• Today is: Friday, April 23, 2021

ပုတ်သင်ညို နှင့် ကားစီးခြင်း

Federal Journal
December18/ 2018

ကျွန်တော့်ဘဝ တွင် ဟောလီးဝုဒ်မင်းသမီး အဒ်မာဝပ်ဆန်နှင့်မဟာသန္တိသုခကျောင်း၌မင်္ဂလာ ဆောင် ပြီး ကောင်ညှင်းပေါင်းကျွေးရသည်  ဟု တွေးချင် တွေးခဲ့ဖူးမည်။ပုတ်သင်ညိုတစ်ကောင်မောင်းနေသောကားကို ဘေးက ထိုင်စီးရလိမ့်မည်ဟုတော့ တစ်ခါမှ မတွေးမိခဲ့။

ပုတ်သင်ညို ဆိုသော သတ္တဝါကို ကျွန်တော်တို့ ကလေး ဘဝက တော်တော်စိတ်ဝင်စားခဲ့ကြသည်။ ကျွန်တော့်ဇာတိမြို့က ရပ်ကွက်ကလေးတွင် ကလေးများအတွက် ဆော့ကစားစရာနေရာများစွာရှိခဲ့ဖူးသည်။

အထူးသဖြင့် ကျွန်တော်တို့ ရပ်ကွက်ရှေ့ တွင် မီးလောင်သွားသော ကွင်းကျယ်ကြီးတစ်ခုရှိသည်။အရင်က ရပ်ကွက်တစ်ခု ဖြစ်ခဲ့သော်လည်း မီးလောင်ပြီးသည့်နောက် စစ်အစိုးရက ထိုနေရာတွင် ပြန်လည်နေထိုင်ခွင့် မပေးတော့သဖြင့် ခြုံပုတ်များ၊ သစ်ပင်များဖုံးလွှမ်းနေသော ကွင်းကျယ်ကြီး ဖြစ်နေခြင်းပင်။

ကျွန်တော်တို့ ကလေးဘဝ အချိန်ကာလများသည် ထိုမီးလောင်ကွင်းကြီးထဲတွင်ပင် ဆော့ကစားရင်း ကုန်လွန်ခဲ့၏။လိပ်ပြာတွေ၊ ပုစဉ်းတွေဝဲပျံနေသလို အခြား အင်းဆက်ပေါင်းစုံလည်း ထိုကွင်းကြီးကို အခြေပြု ကြသည်။ထိုအင်းဆက်များကို ပွဲတော်တည်ပြီး ကြီးထွားနေသော ပုတ်သင်ညို များလည်း ကွင်းထဲတွင် အပြည့်။

ပုတ်သင်ညို ဆိုသော သတ္တဝါ သည် ထူးဆန်းလှ၏။ဆောင်းဦးပေါက်စ သစ်ရွက်ကလေးတွေ ဝါတချို့ စိမ်းတချို့ ဖြစ်နေလျှင် သစ်ပင်ကြားမှ ပုတ်သင်ညို၏ အရောင်ကလည်း အဝါအစိမ်းပျောက်ကြားဖြစ်နေ၏။ ထိုအခါ ရုတ်တရက် အန္တရာယ်ကို သတိမထားမိသော လိပ်ပြာ၊ ပုဇဉ်းတို့မှာ သစ်ပင်တို့ကြား လာနားမိပါက ပုတ်သင်ညို အစာ ဖြစ်ကြရသည်။နွေကာလ သစ်ပင်၊ သစ်ရွက်တွေ ခြောက်ကပ်ပြီ ဆိုလျှင်ဖြင့် ကိုပုတ်သင်တို့ကာလာက လည်း ခြောက်ကပ်ကပ် ပြောင်းနေကြ၏။ မိုးသက်လေကလေးနှင်လာပြီဆိုမှဖြင့် သစ်ရွက်တွေစိမ်းသလို ပုတ်သင်တို့လည်း စိမ်းကုန်ကြကုန်ပြန်။

ကျွန်တော် နှင့် သူငယ်ချင်းတသိုက် တို့ကွင်းထဲတွင် ကစားသည့်အခါ အုန်းရွက် ကျော့ကွင်းလေးကိုယ်စီဖြင့် ပုတ်သင်ညို ဖမ်းသည့် ကစားနည်းကလည်း တစ်ခု အပါအဝင်ဖြစ်သည်။ဖမ်းမိသည့် ပုတ်သင်ညိုများသည် လိုက်ဖမ်းစဉ်က အရောင်တမျိုး ဖမ်းမိသွားသည့်အခါ အရောင်တမျိုး ချက်ချင်း ကာလာချိန်း သွားသည်ကို ကျွန်တော်တို့ ကလေးတသိုက် အံသြတကြီး ဖြစ်ခဲ့ကြရသည်။

