• Today is: Thursday, August 5, 2021

ပုဒ်မ ၄၃၅၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပြိုင်တူတွန်းနိုင်ရေး

Federal Journal
August21/ 2019

ပုဒ်မ ၄၃၅၊ အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပြိုင်တူတွန်းနိုင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းသည် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် သော့ချက်စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးစားပွဲဝိုင်းထက် ညှိနှိုင်းအဖြေရှာနိုင်ရန် သေရေးရှင်ရေးတမျှ အရေးကြီးသည့်ကိစ္စကြီး ဟုဆိုနိုင်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို ထိထိ ရောက်ရောက် ချဉ်းကပ်အဖြေရှာနိုင်မည့်နည်းလမ်းများ၊ လမ်းစများကိုအဆုံးအဖြတ်ပြုနိုင်မည့် ခေါင်းဆောင်များ အကြား ညှိနှိုင်း၊ ဆွေးနွေးရှာဖွေနိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ သို့မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး ကနဦးခြေလှမ်းများသည် အပြောသက်သက်၊ စကားလုံးသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြု ရုပ်လုံးပေါ်လာနိုင်မည်ဖြစ်သည်။

ဇာတ်လမ်းအစသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်)ပြင်ဆင်ရေး ကိစ္စကြီးပင်ဖြစ်သည်။ မည်သို့မည်ပုံပြင်ဆင်နိုင်မည်ကို ချဉ်းကပ်၊ စဉ်းစား၊ အဖြေရှာရင်း အကျပ်အတည်းသစ်များ၊ ပွတ် တိုက်မှုများ ရှေ့တန်းရောက်လာခဲ့သည်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက် များအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းက လက်မှတ်ရေးထိုး၊ ထောက်ခံပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်းကို အကြိမ်ကြိမ်အခါခါ တင်သွင်းနိုင်ခွင့်ရှိနေသည်ကို မျက်ခြေမ ပြတ်ရန် အရေးကြီးသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်နိုင်ဖို့ အပတ်တကုတ် အားထုတ်နေသည့်အားလျော်စွာ ပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်များ၊ ပုဒ်မများနှင့်ဟန်ချက်ညီမည့်ခြေလှမ်းများ လှမ်းနိုင်ဖို့က ပဓာနကျလိမ့်မည်ဟု တိုက်တွန်းပြောဆို သံများကိုလည်းကြားနေရသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ၂၀၁၉-ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၃၅ နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းလေ့လာ စိစစ် ရေးပူးပေါင်းကော်မတီ(လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ) နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ၇(ခ)၊ နည်းဥပဒေ ပုဒ်မ ၁၀၅(က)တို့နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ(ပြင်ဆင်ရေးပူးပေါင်းကော်မတီ)တို့ကို သီးခြားစီဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်လင့်ကစား ကော်မတီနှစ်ရပ်၏ဇာစ်မြစ်က ကွဲပြားခြားနားသည်။ လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၅ အား ကျောထောက်နောက်ခံပြုလျက် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်နှင့် အညီ ဖွဲ့စည်းခြင်းဖြစ်သည်။ ပြင်ဆင်ရေးပူးပေါင်းကော်မတီကိုမူ ပြည်ထောင်စုလွှတ် တော် ဆိုင်ရာဥပဒေပါပြဋ္ဌာန်းချက်နှင့် အညီ ဖွဲ့စည်းခြင်းဖြစ်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်က ကျောထောက် နောက်ခံပြုထားခြင်းမရှိဟု သုံးသပ်ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၃၅အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်ရန် လွှတ်တော်နှစ်ရပ်၏ ဥပဒေကြမ်း ကော်မတီနှစ်ရပ်ကို ကာလသတ်မှတ်ပြီး ပူးပေါင်းကော်မတီဖွဲ့စည်းရမည်ဖြစ်သည်။ ပုဒ်မ ‘၁၃၈’တွင်ပြင် ဆင်သည့် ဥပဒေမူ ကြမ်း၌ ပါရှိသော ပုဒ်မများပါကိစ္စရပ်များမှအပ အခြားမည်သည့်ကိစ္စကိုမျှ ထည့်သွင်းဆွေးနွေးခြင်း မပြုရဟုလည်း အတိအ လင်းဖော်ပြထားသည်။ သို့ဖြစ်၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီသည် ပြင်ဆင်ရန်ဥပဒေ မူကြမ်းကို အသေးစိတ်လေ့ လာစိစစ်ရမည်ဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်ရန်ဥပဒေမူကြမ်းပါ ပုဒ်မများ နှင့်ကိစ္စရပ်များကိုသာ လွှတ်တော်တွင် ဆွေးနွေးရမည်ဖြစ်သည်။ သို့မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းသည် ဟန်ချက်ညီညီ လိုက်လျောညီထွေ ရှေ့တိုးဖော်ဆောင်နိုင်ဖို့ အလေးသာမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် မေလ(၄)ရက်နေ့ ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသတ္တမနေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုး က လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို တင်ပြခဲ့သည်။ ကော်မတီ၏အစီရင်ခံစာကို မတ်လ (၅) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ တင်ပြခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၆၃)ဦးကအစီရင်ခံစာ အပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ ကြပြီးဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များကိုခြုံငုံသုံးသပ်ရာ ပူးပေါင်းပြင်ရေး နှင့် သီးခြားပြင်ရေး ကိစ္စနှစ်ရပ်တွေ့ရှိရကြောင်း ကော်မတီအတွင်းရေးမှူးကပြည်ထောင်စုလွှတ် တော်တွင် ရှင်းလင်း၊ တင်ပြခဲ့သည်။

