• Today is: Monday, August 8, 2022

✥ဖက်ဒရယ်ဆိုင်ရာဆွေးနွေးမှု စာစဉ်✥

⦾ဖက်ဒရယ်စနစ်တွင် တာဝန်ခံမှုအပြည့်အဝရှိသော ပြည်နယ်အစိုးရ⦾
ဖက်ဒရယ်စနစ်သည် ပြည်ထောင်စုနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား ကဏ္ဍ အလိုက် လုပ်ပိုင်ခွင့်အာဏာများကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ခွဲဝေအုပ်ချုပ်ရသော စနစ် ဖြစ်သည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအနေဖြင့် ရရှိထားသော လုပ်ပိုင်ခွင့်အာဏာများ ကို အပြည့်အဝ ကျင့်သုံးနိုင်မှသာ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်သည်။ ထိုသို့ လုပ်ပိုင်ခွင့်အာဏာများ ကို အပြည့်အဝကျင့်သုံးနိုင်ရန်အတွက် နိုင်ငံရေးမဏ္ဍိုင်များဖြစ်ကြသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးတို့အပြင် စီမံခန့်ခွဲပိုင်ခွင့်များကို အပြည့်အဝ ပိုင်ဆိုင်ကျင့်သုံးရန် လိုအပ်သည်။
ဥပမာ – ပညာရေးကဏ္ဍကို ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာအဖြစ် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ထားသည်ဆိုပါစို့။ သို့ရာတွင် မဏ္ဍိုင်(၄)ရပ်ထဲမှ တရားစီရင်ရေးကိုသာ ပြည်နယ်များက ကျင့်သုံးပိုင်ခွင့်ရှိလျှင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းမည်။ ထိုဥပဒေများကို ပြည်ထောင်စုအစိုးရက အကောင်အထည်ဖော်မည်။ ပြည်ထောင်စုအစိုးရ၏ အထွေထွေအုပ်ချုပ်ရေးဌာနမှ စီမံခန့်ခွဲမည်။ ပြည်နယ်များအနေဖြင့် အဆိုပါအကောင်အထည် ဖော်ဆောင်မှုများထဲမှ တက်လာသော အမှုများကိုသာ တရားစီရင်ပိုင်ခွင့်ရှိမည်။ ထိုသို့တရားစီရင် ရာတွင်လည်း ပြည်ထောင်စုက ပြဌာန်းထားသော ဥပဒေနှင့်အညီသာ လုပ်ဆောင်ပိုင်ခွင့်ရှိမည် ဖြစ်သောကြောင့် အင်မတန်မှ လုပ်ပိုင်ခွင့်မရှိသော၊ အားနည်းသော ပြည်နယ်အစိုးရသာဖြစ်ပေမည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်များ၏ ကဏ္ဍအလိုက်လုပ်ပိုင်ခွင့်အာဏာများကို သတ်မှတ်ထားသော်လည်း နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်တွင် ဥပဒေပြုရေးအာဏာသာရှိသည်။ ပြည်နယ်အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်ကို သမ္မတမှ ခန့်အပ်သည်။ ပြည်ထောင်စု၏ တရားစီရင် ရေးအောက်တွင် ပြည်နယ်တရားသူကြီးများနှင့် ပြည်နယ်တရားရုံးများကို ထားရှိသည်။ စီမံခန့်ခွဲရေးတွက် အထွေထွေအုပ်ချုပ်ရေးကို ပြည်ထောင်စုအစိုးရ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ထားရှိသည်။ စစ်မှန်သောဖက်ဒရယ်စနစ်တွင်မူ ပြည်နယ်အစိုးရများသည် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံးကို ပိုင်ဆိုင် ကြသည်။ ဆိုလိုသည်မှာ ပြည်နယ်အစိုးရများသည် ပြည်နယ်သူပြည်နယ်သားများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိကြသည်။
အဘယ့်ကြောင့် ပြည်နယ်များတွင် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံး ရှိဖို့ လိုအပ်သလဲ
ဥပဒေပြုရေးမဏ္ဍိုင် –
