• Today is: Wednesday, September 22, 2021

ဖက်ဒရာယ်တပ်မတော်နှင့် အာဖဂန်သင်ခန်းစာ

Federal Journal
August20/ 2021

ဖက်ဒရာယ်တပ်မတော်နှင့် အာဖဂန်သင်ခန်းစာ

ဩဂုတ် ၂၀ ရက်

ပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆွေးနွေးအကြောင်းအရာ ၅ ခုရှိတဲ့အထဲက လုံခြုံရေးကဏ္ဍပေါင်းစည်းရေး ခေါင်းစဉ်ရပ်ဟာ လုံးဝမဆွေးနိုင်တဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ဟာ အဓိကသက်ဆိုင်တဲ့ တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက သီးခြားဆွေးနွေးလိုပြီးကျန်ဆွေးနွေးဖက် stakeholder တွေကိုမပါစေလိုကြပဲ ဘေးဖယ်ထားချင်တဲ့ ဆန္ဒရှိကြပါတယ်။ ကျန် နိုင်ငံရေးအစုအဖွဲ့ များ နှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအစုအဖွဲ့က လုံခြုံရေးကိစ္စဟာ စစ်ရေးလုံခြုံရေး ရှုဒေါင့်တခုတည်းက ချည်းကပ်ရုံနဲ့ ဖက်ဒရာယ်ပြဿနာတွေကိုမဖြေရှင်းနိုင်ပဲ အမျိုးသားလုံခြုံရေးNational security အတွက် လူမှုဘဝလုံခြုံရေး human security ဘက်က လွှမ်းခြုံစဉ်းစားပြီး အခြေခံမူတွေချနိုင်မှသာလျှင် လုံခြုံရေးပြုပြင်ပြောင်းလဲရေးနှင့်နှစ်ဖက်လက်နက်ကိုင်တပ်များ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်ဟာ အောင်မြင်နိုင်မယ်လို့ထောက်ပြကြပါတယ်။

တပ်မတော်ရဲ့သဘောထားက တပ်မတော်ဟာ ပြည်ထောင်စုသားတွေနဲ့ ပေါင်းစည်းဖွဲ့ထားလို့ နဂိုကတည်းက ပြည်ထောင်စုတပ်မတော် ဖက်ဒရာယ်တပ်မတော်ဖြစ်တယ်၊ လက်နက်မစွန့်ပဲစစ်ရေးတာဝန်ဆက်လက် ထမ်းဆောင်လိုလျှင် တပ်မတော်ထဲ ဝင်ရောက်ပူးပေါင်းတာဝန်ထမ်းဆောင်လိုက်ပါ လို့ပြောဆိုပြီး security sector reform လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို မဆွေးနွေးလိုပဲ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ချရေးကိုသာ ဇောင်းပေးဆွေးနွေးလိုပါတယ်။ အများစု သဘောမကျနိုင်တဲ့ အချက်ဖြစ်တဲ့ နိုင်ငံလုံခြုံရေးဆိုင်ရာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီ (ကာလုံ) ဖွဲ့စည်းမှုုနှင့့်သမတမှတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ေရးနဲ့ပတ်သက်ပြီး အချိန်အတိုင်းအတာ ကန့်သတ်ချက်ကိုမဖော်ပြပဲ (ဘယ်နေ့မှန်းမသိဖြစ်လာမဲ့) ဒီမိုကရေစီရင့်ကျက်လာတဲ့ သင့်တော်တဲ့အချိန်တခုမှာတော့ အခြားဖက်ဒရာယ်နိုင်ငံတွေမှာလိုပဲ ရွေးချယ်တင်မြှောက်ခံ သမ္မတ ကဖြစ်လာမှာပါလို့ပဲ ယေဘူယျသဘောထားကို ဖော်ပြတာတွေရှိပါတယ်။

ရိုးရိုးလေးစဉ်းစားရင်တောင်သိနိုင်တဲ့ အချက်ဖြစ်တဲ့ နှစ်ပေါင်းများစွာ စစ်မက်ပြုတိုက်ခိုက်လာတဲ့အဖွဲ့တွေဟာ တဖွဲ့ရဲ့အောက်မှာ ကျန်တဖွဲ့ကသွားရောက်ပူးပေါင်း ဩဇာခံရမဲ့အဖြစ်ဟာ လက်တွေ့မကျပဲ လက်နက်ချဒူးထောက်ခိုင်းတဲ့ သဘောမျိုးဆောင်နေပါတယ်။ ပါဝင်ဆွေးနွေးနေတဲ့ လက်နက်ကိုင်ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖွဲ့တွေကို အပစ်အခတ်ရပ်ဆဲရေးသဘောတူညီချက် NCA မှာ ချထားတဲ့ အခြေခံမူဖြစ်တဲ့ တန်းတူညီတူဆက်ဆံရေး ဆိုတာတွေနဲ့ မကိုက်ညီပဲ တဖတ်သတ်အပေါ်ဆီးကဖြစ်နေတာ၊ တဦးရဲ့အခက်အခဲကိုတဦးက ကိုယ်ချင်းစာနာ အပြန်အလှန်နားလည်မှုပေးပြီး ဆွေးနွေးပွဲ အပြုသဘောမျိုးတိုးတက်ဆွေးနွေးနိုင်ရေး တို့နှင့်ပတ်သက်ပြီး ရှေ့မတိုးနိုင်ပဲတစ်ဆို့နေတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှစ်ဖက် အငြင်းပွားမှု deadlock တွေကို ဘယ်လို ဖြေရှင်းကုစားရှေ့ဆက်ကြမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာ တပ်မတော်တာဝန်ရှိသူတွေက ခပ်မဆိတ်နေတာမို့ ဆွေးနွေးမှုတွေဟာ တင်းမာမှုဖက်ကို ရှေ့ရှုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်EAO တွေဖက်က တခုတည်းသော ဖက်ဒရာယ်ဆိုတာကို မူအားဖြင့်ယေဘူယျသဘောတူပြီးဖြစ်ပါတယ်။ နှစ်ပဋိစ္ဆေဒကြာမြင့်စွာ ပဋိပက္ခတွေဖြစ်ခဲ့ကြတာမို့ ယုံကြည်မှုတည်ဆောက်မှုဆိုင်ရာ အခက်အခဲ trust building တွေရှိတယ်ဆိုတာထောက်ပြကြပါတယ်။

