• Today is: Friday, April 23, 2021

ဖက်ဒရယ်စနစ်နဲ့ စရိုက်လက္ခဏာများ

Federal Journal
September26/ 2018

        ဖက်ဒရယ်ဆိုတဲ့ စကားလုံးက အတော်အပြောများပါတယ်။ မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖွဲ့စည်းထား တဲ့နိုင်ငံဖြစ်တော့ “ဖက်ဒရယ်” ပုံစံနဲ့ သွားရ မယ်ဆိုပြီး ပညာရှင်များက ပြောနေကြသလို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တိုင်းရင်းသား တွေက လည်း ကျယ်ကျယ်ပြန့်ပြန့်ကို လက်ခံထားကြပါတယ်။

        ဖက်ဒရယ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးလို့ အခြေခံယူဆနိုင်ပါ တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ဖက်ဒရယ်ဆိုတာ “ကိုယ်ပိုင်အုပ် ချုပ်ခွင့်၊ ကိုယ်ပိုင်စီရင်ခွင့်”လို့ မှတ်ယူကြပါတယ်။ တစ်ချိန်က မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဦးနေဝင်းကတော့ ဖက်ဒရယ်ဆိုတာကို “ခွဲထွက်ရေး” လို့ ပြောင်းပြန်ပြောဆိုခဲ့တဲ့ သမိုင်းနောက်ခံကလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ “ဖက်ဒရယ်”ရဲ့ လွယ်လွယ်ကူကူအရိုးရှင်းဆုံး အဓိပ္ပာယ်ကတော့ “ပြည်ထောင်စု”လို့ ဆိုရမှာ ဖြစ်ပါတယ်။ မတူညီတဲ့ ပြည်ထောင်စုတွေကို တစုတစည်းတည်း စုစည်းထာ တယ်လို့ အဓိပ္ပာယ်ရတဲ့ “ပြည်ထောင်စု” စနစ်ဖြစ်ပါတယ်။

        ဖက်ဒရယ်စနစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ “အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီ ရင်ရေး” စတဲ့ အာဏာတွေကို ပြည်နယ်အစိုးရများနဲ့ ဗဟိုအစိုးရကြား အာဏာခွဲဝေ ထားရေးပါပဲ။ ဥပမာ ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ ဆုံးဖြတ်ခွင့်အာဏာကို ပြည် နယ်အစိုးရတွေက ရယူထားတယ်ဆိုရင် ကရင်ပြည်နယ်အတွင်းက ဘတ်(စ်) ကား ပြေးဆွဲရေးဆိုင်ရာ ကိစ္စတွေကို လုပ်ငန်းလိုင်စင်ချပေးတာကစပြီး ကုန်းလမ်း ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝကို ကရင်ပြည်နယ်အစိုးရကသာ ဆုံးဖြတ် ပိုင်ခွင့်ရှိမှာဖြစ်ပြီး ဗဟိုအစိုးရနဲ့အခြားသော ပြည်နယ်အစိုးရများ ကရင်ပြည်နယ် တွင်းက ကိစ္စတွေကိုဝင်ရောက်စွက်ဖက်ပိုင်ခွင့် လုံးဝမရှိပါ။ ထို့အတူ ကချင်ပြည် နယ်ဟာလည်း ကုန်းလမ်းပို့ဆောင်ရေးအတွက် စီမံခွင့်အာဏာကို မိမိတို့ ပြည်နယ် အတွင်း ကိုယ်ပိုင်စီမံခွင့်ရရှိစေရမှာ ဖြစ်ပါတယ်။

        အပြန်အလှန်အားဖြင့်လည်း နိုင်ငံခြားရေးရာ ဆက်ဆံရေးကိစ္စတွေကို ဗဟို အစိုးရက ဆုံးဖြတ်ပိုင်ခွင့်ယူထားလျှင် သံတမန် ခန့်အပ်တာမျိုးကအစ နိုင်ငံတကာနဲ့ ဆက်ဆံရေးကိစ္စတွေမှာ ပြည်နယ်အစိုးရတွေက ဝင်ရောက်စွက်ဖက်ခွင့် လုံးဝမရှိစေ ရတာမျိုးဖြစ်ပါ တယ်။ ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံရဲ့အာဏာတွေကို ခွဲဝေအုပ်ချုပ်တဲ့ စနစ်ကို ဖက်ဒရယ်စနစ်လို့ခေါ်ပါတယ်။