ပထမကိစ္စသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်) ပြင်ဆင်ရေးပူးပေါင်း ကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလာသည့် အချိန် တွင် လွှတ်တော်နှစ်ရပ်စလုံးမှ ဥပဒေကြမ်းကော်မတီဝင်များအားလုံးပါဝင်ဖွဲ့စည်းထားသည့် ဥပဒေကြမ်း လေ့လာစိစစ်ရေး ကော်မတီက တစ်ပေါင်းတည်းလေ့လာစိစစ်ဆောင်ရွက်ရန်ဖြစ်သည်။ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ သီးခြားတင်သွင်းသည်ထက် ပြင်ဆင်ရေးပူးပေါင်းကော်မတီမှတစ်ဆင့် ဆက်လက်ဆောင်ရွက်နိုင်ရေး ဦးတည်သည့်လမ်းကြောင်းဖြစ်သည်။ ဒုတိယကိစ္စသည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော် တွင် ဆက်လက်ဆွေးနွေး၊ အ တည်ပြုဆောင်ရွက်သင့်ကြောင်း ဖြစ်သည်။

ဒုတိယကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေး၊ ဆုံးဖြတ်အတည် ပြုသင့် ကြောင်း တင်ပြခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရန် အကိုးအကားပြု၊ တင်ပြခဲ့သည်ကို မတွေ့ရှိရပေ။ အကယ်စင်စစ် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၅ နှင့်အညီ ဆောင်ရွက်နိုင်ရေး ထိန်းကျောင်း၊ တည့်မတ်၊ ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် သည်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်နာယကသည်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ သည်လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ ပါပြဋ္ဌာန်း ချက်များ နှင့်အညီ ဆောင် ရွက်ရန်ပျက်ကွက်ပါက၊ ဆောင်ရွက်ခြင်းမရှိဟုယူဆပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် ကြားဝင်ထိန်း ကျောင်းတည့်မတ်ရမည့်ဖက်သို့ ဦးတည်သွားရမည်ဖြစ်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် ပြင်ဆင်ရန် ဥပဒေမူကြမ်းကို မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ လက်ခံဆွေးနွေးနိုင်ခြင်းမရှိပါက၊ လက်ခံဆွေးနွေး ရန် အဟန့်အ တားဖြစ်စေပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၅ နှင့်အညီဆောင်ရွက်ရန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို ပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ လွှတ်တော်တွင်းမှဖော်ဆောင်ရာ တွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ ပုဒ်မ ၄၃၅ နှင့်ညီညွှတ်ရန်၊ ကိုက်ညီရန် မဖြစ်မနေလိုအပ်မည်ဖြစ်သည်မှာ ငြင်းမရသော အချက်ပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်)ပြင်ဆင်ရေးပူးပေါင်းကော်မတီ၏စိစစ် တွေ့ ရှိချက်အရ  “ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေမှာရော၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ပြဋ္ဌာန်းချက်တွေ မှာရော ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေမူကြမ်းနဲ့စပ်လျဉ်းပြီးတော့ ပြဋ္ဌာန်း ဖော်ပြထားတဲ့အခါမှာ ဒီလိုမျိုးပြင် ဆင်တဲ့လုပ်ငန်းစဉ်နှစ်ရပ်အပြိုင်တင်သွင်းလာတဲ့အခါမှာ သီးခြားဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိတဲ့ အတွက်ကြောင့်မို့လို့ လွှတ်တော်၏အဆုံးအဖြတ်ကိုသာရယူ ဆောင်ရွက်ရန်” သာရှိပါကြောင်း တင်ပြခဲ့သည်။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာနည်းဥပဒေအတိုင်းဆောင်ရွက်ရာမှာ ကြုံတွေ့နေရ သည့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ပြည် ထောင်စုလွှတ်တော်နာယကကြီးက လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာအစီရင်ခံတင်ပြပါကြောင်း ပြင်ဆင်ရေးပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။

