• Today is: Wednesday, September 22, 2021

ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၁)

Federal Journal
July30/ 2021

ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၁)

▄ Everything is in transition… တဲ့။ အရာအရာတိုင်းဟာ အကူးအပြောင်းထဲမှာ ရှိနေတယ်။ အကူးအပြောင်းကို စပ်ကူးမတ်ကူးကာလို့ ပြောလို့ရမယ် ထင်တယ်။ ဟိုလည်း ရောက်နိုင်တယ်။ ဒီလည်း ရောက်နိုင်တယ်။ အမျိုးမျိုး ဖြစ်သွားနိုင်တဲ့အခြေအနေ။ ဒီလို အခြေအနေမှာ၊ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရင်း၊ သွားရမယ့် ခရီးကို အာရုံစိုက်နေတာ ကောင်းတယ်။ အိမ်ဟောင်းကိုတော့ ဖျက်နေတယ်။ အိမ်သစ်ကိုတော့ မတည်ရသေးဘူး။ ဘယ်လို အိမ်အသစ် ဆောက်မလဲဆိုတာကိုတော့၊ စိတ်ကူးထဲမှာ မှန်းဆကြည့်ထားပြီးပြီ။ ဒါပေမယ့် အသေးစိတ် ဘယ်လို ဆောက်ရမယ်ဆိုတာ မြင်ကွင်းမရှင်းကြသေးဘူး။

အိမ်သစ်ရဲ့ ဒီဇိုင်းက ဖက်ဒရယ်ဒီမိုကရေစီ။ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကိုတော့ နားရည်ဝအောင် ကြားပြီးပြီ။ ဖက်ဒရယ်ဆိုတာ အသစ်မဟုတ်ပေမယ့်၊ ဒီမိုကရေစီလို သိပ်ကြားရဖန်များလွန်းတဲ့ ဝေါဟာရတော့ မဟုတ်သေးဘူး။ ဖက်ဒရယ်ဆိုတာကို ခဏ ခဏ ကြားဖူးနေပေမယ့်၊ တကယ် ဂဃနဏ ရှင်းရှင်းလင်းလင်း အနက်သဘောကို သာမန်လူထုက နားလည်သေးမယ် မထင်ဘူး။ ယောင်ဝါး ယောင်ဝါးပဲ ပြောလိမ့်မယ်။ ဒီတော့ ဖက်ဒရယ်ဆိုတာကို လူပိန်းနားလည်အောင် ပြောဖို့လည်း လိုသေးတယ်။ ဒီတော့ ဖတ်တဲ့သူက လူပိန်းဖြစ်သွားရော။ အဲ… အဲသည်လိုလည်း မဟုတ်ချေသေးဘူး။

▄ ဖက်ဒရယ်

ဖက်ဒရယ်ဆိုတာ လက်တင်ဘာသာစကားမှာဘယ်လို။ အဲသည်ကနေ ဘယ်လို ဆင်းသက်ပြီး ဘယ်လို ဖြစ်တည် လာတာဆိုတဲ့ ဝီကီပီးဒီးယား နှိုက် ရေးတာတွေ မလုပ်လို။ မြန်မာကို မြန်မာဗားရှင်နဲ့ ငပိနံ့ထွက်အောင် ရှင်းချင် တယ်။ အနောက်တိုင်းစော်မနံ၊ မြန်မာစော်နံစေရမယ်ပေါ့။

ဖက်ဒရယ်ဆိုတာကို ‘ဖ’အုပ်ထုပ် ‘က – သက်’ နဲ့ ‘ဖက်’ ရတယ်လို့ ဆရာတစ်ယောက်က ပြောဖူးတယ်။ အကြောင်းကတော့ ဒို့အားလုံး ဖက်ထားရမယ်ပေါ့။ တချို့က ရေးတယ်။ ‘ဖယ်ဒရယ်’ တဲ့။ ဒါက မဟုတ်သေးဘူး။ ‘ဖယ်’ ဆိုတာက တစ်ယောက်ကို တစ်ယောက် တွန်းဖယ်တာ။ တွန်းဖယ်ရင် ကွဲသွားမှာပေါ့။ ခြားသွားမှာပေါ့။ အဲသည်လို မဟုတ်ဘူး။ ဖက်ဒရယ်။ ဖယ်ဒရယ် မဟုတ်ဘူး။ တို့အားလုံး ဖက်ထားကြမယ်နော်။ ဒါဆို လူပိန်းနားလည်နိုင်မယ် ထင်ပါ့။

