• Today is: Monday, January 25, 2021

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်တိုင်းရင်းသားတို့ အခွင့်အရေး

Federal Journal
July23/ 2019

ကျွန်တော်တို့၏နိုင်ငံတွင် လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ၁၉၇၄ ခုနှစတွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်အစိုးရမှ ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ အခြေခံဥပဒေ သုံးကြိမ် ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း အားလုံးသိကြပြီး ဖြစ်ပါသည်။ သို့ရာတွင် ပြည်သူတို့ အမှတ်တမဲ့ဖြစ်နေသည့် အချက်တစ်ရပ်မှာ ထိုဥပဒေသုံးခုစလုံးကို ပြင်ဆင်ခဲ့သည့် အချက်တစ်စုံတစ်ရာ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဘဲ ၁၉၄၇ နှင့် ၁၉၇၄ ခုနှစ် ဥပဒေများကို အပြီးအပိုင် ရပ်စဲဖျက်သိမ်းခဲ့ခြင်းသာရှိကြောင်း သတိမူမိကြဖို့ဖြစ်ပါသည်။
အိန္ဒိယနိုင်ငံ လေ့လာရေးခရီးစဉ်တစ်ခုမှ မေးမြန်းသိရှိခဲ့ရသည့် အကြောင်းအချက်အရ၊ ၁၉၄၇ ခုနှစ်တွင် ပြဋ္ဌာန်းအတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို စာရေးသူတို့ ထိုနိုင်ငံသို့ ရောက်ခဲ့သည့် ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း(၇၀)နီးပါးအတွင်း ဖျက်သိမ်းရပ်စဲခဲ့ဖူးခြင်းမရှိဘဲ (၁၀၃)ကြိမ်တိတိ ပြင်ဆင်ခဲ့ပြီးကြောင်း လေ့လာ သိရှိရပါသည်။ လိုအပ်လျှင် လိုအပ်သလို ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အခြေခံဥပဒေကို ပြုလွယ်ပြင်လွယ်အောင် ရေးဆွဲ ပြဋ္ဌာန်းခဲ့သည့် သဘောဖြစ်ကြောင်း နားလည်ရပါသည်။ ယခုအခါ မိမိတို့၏ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို ဖျက်သိမ်း ရန်၊ ပြင်ဆင်ရန် တင်ပြအဆိုပြု ပြောဆိုဆွေးနွေးလာကြသည်များရှိပါသည်။ အတည်ပြု ပြဋ္ဌာန်းပြီးသော ဥပဒေတစ် ရပ်ကို ပြင်ဆင်ရန် (သို့မဟုတ်) ဖျက်သိမ်းရန်ဟူသည့်ကိစ္စတွင် ထိုဥပဒေသည် တကယ်တန်း ဖျက်သိမ်းရန် (သို့မ ဟုတ်) ပြင်ဆင်ရန် လိုအပ် မလိုအပ်သည်ကို လေ့လာဆန်းစစ်ရပါမည်။ ရွေးကောက်ပွဲ ကတိကဝတ်တစ်ခုတည်း ကြောင့်သာမဟုတ်မူဘဲ အမှန်တကယ်ပြင်ဆင်ရန် (သို့မဟုတ်) ဖျက်သိမ်းရန် လိုအပ်ခြင်းကြောင့်သာလျှင် ဖြစ်ရပါ မည်။
ရပ်စဲဖျက်သိမ်းပြီးခဲ့သော ၁၉၄၇နှင့်၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အသက်ဝင်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် တိုင်းရင်းသားတို့အတွက် အခွင့်အရေး ဘယ်မျှရှိ၍ ဘယ်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်များပါဝင်နေသည်ကို သမိုင်းဖြစ်ရမ်များအား ပြန်ပြောင်း စောင်းငဲ့ကြည့်ရင်း သုံးသပ်တင်ပြလိုပါသည်။
မြန်မာပြည်လွတ်လပ်ရေးရရှိရန်အတွက် ဘိလပ်(လန်ဒန်)သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက်ဆွေးနွေး သောအခါ “အောင်ဆန်းဟာ ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်မဟုတ်” ဟူသော ကြေးနန်းတစ်စောင်ကို ရှမ်းစော်ဘွား များက အင်္ဂလိပ်အစိုးရထံရိုက်ပို့လိုက်သဖြင့် ဗိုလ်ချုပ်ခမျာ တိုင်းရင်းသားစည်းလုံးညီညွတ်ပြီး အတူတကွ လွတ်လပ် ရေးရရှိအောင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ရေး ပြန်လည် လုံးပမ်းခဲ့ရပါသည်။