        ထို့ကြောင့် စနစ်ကျတဲ့ အာဏာခွဲဝေမှုတွေရှိဖို့လိုအပ်သလို တစ်ပြိုင်နက်မှာ အာဏာခွဲဝေမှုတွေဟာ ခိုင်မာဖို့ လည်းလိုအပ်လာပါတယ်။ အာဏာခွဲဝေမှု ခိုင်မာဖို့အ တွက်ဆိုရင် နိုင်ငံတစ်ခုရဲ့ တည်ဆောက်မှုပုံစံတွေနဲ့ အာဏာခွဲဝေရေးကို တည်တံ့ အောင် ထောက်ပံ့ထားဖို့ လိုအပ်လာပါတယ်။ အာဏာခွဲဝေရေးကို ခိုင်မာအောင် တည်တံ့အောင် တည်ဆောက်ထားတဲ့ စရိုက် လက္ခဏာတွေကို “ဖက်ဒရယ် စနစ်ရဲ့ စရိုက်လက္ခဏာများ”လို့ ခေါ်ဆိုနိုင်မယ်ထင်ပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ စရိုက်လက္ခ ဏာကို ပုံစံ (၂)မျိုး ခွဲခြားနိုင်ပါတယ်။

ဖက်ဒရယ်စနစ်ရဲ့ စရိုက်အခြေခံစရိုက်လက္ခဏာ ၂ မျိုး

နိုင်ငံရေးသိပ္ပပညာရှင်တွေ သတ်မှတ်တဲ့မူလ စရိုက်လက္ခဏာလို့ သတ်မှတ် နိုင်မှာဖြစ်ပြီး ဖက်ဒရယ်စနစ်ဖြစ်ဖို့ရာ မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်တဲ့ “ပြည်နယ် တွေနဲ့ ဗဟိုအစိုးရရဲ့ ကြားကအာဏာခွဲဝေမှုဟာ အာမခံချက်” ရှိရေးပဲ ဖြစ်ပါတယ်။ ဆိုလိုတာဟာ ဗဟိုအစိုးရက ပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ အာဏာကို ရုပ်သိမ်းပိုခွင့်မရှိစေရပါဘူး။ဒီအတွက် ဒီတိကျတဲ့အာမခံချက်လို အပ်ပါတယ်။ ဥပမာ အားဖြင့် အမေရိကန်နိုင်ငံလို ပြည်နယ်အစိုးရတစ်ခုချင်းနဲ့ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ဝင်ရောက် စွက်ဖက်တာမျိုး၊ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာ တွေကို ပြန်လည်ရုပ်သိမ်းလို့ မရတာမျိုးဖြစ်ပါတယ်။

        အထက်ပါ မူလစရိုက်လက္ခဏာကို ခိုင်မာတည်တံ့အောင် အာမခံချက်ပေးတဲ့ နိုင်ငံတည်ဆောက်ပုံကို ဒုတိယ စရိုက်လက္ခဏာလို့ သတ်မှတ်နိုင်မယ်ထင်ပါတယ်။ ဒုတိယစရိုက်လက္ခဏာမှာတော့ အပိုင်း(၃)ပိုင်း ရှိပါတယ်။ အဆိုပါ အပိုင်းတွေ ကတော့ –

၁။     ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (Strong Constitution)

၂။     ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံးသုံးသပ်ချက် (Constitutional Judicial Review)

၃။     အားကောင်းတဲ့အထက်၊ အောက်လွှတ်တော် (၂)ရပ် (Strong Bicameralism) တို့ဖြစ်ကြပါတယ်။

