• Today is: Saturday, May 8, 2021

နောက်ထပ်တရုတ်နိုင်ငံ ဖြစ်မသွားရေး ဖိအားပေးရမည့် အိန္ဒိယနိုင်ငံ

Federal Journal
April24/ 2021

၂၄ – ၄ – ၂၀၂၁

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးအောက်မှာ နှစ်ပေါင်း ၅၀ ကျော် နေထိုင်လာသည့် အတွက် အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်ရပေါင်းလည်း များလှလာပါသည်။ တစ်ဘက်မှာ ဤစစ်အစိုးရကို တရုတ်၊ ထိုင်းနှင့် စင်ကာပူ စသည့်နိုင်ငံများအတွက် အခွင့်ကောင်းဖြစ်ရသည်များ လည်းရှိပါသည်။ မည်သို့ပြင်ဆိုစေ အိန္ဒိယနိုင်ငံအပါအဝင် မိမိတို့ အိမ်နီးချင်းနိုင်ငံများသည် အိမ်နီးချင်းကောင်း မပြီသလှသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယ၏ မြန်မာ့ဒီမိုကရေစီဖော်ဆောင်မှုအပေါ် သဘောထား ရပ်တည်ချက် အဘယ်ကြောင့်ဒီဘက်ခေတ်မှာ ပြောင်းလဲလာသနည်း၊ အဘယ်ကြောင့် အာဏာသိမ်း စစ်အာဏာရှင်ကို ကန့်ကွက်ရန် ပျက်ကွက်နေရသနည်း၊ ဒီမိုကရေစီအရေးတော်ပုံ အောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံက မည်သည့်အပိုင်းတွင် ကူညီပေးနိုင်မည်နည်း၊ ဒီမိုကရက်တစ် အုပ်စုများက မည်ကဲ့သို့ ဖိအားပေး တိုက်တွန်းသင့်သနည်း၊ စသည့်အချက်များကို မိမိဉဏ်မှီသလောက် ဆွေးနွေးသုံးသပ်ပါမည်။

၁၉၆၂ စစ်အာဏာသိမ်းခဲ့တုန်းက အိန္ဒိယ၏ ရပ်တည်ချက်

ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းသိမ်းချင်း ကုလား(အိန္ဒိယနွယ်ဖွား)မုန်းတီးရေး မီးမွှေးလိုက် သဖြင့် အိန္ဒိယနိုင်ငံအတွက် အမြတ်ဒေါသထွက်စရာ ဖြစ်လာခဲ့သေးသည်။ သို့သော် ၁၉၆၅ ခုနှစ်မှာ အိန္ဒိယ ဝန်ကြီးချုပ် Lal Bahadur မြန်မာနိုင်ငံသို့ ခရီးရောက်လာပြီးနောက် ပြန်လည်သင့်မြတ်မှု တည်ဆောက်လာရာ ၁၉၆၇ခုနှစ်တွင် နှစ်နိုင်ငံနယ်နိမိတ်သဘောတူညီချက်ပြင် ရရှိသွားသည်။ နောက်ဆက်တွဲအဖြစ် အိန္ဒိယနယ်စပ်တွင် အခြေချ လက်နက်ကိုင်တော်လှန်သော ချင်းခေါင်းဆောင် Lieutenant Son Kho Pau နှင့် Pu Hrang Nawl တို့ကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီး၍ နေဝင်စစ်အစိုးရထံ အပ်နှံပြီး နှစ်ရှည်ထောင်ချ ခံရသည်အထိ ဖြစ်ခဲ့ရသည်။