ဖက်ဒရယ်စနစ်တွင် ပြည်နယ်များအနေဖြင့် ကဏ္ဍအလိုက်ခွဲဝေထားသော အာဏာများကို ဥပဒေပြုပိုင်ခွင့် ရှိရန်လိုအပ်သည်။ ယဉ်ကျေးဆိုင်ရာ မတူကွဲပြားမှုများကို အကာအကွယ်ပေးနိုင်ရန်၊ ပြည်ထောင်စုအစိုးရ၏ အာဏာစက်ကို ထိန်းညှိရန်၊ ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကိုယ်စားပြုပါဝင်မှုကို မြှင့်တင်ရန်၊ ဒေသခံပြည်သူများ၏ အသိပညာများကို အသုံးပြုနိုင်ရန်နှင့် မူဝါဒ၊ လုပ်ငန်းစဉ်များကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်နယ်ဥပဒေပြုရေး လွှတ်တော်များမှ ဥပဒေပြုပိုင်ခွင့်အာဏာ အပြည့်အဝရှိရန်လိုအပ်သည်။
အုပ်ချုပ်ရေးမဏ္ဍိုင် –
ပြည်နယ်အစိုးရများအနေဖြင့် အုပ်ချုပ်ရေးအာဏာရှိရန်လိုအပ်ပြီး ပြည်နယ်၏ အုပ်ချုပ်ရေး အကြီးအကဲ (ဝါ) ပြည်နယ်ဝန်ချုပ်ကြီးချုပ်ကို ၎င်းပြည်နယ်အတွင်းနေထိုင်သော ပြည်သူများ ကိုယ်တိုင် ရွေးချယ် နိုင်ခွင့်သည် အင်မတန်မှ အရေးပါသောအချက်ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာလျှင် ပြည်နယ်လွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သောဥပဒေများကို ပြည်နယ်ဝန်ကြီးချုပ်က အကောင်အထည်ဖော်ရာ တွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ပြည်နယ်အကြီးအကဲသည် ပြည်ထောင်စုအစိုးရက ခန့်အပ်ထားသူဖြစ်လျှင် ပြည်နယ်လွှတ်တော်ကအတည်ပြုလိုက်သော ဥပဒများတွင် ပြည်ထောင်စုအစိုးရက မနှစ်သက်သော ဥပဒေများရှိပါက အကောင်အထည်ဖော်ခြင်း မပြုပဲ လျစ်လျှူရှုခြင်းများ ရှိလာနိုင်ပါသည်။ ဆိုလိုသည်မှာ ပြည်နယ်အကြီးအကဲသည် သူ့ကိုခန့်အပ်သော ပြည်ထောင်စုအစိုးရကိုသာ တာဝန်ခံသောကြောင့် ဖြစ်သည်။
တစ်ဖက်တွင် ပြည်ထောင်စုအစိုးရကခန့်အပ်လိုက်သော ပြည်နယ်အကြီးအကဲအနေဖြင့် ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သောဥပဒများကို လက်တွေ့အကောင်အထည်ဖော်လို သော်လည်း ပြည်ထောင်စုအစိုးရကို တာဝန်ခံနေရသောကြောင့် အခက်တွေ့နိုင်သည်။
ပြည်နယ်လွှတ်တော်မှရေးဆွဲသော ဥပဒေများ၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို နားလည် သဘောပေါက်ရန် ပြည်နယ်လွှတ်တော်၏ ရည်ရွယ်ချက်ကို သိရှိရန်လိုအပ်သည်။ ထိုသို့သိရှိနိုင်ရန် ဒေသန္တရယဉ်ကျေးမှုများနှင့် စံတန်ဖိုးများကို နားလည်ရန်လိုအပ်ပြီး ပြည်နယ်အုပ်ချုပ်ရေး အကြီးအကဲ အနေဖြင့် ဒေသခံလူထုများနှင့် ကောင်းမွန်သော ချိတ်ဆက်မှုရှိရန် လိုအပ်သည်။ ဥပမာ – တူမီးသေနတ်ကို တချို့ဒေသများတွင်မူ အန္တရာယ်ပြုစေနိုင်သောလက်နက်အဖြစ် ရှုမြင်သော်လည်း ချင်းပြည်နယ်တွင်မူ ဒေသခံများအတွက် အမဲလိုက်ရာတွင်အသုံးပြုသည့် နေ့စဉ်လူနေမှုဘဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
သမ္မတစနစ်တွင် ပြည်နယ်အုပ်ချုပ်ရေးအကြီးအကဲကို ပြည်နယ်သူပြည်နယ်သားများက တိုက်ရိုက် ရွေးချယ်တင်မြှောက်ကြသည်။ ထို့ကြောင့် ပြည်နယ်အုပ်ချုပ်ရေးအကြီးအကဲသည် ပြည်နယ်သူ ပြည်နယ်သားများကို တိုက်ရိုက်တာဝန်ခံပါသည်။ ပါလီမန်စနစ်တွင်မူ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ခန့်အပ်ထားသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူလူထုကို ပြည်နယ်လွှတ်တော်မှတဆင့် သွယ်ဝိုက်နည်းဖြင့်တာဝန်ခံသည်။ ပြည်နယ်ဝန်ကြီးချုပ် ရွေးချယ် ခန့်အပ်ခြင်းနှင့် ဖြုတ်ချခြင်းကို ပြည်နယ်လွှတ်တော်က ဆောင်ရွက်ရသည်။ တစ်ဖက်တွင်လည်း ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ကို ဖျက်သိမ်းနိုင်သည်။ အများစုက ပါလီမန်စနစ်ကို ပိုမိုနှစ်သက် ကြသည်။ အကြောင်းမှာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်တို့သည် အပြန်အလှန် ထိန်းညှိခြင်းဖြင့် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုအာဏာအကြားအငြင်းပွါးမှုကို လျော့နည်း စေသောကြောင့်ဖြစ်သည်။
တရားစီရင်ရေးမဏ္ဍိုင် –
ဥပဒေကို ရှုထောင့် နှစ်ခုဖြင့် ကြည့်နိုင်သည်။ တစ်ခုမှာ ဥပဒေကို ဓမ္မဓိဌာန်ကျသော သိပ္ပံဘာသာရပ် (Law as an Objective Science) အဖြစ် ရှုမြင်ခြင်းဖြစ်သည်။ ဥပဒေကို ဓမ္မဓိဌာန်ကျသော သိပ္ပံဘာသာရပ် ရှုထောင့်မှကြည့်လျှင် ကောင်းမွန်စွာသင်ကြားလေ့ကျင့်ထားသော ဥပဒေပညာရှင် များက ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေနှစ်ရပ်စလုံးကို တူညီစွာအနက်အဓိပ္ပါယ် ပြန်နိုင် သောကြောင့် တချို့သောဖက်ဒရယ်နိုင်ငံများတွင် ပြည်ထောင်စုနှင့် ပြည်နယ်ဥပဒေနှစ်ရပ်လုံးကို ကိုင်တွယ်ရန် တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်ထောင်စုအစိုးရတွင်သာ ထားရှိကြသည်။ အခြားတစ်ခုမှာ အစိုးရက ပြည်သူများ၏လူနေမှုဘဝသာယာဝပြောအောင် ဖန်တီးနိုင်ရန်အတွက် ဥပဒေကိုအသုံး ပြုခြင်း (Law as a Social Engineering) ဟူသော ရှုထောင့်ဖြစ်သည်။ လူနေမှု ဘဝသာယာရေးဟု ဆိုရာတွင် ဒေသတစ်ခုနှင့် အခြားဒေသတစ်ခုတွင် သီးခြားစံသတ်မှတ်ထားချက် များ၊ တန်ဖိုးများနှင့် သဘောထားအမြင်များရှိသည်။
ပြည်နယ်တစ်ခုနှင့် အခြားပြည်နယ်တစ်ခုတွင် စံတန်ဖိုးများအပေါ် မတူညီသော အမြင်အမျိုးမျိုး ရှိကြမည်ဖြစ်သည်။ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းခြင်းကို ဦးစားပေးမည်လော၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးမည်လော။ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးမည်လော၊ လူတစ်ဦးစီတိုင်း၏ အခွင့်အရေးကို ဦးစားပေးမည်လော။ လူ့ကိုယ်ကျင့်တရားကို ဦးစားပေးမည်လော၊ လူတိုင်း၏ သီးသန့်ဘဝဖြစ်တည်မှုကို အကာအကွယ်ပေးမည်လော။ မတူကွဲပြားမှုကို ဦးစားပေးမည်လော၊ ညီညွတ်ရေးကို ဦးစားပေးမည်လော။
အကယ်၍ ပြည်နယ်တရားစီရေးမဏ္ဍိုင်ရှိ တရားသူကြီးများကို ပြည်ထောင်စုအစိုးရက ခန့်အပ်မည် ဆိုပါက ပြည်ထောင်စုအစိုးရကရှုမြင်သည့် စံတန်ဖိုးများနှင့်အညီသာ တရားစီရင်သွားမည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ရေးကဏ္ဍတွင် ဒေသခံလူထုများ၏ ဓလေ့ထုံးထမ်းနှင့်အညီ စီရင်ဆောင်ရွက် နိုင်ရေးအတွက် ဒေသန္တရဗဟုသုတများ သိရှိနားလည်သော တရားသူကြီးများကို ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသည့် ပြည်နယ်အစိုးရက ရွေးချယ်ခန့်အပ်ထားရန် လိုအပ်သည်။
စီမံခန့်ခွဲရေးမဏ္ဍိုင် –