နောက်တစ်ခု ရှိသေးတယ်။ ခင်ဗျားတို့ သိပ်ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြီး ပြောတာ။ သူက ‘Federal’ ‘Federal’ ဆိုတဲ့ မြန်မာတွေ နားမယဉ်သေးတဲ့စကားကို၊ နိုင်ငံရေးဆွေးနွေးပွဲမှာ နားရှုပ်မှာဆိုးလို့ တစ်ခါတည်း ရှင်းပေးလိုက်တယ်။ ဘာ ဖယ်ဒရယ် ဘာတွေ မပြောနဲ့။ အဲဒါက အင်္ဂလိပ်လို။ မြန်မာလိုပဲ တိုက်ရိုက်ပြောမယ်။ ‘ပြည်ထောင်စု’ တဲ့။ ပြည်တွေကို ထောင်ပြီး စုထားတာ ပြည်ထောင်စုပေါ့။ စာရေးဆရာကြီး ဦးအောင်သင်း ပြောတဲ့ ပြည်မြို့က ထောင်ထဲမှာ စုထားတဲ့ အကျဉ်းသားတွေ မဟုတ်ဘူး။ ပြည်ထောင်စု၊ ပြည်ထောင်စု။ ဒါ့ကြောင့် ဖက်ဒရယ်ဆိုတာကို ပြည်ထောင်စု စနစ်လို့ နားလည်နိုင်တယ်။ ဒါဆိုရင် လူကြားသူကြားထဲ နည်းနည်း အာလို့ ရပြီ။ (ဟဲ ဟဲ ဟဲ)

▄ အခြေခံ အနက် (၃) ချက်

ဖက်ဒရယ်ဆိုတာကို အနက်အဓိပ္ပာယ်ချဲ့ရင်၊ အခြေခံအားဖြင့် အနက် (၃) ချက်ပဲ ရှိတယ်။ အဲဒါ အဓိကပဲ။ အဲဒါကို ကောင်းကောင်းနားလည်ရင် အဆင်ပြေပြီ။ ဒီအနက်အဓိပ္ပာယ် သုံးချက်ကို ရှင်းမယ်။ (၁) အာဏာခွဲဝေရေး၊ (၂) သယံဇာတအရင်းအမြစ် ခွဲဝေရေး၊ (၃) အခွန်ဘဏ္ဍာခွဲဝေရေး။ ဒါကို အင်္ဂလိပ်လို နည်းနည်း ဖလှယ်မယ်။ power sharing, resource sharing, tax sharing ။ ဒါဆိုရင် ရပြီ။

ဒီနေရာမှာ ဒီအချက်သုံးချက်ကို အကျဉ်းဆုံး ထပ်ရှင်းပါ့မယ်။

▄ အာဏာခွဲဝေရေးဆိုတာ ဘာလဲ။ အာဏာဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်စီမံခန့်ခွဲနိုင်တဲ့ အာဏာကို ဆိုလိုတာ။ ဖက်ဒရယ်စနစ်မှာ အာဏာကို တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ တစ်ပါတီ၊ အစိုးရတစ်ခုတည်းက မောင်ပိုင်စီးလို့ လည်း မရဘူး။ ကိုပိုင်စီးလို့လည်း မရဘူး။ ဦးပိုင်စီးလို့လည်း မရဘူး။ ဦးပိုင်စီးရင်တော့…. ဘယ်တော့မှ ပြန်မရ တော့ဘူး…မှတ်။ ဒီတော့ စုဖွဲ့ထားတဲ့ ပြည်နယ်တွေက၊ အာဏာတွေကို သီးခြားခွဲဝေ ကျင့်သုံးတာ။ ဒါဟာ ဖက်ဒရယ်။ ဒီမှာ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောတယ် မဟုတ်လား။ အဲသည့်ခွဲဝေကျင့်သုံးထားတဲ့အာဏာတွေမှာ ဘယ်လို အာဏာတွေ ပါသလဲ။ ဒါကို ဒီမိုကရေစီနဲ့ ချိတ်။

ဒီမိုကရေစီမှာ အာဏာမဏ္ဍိုင် (၃) ရပ်ရှိတယ် မဟုတ်လား။ ဒါနဲ့ တိုးချဲ့လိုက်။ (၁) အုပ်ချုပ်ရေးအာဏာ၊ (၂) ဥပဒေပြုရေးအာဏာ၊ (၃) တရားစီရင်ရေး အာဏာ။ ဒီမဏ္ဍိုင်သုံးရပ်နဲ့ ချိတ်။ ဒါဆိုရင် ရှင်းပြီ။ ဖက်ဒရယ်ဆိုတာ ပြည်ထောင်စု စနစ်ဖြစ်တယ်။ စုဖွဲ့ထားတဲ့ ပြည်နယ် တွေဟာ ဗဟိုအစိုးရတစ်ရပ်တည်းကို အာဏာစုပြုံပြီး မောင်ပိုင်စီးမခံဘဲနဲ့ ပြည်နယ်အလိုက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကိစ္စတွေကို ခွဲဝေ၊ ဝေမျှ ကျင့်သုံးတဲ့စနစ်ကို ဖက်ဒရယ်လို့ ခေါ်တယ်။