တစ်ရက်တွင်တော့ အစိမ်းနှင့် အနီကြား ပုတ်သင်ညိုကြီးတစ်ကောင်ကို ကျွန်တော်တို့ ဖမ်းမိကြသည်။

“ဒီကောင်ကြီးက လှတော့ လှတယ်ကွ..ဒါပေမယ့် ခဏနေ အရောင်ပြောင်းတော့မယ်..အရောင်မပြောင်းအောင် ဘယ်လိုလုပ်ကြမလဲ”

မာယာများသော ပုတ်သင်ညို ကို တသက်တာ မပြောင်းလဲနိုင်သော ယူနီဖောင်းသတ်မှတ်ပေးရန် ကျွန်တော်တို့ အကြံထုတ်ကြသည်။ နောက်ဆုံးအကြံတစ်ခု ထွက်လာသည်။ ထိုအကြံကား ပုတ်သင်ညို အား ဆေးမှုတ်ပေး ရန်။ ထိုစဉ်က သူငယ်ချင်းများထဲတွင် ငွေအလျှံဆုံးက စောကြီး ဖြစ်သည်။ စောကြီးက ယိုးဒယားမှလာသည့် မဲကဒ်ဒိုင် ကိုင်သည်။မဲကဒ်ထဲမှ ယိုးဒယားစာပါသည့် အဝိုင်းလေးများကို ကျန်ကလေးများက တစ်ကျပ်ဖို့ သုံးခုဖြင့် ဖောက်ကာ ကံစမ်းကြရသည်။ ပေါက်လျှင် ငါးကျပ်အထိ အလျော်ရ၏။သို့သော် ပေါက်မဲက နည်း သဖြင့် ဒိုင်ကိုင်သော စောကြီးမှာ ဘောစိဖြစ်နေလေသည်။ ပုတ်သင်ညို အော်ပရေးရှင်းတွင်မှုတ်ဆေးစပ ရေးဗူးဝယ်ရန် စောကြီးက စပွန်ဆာပေးသည်။သို့သော် ဒီအတိုင်းတော့အလကားမရ. .မှုတ်ဆေးဗူးထဲတွင် ပါသည့် ဖန်ဂေါ်လီကိုတော့ သူ့ကို ပေးရမည်ဟု စောကြီးက တောင်းဆိုသည်။

သဘောတူညီချက်ရရှိပြီးသည့်နောက် ဈေးကြီးထဲရှိ ဦးနာသံ ကားပစ္စည်းဆိုင်သို့ ကလေးတသိုက်ချီတက်ကာ မှုတ်ဆေးစပရေးဗူး ဝယ်ကြ၏။ အနီရောင်နှင့် အစိမ်းရောင်ဆေးဗူး နှစ်ဗူး ရသည်နှင့် ကျွန်တော်တို့ ဖမ်းမိထား သောပုတ်သင်ညို ကြီး ကို ဆေးမှုတ်ပေးကြတော့သည်။ ဤသို့ဖြင့်မှုတ်ဆေးတန်ခိုးဖြင့် အပေါ်အနီ အောက်အစိမ်း ပုတ်သင်ညို ကြီးသည် သူ၏ မာယာများလှသော အရောင်ပြောင်းအတတ်ပညာကို စွန့်လွှတ် လိုက်ရရှာ၏။ စိတ်တိုင်းကျ ချယ်သပြီးသည်နှင့် ပုတ်သင်ညိုကြီးအား ကျွန်တော်တို့ လွှတ်ပေးလိုက်ကြ၏။

နောက်တစ်နေ့တွင် ညောင်ပင်ခြေရင်း၌ ပုတ်သင်ညိုကြီးကို ကျွန်တော်တို့ ပြန်တွေ့ကြရသည်။ သူသည် အရင် ကလို တစ်နေ့တစ်ရောင်မဟုတ်တော့။ ကျွန်တော်တို့ ဆေးမှုတ်ပေးလိုက်သည့် ကာလာအတိုင်းပင်။ သို့သော်ငြား အသက်လည်း မရှိရှာတော့။ မှုတ်ဆေးဗူးတွင်ပါဝင်သော ဓာတုပစ္စည်းများ ကောင်းမှုဖြင့် ပုတ်သင်ညိုမသာ ဖြစ်နေချေပြီ။ ထို့နေ့က ကျွန်တော်တို့ ပုတ်သင်ညို အသုဘချတမ်း ကစားလိုက်ကြသည်။