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနေတယ်ဆိုသော်လည်း စိတ်တွင်းအနာဟောင်းတွေနဲ့သံသယတွေ ကုစားဖို့အချိန်လိုပါတယ်။ တပ်မတော်အတွင်းချက်ခြင်း ဝင်ရောက်အမှုထမ်းဖို့ဆိုတာ အဲ့ဒီ့ပြည်ထောင်စုတပ်မတော်က ဘယ်လောက်ယုံကြည်အားကိုးအားထားပြုလို့ရမလဲကို စောင့်ကြည့်ချင်ပါသေးတယ်။ ဒါကြောင့် ရှင်းလင်းပြတ်သား တဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ မူဝါဒ ရှိတဲ့ ပြည်ထောင်စုတပ်မတော်ရှိမရှိ ရှေ့ဦးစွာ မြင်တွေ့လိုကြပါတယ်။ ဒီမူထဲမှာ တပ်မတော်ဟာ ဒီမိုကရေစီအရရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အစိုးရရဲ့ဦးဆောင်မှုအောက်မှာ ရှိမရှိ နှင့် စစ်ဘက်ဆိုင်ရာ ကိစ္စတွေ စီမံခန့်ခွဲရာမှာလဲ လူတဦးတယောက်တည်းက အာဏာရှင်ဆန်ဆန် ထိန်းချုပ်မထားပဲ စုပေါင်းခေါင်းဆောင် စုပေါင်းတာဝန်ယူတဲ့ စနစ်ရှိမရှိ အစရှိတာတွေကို ဆန်းစစ်လိုပါတယ်။

ဒီလို လက်ခံနိုင်တဲ့ တိကျတဲ့မူဝါဒလမ်းစဉ်နဲ့ စနစ်ရှိရင်တောင်မှ အပြောနဲ့ အလုပ်တည့်မတည့်ဆိုတာလို လက်တွေ့မှာ ဘယ်လောက်လိုက်နာ ဆောင်ရွက်တဲ့ အဖွဲ့အစည်း ဖြစ်သလဲဆိုတာကို စောင့်ကြည့်လိုတာ သဘာဝကျပါတယ်။ ဒီလိုချမှတ်လိုက်တဲ့မူတွေ ပြုပြင်လိုက်တဲ့စနစ်တွေကို ချက်ခြင်းလက်ငင်းပီပြင်စွာ အကောင်အထည်ဖော်ဘို့ မဖြစ်နိုင်ဘူးဆိုတာ ကိုလည်း သဘောပေါက်ကြပါတယ်။ဒါကြောင့်မို့လို့ ကြားကာလ transition period ကို အတိအကျသတ်မှတ်စေလိုပါတယ်။ ကြားကာလ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ပြီး သိသာမြင်သာတဲ့အပြောင်းအလဲ နဲ့ အရှိန်ရလာမှ တခုတည်းသောဖက်ဒရာယ်တပ်မတော်အောက်မှာ လက်နက်ကိုင်အဖွဲ့စည်းတွေ တာဝန်ထမ်းဆောင်ရင်း လုံခြုံရေးဆိုင်ရာပေါင်းစည်းခြင်းတွေ ဖြစ်မယ်လို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ EAO တွေက ရှုမြင်ကြပါတယ်။

ဒီမိုကရေစီရင့်ကျက်တဲ့ တနေ့ ကာကွယ် ေရးဆိုင်ရာစီမံခန့်ခွဲမှုဟာ သမ္မတရဲ့ဦးဆောင်မှု ရောက်မယ်လို့ဆိုရာမှာ မရေမရာ အရှင်မျှောမထားပဲ time line နဲ့ bench mark change Indicators တွေ ချမှတ်လို့ နောင် ငါးနှစ် အတွင်း ဆယ်နှစ်အတွင်း ကာလုံဟာ ဒီလို အပြောင်းအလဲနဲ့ တိုးတက်မှုတွေ လုပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဘို့အရေးကြီးပါတယ်။ ဒါဟာ ကြားကာလ လွန်မြောက်ပြီး ဖက်ဒရာယ်လမ်းကြောင်းအပေါ်မှာ မယိမ်းမယိုင်ခရီးဆက်နိုင်တဲ့တနေ့ဖြစ်ပါတယ်။ ကြားကာလ က သိပ်တိုတာမဖြစ်နိုင်သလို သိပ်ရှည်ပြန်ရင်လဲ ယုံကြည်မှု ပြန်ပြိုကွဲမဲ့ အန္တရာယ်ကရှိနေပါတယ်။

ဒါကြောင့်လက်တွေ့ကျကျ ဖြစ်နိုင်ချေကို သက်ဆိုင်သူတွေညှိုဖို့ပါပဲ။ ( မြန်မာပြည် ငြိမ်းချမ်းရေးတကယ်လိုချင်ရင်ပေါ့လေ)။