စီမံခန့်ခွဲရေးကဏ္ဍတွင် စီမံခန့်ခွဲမှုသည် အုပ်ချုပ်ရေး၏ အစိတ်ပိုင်းဖြစ်သည်ဟူသော အမြင်နှင့် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကို သီးခြားစီထားသင့်သည်ဆိုသော မတူညီသည့်အမြင် နှစ်မျိုးရှိသည်။ စီမံခန့်ခွဲရေးဆိုင်ရာမူဝါဒချမှတ်ရေးတွင် အုပ်ချုပ်ရေး၏ နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် သဟဇာတ ဖြစ်နိုင်ရန်အတွက် ပြည်နယ်စီမံခန့်ခွဲရေးဌာန အကြီးအကဲများကို ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ် တာဝန်ပေးရန် လိုအပ်သည်။ သို့သော်လည်း ဝန်ထမ်းများသည် နိုင်ငံရေးဘက်လိုက်မှု ကင်းစင်သော ပြည်သူ့ဝန်ထမ်းများဖြစ်ရန် လိုအပ်သည်။ ဆိုလို သည်မှာ ဝန်ထမ်းများအနေဖြင့် ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင်ခွဲခြားမှု မပြုပဲ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပြည်သူ့ဝန်ကို ထမ်းဆောင်ပေးရန်ဖြစ်သည်။ ထိုသို့ထမ်းဆောင်ရာတွင် ဥပဒေပြုတစ်ခု၏ စံတန်ဖိုး၊ သဘောသဘာဝ၊ နိုင်ငံရေးအမြင်များကို နားလည်သဘောပေါက်မှသာလျှင် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများသည် လွှတ်တော်၏လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံရေးအစွဲမပါပဲ လွှတ်တော်၏ နိုင်ငံရေးဦးတည်ချက်များကို နိုင်ငံရေးဘက်လိုက်မှုကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်လိုအပ်သည်သာမက တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ၏ သဘောထားများ ကိုလည်း နားလည်ရန်လိုအပ်သည်။
ဂျာမန်ပုံစံ
တချို့သောဖက်ဒရယ်နိုင်ငံ(ဂျာမဏီ၊ အိန္ဒိယ၊ မလေးရှား၊ ဆွစ်ဇာလန်၊ ဩစတြီးယား) များတွင် ပြည်နယ်စီမံကိန်းများအပြင် ပြည်ထောင် စု စီမံကိန်းများကိုလည်း ပြည်နယ်ကသာ အကောင်အထည် ဖော်ပြီး ပြည်ထောင်စုအစိုးရတွင် စီမံခန့်ခွဲရေးအာဏာမရှိပေ။ ပြည်နယ်များက ပြည်ထောင်စု အစိုးရ၏ ချုပ်ကိုင်မှုနည်းစွာဖြင့် စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအနေ ဖြင့် မူဝါဒရေးရာ ဥပဒေမူဘောင်ကိုသာ ချမှတ်ပေးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ
– ပြည်နယ်အစိုးရများတွင် နိုင်ငံရေးမဏ္ဍိုင် (၄) ရပ်စလုံးမရှိပါ။
– လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၇၅) ရာခိုင်နှုန်းကိုသာ ပြည်နယ်သူပြည်နယ်သား များက ရွေးကောက်တင်မြှောက်နိုင်သည်။
– ကျန်ရှိသည့် ၂၅ ရာခိုင်နှုန်းကို ကာကွယ်ရေးဦးစီးချုပ်ကသာခန့်အပ်သည်။
– ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်သည်။
– ပြည်နယ်တရားသူကြီးများကိုလည်း သမ္မတကသာ ခန့်အပ်ပြီး
– ပြည်နယ်စီမံကိန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်အတုအယောင်ဖြစ်ပြီး ပြည်နယ်များကို တချို့သော ကဏ္ဍအလိုက် အနည်းငယ် လုပ်ပိုင်ခွင့်ပြုထားသော်လည်း မဏ္ဍိုင်ကြီး(၄)ရပ်တွင် ဥပဒေပြုရေးအာဏာ တစ်စိတ်တစ်ပိုင်းသာရှိသည်။
ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရာတွင် စစ်မှန်သော ဖက်ဒရယ် စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် ပြည်နယ်များအနေဖြင့် ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာ များ ရှိရမည့်အပြင် ထိုကဏ္ဍများကို မဏ္ဍိုင် (၄) ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စီမံခန်ခွဲပိုင်ခွင့် အပြည့်အဝဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလိုအပ် မည်ဖြစ်ပါသည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖွဲ့စည်းပုံအခြေခံဥပဒေ၏အခန်းကဏ္ဍ
ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းတွင် ယေဘုယျအားဖြင့် ဝိသေသလက္ခဏာ (၅) ခုရှိသည်။ ၎င်းတို့မှာ အစိုးရဖွဲ့စည်းမှုပုံစံကို ဖန်တီးခြင်း၊ အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ချက်ထားရှိခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန်ခက်ခဲခြင်း၊ အခြားသောဥပဒေများ၏ အထက်တွင် ရှိခြင်း၊ ပြည်သူလူထု၏ သဘောတူညီချက်များနှင့် ဆန္ဒကိုဖော်ပြခြင်း စသည်တို့ ဖြစ်ကြသည်။
တစ်နည်းအားဖြင့် ပြည်သူလူထုသည် အစိုးရဖွဲ့စည်းခြင်း၊ ယင်းအစိုးရ၏ လုပ်ပိုင်ခွင့်များ ကန့်သတ်ပေးခြင်းနှင့် လူထု၏ဆန္ဒနှင့် သဘော တူညီချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ချုပ်ကိုင်သည်ဖြစ်သောကြောင့် မိမိတို့ပြည်နယ်အတွင်းကျင့်သုံးမည့် ပြည်နယ်ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ပြည်နယ်လူထုများကိုယ်တိုင်ရေးဆွဲခွင့်သည် လွန်စွာအရေးပါသော အချက်ဖြစ်သည်။
အထက်ဖော်ပြ ပါ အချက်များသည် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ရပ်လုံးအတွက် အကျုံး ဝင်သည်။ ကွာခြားချက်အနေဖြင့် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်းပြည်နယ်နယ်နိမိတ်အတွင်း ကဏ္ဍအလိုက်သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်အာဏာများကိုကျင့်သုံးကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်မည့် ပြည်နယ် အစိုးရကို ဖွဲ့စည်းခြင်းဖြစ်ပြီး ပြည်ထောင်စုဖွဲစည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုနယ်နိမိတ် အတွင်း ကဏ္ဍအလိုက်သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်အာဏာများကို ကျင့်သုံးကာ လုပ်ငန်းများ အကောင်အထည်ဖော်မည့် ပြည်ထောင်အစိုးရကိုဖွဲ့စည်းခြင်းဖြစ်သည်။
ဖက်ဒရယ်စနစ်တွင် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရထက် တစ်ဆင့်နိမ့် ဖွဲ့စည်းထားသော အစိုးရမဟုတ်ပါ။ မိမိပြည်နယ် နယ်နိမိတ်အတွင်း ပြည်ထောင်စုအစိုးရနှင့် တန်းတူ ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိပြီး လွတ်လပ်စွာအာဏာကျင့်သုံးခွင့်ရှိသည့် အစိုးရ ဖြစ်သည်။
လူထုအနေဖြင့် မိမိတို့အစိုးရကို ဖွဲ့စည်းရမည့်အပြင် မိမိတို့က လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားသောအစိုးရအနေဖြင့် အာဏာအလွဲ သုံးစားမှုများမပြုလုပ်ရန် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအားဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အာဏာကိုလူတစ်စုကသာ ချုပ်ကိုင်ခြင်းမျိုးမဖြစ်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုလွယ် ပြင်လွယ်မဟုတ်ဘဲ ခိုင်မာစွာရေးဆွဲရန် လိုအပ်သည်။ ထို့အပြင် အစိုးရ၏လုပ်ပိုင်ခွင့် အာဏာပိုင်းခြား သတ်မှတ်ထားခြင်းနှင့် အစိုးရ၏ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်ခြင်းနှင့် ထိန်းညှိခြင်း ဖြစ်စဉ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးတွင် အရေးပါသောအချက်များဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပုံမှန်အားဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစား ရန် လိုအပ်သည်။