အချိန်တွေက ကြာခဲ့ပြီ။

ကျွန်တေယ် အသက်ဆယ့်ခြောက်နှစ်တွင် ရရာ အလုပ်များ လျှောက်လုပ်ရင်း မြို့ကလေးနှင့် ကင်းကွာခဲ့သလို ပုတ်သင်ညိုပေါသော ကွင်းကြီးနှင့်လည်း အလှမ်းဝေးခဲ့သည်။ အသက်နှစ်ဆယ်အရွယ်တွင် ဇာတိမြေသို့ ကျွန်တော် ခဏပြန်ရောက်သည်။ ဘုရားပွဲသို့ သွားရင်း ရန်ပွဲတစ်ခုနွဲကာ အချုပ်ထဲ ရောက်သွား၏။ မိဘများက အာမခံဖြင့်လာထုတ်စဉ် တချိန်က ပုတ်သင်ညို ဆေးမှုတ်စပွန်ဆာ ဖြစ်သော ကျွန်တော့် သူငယ်ချင်း စောကြီးကို ရဲစခန်းတွင် တွေ့ရသည်။ သူက ကျွန်တော့်ကို တွေ့တော့.. မျက်စိမှိတ်ပြပြီး စခန်းမှူး အခန်းထဲ ဝင်သွားသည်။

ခဏနေတော့ စခန်းမှူး နှင့် အတူ ရယ်ရယ်မောမော ပြန်ထွက်လာသည်။ ကျွန်တော်လည်း အလွယ်တကူ အာမခံဖြင့် လွတ်သည်။ စခန်းနားက အရက်ဆိုင်တွင် စောကြီး ကျွန်တော်မေးကြည့်မိသည်။

“ငါက..အခု ဒီ ထောက်လှမ်းရေးတပ်ဆွယ်က ဆရာကြီးရဲ့ သတင်းပေးလုပ်နေတယ်လေကွာ.. စခန်းမှူးလောက်တော့ မီးသေပါတယ်ဟ..အေးဆေးသူငယ်ချင်း..နောက် အကူအညီလိုလည်းပြော” ခဏနေတော့ စောကြီးက ဆိုင်ကယ်နှင့် ထွက်သွား၏။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု မောင်တိန်းစက်ဘီးစီး ရဖို့ အိပ်မက်ဖြစ်နေသော ကာလတွင် စောကြီးက ဂျပန်စူပါကပ် ကျောက်စိမ်း စီးနေလေပြီ။

နောက်ငါးနှစ်အကြာ သီတင်းကျွတ်ကာလ ကျွန်တော်မြို့သို့ ပြန်ရောက်တော့ စတိုးဆိုင်တစ်ခုရှေ့တွင် စောကြီး နှင့် ထပ်တွေ့ပြန်သည်။ စောကြီး မောင်းလာသော လိုက်ထရပ်ကား ပေါ်တွင် ဌာနဆိုင်ရာလူကြီးများကို ကန်တော့လေ့ရှိသည့် အရက်ပုလင်းအကောင်းစားပါသည့် လက်ဆောင်ခြင်းကြီးများလည်းတွေ့ရသည်။

သူအားကိုးသော ထောက်လှမ်းရေးအဖွဲ့လည်းမရှိတော့သဖြင့် စောကြီးဘာလုပ်နေသလဲ ကျွန်တော် စပ်စုမိ ပြန်သည်။

“ငါ ဟိုအဘ ဆီမှာကွအခုလည်း သူကန်တော့ခံရတဲ့ ခြင်းတွေ လာပြန်သွင်းပေးတာ.. မင်းမြေကွက်လေး ဘာလေး လျှောက်ပါလား..ငါကူညီမယ်..ဒါပေမယ့် အသင်းဝင်ကဒ်ပြားလေးရှိမှ ဝင်ရထွက်ရ လွယ်လိမ့်မယ်ကွ”

နောက်တော့ စတိုးဆိုင်ပိုင်ရှင် ရောက်လာပြီး ခြင်းထဲက ပစ္စည်းများနှင့် ပုလင်းဈေးကိစ္စ သူတို့ အပေးအယူ လုပ်နေကြသဖြင့် ကျွန်တော်လည်း အလိုက်တသိ ရှောင်ထွက်ခဲ့သည်။

