• Today is: Wednesday, September 22, 2021

ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၃)

Federal Journal
August01/ 2021
ဖက်ဒရယ် အကြောင်း တစေ့တစောင်း (၃)
▄ ဖက်ဒရယ် ဘယ်လိုလဲ….
ဖက်ဒရယ်ရဲ့ အနက်ကို ချုံ့ရင်၊ အာဏာခွဲဝေခြင်းလို့ အနက်ရတယ်။ အာဏာတွေအောက်မှာ လုပ်ပိုင်ခွင့်တွေ ရှိတယ်။ အုပ်ချုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဥပဒေပြုပိုင်ခွင့်၊ တရားစီရင်ပိုင်ခွင့်၊ ကိုယ့်ကြမ္မာကိုယ် ပြဌာန်းပိုင်ခွင့်၊ အခွန်ဘဏ္ဍာနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်၊ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းနဲ့ ပတ်သက်တဲ့လုပ်ပိုင်ခွင့်။ ထို့နောက် ခွင့်တူညီမျှ တစ်ပြေးတည်း တစ်ညီတည်း တည်ရှိပိုင်ခွင့်။
▣ ဤဖော်မြူလာ မမေ့ရ
ဖက်ဒရယ်ရဲ့ အနက်သဘောမှာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသလို၊ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းပိုင်ခွင့်ဆိုတာလည်း ပါဝင်နေတယ်။ ဒီနေရာမှာ အာဏာကို ဘယ်လို ခွဲဝေရရှိသလဲဆိုတာကို ပြောချင်တယ်။ ညီမျှခြင်း တစ်ခုနဲ့ တင်ပြ ချင်တယ်။ ဖက်ဒရယ် (ညီမျှခြင်း) ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း (အပေါင်း) အခြေခံဥပဒေအရ အာမခံထားချက်။ ဒါကို သိုးဆောင်းဝေါဟာရလိုနားလည်ဖို့။ Federalism = Decentralization + Constitutional guarantee လို့ နားလည်နိုင်တယ်။
▄ ဗဟိုက ကြီးလွန်း ရှည်လွန်း ချုပ်လွန်းတယ်
စစ်အစိုးရခေတ်တွေ တစ်လျှောက်လုံး၊ ဗဟိုဦးစီးစနစ်နဲ့ သွားခဲ့တာ။ ကြိုးနီစနစ်နဲ့ အုပ်ချုပ်ခဲ့တာ။ ဗဟိုရဲ့ အာဏာ ဟာ သိပ်ကြီးကျယ်လွန်းတယ်။ ဗဟိုရဲ့လက်တံတွေက သိပ်ရှည်လွန်းနေတယ်။ ဗဟိုရဲ့ လက်ချောင်းတွေက သိပ်ထိန်းချုပ်လွန်းနေတယ်။ ကြိုးနီတွေကလည်း သိပ်ရှုပ်တာပဲ။ အထပ်လိုက် အထပ်လိုက်၊ အရစ်လိုက် အရစ်လိုက်။ အမျိုးမျိုး အဖုံဖုံ။ နေရာတကာ။ အဆင့်တိုင်း အလွှာတိုင်း ဌာနတိုင်း။ ခွင့်ပြုချက်တောင်းရတာတွေ အထပ်ထပ်။ ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့်၊ ပြည်ထောင်စုအဆင့် (ဗဟိုအဆင့်)။ ဗဟိုဟာ နေရာတကာပါလွန်းနေသလို တစ်သွေးတစ်သံတစ်မိန့်ဆိုတော့ အလုပ်ဖြစ်အောင် လုပ်နိုင်မှုနှုန်းက သိပ်နိမ့်တယ်။ ဒီအားနည်းချက်ကို ဖျက်ဖို့၊ ဖက်ဒရယ်ဟာ အစားဝင်လာရမယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဆိုတာ ဗဟိုချုပ်ကိုင်မှုလျော့ချရေးလို့ နားလည်နိုင်တယ်။ သို့သော် မပြည့်စုံဘူး။ တစ်ခု ထပ်တိုးရမယ်။ အဲဒါကတော့ အခြေခံဥပဒေအရ အာမခံထားရမယ်။
▣ စာနဲ့ ပေနဲ့ ပဋိညာဉ် ထား