• အစိုးရဖွဲ့စည်းမှုပုံစံတွင် သမ္မတစနစ်လား ပါလီမန်စနစ်လား၊ အချိုးကျကိုယ်စားပြုရွေး ကောက်မှုပုံစံလား၊ နိုင်သူအကုန်ယူရွေကောက်မှုပုံစံလား စသည်ဖြင့်ရွေးချယ်စရာများစွာကို ထည့်သွင်း စဥ်းစားသင့်ပါသည်။
• ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့်ဖွဲစည်းပုံအခြေခံဥပဒေမရှိသော်လည်း မိမိတို့ပြည်နယ်နှင့် အသင့်တော်ဆုံးသောဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ရန်လိုအပ်သည်။
• ဖွဲ့စည်းပုံဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဥ်းစားသင့်သည့်အချက်များသည် နိုင်ငံအလိုက် ကွာခြားနိုင်သော်လည်း အခြေခံအချက်များတွင် တူညီမှုရှိသည်။
• မိမိတို့အာဏာအပ်နှင်းထားသောအစိုးရကို စိတ်မချနိုင်သောကဏ္ဍများရှိပါက စီမံလုပ်ပိုင်ခွင့်ရေးရာတွင် ထိုသူတို့၏ခြယ်လှယ်မှုမခံရအောင် ထိုကဏ္ဍပါအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲခြင်းမပြုသင့်ပါ။
• သမားရိုးကျမဟုတ်သော ကဏ္ဍများကိုလည်း ဥပဒေပြုရေးမဏ္ဍိုင်လွှတ်တော်တွင် အလျဥ်းသင့်သလို ဆွေးနွေးနိုင်ရန်အတွက် ဖယ်ထားသင့်ပါသည်။
အထက်ပါအချက်များသည် အဖြေထုတ်ရန်မဟုတ်ပဲ ဥပဒေရေးဆွဲရာတွင် ထည့်သွင်းစဉ်းစား သင့်သည်အချက်များကို ဖော်ထုတ်ပေးခြင်းသာဖြစ်ပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြားမှုများရှိနိုင်သည်။
ကမ္ဘာတစ်ဝှမ်းရှိ ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများ၏ ပြည်နယ်တိုင်းတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရှိကြသော်လည်း ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသော နိုင်ငံများလည်း ရှိသည်။ သို့ရာတွင် ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံအများစုတွင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိကြသည်။ (အာဂျင်တီးနား၊ ဩစတေးလျ၊ ဩစထြီးထား၊ ဘရာဇီး၊ ကနေဒါ၊ ရုရှား၊ ဂျာမဏီ၊ မလေးရှား၊ မက္ကဆီကို၊ ဆွစ်ဇာလန်နှင့် အမေရိကန်ပြည်ထောင်စု)
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေအားဖြင့် လူထုကိုအကျိုးပြုနိုင်ရန်ဟူသော လုပ်ငန်းလည်ပတ်မှုဆိုင်ရည်ရွယ်ချက်နှင့် နိုင်ငံတော်ကို မည့်သို့ ဖွဲ့စည်းခဲ့သည်ဟူသော သမိုင်းကြောင်းဆိုင်ရာနှင့်သက်ဆိုင်သည့် ရည်ရွယ်ချက်များ ပါရှိသည်။
လုပ်ငန်းလည်ပတ်မှုဆိုင် ရည်ရွယ်ချက်
ပြည်နယ်တိုင်းတွင် မတူညီသော ရင်းမြစ်များနှင့် စိန်ခေါ်မှုများရှိသောကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောင်းဆုံး စီမံတုံ့ပြန်နိုင်ရန်အတွက် ဒေသန္တရအခြေအနေ နှင့် ကိုက်ညီမှု ရှိသော၊ အံဝင်ခွင်ကျဖြစ်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရှိရန် အသီးသီးလိုအပ်သည်။