ခွဲခြားအုပ်ချုပ်ပုံစနစ် (Divide and Rule)အရ အင်္ဂလိပ်တို့က ၄င်းတို့ သိမ်းပိုက်ပြီးသော မြန်မာနိုင်ငံကို ဥပဒေ အမျိုးမျိုးဖြင့် ခွဲခြားအုပ်ချုပ်ခဲ့သည်။ ကချင်ပြည်ထောင်ကို ၁၈၉၄ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော “ကချင်တောင်တန်း ဒေသ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေ” (1894- Kachin Hills Regulation)ဖြင့်လည်းကောင်း၊ ချင်းပြည်ထောင်ကို ၁၈၉၆ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော “ချင်းတောင်တန်းဒေသ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း” (1896- Chin Hills Regulation) ဖြင့်လည်းကောင်း၊ ဖက်ဒရယ်ရှမ်းပြည်ထောင်စုကို ၁၉၂၂ခုနှစ်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် “ဖက်ဒရယ် ရှမ်းပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်း” 1922-Federal Shan State Act)ဖြင့်လည်းကောင်း၊ ၁၉၃၅ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းပြီး၁၉၃၇ခုနှစ်၌ စတင်ကျင့်သုံးခဲ့သည့် “ဗမာပြည်အက်ဥပဒေ” (1935-Burma Act)ဖြင့် အုပ်ချုပ်သည့် ဗမာပြည်ထောင် (Burma Proper or Ministerial Burma)ဖြင့်လည်းကောင်း၊ သီးခြားလွတ်လပ်လျှက် သီးခြားအခြေ ခံဥပဒေဖြင့် အုပ်ချုပ်ခဲ့သော ပြည်ထောင် (၄)ခု ဖြစ်ပါသည်။ ထို့ပြင် ဗြိတိသျှအစိုးရနှင့် မင်းတုန်းမင်းတို့၏ သဘောတူ ညီချက်အရ လွတ်လပ်သောပြည်ထောင်အဖြစ် ၁၈၇၅ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံခဲ့ရသော ကရင်နီ (ဝါ) ကယား ပြည်ထောင်သည် ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ဖြစ်လာပါသည်။ ပြည်ထောင်စု စတင်ဖွဲ့စည်းစဉ်က အရေးအကြီးဆုံး အခြေခံမူတစ်ရပ်မှာ တိုင်းရင်းသားလူမျိုးအသီးသီးသည် အသစ်ဖွဲ့စည်းမည့် ပြည်ထောင်စုတွင် မိမိ၏ဆန္ဒအရသာ ပါဝင်နိုင်သည့် (Voluntary Association)ဟူသော အချက်ဖြစ်ပါသည်။ မန်းနေ ပြည်တော်အပါအဝင် အောက်မြန်မာပြည်တစ်ခုလုံးကို မြန်မာပြည်မ (Burma Proper)အနေဖြင့် အင်္ဂလိပ်တို့ စီမံအုပ် ချုပ်ခဲ့သည်။ မြန်မာပြည်မထဲတွင် တိုင်းရင်းသားမျိုးနွယ်စုကြီးများဖြစ်သည့် ကရင်၊ရခိုင်၊မွန် တို့ပါဝင်နေပြီး ထိုတိုင်းရင်း သားများကို ဗမာတို့နှင့်ရော၍ စီမံအုပ်ချုပ်ခဲ့ရာ ထိုစဉ်က သီးခြားကရင်ပြည်နယ် အလွန့်အလွန်အလိုရှိခဲ့သော ကရင် တိုင်းရင်းသားများအဖို့ ပြဿနာကြီးတစ်ရပ် ဖြစ်ခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ညှိနှိုင်းစည်းရုံးမှုအရ ပင်လုံစာချုပ်ကို ချင်း၊ ကချင်၊ ရှမ်း တိုင်းရင်းသားများက လက်မှတ်ထိုးရန်လက်ခံလာချိန်၌ ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ် ဦးအောင်ဇံဝေက ဗိုလ်ချုပ်အောင်ဆန်းအား ရခိုင်ပြည်အရေးစဉ်းစားပေးရန် တောင်းဆိုခဲ့သော်လည်း ရခိုင်ပြည်ပါဝင်သော ဗမာအရေးထက် ရှမ်း၊ ကချင်၊ ချင်းတို့ ၏အရေးတို့က ပို၍အရေးကြီးကြောင်း ပြန်ပြောသဖြင့် ရခိုင်ကိုယ်စားလှယ်က နားလည်မှုပေးခဲ့ရသည်ဟု လေ့လာသိ ရှိရပါသည်။ ကရင်တိုင်းရင်းသားများအဖို့လည်း