ဖက်ဒရာယ်တပ်မတော် ပေါ်ပေါက်ရေး ပြုပြင်နေစဉ်အချိန် ကြားကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေ ကကောဘယ်လို ခရီးဆက်မလဲဆိုတဲ့ ပုစ္ဆာရှိပါတယ်။ ပြည်ထောင်စုတပ်မတော်ထဲ အပြည့်အဝဝင်ရောက်တာဝန်မထမ်းဆောင်နိုင်ခင်စပ်ကြားမှာ လက်နက်ကိုင်ဘဝက စွန့်ချင်တဲ့သူများကို ဘဝပြန်လည်ထူထောင်နိုင်ဖို့ ဖွံ့ဖြိုးရေး အကူအညီများပေးသလို လက်နက်စွန့်ဖို့ မဖြစ်သေးသူများကိုလည်း ပြည်နယ်ပြည်သူ့ရဲ၊ သို့မဟုတ် အခြား လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ပုံစံတခုခု ဥပမာ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ တရားမဝင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး၊ သစ်၊ သတ္တု၊ ကျောက်မျက် တွေကို ပူးပေါင်းနှိမ်နင်းနိုင်မဲ့ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ရဲ့ ကွက်ကဲမှုအောက်မှာရှိနေမဲ့ အထူးလုံခြုံရေး တပ်ဖွဲ့ အစရှိသဖြင့် ဖွဲ့စည်းတာဝန်ယူစေမလားဆိုတဲ့ ဖြစ်နိုင်ချေ အမျိုးမျိုးကို စဉ်းစားတွေးခေါ်တာတွေရှိပါတယ်။ အဓိက ကတော့ ပိုမိုကျယ်ပြန်တဲ့ လူမှုဘဝ လုံခြုံရေး Human security တာဝန် ကို အရည်အသွေးပြည့်ဝစွာ ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရေးအတွက် လေ့ကျင့်ပြုစုပျိုးထောင်စုစည်းနိုင်ရေးနှင့် ဒေသအတွင်းလက်နိုင်ကိုင်အင်အားစုတွေကြောင့် ဒေသတွင်းပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဝန်ထုတ်ဝန်ပိုး ဖြစ်နေရမဲ့အခြေအနေမျိုးကို ရှောင်ရှားလိုတာလဲဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ရင် လက်နက်ကိုင်တပ်ဖွဲ့အကြား အငြင်းပွားမှုတွေ တင်းမာမှုတွေ လျှော့ချနိုင်ပြီး ဒေသအတွင်း သယံဇာတများပတ်ဝန်းကျင်မပျက်စီးစေပဲ ထုတ်ယူသုံးစွဲကာ ဒေသခံတွေ စီးပွားရေး၊ လူမှုရေး ပို အဆင်ပြေစေနိုင်မလားလို့လဲ မျှော်မှန်းတာဖြစ်ပါတယ်။ ဒီလို စနစ်တကျ သဘောတူ လုပ်ဆောင်မှလည်း ဖွံ့ဖြိုးရေးအတွက်ရည်းစူးပြီး လမ်းဖောက်တာကို EAO တွေ ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ ထိုးဖောက်လွှမ်းမိုးနိုင်ဖို့ လမ်းဖောက်တာဆိုတဲ့ နှစ်ဦးနှစ်ဖက် သံသယတွေကို ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

တခုတည်းသော ဖက်ဒရာယ်တပ်မတော်ဖွဲ့စည်းရေးမှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ စိန်ခေါ်ချက် structural issues and challenge တွေအများအပြားလည်းရှိပါတယ်။ ခေါင်းကြီးဖင်သေးဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေဟာ ပြန်လည် တခုတည်းအဖြစ်စုဖွဲ့တဲ့အခါမှာ မကျေလည်မှုများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဗိုလ်ချုပ်တွေရှိသင့်တာထက်များပြီး အောက်ခြေတိုက်ခိုက်ရေးစစ်သား တွေနဲ့ အချိုးမညီဖြစ်နေတာတွေကလည်း တန်းတူဆက်ဆံရေးမူ နဲ့ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးအတွက် တပ်တွေပြန်စုဖွဲ့တဲ့အခါ အခက်အခဲဖြစ်စေမှာ အမှန်ပါပဲ။

လူမျိုးစုလူဦးရေအလိုက် အချိုးကျ တပ်ဖွဲ့တွေဖွဲ့စည်းရေးကို တိုင်းရင်းသားလက်နက်ကိုင်တွေက လိုလားသော်လည်း အတိတ်တုံးက အဲ့လို ရှိခဲ့တဲ့တပ်ဖွဲ့တွေ သူပုန်ထတပ်ကခွဲထွက်ခဲ့တဲ့ ဖြစ်ရပ်ကိုကြည့်ပြီး တပ်မတော်က သီးခြား လူမျိုးစုတပ်ဖွဲ့တွေထားတဲ့ ပုံစံကို မကြိုက်ပဲ ရောနှော ဖွဲ့ လိုတာကိုပဲ လိုလားတဲ့သဘော မျိုး တွေ့ရပါတယ်။ အချိုးကျ လူမျိုးစု တပ်ဖွဲ့ဖွဲ့စည်းရေးဆိုရာမှာလည်း လူဦးရေနည်းတဲ့ လူမျိုးစုက စစ်သားအနည်းငယ်ပဲရှိနိုင်တဲ့အခါ တပ်တွင်း ရာထူး၊ ရာခံ မညီမျှကွဲပြားမှု ကိစ္စတွေ မကျေလည်နိုင်တာတွေလည်းဖြစ်နိုင်ပါတယ်။ အကုန်လုံးက ဗိုလ်ချုပ်လုပ်ချင်နေတဲ့ အာသီသရှိရင် အခြေအနေက ပိုဆိုးနိုင်ပါတယ်။ ပြည်နယ်တခုအတွင်းတောင်မှ လူမျိုးစု အမျိုးမျိုးရှိနေကြတာမို့ တပ်တွင်းဖွဲ့စည်းမှုဟာ တိုင်းရင်းသား လူမျိုးစု တွေကြား အချင်းချင်း ပြသနာ ရှိနေသလို ဗမာနဲ့ တိုင်းရင်းသားတွေအကြား မှာလည်းအဖုအထစ်တွေဖြစ်လာနိုင်ပါတယ်။

သီးခြားဖွဲ့စည်းခြင်း သို့မဟုတ် ရောနှောဖွဲ့စည်းခြင်းဆိုင်ရာ ပြဿနာတွေကျော်လွှားဖို့နဲ့ ကာကွယ်ရေးအသုံးစရိတ်တိုင်းပြည်အပေါ်ဝန်မပိရအောင် အရပ်ဖက်ပညာရှင်အများစုက တပ်ရဲ့ အင်အားကို အမာခံလိုသလောက်ပဲ ထားပြီး အနည်းဆုံးအခြေအနေရောက်အောင်လျှော့ချသွားပြီး တဖက်မှာ နိုင်ငံသားတိုင်း စစ်မှုထမ်းတဲ့ စနစ်နဲ့ နိုင်ငံတော် ကာကွယ်ရေးကို ခိုင်မာတောင့်တင်းအောင် မြှင့်တင်လိုတဲ့ သဘောထားရှိကြပါတယ်။ ဒီယူဆချက်ဟာ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ ထိပ်ပိုင်းတာဝန်ယူနေရသူ အသီးသီးနဲ့ ဩဇာနဲ့အာဏာ ချိန်ခွင်လျှာ အပြောင်းအလဲကို ဖြစ်ပေါ်စေမှာမို့ ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။