        ဒုတိယစရိုက်လက္ခဏာလို့ ခွဲခြားဆိုရခြင်းဟာ မူလစရိုက်လက္ခဏာဖြစ်တဲ့ အာဏာခွဲဝေမှုကို အာမခံချက်ပေးနိုင်ဖို့အတွက် ဒုတိယ စရိုက်လက္ခဏာတွေ မရှိမ ဖြစ်လိုအပ်လာတာဖြစ်ပါတယ်။ အထက်ပါ ဒုတိယစရိုက်လက္ခဏာတွေမရှိဘဲ မူလ စရိုက်လက္ခဏာမရှိနိုင် ပါဘူး။ မူလစရိုက်လက္ခဏာမရှိဘဲ ပြည်ထောင်စု (ဖက်ဒရယ်) နိုင်ငံလို့ သတ်မှတ်လို့မရလို့ပဲ ဖြစ်ပါတယ်။

ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိခြင်း (Strong Constitution)

        ပြည်ထောင်စုပုံစံရှိတဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိဖို့လိုအပ်တယ်ဆိုတာ ကတော့ ပြောစရာသိပ်လိုမယ်မထင်ပါဘူး၊ ဖွဲ့စည်းပုံမှာပြည်ထောင်စု ပုံစံရှိမှ ပြည် ထောင်စုနိုင်ငံတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ (မြန်မာပြည်ရဲ့ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကတော့ ပြည်ထောင်စုဖွဲ့စည်းပုံဖြစ်တယ်လို့ ပြောလို့မရနိုင်တဲ့ အချက်တွေရှိ တာကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အခြားဆောင်းပါးတွေမှာ သီးခြားဆွေးနွေးပါမယ်) “ ခိုင် မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ”လို့ ဆိုရာမှာ ပြည်ထောင်စုပုံစံရှိတဲ့ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ပြင်ဆင် ဖို့အများသဘောတူမှ ပြင်ဆင်နိုင်မယ့် အခြေခံဥပဒေဖြစ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံအတွင်းမှာ ရှိတဲ့သက်ဆိုင်သူအားလုံး အကုန်သဘော တူမှ ပြင်လို့ရမယ့်အခြေအနေဖြစ်ဖို့လိုပါတယ်။ ကိုယ်စားပြုဒီမိုကရေစီ(Representative Democracy) ဖြစ်တာကြောင့် ပြည်သူ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်းစား ပြု ကိုယ်စားလှယ်များအများစုက သဘောတူမှသာ ပြင်ဆင်နိုင်မယ့် ဥပဒေဖြစ်ဖို့ လိုအပ် ပါတယ်။

        သို့မှသာ ပြည်ထောင်စုဖွဲ့စည်းပုံကို တစ်ဦးတစ်ယောက်၊ တဖွဲ့တစည်းရဲ့ သဘောထားနဲ့ပြင်လို့ မရတော့တာကြောင့် တိကျခိုင်မာတဲ့ အာဏာခွဲဝေရေးဖြစ်နေ မှာ ဖြစ်ပါတယ်။ သို့သော်အခြေခံဥပဒေကို  ပြင်ဆင်ရာမှာလဲ လုံးဝပြင်မရလောက် အောင် ခက်ခဲတဲ့အခြေခံ ဥပဒေလည်းဖြစ်မနေဖို့လိုပါတယ်။ (ဥပမာ မြန်မာနိုင်ငံလို ၇၅% ကျော်အထိ မဖြစ်သင့်ပါ။ သုံးပုံ(၂)ပုံလောက်ဆိုရင် လုံလောက်ပါတယ်။) နိုင်ငံတစ်ခုဆိုတာ အချိန်ကာလအရ ပြောင်းလဲရတာတွေ ရှိလာနိုင်လို့ လုံးဝပြင်မရ အောင်ခက်ခဲတာမျိုးဖြစ်နေရင် အခြေအနေနဲ့လိုက်ပြီး ပြုပြင်မရနိုင်တာမျိုး ဖြစ်လာ ရင်လည်း ပြည်သူလူထုအတွက် နစ်နာနိုင်လို့ဖြစ်ပါတယ်။

ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံးသုံးသပ်ချက် (Constitutional Judicial Review)

