• Today is: Wednesday, September 22, 2021

ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၂)

Federal Journal
July30/ 2021

ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၂)

▄  ဘာကြောင့် ဖက်ဒရယ်

ဖက်ဒရယ်တောင်းတယ်ဆိုတာ ဘာလဲ။ ဒီနေရာမှာ ဖက်ဒရယ်တောင်းတယ်လို့ ပြောဖို့ မသင့်ဘူး။ ဖက်ဒရယ်ကို တည်ဆောက်ရမယ်လို့ ပြောရင်၊ ပိုကောင်းမယ်။ တောင်းတယ်ဆိုတာ ပေးတဲ့သူ ရှိမှ။ ဖက်ဒရယ်ကို ဘယ်သူမှ ပေးလို့ မရဘူး။ အချင်းချင်း စေ့စပ်ညှိနှိုင်းပြီး၊ အတူ တည်ဆောက်ကြရမှာပဲ။ တောင်းလို့ ရတဲ့ ဖက်ဒရယ်ဟာ မခိုင်မာနိုင်ဘူး။ တောင်းပြီးရထားတဲ့ ဖက်ဒရယ်မို့လို၊ သူ မပေးချင်တော့တဲ့အခါ၊ ပြန်ယူသွားနိုင်တယ်။ ဒီလိုဆိုရင် အာမခံချက်ရှိတဲ့ ဖက်ဒရယ်စနစ်မျိုး မဖြစ်တော့ဘူး။ ဒီတော့ ဘယ်သူမှ ပြန်ယူသွားလို့ မရနိုင်တဲ့ ဖက်ဒရယ်မျိုးကို တည်ဆောက်မှ ကောင်းလိမ့်မယ်။ အာမခံချက်ရှိတဲ့ ဖက်ဒရယ်မျိုးကို ဘယ်လိုလုပ်ရမလဲ။

▄ အုပ်ချုပ်မှုအရ လွတ်လပ်ခွင့်

ဒီနေရာမှာ ဖက်ဒရယ်ဆိုတာကို ဘယ်လို ပြောမလဲ။ ဖက်ဒရယ်ဆိုတာ အုပ်ချုပ်မှုအရ လွတ်လပ်ခွင့်လို့ ပြောနိုင်တယ်။ ဒီနေရာမှာ၊ လွတ်လပ်ခွင့်လို့ ပါတယ်။ လွတ်လပ်ခွင့်ဆိုတာ ဘယ်လို စည်းနှောင်မှုမှ မပါတဲ့ ဗရမ်းပတာ လွတ်လပ်ခွင့်ကို ဆိုလိုတာ မဟုတ်ဘူး။ ယုံကြည်မှုအရ စည်းနှောင်ထားတဲ့ အုပ်ချုပ်မှု လွတ်လပ်ခွင့်။ ပြည်နယ်တွေမှာ နေထိုင်တဲ့ ပြည်သူပြည်သားတွေဟာ၊ ကိုယ့်နယ်မှာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးမယ်။ ကိုယ့် ဒေသ၊ ကိုယ့်ပြည်နယ်ကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်မယ်။ ဘယ်သူ့အမှီအခိုမှ မယူဘူး။ ကိုယ့်ဝမ်းနာ ကိုယ်သာသိ။ ကိုယ့်ဒေသက ပြဿနာ ကိုယ်သိတယ်။ ကိုယ့်လူမျိုးတွေရဲ့ ပြဿနာ ကိုယ်သာ အသိဆုံးဖြစ်တယ်။ ဒါ့ကြောင့် ကိုယ့်လူမျိုးတွေရဲ့ပြဿနာကို တခြား မသိနားမလည်ဘဲ၊ တခြားလူမျိုးစု တစ်ခုက လွှမ်းမိုး ပဲ့ကိုင်ပေး တာကို မလိုချင်ဘူး။ အဲသည်လို အဖြစ်မျိုးကနေ လွတ်ချင်တယ်။ ဒါ့ကြောင့် ဖက်ဒရယ် လိုချင်တယ်။ ဖက်ဒရယ်ကို တည်ဆောက်မယ်။