လူတစ်ယောက်၊ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့ရဲ့ စိတ်ထင်ရာ ပေးလိုက ပေး၊ ယူလိုက ယူ၊ ဖျက်သိမ်းလိုက် ဖျက်သိမ်း၊ ပယ်ဖျက်လိုက ပယ်ဖျက်၊ နှုတ်ပယ်လိုက နှုတ်ပယ်၊ ထပ်တိုးလိုက ထပ်တိုး။ စိတ်လိုလက်ရရှိတိုင်း ပယ်တာ၊ နှုတ်တာ၊ ပေါင်းတာကို လုပ်ချင်တိုင်းလုပ်လို့ မရစေရ။ တည်ငြိမ်ရမယ်၊ အတိုးအဆုတ် ရုတ်ချည်းပြောင်းလဲလို့ မရ။ စာနဲ့ပေနဲ့ ပဋိညာဉ်နဲ့ ပြဌာန်းသတ်မှတ်ပေးအပ်ထားခြင်းမျိုးမှာ အာမခံချက် ရှိစေရမယ်။ ဒါမှ ဖက်ဒရယ်။ သို့မဟုတ်ရင် ဒီမိုကရေစီအဆင့်မှာတင် ရပ်နေလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီအဆင့်ထိ မဖြစ်၊ မရောက်။ သွားမယ့်သွား ရောက်အောင်သွား။
▄ နယ်မြေ ပိုင်းခြား သတ်မှတ်ပုံ (၂) မျိုး
နောက်တစ်ခုက နယ်မြေပိုင်းခြားသတ်မှတ်ခွဲဝေရေး။ နယ်မြေတွေကို အပိုင်စားပေးလိုက်တယ်လို့ မမှတ်ရ။ ကိုယ့်နယ်မှာ ကိုယ်ဘုရင်လို စစ်မင်းများသဖွယ် မပြုမူရ။ နယ်မြေခွဲခြားသတ်မှတ်ရေးဆိုတာ တိုင်းပြည်တစ်ခုလုံး စီမံခန့်ခွဲရေးမှာ လွယ်ကူ ထိရောက်စေဖို့သာ ပဓာနပြုရမယ်။ ခွဲခြားပုံ ခွဲခြားနည်း အခြေခံ အကြမ်းဖျင်း (၂) ရပ်ရှိတယ်။ လူကို အခြေခံပြီး ခွဲမှာလား၊ မြေကို အခြေခံပြီး ခွဲမှာလား။ စာလိုချဲ့ရင် ဒီလို။
(၁) လူမျိုးစုတွေ နေထိုင်ရာအလိုက် နယ်မြေပိုင်းခြားသတ်မှတ်တာ၊ (၂) ပထဝီသွင်ပြင်ကို အခြေခံပြီး နယ်မြေပိုင်းခြားသတ်မှတ်တာ။ ဒီနှစ်ခုရှိတယ်။ လူမျိုးကို လိုက်ပြီး နယ်မြေပိုင်းခြားမှာလား။ သို့တည်းမဟုတ် ပထဝီမြေကြီးကို ဗဟိုပြုပြီး နယ်မြေပိုင်းခြားသတ်မှတ်မှာလား။ လူလား၊ မြေလားလို့ နားလည်လိုက်ရင် ရပြီ။
▄ လူလား ၊ မြေလား
နိုင်ငံရေးဆိုတာ လူ့ပြဿနာပဲ။ မြေပြဿနာပဲ။ ဒီနှစ်ခုကို အဓိက တည်ရှင်းရတာ နိုင်ငံရေးပဲ။ ဖက်ဒရယ်ဆိုတာ လည်း ဒီသဘော။ လူ့ကိစ္စ၊ မြေကိစ္စ။
ဒီနေရာမှာ စဉ်းစားရမှာတွေ ရှိတယ်။ အားသာချက် အားနည်းချက်ကို ဇယားချကြည့်ရမှာ။ လူကို အခြေခံပြီး ခွဲရင်၊ စီမံခန့်ခွဲဖို့ သိပ်ခက်သွားမယ်။ လူမျိုးစု အသွေးအရောင်အလိုက် နယ်မြေအပိုင်ပေးဖို့လည်း မလွယ်ဘူး။ ဝေတာ ခြမ်းတာ မညီရင်၊ ဘော်လကန်နိုက်ဇေးရှင်းဖြစ်သွားလိမ့်မယ်။ ဒီတော့ ပဋိပက္ခတွေနဲ့ ထပ်ကြုံနိုင်တယ်။ လူမျိုးစု အကျိုးစီးပွားနဲ့ လူမျိုးစုအခွင့်အရေးတွေ ပြောကြ၊ ငြင်းကြပြီး ခရီးမတွင်နိုင် ဖြစ်နိုင်တယ်။ လူမျိုးစု အမှတ်သရုပ်ကိုတော့ ထိန်းနိုင်လိမ့်မယ်။ သို့သော် လက်တွေ့အလုပ်ဖြစ်ရေး ခက်နိုင်တယ်။