ဖက်ဒရာယ်တပ်မတော်ဖွဲ့စည်းရေးဆိုင်ရာ အမြင်သဘောထားအမျိုးမျိုး ရှိနေတာကို ညှိုနှိုင်းအဖြေရှာမဲ့အစား မြန်မြန်လက်နက်ချ ငါတို့အောက်ဝင် အချိန်တန်ရင်မင်းတို့ပြောတဲ့ ဖက်ဒရာယ်နဲ့ ဒီမိုကရေစီရမယ်၊ ဘယ်နေ့လဲတော့မမေးနဲ့။ လောလောဆည် ပြည်နယ်ဝန်ကြီးချုပ် မင်းတို့ပြည်နယ်မင်းတို့လုပ်။ ဒါပေမဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်ပြီး အုပ်ချုပ်ရေးကို ဗျူယိုကယက်တွေနဲ့ ထိန်းထားမယ်ဆိုတဲ့ သဘောမျိုးတွေပဲ ပြောဆိုနေတာတွေ့ရပါတယ်။ ကျိုးကြောင်းဆင်ခြင်တုံတရားနဲ့ ဆွေးနွေးညှိုနှိုင်းဆုံးဖြတ်နိုင်တဲ့ အနေအထားမရှိတဲ့အခါ ဖက်ဒရာယ်တပ်မတော်ဖွဲ့စည်းရေးဟာ မဆွေးနွေးခင်ကတည်းကကို ဆတ်ဆတ်ထိမခံနိုင်တဲ့ အကြောင်းရာဖြစ်လို့နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကျန်အခြားဆွေးနွေးခေါင်းစဉ်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အခြေခံမူတွေ မှာ အထိုက်အလျောက် တိုးတက်မှုတွေရှိသော်ငြားလည်း ဆတ်ဆတ်ထိမခံတဲ့ ဖက်ဒရာယ်တပ်မတော် အကြောင်းအရာ တစ်ဆို့မှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာလည်း လုံးဝရှေ့မဆက်နိုင်ဖြစ်ခဲ့ရပါတယ်။

လက်ရှိမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်လုပ်မယ်လို့ ပြောဆိုနေသော်လည်း အထက်ဖော်ပြပါ ကွဲပြားအမြင်တွေ အတွက် အဖြေရှိမနေလျင် ထူးမခြားနား ဖြစ်နေမှာ အမှန်ပါပဲ။

အထက်ကဆွေးနွေးတာတွေကတော့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့သူတယောက်အနေနဲ့ အဖွဲ့အသီးသီး တင်ပြပြောဆိုရေးသားတာတွေအပေါ်မှာ မိမိမှတ်သားမိသလောက်အနှစ်ချုပ်ထားတာ ဖြစ်တာမို့ လိုအပ်မပြည့်စုံတာ၊ မူလဆွေးနွေးချက်တွေနှင့် ကွဲလွဲတာ၊ အကောက်အယူ နားလည်မှုအမှားတွေရှိနိုင်ပါတယ်။ ရည်ရွက်ချက်ကောင်းကောင်းနဲ့ ဆွေးနွေးပွဲတွေလုပ်ခဲ့ကြပေမဲ့ ဆွေးနွေးပွဲကျင်းပမှု ပုံစံနှင့် စီမံခန့်ခွဲမှု ဟာကွက်တွေကြောင့် ဆွေးနွေးမှုရဲ့ သဘောအရ ဖြစ်ပေါ်လေ့ရှိတဲ့ ကွဲလွဲတဲ့သဘောထားအမြင်အယူအဆတွေကို ကျေလည်အောင် ခံစားချက်မပါ အချက်အလက်နဲ့ အများစုလက်ခံနိုင်တဲ့ အနေအထားရောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။

ဒီနေရာမှာ တခုတွေးမိတာက ဆွေးနွေးပွဲမှာ လာရောက်ဆွေးနွေးနေတဲ့ ဘက်အသီးသီးက ပိုယ်စားလှယ်တွေရဲ့ အမြင်တွေ ဟာ သူ့တို့ကိုယ်စားပြုတဲ့ အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေနဲ့ အဖွဲ့မူဝါဒတွေနဲ့ တထပ်တည်းကျရဲ့လားဆိုတဲ့ သံသယပါ။ ဖက်ဒရာယ်ဒီမိုကရေစီထူထောင်ရေး နဲ့ပတ်သက်ပြီး နားလည်ပုံနားလည်နည်းနဲ့ ချည်းကပ်ပုံဟာ တဖွဲ့နဲ့တဖွဲ့ မတူကြပါဘူး။ နိုင်ငံရေးအရ သော်၎င်း လူထုထောက်ခံမှု ရရှိရေးအတွက်သော်၎င်း အားလုံးက ဖက်ဒရာယ် ဒီမိုကရေစီအော်နေကြပေမဲ့ အဖွဲ့စည်း အသီးသီးအတွင်းမှာ ခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေအကြား ခိုင်မာတဲ့ အမြင်၊ နားလည်မှုနဲ့ လမ်းစဉ် ဆွေးနွေးပွဲမလာခင် ချမှတ်ထားနိုင်ရဲ့လားလို့သံသယရှိခဲ့ပါတယ်။ ဥပမာ NLD ဟာ ဖက်ဒရာယ်တည်ဆောက်ရေးကို အစဉ်ရှေ့ရှုတယ်လို့ကြွေးကျော်ခဲ့သော်လည်း ဖက်ဒရယ်ဆိုင်ရာ စိန်ခေါ်ချက်များကို ကျော်လွှားနိုင်ဖို့ အသေးစိတ်လေ့လာထားတဲ့ နိုင်ငံရေးဆိုင်ရာ ပါတီမူဝါဒ၊ မဟာဗျူဟာ နည်းဗျူဟာ ရေးသားချမှတ်ထားတာတွေ မရှိပါဘူး၊ အလားတူ EAO စုပေါင်းပြီး ဖက်ဒရာယ်ဆိုင်ရာ အခြေခံပြဌာန်းချက်တွေ ရေးသားထားပေမဲ့ အားနည်းချက်တွေရှိနေပြီး ပါဝင်တဲ့ တဖွဲ့ချင်းအနေနဲ့ လည်း ဘုံသဘောတူညီချက်တွေအတည်ပြုနိုင်ခဲ့ရင် ဘယ်လောက်လိုက်ပါပြောင်းလဲလုပ်ဆောင်ဘို့ အသင့်ဖြစ်နေပြီလဲ အဖွဲ့တွင်းရှိနေတဲ့ internal politics ဂိုဏ်းဂဏ အသီးသီးရဲ့ ပြိုင်ဆိုင်မှုကြောင့် လက်နဲ့ရေး ခြေနဲ့ဖျက်တာမျိုးမဖြစ်အောင် တင်ကြိုကာကွယ်ဆောင်ရွက်ထားနိုင်စွမ်းရှိလဲ အစရှိသဖြင့် မေးခွန်းထုတ်စရာတွေတော့ရှိပါတယ်။