ဒါပေမယ့် ဒီနေရာမှာ တစ်ခု သတိထားဖို့က၊ အများသဘောညီ ကိုယ်စားပြုလုပ်ရမယ့် နိုင်ငံတကာ ကိစ္စတွေကို တော့ နိုင်ငံတော်က လုပ်။ တနည်း နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ ဗဟိုအစိုးရက လုပ်။ ကိုယ့်ပြည်နယ်တွင်း ကိစ္စတွေကတော့၊ ကိုယ့်ပြည်နယ်ထဲက လူတွေပဲ လုပ်မယ်။ ဝင်မရှုပ်နဲ့။

နောက်တစ်ခုက ဘာ့ကြောင့် ဖက်ဒရယ်လဲ…ဆိုတဲ့ မေးခွန်း။

▄ တန်းတူညီမျှမှု ဖြစ်ထွန်းရေး

ဖက်ဒရယ်ကို ဘာ့ကြောင့် လိုအပ်သလဲဆိုတာ ဖြေရမယ်။ အုပ်ချုပ်မှုအရ တစ်ဦးတစ်ဖွဲ့ ၊ တစ်စုတစ်ယောက်၊ အုပ်စု တစ်ခုတည်းကပဲ လက်ဝါးကြီးအုပ်ထားတာမျိုးကို အလိုမရှိဘူး။ အရည်အချင်းသာရှိရင်၊ လူမျိုးစုအားလုံး တိုင်းပြည် ခေါင်းဆောင် ဖြစ်ခွင့်ရှိတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ပဲ။ အုပ်ချုပ်မှုအရ အုပ်စုအားကြီးလို့ ပိုယူတယ်၊ ပိုအုပ်ချုပ်ခွင့်ရ တယ်၊ ပိုလွှမ်းမိုးမယ်၊ ပို ဝေစုယူမယ်ဆိုတာမျိုး မဟုတ်ဘူး။ အားလုံး တန်းတူညီမျှ ရှိရမယ်။ ဒါ့ကြောင့် ဖက်ဒရယ်လို့ ပြောမယ်။ အုပ်ချုပ်မှု လွတ်လပ်ခွင့်၊ တန်းတူညီခွင့်…။ ဒီနှစ်ချက်ရပြီ။

▄ ကိုယ့်အလှနဲ့ ကိုယ်နေမယ်

နောက်တစ်ချက်က၊ အမှတ်သရုပ်ပြဿနာ။ အားလုံးကို ဟင်းပေါင်းအိုးကြီးလို ကြိုလိုက်ရင်တော့ အရသာ အစုံ၊ အသွေးအရောင်အစုံ စားချင်စဖွယ်ပေါ့။ ဒါပေမယ့် ရောကြိုလို့ မရတဲ့အရာတွေ ရှိသေးတယ်။ အဲသည်လိုနေရာတွေ မှာတော့၊ ကိုယ့်အမှတ်သရုပ်နဲ့ ကိုယ်။ အလှ ကိုယ်စီပေါ့။ တန်ဖိုး ကိုယ်စီပေါ့။ ဒီအမြင်ကို တည်ဆောက်တာ။ ဖိုးလမင်းလည်း သူ့အဆင်းနဲ့ အချင်းနဲ့။ မီးတိုင်ငယ်လည်း သူ့အစွယ်နဲ့ အရွယ်နဲ့။ စံပယ်ဖူးလည်း သူ့ဂုဏ်ထူးနဲ့ ငုံဖူးနဲ့။ ပိတောက်ဝါလည်း သူ့အခါနဲ့ နံ့သာနဲ့။ အလှ ကိုယ်စီ၊ တန်ဖိုး ကိုယ်စီ။ ဒါဟာ ဗဟုဝါဒပေါ့။ ပဒေသာစုံမှုပေါ့။ ဥယျာဉ်ထဲမှာ၊ ပန်းပေါင်းစုံ ပွင့်လန်းနေတာ သိပ်လှတယ်ပေါ့။