သာဓကအားဖြင့် မြန်မာနိုင်ငံရှိ တချို့သောပြည်နယ်များသည် နယ်နိမိတ်ကျယ်ဝန်းပြီး လူမျိုးစုကွဲပြားမှု များပြားသောကြောင့် ထိုပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်စနစ်ကျကျ ရေးဆွဲသင့်သည်။ တစ်ဖက်တွင် တချို့သောပြည်နယ်များသည် နယ်နိမိတ် အားဖြင့် ပိုမိုသေးပြီး လူမျိုးစုကွဲပြားမှုနည်းသောကြောင့် ထိုပြည်နယ်များ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဖက်ဒရယ်မဆန်သော ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေလည်း ဖြစ်နိုင်သည်။ ဒီမိုကရေစီစနစ်သည် ပြည်သူများကအုပ်ချုပ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်ရန်အတွက် မိမိတို့ကိုအုပ်ချုပ်မည့်အစိုးရနှင့် ယင်းအစိုးရ၏ ဖွဲ့စည်းမှုပုံစံကို ရွေးချယ်နိုင်ခွင့်ရှိကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းထားရန် လိုအပ်သည်။ (ဥပမာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်ကရေးဆွဲပြီး ပြည်သူများလက်ခံအောင် အတင်းအဓ္ဓမ ပြုလုပ်သောကြောင့် ပြည်သူများအနေဖြင့် သူတို့ကိုယ်တိုင်ရေးဆွဲထားသည်ဟု မခံယူနိုင်ပေ)
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပြည်သူများကိုယ်တိုင် ပြည်သူများ၏သဘောထားဆန္ဒအတိုင်း ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါက ပြည်သူများအနေဖြင့် ဖွဲစည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမည် ဖြစ်သည်။
ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပြည်သူများအနေဖြင့် ထည့်သွင်းသင့်သည့် အချက်များ၊ စံတန်ဖိုးများနှင့် ရည်မှန်းချက်ပန်းတိုင်များကို တစ်ဦးနှင့်တစ်ဦး ဆွေးနွေးအဖြေရှာ ခြင်းဖြင့် အပြန်အလှန်ချိတ်ဆက်မှုနှင့် နားလည်မှုများ တိုးပွားကာ အများသဘောတူသည့် ဘုံရည်းမှန်းချက်ပန်းတိုင်များ တည်ဆောက်နိုင်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတွင် ပါဝင်ခြင်းဖြင့် ဒီမိုရေစီစနစ်တွင် တက်ကြွသော နိုင်ငံသားကောင်းအလေ့အကျင့်ကောင်းများကို သင်ယူတည်ဆောက်နိုင်သည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွင် ပါဝင်ခြင်းအားဖြင့် ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး၊ အပြန်အလှန်ထိန်းကျောင်းခြင်းနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်များကန့်သတ်ခြင်း အစရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက် ၍ ယုံကြည်မှုအားကောင်းအောင် ဖန်းတီး တည်ဆောက် နိုင်သည်။
သမိုင်းကြောင်းဆိုင်ရာ ရည်ရွယ်ချက်
(၁) ဖက်ဒရယ်ပြုခြင်း (Federalizing) – တည်ရှိပြီးသားနိုင်ငံတစ်ခုတွင် ပြည်နယ်များကို ဖွဲ့စည်းပြီး အတူတကွယှဉ်တွဲနေထိုင်ခြင်းဟူသော ယူဆချက်မျိုးဖြစ်သည်။ ပြည်ထောင်စုအစိုးရမှ လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်အစိုးရများသို့ ခွဲဝေပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ပြည်ထောင်စုအစိုးရကသာ လုပ်ပိုင်ခွင့်အာဏာအလုံးစုံရှိသော တစ်ပြည် ထောင်စနစ်မှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးခြင်း ဖြစ်သောကြောင့် ဖက်ဒရယ်ပြုခြင်း ဟု ဆိုရခြင်းဖြစ်သည်။