နောက်ပိုင်းတွင်တော့ ခေတ်အခြေအနေပြောင်းလာသည်။ စောကြီး ကျွန်တော့်ကို ကဒ်ပြားလုပ်ခိုင်းသည့် အသင်းပင် ပါတီအဖြစ်ပြောင်းပြီး ရွေးကောက်ပွဲဝင်ကာ အစိုးရဖြစ်သွားသည်။ မိုဘိုင်းတင်းမ်တွေ ခေတ်စား ချိန်မှာတော့ ကျွန်တော်ခရီးတစ်ခုမှ အပြန် ဂိတ်တစ်ခုတွင် စောကြီး ကို တွေ့ရပြန်သည်။ ကားခဏနားရင်း ကျွန်တော် သူ့ကို သွားနှုတ်ဆက်ရင်း စကားပြောသည့်အခါမှ ပိုအံသြရပြန်၏။

“ငါ အခု ဒီဂိတ်မှာ ကျနေတာလေ”

“ဟင်…မင်းက ဘယ်တုန်းက ဝန်ထမ်းဖြစ်သွားတာလဲ”

“ဝန်ထမ်းမဟုတ်ဘူး..သတင်းထောက်ကွ..ငါက ဟိုမှုခင်းဂျာနယ် မှာ ဒီမြို့နယ်တာဝန်ခံသတင်းထောက်လေ ဟဲ..ဟဲ ဟဲ ဒီမှာ တွေ့လား..ကဒ်ပြား”

“မင်းအဘ ခေတ်ကောင်းနေတာပဲ…သူ့ဆီ မှာ မနေတော့ဘူးလား”

“သူ့က အကောင်ပိုကြီးသွားပြီ..အခုလည်း အဝင်အထွက်တော့ ရှိပါတယ်.. ငါက အခု သူထုတ်တဲ့ တို့မြို့နယ် နာမည် နဲ့ ဂျာနယ်မှာ အယ်ဒီတာချုပ်ရာထူးယူထားတယ်.သူသွားလာတဲ့ သတင်းတွေ ထည့်ပေးရတာ ပေါ့…ဘာပဲဖြစ်ဖြစ်.. မီဒီယာခေတ်လေကွာ..မီဒီယာသမားဖြစ်ထားတော့ အဝင်အထွက် ပိုလွယ်တာပေါ့ကွာ”

ထိုစဉ် မြဝတီဘက်မှ ဆင်းလာသော ကုန်ကားတစ်စီး ရောက်လာသဖြင့် ဂိတ်တာဝန်ကျဝန်ထမ်းများ ထိုကားထံ အပြေးအလွှားအုံသွားကြစဉ် စောကြီးလည်း ကျွန်တော့်ဘေးမှ ထွက်သွားတော့၏။ ရှစ်တန်းကို သုံးခါကျသဖြင့် ကျောင်းထွက်လိုက်ရသည့် စောကြီးပင် လိုကယ်ဂျာနယ်တွင် အယ်ဒီတာချုပ် ဖြစ်နေချေပြီ။

ထို့နောက်ပိုင်း စောကြီး နှင့် ထပ်မတွေ့တော့။ ရွေးကောက်ပွဲပြီးသဖြင့် စောကြီး၏ အဘ ပါတီပင် မဲရှုံး ခဲ့လေပြီ။ အခုတော့ စောကြီး နှင့် ကျွန်တော် ဆုံကြပြန်ပြီ။

“ဟေ့ရောင်..လာ..ကားပေါ်တက်..ဘီယာတိုက်မယ်”

စောကြီး အတင်းခေါ်သဖြင့် အဲယားကွန်းဖြင့် အေးစိမ့်နေသည့် သူ့ကားပေါ် ကျွန်တော် တက်လိုက်သည်။

“ဘီယာဆိုင်မသွားခင် မြေယာကိစ္စ ဝန်ကြီး နဲ့ တွေ့စရာရှိလို့ အစိုးရရုံး ခဏ ဝင်ဦးမယ်..မင်းကားထဲကပဲ စောင့်နေ..ပြီးရင် လစ်ကြတာပေါ့”

ဝန်ကြီးနှင့် သွားတွေ့မည်ဆိုသဖြင့် စောကြီးကို ကျွန်တော် ငေးရပြန်သည်။

“မှတ်ပုံတင်မပါရင် ဝင်ခွင့်မရပါဘူး..ဆရာ”