ဒါဟာ ဗဟုဝါဒ အမြင်ဖြစ်ပါတယ်။ ပဒေသာစုံမှုကို နားလည်လက်ခံတာဖြစ်ပါတယ်။ ဘာ့ကြောင့် ဖက်ဒရယ်လဲဆိုတဲ့ အမေးမှာ၊ ကိုယ့်အရောင်နဲ့ ကိုယ်လှချင်တယ်၊ ကိုယ်တန်ဖိုးနဲ့ ကိုယ် ရပ်တည်ချင်တယ်၊ ကိုယ့်အလှနဲ့ ကိုယ် တင့်တယ်ချင်တယ်။ ဒါဟာ ဘာ့ကြောင့် ဖက်ဒရယ်လဲ…ဆိုတဲ့ အဖြေထဲက နောက်ထပ် တစ်ခု။

နောက်တစ်ခုကတော့ နည်းနာပိုင်းနဲ့ ဆိုင်သွားပြီ။ အုပ်ချုပ်ရေးနည်းနာ တစ်ခုပေါ့။

▄ တာဝန်ခွဲဝေမှုနဲ့ တာဝန်ခံမှု အားကောင်းတဲ့ အုပ်ချုပ်ရေးစနစ်

ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား၊ တာဝန်ခွဲဝေ အုပ်ချုပ်မှုပဲ ဖြစ်ပါတယ်။ တာဝန်ကိုယ်စီ ၊ သူ့အလုပ် ကိုယ့်အလုပ် ခွဲခြားထားတော့ အလုပ်ပိုတွင်တာပေါ့။ တကယ်တော့ အားလုံးကို ရောသမထားရင်၊ ဘယ်သူ့တာဝန် မှန်း မရေရာတော့ဘူး။ တာဝန်တွေ ရောထွေးကုန်တယ်။ တာဝန်တွေ ထွေပြားကုန်တယ်။ အဲသည်လိုဆိုရင်၊ တာဝန်ခံမှုမှာလည်း မသဲကွဲတော့ဘူး။ ပြဿနာဖြစ်လာရင် သူလုပ်တာလို့ လိုလို၊ ကိုယ်လုပ်တာ လိုလို။ အလုပ်လုပ် မယ်ဆိုရင်လည်း သူလုပ်မှာ လိုလို ၊ ကိုယ်လုပ်မှာ လိုလိုနဲ့။ နောက်တော့ အုပ်ချုပ်ရေးမှာ ဟာကွက်တွေဖြစ်လို့၊ တိုင်းပြည်ဟာ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး၊ တိုးတက်သင့်သလောက် မတိုးတက်။ ဒီလိုတွေ ဖြစ်ကုန်ရော။

ဒီတော့ အုပ်ချုပ်မှုကို ပိုပြီး စနစ်ကျအောင် စုဖွဲ့ထားတဲ့ ပုံစံ။ ဘယ်သူက လုပ်ပိုင်ခွင့် အာဏာ ဘယ်လောက် ယူမယ် ဆိုတာကို အားလုံးသဘောညီ ဆုံးဖြတ်ထားတာ။ အဲဒါကို လူမှုပဋိညာဉ်သဘောတရားလို့ ခေါ်တယ်။ တနည်း နိုင်ငံရေးပဋိညာဉ်လို့လည်း ခေါ်တယ်။ အစိုးရနဲ့ လူထုအကြား ထားရှိထားတဲ့ ကတိကဝတ်နဲ့ ယုံကြည်မှု စည်းနှောင်ချက်ကို လူမှုပဋိညာဉ်လို့ ခေါ်မယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား ထားရှိထားတဲ့ ကတိကဝတ် နဲ့ ယုံကြည်မှု စည်းနှောင်ချက်ကို နိုင်ငံရေးပဋိညာဉ်လို့ ခေါ်မယ်။ ဖက်ဒရယ်ဆိုတာမှာ၊ ဒီနှစ်ခု လိုအပ်တယ်။