၁၉၈၈ စစ်အာဏာသိမ်းမှုနှင့် အိန္ဒိယ၏ ရပ်တည်ချက်

ဒုတိယအကြိမ် စစ်အာဏာသိမ်းခဲ့ရာမှာ ကနဉီးတွင် အိန္ဒိယဝန်ကြီးချုပ် Rajiv Gandhi ဉီးဆောင်သည့် Congress Party သည် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများဘက်ကို ရပ်တည်ပေးခဲ့ပါ သည်။  အိန္ဒိယနယ်စပ်မှာ ထွက်ပြေးတိန်းရှောင်သွားသော ဒုက္ခသည်များကိုလည်း ပံ့ပိုးကူညီပေးခဲ့သည်။ ထိုမှ ချင်းကျောင်းသားများ ဉီးဆောင်ပြီး ဖွဲ့စည်းခဲ့သည့် ချင်းအမျိုးသားတပ်ဉီး(CNF)ကိုပင် ဘဣာငွေအားဖြင့် ကူညီခဲ့ပါသေးသည်။ သို့သော် ၁၉၉၃ ခုနှစ်မှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး J N Dixit က မြန်မာနိုင်ငံသို့ လာရောက်သည့်အခါမှာ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာပြီး ထုံးစံအတိုင်း နယ်စပ်က တက်ကြွလှုပ်ရှားသူများနှင့် လက်နက်ကိုင်အဖွဲ့ဝင်များ တစ်ချို့ကို ဖမ်းဆီးပြီး သန်းရွှေအစိုးရထံ အပ်နှံခဲ့သည်အထိ ဖြစ်လာပြန်သည်။

လက်ရှိနွေးဉီးတော်လှန်ရေးနှင့် အိန္ဒိယရပ်တည်ချက်

        အံ့ဩလောက်အောင်ပြင် ယခုစစ်အာဏာသိမ်းမှုတွင် အိန္ဒိယအစိုးရသည် ယခင်အာဏာသိမ်း ခဲ့စဉ်တုန်းကထက်ပြင် စစ်အာဏာရှင်များကို ပိုမိုရပ်တည်ပေးပြီး ဒီမိုကရေစီလှုပ်ရှားသူများဘက်မှ ရပ်တည်ပေးရန် ငြင်းဆန် လျက်ရှိလာသည်။ စစ်အာဏာသိမ်းမှုကို ‘စိုးရိမ်သည်’ဟုသာ တုန့်ပြန်ပြီး ရှုံ့ချကန့်ကွက်ရန် ပျက်ကွက်ရုံတင်မက တပ်မတော်နေ့ကို တက်ရောက်ခြင်းဖြင့် စစ်ကောင်စီ(န.စ.က)ကို စောစောစီးစီး အသိအမှတ်ပြုလျက်ရှိသည်။ ယနေ့အထိ ‘အာဏာသိမ်းမှု’ဟူ၍ တရားဝင် သုံးနှုန်းရန် လက်ရှောင်နေဆဲဖြစ်သည်။ ထို့ပြင် ၁၉၈၈ အရေးအခင်း နှင့်မတူဘဲ နယ်စပ်မှ ဒုက္ခသည်များ ခိုလှုံခွင့် ကိုလည်း တင်းကြပ်ထားပါသည်။ အဆိုးဆုံးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် စစ်ကောင်စီ ကို ကာကွယ်ပြောဆိုပေးသည့် အချက်ဖြစ်သည်။

အိန္ဒိယ၏ ရပ်တည်ချက်ပြောင်းသွားသည့် အကြောင်းရင်းများ

အနောက်ခြမ်းက ကျားကြီးကို စစ်အာဏာရှင်နှင့် ပူးပေါင်းရန် တွန်းပို့စေသည့် အကြောင်းရင်း များစွာရှိပါမည်။ ခြုံငုံကြည့်လျှင် အိန္ဒိယနိုင်ငံအတွက် မြန်မာပြည်သည် စီးပွားရေးနှင့် နိုင်ငံရေးထက် လုံခြုံရေး သို့မဟုတ် စစ်ရေး အကျိုးစီးပွားက ပိုပြီးအဓိကဖြစ်ပါသည်။ အချို့အချက်များကို သုံးသပ်ရ လျှင်-