        ဖက်ဒရယ်စနစ်မှာ အားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရှိဖို့ဟာ လည်း အရေးကြီးပါတယ်။ အဆိုပါခုံရုံးဟာ ဘက်လိုက် မှုမရှိဘဲ အခြေခံဥပဒေအတိုင်း ဆောင်ရွက်တဲ့အဖွဲ့ဖြစ်ဖို့လိုပါလိမ့်မယ်။ ခုံရုံးအဓိက တာဝန်ဖြစ်တဲ့ ဗဟိုအစိုးရ နဲ့ပြည်နယ်အစိုးရတွေရဲ့ အခြေခံဥပဒေဆိုင်ရာ အငြင်းအပွားမှုတွေကို မျှမျှတတဖြေ ရှင်းပေးနိုင်စွမ်းရှိရပါတယ်။ အဲ့ဒီတာဝန်အပြင် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်း လိုက်တဲ့ ဥပဒေတွေဟာအခြေခံဥပဒေနဲ့ဆန့်ကျင်မှုရှိ၊ မရှိဆိုတဲ့ ဥပဒေတွေကို သုံးသပ်ချက် (Judicial review) ရှိလာမှာလည်း ဖြစ်ပါတယ်။

        အခြေခံခုံရုံးရဲ့ ဥပဒေဆိုင်ရာသုံးသပ်ချက် (Judicial review) ရဲ့အရေးပါမှု တစ်ခုကို ပြောရရင် ဖက်ဒရယ်နဲ့ မဆိုင်ပေမယ့် လက်ရှိပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ဆန္ဒပြခွင့်ဥပဒေနဲ့ သက်ဆိုင်တဲ့ ပြဿနာမျိုးတွေကို ဖယ်ရှားပြီးလည်း ဖြစ်ပါလိမ့်မယ်။ ဆန္ဒပြ ဥပဒေဟာ (၂၀၀၈)အခြေခံဥပဒေရဲ့ ၃၅၃(က)မှာ ပေးထားတဲ့အခွင့်အ ရေးဖြစ်တဲ့ “နိုင်ငံသားတိုင်း မိမိတို့၏ ယုံကြည်ချက်၊ တင်မြင် ယူဆချက်များကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်” ဆိုတဲ့အချက်ကနေ ပေါက် ဖွားလာတာဖြစ်ပါတယ်။ အလားတူ ၃၅၄(ခ)မှာလည်း “လက်နက်မပါဘဲ ငြိမ်းချမ်း စွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်”ဆိုပြီး ထပ်မံပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ပြည်သူတွေက ဆန္ဒပြလိုလျှင်ရဲစခန်းရဲ့ ခွင့်ပြုချက်လိုအပ်လာပါတယ်။ ခွင့်ပြုချက်မယူရင် ဖမ်းခွင့်၊ အပြစ်ပေးခွင့်၊ ထောင်ချခွင့် ဆိုတဲ့ နည်းဥပဒေ ပုဒ်မ(၁၈)ကို ပြဋ္ဌာန်းထားတဲ့ နည်းဥပဒေကမူလ ဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ အခြေခံဥပဒေခုံရုံးက ဥပဒေ တွေကို သုံးသပ်ချက် (Judicial review) မရှိလို့ဖြစ်နေတာ ဖြစ်ပါတယ်။

        ထိုနည်းတူစွာ အုပ်ချုပ်ရေးဆိုင်ရာ အရေးကိစ္စတစ်ခုကို ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့က ကိုင်တွယ်ဆုံးဖြတ်လုပ်ကိုင်ရမှာလား၊ ဗဟိုအစိုးရရဲ့ တာဝန်လားဆိုတာတွေ အငြင်းပွားလာတဲ့အခါ အခြေခံဥပဒေခုံရုံးက အခြေခံဥပဒေပါ အချက်တွေနဲ့ သမာ သမတ်ကျကျ ဆုံးဖြတ်နိုင်ရမှာ ဖြစ်ပါတယ်။ ဥပမာ လက်ပံတောင်းတောင် ကိစ္စမျိုး စီးပွားရေးလုပ်ပိုင်ခွင့်ကို ဗဟိုအစိုးရက စီမံရမှာလား၊ ပြည်နယ် အစိုးရကစီမံရမှာလား။ ထို့အပြင် ဆန္ဒပြသူတွေကို ဗဟိုအစိုးရက ကိုင်တွယ်ရမှာလည်း၊ ပြည်နယ် အစိုးရကကိုင်တွယ်ရမှာလား ဆိုတာတွေဟာ ရှင်းရှင်းလင်းလင်းရှိဖို့လိုပါတယ်။