ဒါဆိုရင် အချုပ်တစ်ခု ရပြီ။

▄ သယံဇာတခွဲဝေရေးဆိုတာ ဘာလဲ။ ဒီနေရာမှာ ပိုပြည့်စုံချင်ရင်၊ အရင်းအမြစ်ဆိုတာလေး ပေါင်းထည့်။ သယံဇာတ အရင်းအမြစ်ပေါ့။ သယံဇာတခွဲဝေရေးဆိုတာလည်း ရှင်းပါတယ်။ တိုင်းပြည်အတွင်းမှာ၊ နယ်မြေအလိုက် ပြည်နယ် အလိုက် သယံဇာတ ထွက်ရှိတာတွေ မတူဘူး။ နည်းနည်း ဥပမာထုတ်ပြောမယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်း တွေထွက်တယ်။ မန္တလေးမှာ မိုးကုတ်မှာ ပတ္တမြားတွေ ထွက်တယ်။ ရှမ်းပြည်နယ် ဘော်ဆိုင်းမှာ သတ္ထုတွေထွက်တယ်။ ဧရာဝတီနဲ့ တနင်္သာရီတိုင်းတို့မှာ သဘာဝဓာတ်ငွေ့တွေ ထွက်တယ်။ ကရင်နီပြည် (ကယား) မှာ ရေအားလျှပ်စစ်တွေ ထွက်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း (အထက်ချင်းတွင်း) ရှမ်းနီဒေသမှာ ပယင်း၊ ရွှေနဲ့ သစ်တွေထွက်တယ်။ ရန်ကုန်မှာတော့ လူတွေ ထွက်တယ်။ ဒီနေရာမှာ လူကိုလည်း လူသားသယံဇာတလို့ ပြောလို့ ထည့်ပစ်လိုက်မယ်ဗျာ။

ဒီလို့ ဒီလို သယံဇာတတွေကို ဗဟိုအစိုးရတစ်ခုတည်းက၊ မောင်ပိုင်စီးထားတာမျိုး မဖြစ်ရဘူး။ လူမျိုးစု တစ်စုတည်း က အုပ်စုကြီးလို့ ငါတို့က မောင်ပိုင်စီးမယ်၊ ဦးပိုင်စီးမယ်၊ ငါတို့ တစ်ဦးတည်းပဲ ယူမယ်ဆိုတာ မရဘူး။ ကယား တစ်ကျပ်၊ ကရင် တစ်ကျပ်၊ ကချင် တစ်ကျပ်၊ ရှမ်း တစ်ကျပ်၊ ရခိုင် တစ်ကျပ်၊ မွန် တစ်ကျပ်၊ ချင်း တစ်ကျပ်ပဲ။ ဗမာ တွေကို မပေးနဲ့။ သူတို့ ယူတာများနေပြီ။ ဒီလို မျှမျှတတ ခွဲဝေ အကျိုးခံစားခြင်းကို ခေါ်တယ်။ ဒါ့ကြောင့် ဖက်ဒရယ် ဆိုတာကို ပြောရင် တန်းတူညီမျှခြင်း ဆိုတာကို ထည့်ထည့်ပြောတာ ကြားဖူးမှာပေါ့။

နောက်တစ်ခု ထပ်သွားမယ်။

▄ အခွန်ခွဲဝေခြင်း ဆိုတာ ဘာလဲ။ ဒီနေရာမှာ ငွေကြေးလို့ သုံးနှုန်းတာ သိချင်ရင်၊ ဘဏ္ဍာဆိုတဲ့ စကားလုံးလေးပါ ပူးထည့်၊ ပေါင်းထည့်။ အခွန်ဘဏ္ဍာ ခွဲဝေခြင်းပေါ့။ တိုင်းပြည်ထဲမှာ နေရာတိုင်းက အခွန်ရနိုင်တယ်။ တကယ် ကောက်နိုင်ရင်၊ လူခွန်တောင် ကောက်လို့ ရသေး။ ထားတော့။ ဒီနေရာမှာ စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့အခွန်၊ ကုန်သွယ်ရေးမှာ ရတဲ့အခွန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေရတဲ့ အခွန်၊ သယံဇာတ တူးဖော်ရောင်းချခြင်းတွေ ကနေ ရတဲ့အခွန်၊ ကျောက်မျက်ရတနာ ရောင်းချခြင်းတွေကနေ ရတဲ့အခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ မြေခွန်၊ မီးခွန်…. စသည်ဖြင့်။

ဒီနေရာမှာ ဘုရင်က ဦးပေါ်ဦးရဲ့ ပညာကို စမ်းချင်လို့ လေခွန် စားစေ…လို့ ပြောလိုက်တာ။ မြစ်ထဲမှာ ရွက်လွှင့်တဲ့ တံငါလှေတွေကို အခွန်သွားကောက်တာတော့ မလုပ်နဲ့နော်။ တော်ကြာ… လေလည်ရင် တောင် အခွန်ကောက်နေအုံးမယ်။ ဒါဆိုရင်တော့ အီးပေါက်ခွန်ပေါ့။ (ဟဟဟ)

များသွားမှာ စိုးလို့ တော်ပြီဗျာ…။ လူပိန်းက ခေါင်းသိပ် မဆန့်ဘူး မဟုတ်လား။

တော်ပြီ။ (ဖတ်ရှုမိသူများကို သည်းခံခွင့်လွှတ်ကြပါကုန်လော့)

မင်းသေ့

Federal  Journal