 (က) မဟာဗျူဟာကျမှု (Strategic Location)။      ၂၀၁၄ခုနှစ်မှစ၍ Narendra Modi ဉီးဆောင် သည့် BJP အမျိုးသားရေးပါတီ အစိုးရတက်လာသည့်အခါ အရှေ့မျှော်(Look East)ပေါ်လစီ အစား အရှေ့ဖော်ဆောင်(Act East)ဟု ပြောင်းလဲကျင့်သုံးလိုက်သည်။ ‘မျှော်ရုံသက်သက်မဟုတ်၊ လက်တွေ့ ဖော်ဆောင်ရမည်’ဟု ကြုံးဝါးခဲ့သည်။ အဆိုပါ မူဝါဒသည် ASEAN ကို မည်ကဲ့သို့ ထိုးဖောက်နိုင်မည် ဆိုသည့်အချက်နှင့် တရုတ်ပြည်ကြီးကို မည်ကဲ့သို့ ထိန်းညှိနိုင်မည် ဆိုသည့်အချက် ဖြစ်ပါသည်။ ထိုအတွက် မြန်မာနိုင်ငံသည် တရုတ်ပြည်အတွက် ကြားခံနယ်(Buffer Zone) ဖြစ်ပြီး အာဆီယံအတွက် တံတားဖြစ်ပါသည်။

(ခ) နယ်စပ်လုံခြုံရေး။ ဤအချက်သည် အရေးပါဆုံးဟု ဆိုရမည်။ နယ်နိမိတ် ၁၆၀၀ ကီလိုမီတာ ရှည်လျားသော ၎င်းနယ်နိမိတ်တစ်လျှောက် လူမျိုးစုသူပုန်အဖွဲ့ ၂၀ ကျော်ရှိရာ အားလုံးနီးပါးကို တရုတ်နိုင်ငံက ထောက်ပံ့လျက်ရှိ သည်ဟု အိန္ဒိယက စွက်စွဲသည်။ အထူးသဖြင့် မြန်မာဘက်ခြမ်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်း အိန္ဒိယသူပုန် ၆ ဖွဲ့ထက်မနည်း အခြေချနေထိုင်သည်ကို အိန္ဒိယက လုံးဝ ကြည့်မရဖြစ်နေသည်။ စကားစပ်လို့ ဖော်ပြရလျှင် ကလေးမြို့နှင့် တမူးမြို့က ဆန္ဒပြ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်သူများသည် အိန္ဒိယ မဏီပူရ်-ကသည်းသူပုန်များဖြစ်သည်ဟု သတင်း ထွက်သည်။ ဘိုတန်နိုင်ငံက သူ့နိုင်ငံမှာရှိသော အိန္ဒိယသူပုန်များ အားလုံးကို ၂၀၀၃ မှာ ရှင်းထုတ်ခဲ့သည့် Operation All-Clear ပုံစံမျိုးကို မြန်မာအစိုးရက လုပ်ပေးရန် အိန္ဒိယက လိုလားသည်။ ထို့ပြင် တရုတ်နိုင်ငံက ကိုကိုကျွန်းနှင့် ရခိုင်ပြည်နယ် ဘဂ်လားပင်လယ်အော်မှ အိန္ဒိယသမုသရာကို နည်းမျိုးစုံ ဖြင့် ခြိမ်းခြောက်လာသည်ကို အိန္ဒိယက စိုးရမ်နေသည်။ ထို့ကြောင့် မြန်မာပြည် တရုတ်နိုင်ငံနှင့် နီးလေလေ အိန္ဒိယနိုင်ငံအတွက် နယ်စပ်လုံခြုံရေး ပိုစိုးရိမ်ရလေလေ ဖြစ်သည်။

(ဂ) ပါတီအလှည့်အပြောင်း။    အိန္ဒိယနိုင်ငံတွင် ပါတီကြီးနှစ်ခုရှိရာ ၁၉၆၂ နှင့် ၁၉၈၈ခုနှစ် အာဏာ သိမ်းမှုတုန်းက အစိုးရ ဖွဲ့သည့်ပါတီမှာ ကွန်ကရက်ပါတီဖြစ်ခဲ့ရာ ယခုသည် အမျိုးသားရေးဝါဒီ BJP ပါတီအစိုးရဖြစ်သည်။ Jawaharlal Nehru တည်ထောင်သော ကွန်ကရက်ပါတီသည် နိုင်ငံတကာ စံတန်ဖိုးနှင့် ဒီမိုကရေစီအရေးတို့တွင် ပိုပြီးအမြင်ကျယ်သည်ဟု ယူဆရပြီး ယုခု Modi ဉီးဆောင်သည့် BJP သည် အိန္ဒိယနိုင်ငံနှင့် ဟိန္ဒူဘာသာ အကျိုးစီးပွားကိုသာ စိတ်ဝင်စားသည်ဟု အများ၏ ဝေဖန်ခြင်းခံရသည်။ ထို့ပြင် လွန်ခဲ့သော Modi အစိုးရက တောင်သူလယ်သမားဆိုင်ရာ အက်ဥပဒေ သုံးခု ပြဌာန်းလိုက်သည့်အတွက် ပြည်သူများ သန်းနှင့်ချီ လမ်းပေါ်ထွက် ဆန္ဒပြကြရာမှာ သူက အကြမ်းနည်းဖြင့် ဖြိုခွင်းခဲ့သည်ဟု နိုင်ငံတကာ၏  ရှုံ့ချမှုကို ခံရသည်။ ထို့ကြောင့် BJP အစား Congress သာ လက်ရှိအစိုးရဖြစ်ခဲ့လျှင် မြန်မာပြည်အတွက် ပို၍ မျော်လင့်နိုင်မှာဖြစ်သည်။