        လက်ရှိအချိန်မှာ ရှင်းရှင်းလင်းလင်း မရှိတဲ့အခါ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အကျိုးအမြတ်ခံစားရမှုတွေဟာ လုံးထွေးနေပါတော့တယ်။ အကယ်၍ အခြေခံဥပဒေခုံရုံးနဲ့ ဥပဒေတွေကို လေ့လာဆန်းစစ်မှုတွေရှိတဲ့အခါ ဒီပြဿနာတွေဟာ ရှင်းရှင်းလင်းလင်းနဲ့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ လက်ပံ တောင်းမှာ အကြမ်းဖက်နှိမ်နင်းမှုဟာ ဗဟိုအစိုးရရဲ့တာဝန်လား၊ ပြည်နယ် အစိုးရရဲ့တာဝန်လားဆိုတာ ကွဲကွဲပြားပြားသိနိုင်ပါလိမ့်မယ်။ ကွဲကွဲပြားပြားသိပါမှ အထက်က ခိုင်းလို့လုပ်ရပါတယ်တို့ ဗဟိုအစိုးရမှာ တာဝန်ရှိမရှိဘူး အောက်ခြေက လုပ်တာဖြစ် ပါတယ်တို့ဆိုတဲ့ တာဝန်လွှဲချမှုတွေကို ရှောင်းလွှားနိုင်မှာ ဖြစ်ပါတယ်။

        လက်ရှိ အချိန်မှာတော့ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဟာ လွှတ်တော်နဲ့ အစိုးရ အငြင်းပွားမှုကြားမှာခုံရုံက တရားသူကြီးတွေအားလုံး ထွက်သွားရပြီး အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအတွက် တရားသူကြီးတွေ ပြန်လည်ခန့်ထားဖို့ အခက်အခဲတွေဖြစ်နေပါ သေးတယ်။ အခြေခံဥပဒေခုံရုံးမရှိဘဲ မြန်မာနိုင်ငံကို ဒီအတိုင်းဆက်သွားနေပါတယ်။ ဥပဒေတွေကို သုံးသပ်ချက် (Judicial review) လုံးဝမရှိတဲ့ အခြေအနေဖြစ်နေပါ တယ်။ အခြေခံဥပဒေကပေးထားတဲ့ ဖက်ဒရယ်ဆိုင်ရာ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ အငြင်းပွားမှုတွေကို အခြေခံဥပဒေနဲ့ ညီ၊မညီတိုက်ဆိုင် စစ်ဆေးဖို့ဆို တာထက် ခုံရုံးအနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ချက်ရဖို့တောင် ခိုင်မာမှုမရှိတဲ့ အခြေအနေဖြစ်နေပါတယ်။ ခုံရုံးက သမာသမတ်ကျမှုမရှိတာ (သို့) ရပ်တည်မှု ခိုင်ခိုင်မာမာမရှိဘဲ ဖက်ဒရယ်စနစ်ကို ထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ဖို့အတော် ခဲယဉ်းသွားပါတယ်။

အားကောင်းတဲ့အထက်၊ အောက်လွှတ်တော် ၂ ရပ် (Strong Bicameralism)