ပါဝင်သူတိုင်း သေသေချာချာအသေးစိတ် စဉ်းစားတွေးခေါ်ပြင်ဆင်ထားတာတွေမရှိလျှင် ဘုံသဘောတူညီချက်ရဘို့ အလျှော့အတင်းညှိုနှိုင်းရတာခက်ခဲပြီး ရခဲ့ရင်လည်း လက်တွေ့အကောင်အထည်ဖော်ချိန်ရောက်တဲ့အခါ အဖွဲ့အတွင်းအကွဲအပြဲတွေဖြစ်ကာ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပဲ အဆိုးသံသရာ တပတ်ပြန်လည်တာမျိုးတွေဖြစ်တတ်ပါတယ်။

ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ များ ကြာမြင့်ပြီး တိုးတက်မှုနှေးကွေးတဲ့အခါမှာ ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမနေနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ခေါင်းဆောင်တွေ တွေ့ပြီးဆွေးနွေးလိုက် အဲ့ဒါမြန်တယ် ဆုံးဖြတ်ချက်ပြတ်တယ် လို့ ယူဆကြတဲ့သူတွေရှိပါတယ်။ သို့သော် ခေါင်းဆောင်တိုင်းဟာ ရှုပ်ထွေးလှတဲ့ဆွေးနွေးရမည့် အကြောင်းအရာတိုင်းအတွက် အသင့်ဖြစ်မနေပါ။ အရေးကြီးဆုံးတွေသဘောတူလိုက် ကျန်အသေးစိတ်တွေက ကျွမ်းကျင်သူတွေ အဓိကသက်ဆိုင်သူတွေ ဆွေးနွေးမှာဟု ပြီးစလွယ်ပြောလေ့ရှိပါသည်။ ခက်နေသည်က အဲ့ဒီ့အရေးကြီးဆုံးကိစ္စတွေက ဘာလဲ ဘယ်ကိစ္စကို ဦးစားပေးမလဲ ဘာပြီးရင်ဘာလာမလဲ အစရှိသည့် priority setting and sequencing ကိုရဖို့ပင် ခက်ခဲနေခြင်းဖြစ်သည်။ ကိုယ်စားလှယ်တွေ ကျွမ်းကျင်သူများနှင့် လွှတ်ထားတော့လည်း ခေါင်းဆောင်များ အလုံးစုံ ဂဃဏန မသိတော့ပေ။

ထိုသို့ ခေါင်းဆောင်ပိုင်း သိနားလည်မှုဟာကွက်များကြောင့် လက်တွေ့အကောင်ထည်ဖော်မှုများတွင်အားနည်းကာ ပဋိပက္ခအသစ်များ ထပ်မံကြုံတွေ့ရခြင်းပင်ဖြစ်သည်။ စီမံခန့်ခွဲမှုနိုင်သော အိမ်စာလုပ်သော ခေါင်းဆောင်များအတွက် ဒီကွာဟချက် gap ကို ကျဉ်းမြောင်းလိုက်နိုင်သော်လည်း အပေါ်ယံ လက်ခုပ်သံ နိုင်ငံရေးတွင် တဝဲလည်သူများအတွက်မူ မလွယ်ကူသော စိန်ခေါ်ချက်ပင်ဖြစ်သည်။ ခေါင်းဆောင်များ ယေဘူယျဆွေးနွေးခြင်းနှင့် သက်ဆိုင်သူများအားလုံးပါဝင် အချိန်ပေးဆွေးနွေးခြင်း ဟူသည့် အစွန်းနှစ်ပါးမှ လွတ်ကင်းသည့် ငြိမ်းချမ်းရေး ညှိုနှိုင်းဆွေးနွေးမှု လမ်းစဉ်လိုအပ်နေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ရပ်တည်ချက် အလျော့မပေးခုခံ ငြင်းဆိုသည့်ပွဲလား အတိုးအလျှော့ ညှိုနှိုင်း ဘုံသဘောချက်ရှာဖွေကြမည့်ပွဲလား ဆိုတာ ကာယကံရှင်များ စိတ်ပိုင်းဖြတ်ဘို့ လည်းအရေးကြီးပါသည်။

ဒီကနေ့ အာဖဂန်မှာ ဖြစ်ပျက်သွားတာတွေဟာ ဖက်ဒရာယ်တပ်မတော်တည်ထောင်ရေး အတွက် သင်ခန်းစာအများအပြားရသည်။ ဝေဖန်ဆန်းစစ်ရလျှင်အာဖဂန်ပြဿနာဟာ မြန်မာနိုင်ငံမှာလိုပဲ လူမျိုးရေးဆိုင်ရာပြဿနာပါ။ ဒါတောင် မြန်မာနိုင်ငံမှာလို ဘာသာအမျိုးမျိုးကွဲနေတာမဟုတ်ပဲ အစ္စလာမ်ဘာသာတခုတည်းအဓိကထားကိုးကွယ်တာဖြစ်ပြီး (၂၅%ရှီယ/၇၅%ဆွန်နီ ဂိုဏ်းကွဲသော်လည်း) လူမျိုးအနေနဲ့က လည်း အဓိက ရှစ်အုပ်စု (ပထန်၊ တာဂျစ်၊ ဟာဇရ၊ အူ့ဇ်ဘက်၊ အိုင်မက်၊ တပ်က်မန်၊ ဘာလိုချ့်၊ အခြား) လောက်ပဲရှိတာပါ။ မြန်မာပြည် ဗမာကြီးစိုးရေးဝါဒလို့ တိုင်းရင်းသားတွေက ဝေဖန်သလို အာဖဂန်မှာလည်း တိုင်းပြည်လူဦးရေ ရဲ့ ၄၂% ရှိတဲ့ ပထန်တွေ က ပထန်ကြီးစိုးရေးလုပ်တာကို ကျန်အခြားအုပ်စုတွေက မခံမရပ်နိုင်ဖြစ်ကြပါတယ်။ စုစုပေါင်းလိုက်ရင် လူဦးရေ ၄၅ % လောက်ရှိမဲ့ကျန်အခြား လူမျိုးစုတွေဖြစ်တဲ့ တာဂျစ်၊ ဟာဇရ၊ အူ့ဇ်ဘက် တွေက စုပေါင်းပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ Northern Alliance -NA ပြန်ဖွဲ့ပြီး ပထန်တွေကြီးစိုးတဲ့ တောင်ပိုင်းသား တာလီဘန်တွေ ကို ပြန်တွန်းလှန်ခဲ့ကြပါတယ်။

