံခန့်ခွဲမှုကို ပြည်ထောင်စုအစိုးရက ချုပ်ကိုင်ထားတာကြောင့် သယံဇာတကရရှိတဲ့ အကျိုးအမြတ်ဟာ တိုင်းရင်းသားတွေအတွက် ခံစားပိုင်ခွင့်နည်းသွားတဲ့သဘောပါ။ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က တီကျစ် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စမ်းသပ်လည်းပတ်မှုကို ဒေသခံတွေက အကြိမ်ကြိမ် ကန့်ကွက် နေပေမယ့် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတာတွေက ဥပမာပါ။ ဒေသခံ ပအိုင့်၊ တောင်ရိုးတိုင်းရင်းသား တွေရဲ့ ရေအရင်းအမြစ်တွေ ဆုံးရှုံးရသလို စိုက်ခင်းတွေပျက်စီးရတာတွေရှိနေပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် က အင်လေးကန်ဒေသမှာ ဟိုတယ်တွေ တိုးချဲ့ တည်ဆောက်လာရင် အင်းတိုင်းရင်းသားတွေရဲ့ စိုက်ပျိုးအသက်မွေးမှုအခွင့်အရေးတွေ နစ်နာနိုင်ပါတယ်။
“သံလွင်ရေကာတာစီမံကိန်း” ဟာလည်း တိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု ကိုထိခိုက် နိုင်ခြေများပြီး ကျေးရွာတွေရေမြုပ်နိုင်မယ့် အန္တရာယ်ရှိနေပါတယ်။ သံလွင်မြစ်ဟာ ဋ္ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရတဲ့ မြစ်တစ်စင်း ဖြစ်နေတာ ကြောင့်သံလွင်မြစ်စီးဆင်းရာ တစ်လျှောက်ဟတ်ကြီး၊ ရွာသစ်၊ နောင်ဖား၊ တာဆန်း၊ ကွမ်းလုံဒေသတွေမှာ ရေအားလျှပ်စစ် စီမံကိန်း(၅၀)ခု အကောင်အထည်ဖော်ဖို့ အစိုးရ ဘက်က စီစဉ်ထားတာပါ။ အရေးကြီးတဲ့ အချက်က လူသားအားလုံးရဲ့ အသက်ရှင်သန်ခွင့် (The Right to Life) ဖြစ်ပါတယ်။ စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေတာ အသက်မွေးဝမ်းဝမ်းကျောင်း လုပ်ငန်းတွေ ထိခိုက်စေတာဟာ တိုင်းရင်းသားတွေအသက်ရှင်နေထိုင်ခွင့်ကို ခြိမ်းခြောက်ခြင်းလို့ ပြောရင် မမှားပါဘူး။ ဒါ့အပြင် တိုင်းရင်းသားတွေဆီကို ကြိုတင်အကြောင်းကြားပြီး၊ သတင်းအချက်အလက်ပြည့်ပြည့်စုံစုံ ပေးပြီး ဆန္ဒရယူတာမျိုးလည်း မရှိပါဘူး။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဟာ နိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်တွေ ဖြစ်သလို ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးရမှာပါ။ အဲဒီပြည်နယ်နှစ်ခုမှာ နေထိုင်ကြတဲ့ ချင်းနဲ့ ရခိုင်တိုင်းရင်းသားတွေ အလုပ်အကိုင်အခွင့်လမ်းတွေ ပိုမိုများပြားလာဖို့လည်း ထည့်သွင်း စဉ်းစားရမှာပါ။ အခုဆိုရင် ချင်းပြည်နယ်ထဲမှာ ပလက်ဝမြို့ဟာ တိုက်ပွဲတွေ ဒဏ်ကိုခံစားရတဲ့ မြို့တစ်မြို့ဖြစ်လာနေပါတယ်။
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကရရှိတဲ့ အကျိုးအမြတ်ကိုခံစားနေပေမယ့် ရခိုင်တိုင်းရင်း သား တွေဟာ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သိန်းနီးပါးရှိနေပါပြီ။ သူတို့တွေရဲ့ဘဝတွေ ပြန်လည်ထူထောင်ဖို့၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုရဖို့ အခွင့်အရေးတွေကို ဖန်တီးပေးဖို့အစိုးရမှာ တာဝန်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တန်းတူညီမျှမှုကိုအခြေခံပြိး ဖန်တီးပေးနိုင်မှသာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ရရှိမှာပါ။ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ရရှိမှသာ ဒီမိုကရေစီပြည်ထောင်စုဆီအမှန်တကယ် ဦးတည်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။
သွေး(စစ်ကိုင်း)