        ဖက်ဒရယ် စနစ်ဖြစ်ဖို့ဘာကြောင့် အားကောင်းတဲ့ အထက် အောက် လွှတ်တော် (၂)ရပ် လိုအပ်ရတာပါလဲ။ ဥပဒေပြုရေးဌာနဖြစ်တဲ့ လွှတ်တော်(၂)ခု ဘာအတွက် တိုင်းပြည်မှာ လိုအပ်ရတာလဲ။ လွှတ်တော်တစ်ခုတည်း (Unicameral ism) ထားရင် မရနိုင်ဘူးလား ဆိုတာ မေးချင်စရာ အင်မတန်ကောင်း တဲ့ မေးခွန်းဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်အတွက် လွှတ်တော်(၂)ရပ်ဘာကြောင့်လို အပ်သလဲ ဆိုတာကို မသွားခင် အထက် အောက်လွှတ်တော်(၂)ရပ် ရှိနေခြင်း အကြောင်းသိဖို့ လိုလာပါတယ်။

        လွှတ်တော်ဆိုတာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ အရေးအရာတွေကို ခြုံပြီးဥပဒေပြုရ တဲ့ ဌာနဖြစ်ပါနတယ်။ ဒီတော့ လွှတ်တော် တစ်ခု တည်းဆိုရင် လူများစုရဲ့ အသံဟာ ဥပဒေပြုမှာ ဖုံးလွှမ်းသွားပြီး တိုင်းရင်းသားလူနည်းစု လူမျိုးစုတွေရဲ့အသံဟာ တိမ်မြုပ်နေပါလိမ့် မယ်။ဥပမာ မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားဟာ လူဦးရေအရအများဆုံးဖြစ်ပြီး ချင်းတိုင်းရင်းသားတွေက လူနည်းစုဖြစ် တာကြောင့် ချင်းတိုင်းရင်းသားတွေရဲ့အရေးကိစ္စဟာ ဗမာတိုင်းရင်းသားတွေရဲ့ အသံကို ဥပဒေပြုလွှတ်တော်မှာ လူများစုတွေနဲ့ တန်းတူကြားနိုင်ဖို့ နည်းလမ်းကို စဉ်းစားရင်း လွှတ်တော် ၂ ခုကို ဖန်တီးရတာဖြစ်ပါတယ်။

        ဒီအခါလွှတ်တော် (၂)ရပ်ရဲ့အကြမ်းဖျင်းခွဲခြားမှုမှာ အောက်လွှတ်တော် ဆိုတာဟာ နိုင်ငံတစ်ခုလုံးရဲ့ နယ်မြေအသီးသီးကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စား လှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဥပဒေပြုလွှတ်တော် ဖြစ်ပါတယ်။ ဒါကြောင့် အောက်လွှတ်တော်ဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပါတယ်။ အထက်လွှတ်တော် ဆိုတာကတော့ ပြည်နယ်တစ်ခုချင်းကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ အချိုးကျ တက်ရောက်တဲ့ လွှတ်တော်ဖြစ်လာပါတယ်။ အထက်လွှတ်တော်မှာ လူဦးရေများတဲ့ ရန်ကုန်တိုင်းလို ဒေသနဲ့ လူဦးရေးနည်းတဲ့ ကယားပြည်နယ်အတွက်ကိုယ်စားပြုဟာ တန်းတူရှိစေတဲ့လွှတ်တော်ပုံစံဖြစ်ပါတယ်။ အမေရိကန်ရဲ့ အထက်လွှတ်တော်ဟာ ကိုယ်စား လှယ် (၁၀၀) နဲ့ ဖွဲ့စည်းထားပြီး ပြည်နယ် ၅၀ မှာ တစ်ပြည်နယ် ကိုယ်စား လှယ်(၂)ယောက်နှုန်းဖြစ်ပါတယ်။ အောက်လွှတ်တော်ကတော့ ကိုယ်စားလှယ် ၄၃၅ ယောက်ဖြစ်ပြီး လူဦးရေအနည်းအများအပေါ် မူတည်ပြီးနယ်မြေတွေကို သတ်မှတ် တာဖြစ်ပါတယ်။ (ယူကေနိုင်ငံရဲ့ အထက်အောက်လွှတ်တော် ခွဲခြားသတ်မှတ်ပုံမှာ တော့ ယူကေရဲ့အထက်လွှတ်တော်ဟာ သီးခြားပုံစံဖြစ်လို့ လွှတ်တော်အကြောင်း ရေးတဲ့ အခြားဆောင်းပါတွေမှာ သီးခြားရေးပါ့မယ်။)