“ဟာ..မင်းတို့ ငါ ဘယ်သူလဲ မသိဘူးလား..ကားက တံဆိပ်ကိုလည်း ကြည့်ဦး”

ရုံးဂိတ်ပေါက်ဝမှ ဝန်ထမ်းလေးကို လေသံမာမာ ဖြင့် ပြောသည့်အခါမှ စောကြီး၏ ကားရှေ့မှန်တွင် ကပ်ထားသော တံဆိပ်ကို သတိပြုမိသည်။

ခွပ်ဒေါင်းတံဆိပ်ပါလား။

“လုံခြုံရေးအရ ညွှန်ကြားချက်ရှိလို့ပါ ဆရာ..ဝန်ကြီးကလည်း မှာထားလို့ပါ”

“မင်းတို့ ဝန်ကြီးကို ငါ ဖုန်းဆက်မယ်..အောင်နိုင်ရေးတုန်းက ပါတီအတွက် ငါ ဘယ်လိုအနစ်နာခံ လုပ်ပေးခဲ့ တယ်ဆိုတာ မင်းတို့သိလား..ငါဖေ့ဘွတ်ပေါ် တင်လိုက်ရင်တောင်..မင်းတို့ အားလုံး အလုပ်ပြုတ်သွား မယ်..အလကား မင်းတို့လို..ဝန်ထမ်းတွေ မကောင်းလို့ တိုင်းပြည်မကောင်းတာ..”

ဒီတခါတော့ ကျွန်တော် မနေနိုင်တော့။

“စောကြီး..တော်ပါတော့ကွာ..သူ့ ဌာနလာရင် သူ့စည်းကမ်း လိုက်နာမှပေါ့ကွ…လာလာ မှတ်ပုံတင် ပြန်ယူပြီးမှ ဝင်ကြတာပေါ့”

စောကြီးကား ခွပ်ဒေါင်းတံဆိပ်ကပ်ထားသော ကားကြီးကို မောင်းကာ တောက် တခတ်ခတ်။

ကျွန်တော် စပ်စုမိပြန်သည်။

“စောကြီး..မင်း အရင်က ဟိုပါတီက အဘတွေနဲ့ တွဲတာပါ..အခုကျ..ဘယ့်နှယ့် ဒီတံဆိပ်က”

“ဟိတ်ကောင်..စာရေးဆရာရဲ့..မင်းက စာသာရေးတာ ငတုံးပဲ…အခြေအနေတွေ ကြည့်လေ..ရွေးကောက်ပွဲမတိုင်ခင်လေးတင်ပဲ..ငါ ဒီဘက်ပါတီ ကို ဝန်းရံလိုက်တာလေ…အဝင်အထွက်တွေလေကွာ..အဝင်အထွက်..အဝင်အထွက်..ကဲ..ကဲ.. စိတ်တွေလန်းသွားအောင်..ဘီယာဆိုင်ဒိုးမယ်ကွာ”

“ငါ..ဘီယာဆိုင် မသွားတော့ဘူး..စောကြီး..ငယ်ငယ်က ငါတို့ မှုတ်ဆေးဗူးသွားဝယ်ကြတဲ့ ဦးနာသံ ဆိုင်ပဲ ပို့ခဲ့ ပေးတော့”

“ဟင်…မင်း..ကလည်း..ဘာဖြစ်တာလဲ..ချက်ချင်းကြီး”

ကျွန်တော် ခပ်ယဲ့ယဲ့သာ ပြုံးမိသည်။

မော်တော်ကားသည် အဲယားကွန်းလွှတ်ထားသော်လည်း မွန်းကြပ်လာ၏။

ကျွန်တော့် ဘေးတွင် ကားမောင်းနေသူမှာ ကျွန်တော့် သူငယ်ချင်း စောကြီး မဟုတ်။

ပုတ်သင်ညို ကြီး တစ်ကောင်သာ ဖြစ်သည်။

ကျွန်တော်သည် ပုတ်သင်ညိုကြီး တစ်ကောင် မောင်းသော ကားကို စီးနေရခြင်းသာ ဖြစ်သည်။

ရှေ့တွင် ဦးနာသံဆိုင်ရှိ၏။

သို့သော်ငြား ဦးနာသံဆိုင်တွင် တစ်နိုင်ငံလုံးမှ ပုတ်သင်ညိုများစွာကို မှုတ်ပေးဖို့ရာ ဆေးဗူး လုံလုံ လောက်လောက် မရှိမည်ကတော့ သေချာလှပါသည်။

ဗြိတိသျှကိုကိုမောင်