အထူးသဖြင့် ဆိုဗီယက်ကျူးကျော်မှု ပြန်ရုတ်သိမ်းသွားသည့်နောက်ပိုင်း ၁၉၉၀ ပြည့်နှစ်အလွန်များတွင် မြောက်ပိုင်းမဟာမိတ်များက တောင်ပိုင်းတာလီဘန်များ ကြီးစိုးမှုကိုတန်ပြန် တော်လှန်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် NA က ဖမ်းဆီးမိသူတာလီဘန်များကို သတ်ဖြတ်ခဲ့သည်ကို လက်တုန့်ပြန်သည့်အနေဖြင့် တာလီဘန်များက ကျန်လူမျိုးစု ၅ ထောင်ကျော်ခန့်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့သောကြောင့် လူမျိုးရေးအညှိုးထား ရှင်းလင်းသုတ်သင်မှု ethnic cleansing ဟူ၍ အကြမ်းဖက်အဖွဲ့အစည်းအနေဖြင့် တာလီဘန်များကို သတ်မှတ်ကြသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလတွင် မြောက်ပိုင်းမဟာမိတ်စစ်ရေးခေါင်းဆောင် တာဂျစ်လူမျိုး အာမက် မရှာ မက်ဆောတ် (Ahmad Shah Massoud) ကို တာလီဘန်များက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ နယူးယောက် ၉/၁၁ ကမ္ဘာကုန်သွယ်ရေးစင်တာ တိုက်ခံရပြီးနောက် အမေရိကန်တို့က အကြမ်းဖက်အဖွဲ့များနှိမ်နင်းရေးအကြောင်းပြချက်ဖြင့် အာဖဂန် ၂၀၀၁ နှောင်းပိုင်းတွင် ဝင်ရောက်သိမ်းပိုက်လိုက်ပြီး တာလီဘန်များကိုနှိမ်နင်းခဲ့သည်။ အာဖဂန်အစိုးရ ဖွဲ့စည်းပေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၄ ကိုရေးဆွဲကာ ဖက်ဒရာယ်ပြည်ထောင်စုအစား တပြည်ထောင်စနစ်ကို ထူထောင်ခဲ့သည်။ အာဖဂန် လူမျိုးစု ပြဿနာကို ဖြေရှင်းရန် ပညာရှင်များက ဖက်ဒရာယ်စနစ်ကို တည်ထောင်ရန်စဉ်းစားခဲ့သော်လည်း လူများစုဖြစ်သည့် နိုင်ငံရေးအရပူးပေါင်းလုပ်ဆောင်သည့် ပထန် များ၏အလိုအရ တပြည်ထောင်စနစ် Union ကိုသာရွေးချယ်ခဲ့သည်။

အခြားလူမျိုးစုများအနေဖြင့်လည်း ရှုပ်ထွေးလှသည့်နိုင်ငံရေး စနစ်များအကြား ခေါင်းရှုပ်ခံဗျာမများလိုပဲ မိမိတို့နယ်မြေအတွင်း မိမိတို့ စိုးမိုးအရှင်သခင်ဖြစ်ရေး ကိုယ့်လက်ကိုယ်ခြေအာဏာထိန်းချုပ်ထားသောလက်အောက်ခံ လက်နိုင်ကိုင်ပြည်သူ့စစ်အဖွဲ့များ နှင့် ပဒေသရာဇ် နယ်စား စနစ်ကိုသာ ယစ်မူးတိမ်းညွှတ်သည်ကလည်း ဖက်ဒရာယ်စနစ်ရှေ့တန်းရောက်မလာခြင်းလဲဖြစ်သည်။ တာလီဘန်မဟုတ်သည့်ပညာတတ် ပထန် အများစုက လည်း အခြားလူမျိုးစု ခေါင်းဆောင်များကို သက်ဆိုင်ပြည်နယ် Governor အုပ်ချုပ်ရေးမှူး ချွေးသိပ်ခန့်ထားပြီး အရေးကြီးသည့် ဥပဒေပြုရေးလွှတ်တော်နှင့်အစိုးရအဖွဲ့ဝင် ရာထူးများတွင်ပထန်များ ကြီးစိုးသည်ကိုသာလိုလားကြပေသည်။

၂၀၀၄ ခြေဥမှ သမ္မတကို တိုက်ရိုက်ရွေးချယ်ရသောစနစ်ဖြစ်ပြီး ရွေးကောက်ပွဲမှာလည်း အချိုးကျ ရွေးကောက်တင်မြှောက်ခြင်း PR စနစ်မဟုတ်ပဲ နိုင်သူအကုန်ယူ စနစ်ဖြစ်ရာ လူဦးရေများသည့် ပထန်များသာ အမတ်ဖြစ်၊ဝန်ကြီးဖြစ်၊ သမ္မတဖြစ်သည့် အနေအထားဖြစ်သွားပေသည်။ အခြားလူနည်းစု တိုင်းရင်းသားများအနေဖြင့် ရွေးကောက်တင်မြှောက် ကိုယ်စားပြု နိုင်ခွင့် ၊ အုပ်ချုပ်ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့်များပျောက်ဆုံးသွားပေတော့သည်။ တဖက်တွင်လည်း ပထန်များကြီးစိုးသည့် ဗျူယိုကယက်ယန္တယားအစိုးရအဖွဲ့စည်းများ၏အဂတိလိုက်စားမှုမှာ ကြောက်ခမန်းလိလိ ကြီးထွားလာသောကြောင့် တိုင်းရင်းသားများ နိုင်ငံရေးစနစ်နှင့် ခပ်ကင်းကင်း ခွာလာကြပြီး ရသလောက်ယူ ငါတို့နယ် လာဗိုလ်မကျနဲ့ ဆိုသော ကိုယ်မင်းကိုယ်ချင်း ဩဇာအာဏာလွှမ်းမိုးချုပ်ကိုင်ထား နိုင်ရေး ပိုနေမြဲကျားနေမြဲ စနစ်သာ အဓိကဖြစ်လာပေသည်။ ပထန်များမှာမူ ရသလောက်ယူ လယ်သလောက်စား အဂတိစနစ်အောက်တွင်နစ်မြှုတ်သွားပြီး နိုင်ငံစည်းလုံးညီညွတ်ဖွံ့ဖြိုးတိုးတက်ရေးမှာ အလိုလိုနောက်ရောက်သွားပေသည်။