        ဖက်ဒရယ်စနစ်အတွက် အားကောင်းတဲ့ အထက်အောက်လွှတ်တော်(၂)ရပ် ရှိဖို့ဆိုတာကို အကျယ်ချဲ့ရမယ်ဆိုရင် အောက်လွှတ်တော်ဟာ တစ်နိုင်ငံလုံးအ တွက် ရွေးကောက်တင်မြှောက်တာကြောင့် လူများစု၊ လူမျိုးစုကို ကိုယ်စားပြုသလို ဖြစ်ပြီး၊ အထက်လွှတ်တော်ကတော့ ပြည်နယ်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတာ ကြောင့် ပြည်နယ်(သို့) တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ် စားပြုတယ်လို့ဆိုရင် လွှတ်တော်တစ်ခုတည်း(သို့)အုပ်စုတစ်ခုတည်းရဲ့ သဘောနဲ့လုပ်လို့မရဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဖို့ လိုအပ် တာကြောင့် အားကောင်းတဲ့ အထက်အောက် လွှတ်တော်(၂)ရပ်လိုအပ်တာ ဖြစ်ပါတယ်။ အဆိုပါအထက်အောက်လွှတ်တော် (၂) ရပ်ကိုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်လို့ခေါ်တဲ့ (Federal Chamber) ပြည် ထောင်စုအရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနိုင်မှာဖြစ်ပါ တယ်။

        (စကားချပ်။  မြန်မာနိုင်ငံမှာ ပြည်သူအများစုက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော် (အောက်လွှတ်တော် – Lower Chamber) ကို “ပြည်သူ့လွှတ်တော်”လို့ခေါ်ဆိုပြီး၊ ပြည်နယ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စား များမှ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတဲ့လွှတ်တော်(အထက်လွှတ်တော် – Upper Chamber) ကို “အမျိုးသားလွှတ်တော်” လို့ ခေါ်ဆိုပါတယ်။ အထက်ပါလွှတ်တော်(၂)ရပ်ပေါင်းတဲ့ Federal Chamber ကို ပြည်ထောင်စုလွှတ်တော်လို့ (၂၀၀၈)အခြေခံ ဥပဒေအရ သတ်မှတ်ခေါ်ဆိုထားပါ တယ်။)

        အဆုံးသတ်ရလျှင်တော့ အထက်ပါ ဖက်ဒရယ်စနစ်ရဲ့ ဒုတိယစရိုက်လက္ခဏာ (၃)မျိုးဟာ ဟန်ချက်ညီညီရှိနေမှ မူလစရိုက်လက္ခဏာဖြစ်တဲ့ ဗဟိုအစိုးရနဲပ ပြည်နယ်အစိုးရတွေကြားခွဲခြားထားတဲ့ “အာဏာခွဲဝေရေး”ကို ထိခိုက်မှု မရှိအောင် ကာကွယ်သွားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ စရိုက်လက္ခဏာ (၃)မျိုးဖြစ်တဲ့ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (Strong Constitution) ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံးသုံးသပ် ချက် (Constitutional Judicial Review) နဲ့ အားကောင်တဲ့အထက်၊ အောက် လွှတ်တော် ၂ ရပ် (Strong Bicameralism) တို့မရှိပါဘဲ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်လျှင်တော့ အာဏာခွဲဝေရေးအတွက် အာမခံချက်လည်း မရှိနိုင်တော့ပါ။ ထို့ကြောင့် အနာဂတ် မြန်မာနိုင်ငံကို “ပြည်ထောင်စု မြန်မာနိုင်ငံ တော်” အဖြစ် တည်ဆောက်ပြီး၊ ပြည်ထောင်စုစနစ် စစ်စစ် (ဖက်ဒရယ် စနစ်)ကို အသက်သွင်းမယ်ဆိုလျှင် အထက်ပါ ဖက်ဒရယ်စနစ်ရဲ့ စရိုက်လက္ခဏာ တွေကို စဉ်းစားသုံးသပ်နိုင်ကြဖို့ တင်ပြလိုက်ရပါတယ်။

ကိုထိုက်