(ဃ) ဒေါ်အောင်ဆန်းစုကြည်ကို အားမရ။       Nehru နှင့် အိန္ဒိယသည် အောင်ဆန်းနှင့် သူ့မိသားစု အပေါ် တာဝန်ကျေခဲ့သည်ဟု ခံယူကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ၁၅နှစ်အရွယ်ကတည်းက အိန္ဒိယမှာ သူ့အမေနှင့် အတူနေထိုင်ခဲ့ပြီး New Delhi University မှာ ၁၉၆၀ မှ ၁၉၆၇ခုနှစ်အထိ နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားခဲ့သေးသည်။ ထို့ကြောင့် ၂၀၁၆ခုနှစ်တွင် သူဉီးဆောင်သည့်ပါတီက အနိုင်ရလာသည့်အခါ အိန္ဒိယသည် မျက်နှာသာပေးမှုကို မျှော်လင့်ခဲ့သည်။  သို့သော် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယခင်အစိုးရခေါင်းဆောင်များ နည်းတူ တရုတ်နိုင်ငံကိုသာ ဆက်ပြီး မျက်နှာသာ ပေးနေသည်ဟု စွက်စွဲသည်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ဖွဲ့ဖွဲ့ချင်း အိန္ဒိယနိုင်ငံကို လာရောက်ရန် ချဉ်းကပ်ခဲ့သော်လည်း တရုတ်နိုင်ငံကို အရင်လည်ပတ်ခဲ့သည့် အဖြစ်အပျက်နှင့် နောက်ပိုင်းတွင် ရင်းနှီးမြောက်နှံမှုအပိုင်းနှင့် ကဣအသီးသီးမှာ ဆက်ဆံရေး တိုးတက်မှု သိသိသာသာ မရှိခြင်းအပေါ် အိန္ဒိယဘက်က စိတ်ခုနေသည်။

အိမ်နီးချင်းကောင်းပြေသရေး  အိန္ဒိယ၏ တာဝန်ဝတ္တရား

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုကို ကူညီပံ့ပိုးနိုင်ရေး၊ သို့မဟုတ် အနည်းဆုံး အားဖြင့် စစ်ကောင်စီကို ကူညီထောက်ပံ့မှု ရပ်တန့်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် အောက်ပါ အချက်များကို မဖြစ်မနေ လိုက်လျော်သင့်သည် –

(က) စစ်ကောင်စီကို ကာကွယ်ပြောဆိုခြင်း ရပ်တန့်ရန်။        ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် လက်ရှိတွင် အိန္ဒိယနိုင်ငံသည် အလှည့်ကျ တာဝန်ယူနေသည့်အချိန် ဖြစ်သည်။ သူ့အနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံကဲ့သို့ ဗီတိုအာဏာမရှိသော်လည်း လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးသည့်အခါမှာ ကမ္ဘာ့ဒီမိုကရေစီအကြီးဆုံးနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဆိုသည့် ဝတ္တရားဖြင့် မြန်မာဒီမိုကရေစီအင်အားစု ဘက်မှ မားမားမတ်မတ် ပြောဆိုရပ်တည်ပေးရန် တာဝန်ရှိပါသည်။ လက်ရှိအချိန်ထိ လုံခြုံရေး ကောင်စီမှာ စစ်ကောင်စီနှင့် အရေးတော်ပုံနှင့်ပတ်သက်၍ အိန္ဒိယ၏ ပြောဆိုဆွေးနွေးမှုသည် အားရဖွယ် လုံးဝ မရှိသည့်အပြင် စစ်ကောင်စီကို ကာကွယ်ပြောဆိုသည့် လေသံဖြစ်ပါသည်။