ကိုယ်တိုင်လုံလထုတ်ကြိုးပမ်းဆောင်ရွက်ပြည်သူအများ ပူးပေါင်းပါဝင်သော ဖွံ့ဖြိုးရေးလမ်းစဉ် တည်ထောင်ရမည့်အစား အနောက်နိုင်ငံအလှူများ၏ လှူဒါန်းမှုများ အပေါ်သာ မှီခိုသည့် donor dependent project driven အကျင့်နှင့် စိတ်ဓာတ်များပျက်ပြားသွားပေတော့သည်။ နိုင်ငံအရေးတွင် စစ်မှန်သော ပြည်သူလူထုပူးပေါင်းပါဝင်မှုပျောက်ဆုံးသွားသည့်အလျှောက် အကျိုးဆပ်အနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးစုအသီးသီး၏ ဘုံရည်မှန်းချက်ပန်းတိုင်မှာ ဝေဝါးသွားပြီး ဘုံတန်ဖိုးထားမှု ပျောက်ဆုံးသွားခြင်းသည်သာ အဓိက အကြောင်းရင်းဖြသ်ပေတော့သည်။

အာဖဂန်နိုင်ငံတော်၊ အာဖဂန်နိုင်ငံသား၊ အာဖဂန်ခေါင်းဆောင်၊ အာဖဂန်ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဟု ဘုံတန်ဖိုးထားအလေးပေးဂုဏ်ယူရမည့်အစား ဒါကတာဂျစ် ဟိုဟာက အူ့ဇဘက် သူက ပထန် အစရှိသဖြင့် ဒေသစွဲ လူမျိုးစွဲ များသာရှေ့တန်းတင်လိုသည့်သဘောထားများ ကြီးစိုးလာပေတော့သည်။ ဤ အခြေအနေတွင် အမေရိကန်တွေ ငွေသောက်သောက်လဲ အကုန်ခံ၍ တည်ထောင်ထားသော ပြည်ထောင်စု standard army စံနှုန်းစံထားအရည်အသွေးပြည့်ဝသည့် တပ်မတော်ကြီးသည် စာအုပ်ထဲတွင်သာရှိပြီး အပြင်တွင် လည်သူစားစတမ်း လုပ်စားစစ်တပ်အနေနဲ့သာပေါ်ထွန်းလာပေတော့သည်။ အမေရိကန်စစ်သားများအတုယူကာ ငါးသေတ္တာစား၊ လေကြောင်းပစ်ကူ ဗုံးမိုးကြဲပေးမှ စစ်တိုက်တတ်သည့် စစ်သားများဖြစ်လာတော့သည်။ တိုင်းရင်းသားလူမျိုးစုံပါဝင်ကာ ငါတို့နိုင်ငံတော်ကြီးကို ကာကွယ်မဟဲ့ ဆိုသည့်စိတ်ဓာတ်သည်စိုးစဉ်မျှမရှိတော့ပေ။ သို့ဖြစ်၍ အမေရိကန်တပ်များ အာဖဂန်မြေမှရုတ်သိမ်းသွားသည့်အချိန် တာလီဘန်များ စစ်ရေးအရှိန်မြင့်လာသောအခါ အာဖဂန်စစ်တပ်မှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကာ တလအတွင်းမြို့တော်ကို တာလီဘန်တို့ လက်ထဲကြရောက်ရတော့သည်။ အဓိက အားဖြင့် ပြည်ထောင်စုစိတ် တ်ပျက်ပြားသွားပြီး ဘုံတန်ဖိုးထားမှု ပျောက်ဆုံးသွားခြင်းသည်သာ အကြောင်းရင်းဖြစ်ပေတော့သည်။

သို့ဖြစ်၍ ဖက်ဒရာယ်တပ်မတော် ဖွဲ့စည်းရာတွင် တန်းတူညီမျှမှု နှင့်တရားမျှတမှုရှိသော ပြည်ထောင်စိတ်ဓာတ်ကိုမွေးမြူပေးနိုင်သည့် တပ်မတော်ကို ဖွဲ့စည်းတည်ဆောက်လေ့ကျင့်ပျိုးထောင်ပေးနိုင်ရေးသည် အရေးကြီးလှပါသည်။ စာနဲ့မရေး သော်လည်း လူမျိုးတမျိုးက အခြားလူနည်းစုလူမျိုးစုများကို လွှမ်းမိုးချယ်လှယ်ထားနိုင်သည့် အလေ့အထ ကို စွဲကိုင်ထားလျှင် code of conduct တပ်မတော်သားများ၏ကျင့်ဝတ်မည်မျှပင် အကောင်းဆုံး ရေးသားပြဌာန်းထားသော်လည်း မြေပြင်စစ်ဆင်ရာတွင် အကြမ်းဖက်သည့် ဓါးမြသာသာ ဖြစ်နေတတ်သည့် သဘောနှယ် ဖက်ဒရာယ်တပ်မတော်သည် လည်း တလက်ကိုင် လူမျိုးတစု ကိုသာ မျက်နှာသာပေးသော လက်ကိုင်ဒုတ် အဖွဲ့သာဖြစ်နေပေလိမ့်မည်။ ဤသို့ဆိုလျှင် အများဆန္ဒနှင့်အညီဖက်ဒရာယ်ဒီမိုကရေစီတည်ထောင်ရေး ရည်မှန်းချက်သည်လည်း ပျက်ပြယ်သွားကာ တစင်ခွဲရေး ဘက်သာ ရောက်ရှိသွားကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ရမည်ဖြစ်သည်။ နိုင်ငံအတွင်းက ပြည်နယ်များ အတူမနေနိုင်လို့ခွဲထွက်ကာ နိုင်ငံအသစ်များတည်ထောင်ကြရာတွင် ငြိမ်းငြိမ်းချမ်းချမ်းဆက်ရှိနေလျှင်ဖြေသာမည်ဖြစ်သော်လည်း အတူနေစဉ်ကတည်းက ရောယှက်နေသော စီးပွားရေးလူမှုရေး ဒွေးရောယှက်တင်ဖြစ်နေမှုကို ယတိပြတ်ဓားနှင့်ဖြတ်သလို ပိုင်းဖြတ်နိုင်မည်မဟုတ်သောကြောင့် လိုအပ်ချက်အရ ဆက်လက်တည်ရှိနေမည့်ကူးလူးဆက်ဆံမှုများအကြား ကျောင်းတော်ကရန်စနှင့် မညီမျှမှု၊ ခွဲခြားဆက်ဆံမှုများ၊ လူလည်ကျ အထက်စီးရလိုမှုများ အခြေပြုကာ မကျေလည်မှုများတဆင့်တိုးကာ ပဋိပက္ခများဖြစ်၍ ခွဲထွက်နိုင်ငံများအခြင်းခြင်းစစ်မက်ပြုနေကြမည်ဖြစ်သောကြောင့် ခွဲထွက်သော်လည်း မငြိမ်းချမ်းနိုင်ပေ။