ဒါဆိုရင် ဒီပဋိညာဉ် နှစ်ခုကို ဘယ်လို ဖော်ပြမလဲ။ အာမခံချက်ရှိအောင် ဘယ်လို လုပ်နိုင်သလဲ။

▄ အခြေခံဥပဒေနဲ့ အာမခံချက်ရှိစေမယ်

ကတိကဝတ်ဆိုတာ နှုတ်အားဖြင့်၊ လူပုဂ္ဂိုလ်အားဖြင့် နားလည်မှုနဲ့ လုပ်ကြရင် မခိုင်မြဲဘူး။ လူလူချင်း နှုတ်အားဖြင့် သဘောတူညီချက်တွေဟာ ယိုယွင်းပျက်စီးလွယ်တယ်။ ဒီတော့ စာနဲ့ သွားရမယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတာ ရှိတယ် မဟုတ်လား။ စာနဲ့ ရေးသားပြီး ကတိခံရမယ်။ ဒါကို နိုင်ငံအဆင့်၊ တိုင်းပြည်အဆင့်ပြောတော့ ပဋိညာဉ်ပေါ့။ လူချင်းပြောရင်တော့ စာချုပ်ပေါ့။ ပြည်ထောင်စုကြီးထဲမှာ အားလုံးသဘောညီ စာချုပ်ကြီး တစ်ခု ချုပ်ဆိုလိုက်ကြ မယ်။ အဲဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ပြီပေါ့။ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို သွားဖို့၊ ကတိကဝတ်တွေ ထားပြီး၊ အချင်းချင်း ယုံကြည်မှု တန်ဖိုးတွေကို မြှုပ်နှံထားတဲ့ စည်းနှောင်မှုကြီးကို ပြည်ထောင်စု စာချုပ်ကြီးလို့ ခေါ်လိုက်မယ်။ တနည်း… ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပေါ့။

အခြေခံဥပဒေထဲမှာ၊ အလုပ်တာဝန် ခွဲဝေမှုတွေကို ခွဲခြားထားမယ်၊ ပိုင်းခြားထားမယ်။ ဘယ်သူက ဘာလုပ်ပေါ့။ ဘယ်ပြည်နယ်က ဘာတွေတာဝန်ရှိတယ်၊ ဘာတွေ ပေးရမယ်၊ ဘာတွေ ရမယ်ဆိုတာမျိုးပေါ့။ ဒါကို အခြေခံဥပဒေ မှာ တိတိကျကျ ပြဌာန်းထားမှသာ၊ အာမခံချက်ရှိတယ်။ ပြည်နယ်တွေ အချင်းချင်းကြားမှာ ချုပ်ဆိုထားတဲ့ ပြည်ထောင်စု စာချုပ်ကြီးဟာ၊ ပြုလွယ် ပြင်လွယ် ပြောင်းလွယ်လွန်းရင်လည်း မကောင်းဘူး။ ဘယ်တော့မှ ပြင်လို့ မရအောင် တင်းကျပ်ထားရင်လည်း မကောင်းဘူး။ ဒါကို rigid and flexible လို့ ပြောတယ်။ ပြောင်းဖို့ သိပ်လွယ်ရင် လည်း ခဏ ခဏ ပြောင်းလို့၊ မတည်ငြိမ်နိုင်ဘူး။ သိပ်တင်းကျပ်ထားရင်လည်း ပြုပြင်သင့်တာတွေ ခက်ကုန်လွန်း မယ်။ ဒီတော့ မျှခြေမှာထား။ ကြားချပေါ့။ ဒါဟာ အခြေခံဥပဒေ ရေးဆွဲရမှာ စဉ်းစားရမယ့် ကိစ္စ။ ဖက်ဒရယ် အခြေခံ ဥပဒေဆိုတာ ဒါမျိုးကနေ လာတယ်။

 

မင်းသေ့

Federal Journal