ပြင်ဆင်ရေးလုပ်ငန်းစဉ်နှစ်ရပ်အပြိုင်တင်သွင်းလာသည်ဟုသတ်မှတ်နိုင်ခြင်းရှိ၊ မရှိ ကြားနာရမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ပြင်ဆင်ခြင်းအခန်း ပုဒ်မ ၄၃၅ ပါပြဋ္ဌာန်းချက်အရဆန်းစစ်မည်ဆိုလျှင် ပြင်ဆင်ရေးလုပ်ငန်းစဉ် နှစ်ရပ် အပြိုင်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သီးခြားဆောင်ရွက်ရန်လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်ဖြစ် ပြီး၊ ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော်၏အဆုံးအဖြတ်ကို ရယူရမည်ဖြစ်သည်။ သို့ပါသော ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်နှစ်ရပ်အပြိုင်တင်သွင်းလာသည့်အပေါ် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်း အား ပုဒ်မ ၄၃၅ နှင့်အညီ ပြည် ထောင်စုလွှတ်တော်၌ ဆွေးနွေးနိုင်ခြင်းမရှိအောင် ဆောင်ရွက်ခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွှတ်ဟုသုံးသပ် မှုများရှိနေပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက် များအရ အငြင်းပွားဖွယ်၊ ရှုပ်ထွေးလာနိုင်သည်နှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများလည်းရှိနေသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ အရ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်မှာ ပြောင်းလဲမရ၊ ဆိုင်းငံ့မရ၊ ဖုံးကွယ်မရသည့် ပကတိအရှိတရားပင် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက်နှင့်အညီ ဖော်ဆောင်မည့် လုပ်ငန်းစဉ်သည် ပြည် ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခဲ့သည့်ကော်မတီက ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် အပြိုင်ဖြစ်စရာအကြောင်း လုံးဝ မရှိနိုင်ဟု မှတ်ချက်ပြုသံများကလည်း ငြင်းဆန်၊ ပယ်ချဖို့ခဲယဉ်းမည်ဖြစ်သည်။ သို့ဖြစ်၍ အပြိုင်လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ပြီး၊ သီးခြားဆောင်ရွက်ရန်လုပ်ငန်းစဉ်များဖော်ပြထားခြင်းမရှိဟု အကြောင်းပြလျက် လွှတ်တော်၏အဆုံးအဖြတ်ရယူဆောင်ရွက်ခဲ့ခြင်းသည် ကြောင်းကျိုးဆီလျော်မှုမရှိဟု ထပ်မံဆန်းစစ်သုံးသပ်ရဖွယ် အခင်း အကျင်းထဲတွင် ပိတ်မိနေဆဲဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းသည် မှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများအရဖြစ်ပြီး၊ ပြင်ဆင်ချက်ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ် တော်က လက်ခံဆွေးနွေးရမည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅ အရ ဖြစ်သည်ကို ခွဲခြားရှုမြင်နိုင်ရန် အရေးကြီးသည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး၊ ပြင်ဆင်ရေးပူးပေါင်းကော်မတီကတင်သွင်းမည့် ဥပဒေမူကြမ်းမှာ တစ်ပေါင်းတည်းထည့်သွင်းဖို့ အဆုံးအဖြတ်ပြုခဲ့ခြင်းသည် ပုဒ်မ ၄၃၅ နှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းပင်ဖြစ် သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏သဘောထား မှတ်ချက် နှင့် ဆုံးဖြတ်ချက် ရယူနိုင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ % အနေဖြင့် ခုံရုံးသို့ တင်သွင်းခွင့်ရှိသဖြင့် ခုံရုံးသို့တင်သွင်း၊ အဆုံးအဖြတ်ရယူလာနိုင်ဖွယ်လည်းရှိနေမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် လွတ်လွတ်လပ်လပ်ကြားနာ၊ စစ်ဆေး၊ ဆန်းစစ်၊ ဆင်ခြင်သုံးသပ်ပြီး၊ တရားမျှတ သောဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လာ နိုင်မည်ဆိုလျှင် ခုံရုံး၏အခန်းကဏ္ဍသည် ပိုမိုရှေ့တန်းရောက်လာမည့်အပြင် ဒီမိုကရေစီရှေ့ခရီးအတွက်လည်း ပိုမိုအား ကောင်းမောင်းသန်သည့်အုတ်မြစ်တစ်ခု၊ လှေကားထစ်တစ်ထစ်ဖြစ်လာ နိုင်ဖွယ်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈-ခုနှစ်) အကျပ်အတည်းကနေဖောက် ထွက်နိုင်ဖို့ အရေးတကြီးလိုအပ်နေသည်မှာ ငြင်းဆန်မရသောအချက်ပင်ဖြစ်သည်။ အကျပ်အတည်းမှ ဖောက်ထွက် နိုင်ရေး၊ ရုန်းထွက်နိုင်ရေးဟုဆိုလျှင် နိုင်ငံရေးစားပွဲဝိုင်းထက် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ရေး၊ အထူးသဖြင့် အဆုံးအဖြတ် ပေးနိုင်မည့် ထိပ်သီးခေါင်းဆောင်များအကြား ပွင့်ပွင့်လင်းလင်း ညှိနှိုင်းအဖြေရှာနိုင်ရေးက ဗျူဟာမြောက်သော့ချက် ကျမည်ဖြစ်သည်။ ရှဥ့်လည်းလျှောက်သာပျားလည်းစွဲသာဖြစ်ပြီး၊ အကျိုးမျှတ၊ တရားမျှတဖြစ်မည့်လမ်းကြောင်းကို ဖော်ဆောင်နိုင်ရေး ဦး တည်သည့် နိုင်ငံရေးသဘောတူညီချက်၊ လမ်းပြမြေပုံ၊ လုပ်ငန်းစဉ်၊ နည်းနာဗျူဟာတို့က ညှိနှိုင်းဆွေးနွေးချမှတ်နိုင်ဖို့ ရည်မှန်းချက်ထားရှိရမည်ဖြစ်သည်။ သဘောတူညီချက်များ၊ လမ်းပြမြေပုံ နှင့် အချိန် ဇယားတို့ အားနည်းချိနဲ့နေမည်ဆိုလျှင် လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ထိရောက်အသက်ဝင်ရေးက ပိုမိုကြန့်ကြာနေဦး မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းနှင့်ဆက်စပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲ ရေးလမ်းကြောင်းနှစ်ရပ် အားပြိုင်ခဲ့စဉ်ကတည်းက ပြင်ဖို့၊ အသစ်ရေးဖို့မစဉ်းစား၊ မဆုံးဖြတ်မီ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြန်လည်ကျင်းပ၍ မဲပေးပိုင်ခွင့်ရှိသူပြည်သူလူထု၏ထောက်ခံမှုရာခိုင်နှုန်းအား ပြန်လည် ဆန်းစစ်၊ အတည်ပြုသင့်ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ရယူ၍ ခေါ်ယူ ကျင်းပသင့်ကြောင်း၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးသူထက်ဝက်ကျော်၏ထောက်ခံမှုကိုမရရှိပါက ဖွဲ့စည်းပုံအခြေခံဥ ပဒေသစ်တစ်ရပ်ရေးဆွဲနိုင်ရေး နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ဖက် ခေါင်းဆောင်များနှင့် ပညာရှင်များအကြား ညှိနှိုင်းဆွေးနွေးပြင်ဆင်သင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းမရှိသေး မီကာလအထိ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ဆက်သွားသင့်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးအတွက်ဆိုလျှင် နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ စစ်ဖက်ခေါင်း ဆောင်များ၊ ပညာရှင်များအနေဖြင့် ယုံကြည်မှုရှိရှိ၊ နားလည်မှုရှိရှိ၊ အမြော်အမြင်ရှိရှိပြိုင်တူတွန်းနိုင်ရန် ပဓာန ကျပါကြောင်း အကြိမ်ကြိမ်အခါခါ ဆွေးနွေးတင်ပြခဲ့ သည်ကို ပြန်လည်အမှတ်ရမိသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဒုတိယ အကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၅ နှင့်အညီ ဆက် လက်ဆောင်ရွက်နိုင်ရေးပြည်ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့်ပြန်လည်ဆင်ခြင်သုံးသပ်၊ တည့်မတ်ထိန်းကျောင်းသင့်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်သည့်ဥပဒေမူကြမ်းရေးဆွဲတင်သွင်းနိုင် ရေးကိုတပြိုင်နက်၊ အစောတလျင် ဆောင်ရွက်သင့်ပါကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းအပါအ၀င် ဒီမို ကရေစီပြုပြင်ပြောင်းလဲရေးစိန်ခေါ်ချက်များကို စောလျင်စွာကုစား၊ ကျော်ဖြတ်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော် နှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များအကြား ရေရှည်အမြင်ရှိရှိ စဉ်ဆက်မပြတ် အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးမှုများ၊ အပေးအယူလုပ်မှုများ၊ ယုံကြည်မှုတည်ဆောက်မှုများကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး မဖြစ်မနေရှေးရှုသင့်ပါကြောင်း တိုက်တွန်းဆော်သြလိုက်ရပါသည်။

 

ဒေါက်တာရန်မျိုးသိမ်း

၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်