အာဖဂန်နစ်စတန်တွင် တာလီဘန်များမြို့တော် ကဘူးကို သိမ်းယူလိုက်သောအခါ လက်ရှိသမ္မတပထန်လူမျိုးပညာတတ် အက်ရှ်ရက် မှာ ဂါနီ UAE နိုင်ငံ ဒူဘိုင်းကို ထွက်ပြေးသွားပြီး ဒုတိယသမ္မတအမ်ရူလာ ဆလဟ် ကတော့ မြောက်ပိုင်းနယ်ဖက်ကိုထွက်ပြေးသွားကာ မြောက်ပိုင်းမဟာမိတ်လုပ်ကြံခံလိုက်ရတဲ့ခေါင်းဆောင် မက်ဆောတ် ၏သား အာမက်မက်ဆောတ် ဆလဟ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ဘစ်မီလာမိုဟာမက်တီ တို့နှင့်ပူးပေါင်းကာ Northern Alliance 2.0 မြောက်ပိုင်းမဟာမိတ်ခေတ်သစ် ၂.၀ ဆိုပြီး ပြန်လည်တွန်းလှန်မယ်လို့ဆိုပါတယ်။ သို့သော်ဒီလို လုပ်ဖို့ ပြဿနာရပ်ကြီး ၂ ရပ်ရှိမယ်ကို The Economic Times ကရေးပါတယ်။ ပထမ က မြောက်ပိုင်းမဟာမိတ်အချို့တွေဟာ ချစားနိုင်ငံရေးအောက်မှာ တာလီဘန်တွေနဲ့ လျှို့ဝှက်ပူးပေါင်းတဲ့ နှစ်ဖက်ချွန်တွေဖြစ်ကုန်ကြလို့ ယခင်ကလို ညီညွတ်ဖို့မလွယ်ဘူးလို့ဆိုပါတယ်။ ဒုတိယကတော့ ပြည်ပကဘယ်သူကူမှာလဲဆိုတာပါ။ ယခင် မြောက်ပိုင်းမဟာမိတ်တုံးက ရုရှား၊ အီရန်၊ အမေရိကန်တို့က ကူညီခဲ့သလို တာလီဘန်တွေကိုကျောထောက်နောက်ခံပေးတဲ့ ပါကစ္စတန်နဲ့ နယ်စပ်ပြဿနာအမြဲတက်နေတဲ့ အိန္ဒိယက အတော်လေး စစ်ရေးမှာကူညီခဲ့ပါတယ်။ ခုအခါကြတော့ ပထဝီဝင်နိုင်ငံရေးအရ အာဖဂန်နိုင်ငံတွင်းနေတဲ့ ရှီယ မူဆလင်တွေကို ဆူနီတာလီဘန်တွေက ဒုက္ခမပေးရင်တော်ပြီဆိုပြီး အီရန်ကနှာစေးနေပါတယ်။ ဆိုဗီယက်၊ အမေရိကန် က လည်း တခါသေဘူး ပျဉ်ဖိုးနားလည်ဆိုသလိုပဲ လက်ရှောင်မှာဖြစ်တယ်။ တရုတ်က ခုအခါ ဒီဒေသထဲမှာ သူရဲ့ BRI နဲ့ပတ်သက်ပြီး ပိုလို့ တက်ကြွစွာ နိုင်ငံရေးကစားကာ တာလီဘန်ကို ထောက်ခံနေတာမို့ အိန္ဒိယဟာ တဦးတည်းလူမိုက်လုပ် မထောက်ပံလိုတာမို့ ပွဲကြည့်သာသာဖြစ်နေမဲ့သဘောပါ။ ပြည်ပနိုင်ငံကြီးတွေရဲ့ အကူအညီမပါပဲ ပါကစ္စတန်အကူအညီပေးနေတဲ့ စစ်ရည်ဝနေတဲ့ တာလီဘန်နဲ့ ရင်ဆိုင်ကာ ပြည်တွင်းစစ်နိုင်အောင်တိုက်ဖို့ဆိုတာ ညီညွတ်ရေးပျက်နေတဲ့ မြောက်ပိုင်းမဟာမိတ်တွေအတွက်တော့ မြင့်မိုရ်တောင်ကျော်ရမဲ့ကိန်းပါပဲ။

အနှစ်ချုပ်ရရင်တော့ နိုင်ငရေးစနစ်အလွဲအောက်မှာ လူမျိုးတစုကြီးစိုးရေးသာ ရှေ့တန်းရောက်လာခဲ့ပြီး ဘုံတန်ဖိုးပျောက်ဆုံးကာ ပြည်ထောင်စုစိတ်ဓာတ်ပျက်ပြည်သွားရတဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးဆိုတာ ပိုလို့ အလှမ်းကွာဝေးသွားတာဟာ အာဖဂန်လောလော လတ်လတ်ပေးတဲ့ သင်ခန်းစာပါပဲ။

Win Myo Thu

Credit – Photo