ဖက်ဒရယ်ပြုခြင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ဖွဲ့စည်းပုံရေးဆွဲခွင့်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရက ခွင့်ပြုမှသာလျှင် ရေးဆွဲနိုင်သည်။
(၂) အတူတကွဖွဲ့စည်းတည်ထောင်ခြင်း (Federating) – အချုပ်အခြာအာဏာပိုင်သီးခြား ပြည်နယ်များသည် မိမိတို့၏သဘောဆန္ဒအရ ပြည်နယ်တစ်ခုနှင့်တစ်ခုစုဖွဲ့ပြီး ပြည်ထောင်စုကို အတူတကွ ဖွဲ့စည်းတည်ထောင်ခြင်း ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်များ က အပ်နှင်းသော အာဏာသာရှိသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စုအစိုး၏ လုပ်ပိုင်ခွင့်အာဏာ သည် ပြည်နယ်များထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့် ပြည်နယ်များအနေဖြင့် မူလ ကတည်းက ဖွဲ့စည်းပုံရေးဆွဲခွင့်ရှိပြီး ဤသို့သောစနစ်မျိုးသည် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသော၊ အစဉ်အလာပိုများသော စနစ်ဖြစ်သည်။
မြန်မာ့သမိုင်းကြောင်းနှင့် ချိတ်ဆက်ကြည်ပါက တပ်မတော်၏ ဆုပ်ကိုင်ထားသော အမြင်မှာ ပြည်ထောင်စုကအရင်ဖြစ်ပြီး ထိုမှတဆင့်လက်ရှိပြည်နယ်များကို ဖွဲ့စည်းသည်ဆိုသည့် (federalizing – ဖက်ဒရယ်ပြုခြင်း) ဖြစ်ပြီး တိုင်းရင်း သားများ၏ ဆုပ်ကိုင်ထားသည့် အမြင်မှာ သီးခြားပြည်နယ်များမှ အတူတကွ သဘောတူညီချက်အရစုဖွဲ့ခြင်းဖြင့် လက်ရှိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်တည်လာသည် (Federating – အတူတကွဖွဲ့စည်းတည်ထောင်ခြင်း) ဆိုသည့် ထိလွယ်ရှလွယ် မတူညီသောအမြင် (၂) မျိုးရှိသည်။
တပ်မတော်မှလက်ကိုင်ပြုထားသည့် ရှုထောင့်မှကြည့်လျှင် ခေတ်သစ်မြန်မာနိုင်ငံနယ်နိမိတ် အတွင်းပါဝင်သော ဒေသများအားလုံးကို မြန်မာဘုရင်များက သိမ်းပိုက်ပြီး ဗြိတိသျှကိုလိုနီခေတ် ကာလအလွန် ၁၉၄၇ ဖွဲစည်းပုံအခြေခံဥပဒေအောက်တွင် ပြည်ထောင်စုအစိုးရရှိပြီး လက်ရှိ ပြည်နယ်များကို ဖွဲစည်းခြင်းဖြင့် ခေတ်သစ်မြန်မာနိုင်ငံဖြစ်တည်လာသည်ဆိုသည့် တစ်ပြည်ထောင်မှ ဖက်ဒရယ်ပြုခြင်း (federalizing) ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့တွင် ပြည်ထောင်စုမှ ပြည်နယ်များသို့ ပေးအပ်ထားသော တစ်ချို့သော လုပ်ပိုင်ခွင့်များထဲတွင် ပြည်နယ်ဖွဲ့စည်းပုံဥပဒေရေးဆွဲခွင့် မပါဝင်ခြင်းဖြစ်သည်။ တပ်မတော်၏ ရှုထောင့်အရ အကယ်၍ ပြည်နယ်များအနေဖြင့် ဖွဲ့စည်းပုံဥပဒေရေးဆွဲခွင့်ရှိခဲ့သော် ပြည်နယ်များ၏ မူလရပိုင်ခွင့်ကြောင့်မဟုတ်ဘဲ ပြည်ထောင်စုကပေးအပ်သော လက်ဆောင်သာသာ ဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ၏အမြင်ကို ခြုံငုံကြည့်ပါက တိုင်းရင်းသားလူမျိုးများသည် မိမိတို့ ပိုင်နက်အတွင်း အချုပ်အခြားအာဏာအပြည့်အဝဖြင့် လွတ်လပ်စွာနေထိုင်ကြရာမှ အတူတကွ စုပေါင်းပြီး ပြည်ထောင်စုကိုတည်ထောင်ကြသည်။ တစ်နည်းအားဖြင့် သီးခြားစီရှိသော ပြည်နယ်များက အရင်တည်ရှိပြီး ပြည်ထောင်စုကိုဖွဲ့စည်းသည်ဆိုသည့် သမိုင်းကြောင်
#Ministry of Federal Union Affairs – Myanmar – NUG