(ခ) လူသားချင်းစာနာထောက်ထားမှု အကူညီပေးသင့်။         အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယ ဘက်ခြမ်း သို့ ထွက်ပြေးခိုလှုံသူများ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်နှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNCR)၏ အကာအကွယ်နှင့် ကူညီထောက်ပံ့မှု ရရှိခံစားခွင့်တို့ကို အပြည့်အဝ လမ်းဖွင့်ပေးရန် အိန္ဒိယနိုင်ငံက တာဝန်ရှိပါသည်။ နိုင်ငံနယ်နိမိတ်ဖြင့် ပိုင်းခြားခြင်းခံရသော လူမျိုးတူ ချင်း-မီဇိုးရမ်း-ကူကီး-ထာဒို-နာဂ စသည်ဌာနေတိုင်းရင်းသားတို့သည် ကုလသမဂ္ဂ ဌာနေတိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း(UNDRIP-2007)အရ အချင်းချင်းကြား ကူးလူး ဆက်ဆံခွင့်ရှိသောကြောင့် ၎င်းကို အိန္ဒိယအစိုးရက ပိတ်ပင်တားဆီးခြင်းမပြုသင့်ခြေ။ လက်ရှိမှာ အိန္ဒိယဗဟိုအစိုးရက နယ်နိမိတ်တင်းကြပ်ရန် စာအမျိုးမျိုးထုတ်ပြီး နယ်စပ်တစ်လျှောက် Assam Rifle တပ်များ အပြည့်ချထားသည်မှာ စိုးရိမ်ဖွယ်ဖြစ်ပါသည်။

(ဂ) တော်လှန်ရေးလှုပ်ရှားသူများ ပြည်တွင်းပြန်မပို့သင့်။        အထက်တွင် ဖော်ပြထားပြီးသည့်အတိုင်း မြန်မာ စစ်အာဏသိမ်းမှု အဆက်ဆက်မှာ အိန္ဒိယအစိုးရက သူ့နယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်သာ တက်ကြွလှုပ်ရှား သူများကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရထံ လွဲပြောင်းအပ်နှံလေ့ရှိသည်ကို ရှက်ဖွယ် ကောင်းစွာ တွေ့ရှိရပါသည်။ ယခု စစ်အာဏာသိမ်းမှုတွင် ချင်းပြည်နယ်အတွင်းရှိ  မြို့နယ်အသီးသီး က လူငယ်များအပါအဝင် တစ်ပြည်လုံးမှ ပြည်သူများက စစ်ရေးဖြင့် စစ်ကောင်စီကို တန်ပြန်တိုက်ခိုက်မှု အရှိန်မြှင့်လာမည်ဖြစ်ရာ နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို လျော့နည်း သော BJP ပါတီအစိုးရ လက်ထက်တွင် ထိုအကျင့်ဆိုးမျိုး ထပ်မံကြုံတွေ့မိမှာ စိုးရိမ်ဖွယ် ကောင်းလှပါ သည်။ အမှန်စင်စစ် အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ အကြားတွင် ရာဇဝတ်တရားခံလွှဲပြောင်းရေး စာချုပ် (Extradition Agreement)  လက်မှတ်ရေးထိုးထားခြင်းမရှိ သည့်အတွက် ထိုသို့ မဖြစ်မနေ လွှဲပြောင်း ရန် တာဝန်မရှိပေ။