လူဆိုတာမျိုးက ရွေ့နေတာ၊ ရွှေ့နေတာ။ တစ်နေရာတည်းမှာ အတည်တကျ နေခဲ့တာမျိုး မဟုတ်ဘူး။ လူတွေက ရောနှောနေထိုင် နေကြတာ။ လူဟာ လူမှုရေးသတ္တဝါမို့၊ သီးခြားမနေထိုင်နိုင်။ လူ့အဖွဲ့အစည်းထဲမှာ လာစု၊ လာပေါင်းနေထိုင်ရင်း ရောသွားပြီ။ ဒါ့ကြောင့် လူမှာ ကပြား ရှိတယ်။ လူကို အခြေခံခွဲရင် လူမျိုးစုငယ်တွေကို လူမျိုးစုကြီးက ငုံထား၊ မြုံထားတဲ့ဒေသတွေမှာ လူမျိုးရေးတိုးတိုက်မှုတွေဖြစ်နိုင်တယ်။ ဒီတော့ လူကို ဗဟိုပြုလွန်းတာမှာ ဘေးထွက် ဆိုးကျိုးရှိနိုင်တယ်။ ဒါဆိုမြေကို အခြေခံပြီး ခွဲမယ်။
▣ မင်းလတ်ရဲခေါင်ရဲ့ ဧရာလွင်
မြန်မာနိုင်ငံနာမည်ပေးပုံကိုက လူမျိုးကို စွဲပြီးပေးထားလို့၊ အားလုံးကို မခြုံနိုင် မငုံနိုင်။ မင်းလတ်ရဲခေါင်ကတော့ လူကိုမစွဲ၊ ပထဝီကို စွဲပြီး နိုင်ငံလုံးချီ ကိုယ်စားပြုနိုင်မယ့် စဉ်းစားချက်ကို စဉ်းစားဖူးတယ်။ တို့နိုင်ငံဟာ မြစ်ကြီး နှစ်မြစ်ကို အခြေခံပြီး ဖြစ်တည်လာတာမို့၊ ဧရာဝတီနဲ့ သံလွင်မြစ်ကို အစွဲပြုပြီး ခေါ်လိုက်မယ်။ ဧရာလွင်…တဲ့။ ဧရာလွင်။ ဒါဆိုရင် လူမျိုး တစ်မျိုးနာမည်ကို နိုင်ငံနာမည် တပ်စရာ မလိုတော့။ လူပြီးရင် မြေကြီးကို သွားမယ်။
▣ ဇာတိ ပဝတ်တိ
ပထဝီမြေကြီးရဲ့ သွင်ပြင် အနေအထားကို လိုက်ပြီး ခွဲရင်တော့ စီမံခန့်ခွဲရ လွယ်မယ်။ ထိရောက်တဲ့ အုပ်ချုပ်စီမံမှုဖြစ်နိုင်မယ်။ သို့သော် လူမျိုးစု အမှတ်သရုပ်တွေကို နည်းနည်း ပွန်းရှနိုင်တယ်။ လူဆိုတဲ့အမျိုးက ကိုယ့်သွေးသားကိုလည်း စွဲလမ်းသလို၊ ကိုယ့်မြေကိုလည်း စွဲလမ်းတယ်။ ကိုယ့်မြေဆိုတာကို တစ်နိုင်ငံလုံး ကိုယ့်မြေပဲလို့ မှတ်ထင်နိုင်ရင်တော့ ကောင်းမယ်။ ကိုယ့်ဇာတိချက်မြှုပ်သာ ကိုယ့်မြေမဟုတ်။ ဇာတိ ပဝတ္တိကို သိပ်စွဲလန်းတမ်းတလွန်းနေလို့လည်း မဖြစ်။ မျိုးချစ်စိတ် ပြင်းထန်လွန်းရင် ရှော်ဗင်ဝါဒကို ကူးပြောင်းသွား နိုင်တယ်။ ဇာတိစိတ် သိပ်ကဲလွန်းနေရင် လည်း ကျဉ်းမြောင်းတဲ့ ဒေသစွဲစိတ်ဓာတ်သို့ လျှောကျသွားနိုင်တယ်။ ဖြစ်နိုင်ရင်တော့ ဒို့အားလုံးဟာ ဟင်းပေါင်းအိုးကြီး၊ စွတ်ပြုတ်အိုးကြီးထဲမှာ အရသာစုံစားသုံးခြင်းဓလေ့ကို ပျိုးထောင်ရမှာ။
ဒါမှ we are together ။ အတူတကွနေထိုင်ခြင်းရဲ့ ရှေ့မှာ နာမဝိသေသနတွေကို သိပ်မတပ်ချင်နဲ့။ စာတတ်တဲ့သူက ကွန့်ချင်တယ်။ စာတတ်ရင် ကွန့်…တဲ့။ ဒီတော့ တူဂဲသားမှာ ဘယ်လို တူဂဲသားလဲလို့ ထပ်ကွန့်လိမ့်မယ်။ လာပေါင်းတာလား၊ သွားပေါင်းတာလား၊ အတင်းပေါင်းခိုင်းတာလား၊ လိုလိုချင်ချင်ပေါင်းကြတာလား။ ဘိုဆန်ဆန် တွေးရင်တော့ coming together လား၊ holding together လား…. တွေးလိမ့်မယ်။ နောက်တော့ အတွေးချော်ရင် living together ပါ စဉ်းစားခန်းဝင်သွားနိုင်တယ်။ ဒီမှာ ရပ်၊ ဒီမှာ ရပ်။
မင်းသေ့
Federal Journal