ဖိအားပေးချဉ်းကပ်ရမည့် နည်းလမ်းများ

အိန္ဒိယသည် ကွန်မြိုနစ်တရုတ်နိုင်ငံနှင့်မတူဘဲ ဒီမိုကရေစီနိုင်ငံဖြစ်သည့်နည်းတူ လူထုဖိအား ပေးမှုကို တစ်စုံတစ်ရာ လိုက်လျော်ပေးတတ်ပါသည်။ သာဓကအားဖြင့် မကြာသေးခင်မှာ မြန်မာနိုင်ငံ ဘက်က စစ်ဘေးရှောင်များ ဝင်လာမှုကို တားဆီးရန် မဏီပူရ်ပြည်နယ်က ရုံးစာထုတ်ခဲ့သည်ကို ဝိုင်းပြီး ဖိအားပေးခဲ့ကြသည့် အတွက် သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်သည့် စာထုတ်ခဲ့သေးသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အိမ်နီးချင်းကောင်း ပီသစေရေးအတွက် အိန္ဒိယကို အောက်ပါအတိုင်း လိုအပ်သလို ဖိအားပေးသင့်သည် –

(က) ဆန္ဒဖော်ထုတ်မှုဖြင့် လူထုက တောင်းဆိုခြင်း။    မြန်မာပြည်အနှံ့နှင့် အထူးသဖြင့် အိန္ဒိယနှင့် နီးစပ်ရာ နယ်စပ်မြို့နယ်များတွင် လူထုက နည်းလမ်းမျိုးစုံဖြင့် အိန္ဒိယနိုင်ငံအတွက် သီးသန့်ဆန္ဒပြမှုနှင့် တောင်းဆိုမှုများ ပြုလုပ်သင့်ပါသည်။ အထူးသဖြင့် နိုင်ငံအသီးသီးရှိ အိန္ဒိယသံရုံးများတွင် ဆန္ဒပြမှု ပြုလုပ်သင့်ပါသည်။

(ခ) ပူးတွဲကြေညာချက်နှင့် အိပ်ဖွင့်ပေးစာ ထုတ်ပြန်ခြင်း။       ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ အိန္ဒိယအစိုးရကို တောင်းဆိုသည့် ပူးတွဲကြေညာချက်၊ အိပ်ဖွင့်ပေးစာနှင့် လူထုလက်မှတ်ထိုး တောင်းဆို မှုများ ပြုလုပ်သင့်သည်။

(ဂ) အိန္ဒိယကို စောင့်ကြည့်ခြင်း။        စစ်ကောင်စီဆိုင်ရာ အိန္ဒိယအစိုးရ၏ လုပ်ဆောင်မှုမှန်သမျှကို အနီးကပ် စောင့်ကြည့်မှု ပြုလုပ်သင့်သည်။ ယခုလည်း အမေရိကန်နိုင်ငံက စီးပွားရေးပိတ်စို့ထားသော စစ်ကောင်စီပိုင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC)ကို အိန္ဒိယကုမ္ပဏီ Adani Group က ကန်ဒေါ်လာ သန်း ၄၇၅ ခန့် ရင်းနှီးမြောက်နှံ ငွေပေးပို့သည်ဟု ACIJ အစီရင်ခံစာအရသိရသည်။   လက်ရှိအချိန်တွင် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီအုပ်စု များက စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ဒဏ်ခပ်ပိတ်စို့နေသည့်အချိန်မှာ စစ်ကောင်စီ၏ အရေးပေါ် လိုအပ်ချက်ဖြစ်သော လက်နက်ခဲယမ်းနှင့် ဘဣာရေး လိုအပ်ချက်များကို တရုတ်နိုင်ငံကဲ့သို့ နောက်ကွယ်မှ ပံ့ပိုးကူညီမှု မပြုလုပ်နိုင်အောင် အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်ပါသည်။

(ဃ) နိုင်ငံတကာအသိုင်းအဝိုင်းမှတဆင့် ဖိအားပေးခြင်း။       ပြည်တွင်း အင်အားအပြင် UNO, USA, EU နှင့် UK စသည့် နိုင်ငံတကာ အသိုင်းအဝိုင်းများမှအဆင့် အိန္ဒိယကို စစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန်နှင့် ဒီမိုကရေစီအင်အားစုများဘက်မှ အပြည့်အဝ ရပ်တည်ပေးရန် ဖိအားပေး သင့်ပါသည်။

ဆလိုင်းထောင်း

— ၀၀၀ —