ထိုစာချုပ်ချုပ်ဆိုပွဲသို့ ကိုယ်စားလှယ်အဖြစ်မဟုတ်ဘဲ လေ့လာသူ လေးဦးတက်ရောက်ခွင့်ရခဲ့ကြောင်း၊ လေ့လာသူများမှာ စောစိုင်းခေ၊ ဦးလှဖေ၊ စောချစ်တီး၊ စောဝီရီကျော်တို့ ဖြစ်ကြောင်း၊ သို့သော် အရောက်နောက်ကျ၍ မည်သည့်အကြောင်းအရာကိုမျှ ဂဂဏဏ မသိရှိခဲ့ရကြောင်းနှင့် ထိုစဉ် က ကရင်အဖွဲ့အစည်းကြီးဖြစ်သည့် KNUကလဲ ပင်လုံစာချုပ်ကို သဘောမတူခဲ့ကြောင်း သိရှိခဲ့ရပါသည်။ နိုင်ငံရေး အရ တန်းတူခွင့် (Political Equality) ကို ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ချင်း၊ ကချင်နှင့် ရှမ်းခေါင်း ဆောင်များက တောင်းဆိုခဲ့ပြီး ဒီမိုကရေစီအရ ဗမာများနှင့် တန်းတူ အခွင့်အရေးပေးရန် သဘောတူညီမှု ရယူခဲ့သည်။
သမိုင်းကိုလေ့လာသူများ သိရှိကြမည်ဖြစ်ပါသည်။ တိုင်းရင်းသားများက ဗမာနှင့်ပူးပေါင်းပြီး လွတ်လပ်ရေး ရယူဖို့ ညှိနှိုင်းကြရာ၌ ရှမ်းစော်ဘွား စပ်ရွှေသိုက်က “မိမိတို့ အင်္ဂလိပ်ကျွန်ဘဝက လွတ်မြောက်ပြီးနောက်တစ်ဖန် ဗမာကျွန် မဖြစ်လိုကြောင်း” ကိုလည်းကောင်း၊ ကချင်ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်ကလည်း “ဗိုလ်ချုပ်ရဲ့ ဗမာခေါင်းဆောင်များကို ဗိုလ်ချုပ်ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်နိုင်ရဲ့လား” ဟူသည့်မေးခွန်းကိုလည်းကောင်း၊ ပြောဆိုမေး မြန်းခဲ့ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ပြောကြားရာ၌ “တိုင်းရင်းသားများ အင်္ဂလိပ်ကျွန်ဘဝက လွတ် မြောက်ပြီးနောက် တစ်ဖက်လှည့်၍ ဗမာကျွန်မဖြစ်စေရကြောင်း၊ မိမိရဲ့လူများကို ပြောဆို၍မရပါက မိမိကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်မှ နှုတ်ထွက်ပြီး ကချင်ပြည်ထူထောင်ရေးကို ဦးစီးခေါင်းဆောင်ပြုလုပ်မည်ဖြစ်ကြောင်း” ခိုင်မာသည့် ကတိပေးခဲ့ပါသည်။ ထို့ပြင် လွတ်လပ်ရေးရရှိ၍ (၁၀)နှစ်ပြည့်မြောက်ပါက ပြည်ထောင်စုမှ ခွဲထွက်လိုလျှင် ခွဲထွက်နိုင် ကြောင်းဟူသည့် အပိုဒ်ကို စာချုပ်ထဲထည့်သွင်းရန် ဗိုလ်ချုပ်နှင့်ဦးနုတို့က သဘောမတွေ့လှသော်လည်း အတူတကွ လွတ်လပ်ရေးရယူပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ပါမည်ဟူသည့် ကတိကြောင့် ထိုအပိုဒ်ကို ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါသည်။
၁၉၄၈ခု လွတ်လပ်ရေးရှိသောအခါ ပင်လုံစာချုပ်တွင် လက်မှတ်မထိုးခဲ့သည့် ကရင်နီ ပြည်နယ်က ပြည် ထောင်စုတွင် ပါဝင်လာခြင်းဖြင့် ဗမာပြည်ထောင်၊ ချင်းပြည်ထောင်၊ ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင်နှင့် ကရင်နီ ပြည်ထောင်ဟူသည့် ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ပေါက်လာပြီး ကြယ်ကြီးတစ်လုံးကို ကြယ်ငယ်ငါးလုံး ဝန်းရံထား သော နိုင်ငံတော်၏အလံကို ပုံဖော်ခဲ့ကြောင်း စာရေးသူတို့ ကောင်းစွာမှတ်မိနေဆဲဖြစ်ပါသည်။ သို့ရာတွင် အကြောင်း မလှ ကံမကောင်းစွာဖြင့် လွတ်လပ်ရေးမရမီ၌ပင် ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပြီး အုပ်ချုပ်ရေးအာဏာဆက်လက် ရယူသည့် ဦးနုတို့၏ ပါလီမန်ဒီမိုကရေစီခေတ်၌ တိုင်းရင်းသားများ ထူထောင်လိုသည့် မျှတခြင်း၊ တန်းတူခြင်း၊ လွတ် လပ်ခြင်းတည်းဟူသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစနစ်၏ ပန်းတိုင်များမှ သွေဖီသွားလျှက် ဖက်ဒရယ်စနစ် အစား တစ်ပြည်ထောင်စနစ် (Unitary System)သို့ ချီတက်နေကြောင်း တိုင်းရင်းသားများက ရိပ်စားမိလာကြသည်။ တန်းတူညီတူရှိသော ပြည်ထောင်စုအချင်းချင်းမဟုတ်ဘဲ ပြည်ထောင်စုအာဏာပါဝါကို လူဦးရေများပြားသည့် ဗမာတို့ က ရယူလိုက်သည့်အနေအထားမျိုးသို့ ရောက်ရှိနေကြောင်း တိုင်းရင်းသားများ ခံစားလာခဲ့ကြသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဓိကအကြံပေးရေးဆွဲခဲ့သော ဥပဒေပညာရှင် ဦးချန်ထွန်းက “၁၉၄၇ခု ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေဟာ အသွင်သဏ္ဍာန်အားဖြင့် ပြည်ထောင်စု(Federal)ဖြစ်ပေမဲ့ အနှစ်သာရအားဖြင့် တစ် ပြည်ထောင်(Unitary)စနစ်ဘဲ”ဟူ၍ အတိအလင်းထုတ်ဖော်ပြောကြားခဲ့သည့် သမိုင်းဝင်အကြောင်းအချက်များကို လေ့လာသူများ သိရှိနိုင်ကြပါလိမ့်မည်။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီး (၁၄)နှစ်မျှ ကြာမြင့်လာသော ၁၉၆၁နှစ် ရောက်ရှိလာချိန်၌ တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ပတ်သက်၍ လေ့လာဆန်းစစ်မည့် တောင်ကြီးတိုင်းရင်းသားညီလာခံ ကို ကျင်းပခဲ့ကြပါသည်။ လွတ်လပ်ရေးရပြီး (၁၀)နှစ်ပြည့်လျှင် ပြည်ထောင်စုအတွင်းမှ ခွဲထွက်လိုက ခွဲထွက်နိုင်သည် ဟူသည့် ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအပေါ် တိုင်းရင်းသားအချို့ကလဲ စဉ်းစားသုံးသပ်လာကြပါသည်။ “တိုင်းရင်းသားတွေ ပြည်ထောင်စုထဲကနေ မခွဲထွက်ချင်အောင် ငါတို့ဗမာတွေကကျင့်ကြံအားထုတ်ကြရမှာပေါ့” ဟူ၍ ပြောဆိုမိန့်ကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သည့်အချိန်၌ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (ပြည်ထောင်စုစစ် စစ်) ဖြစ်၏ မဖြစ်၏ဟူသည်နှင့် ပတ်သက်၍ အကြေအလည်ညှိနှိုင်းဆွေးနွေးကြသည့် တောင်ကြီးတိုင်းရင်းသား ညီလာခံကို “ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်း” ဟူသော လွဲမှားသည့် အဓိပ္ပာယ်ဖော်ညွှန်းချက်ဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာသိမ်းလိုက်သည်မှစ၍ တိုင်းရင်းသားတို့ မျှော်မှန်းရော်ရည်ခဲ့သော ဖက်ဒရယ်ပြည်ထောင်စုသည် လည်း ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နိဋိတံခြင်းနှင့်အတူ ပျောက်ကွယ်ခဲ့ရပါသည်။ ၁၉၄၇ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေအရ ဖြစ်ပေါ်လာမည့် တိုင်းရင်းသားတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးခဲ့ရသည့် သမိုင်းမှတ် တမ်းကို ပြန်ပြောင်းတင်ပြခြင်းဖြစ်ပါသည်။
ဦးနေဝင်းခေတ် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း တိုင်းရင်းသားတို့၏ အခွင့်အရေးအတွက် မယ် မယ်ရရ ထိထိရောက်ရောက်ရေးဆွဲထားသည်ကို မတွေ့ရပေ။ တစ်ပါတီတည်းသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ စနစ်အောက်တွင် ဆိုရှယ်လစ်စနစ်သာကောင်းကြောင်း၊ ဆိုရှယ်လစ်စနစ်ကို အကာအကွယ်ပေးရမည်ဖြစ် ကြောင်းသာ ဇောင်းပေးဖော်ပြထားပါသည်။ ကချင်၊ ကယား၊ ကရင်၊ ရှမ်းပြည်နယ်မျာအပြင် ချင်းဝိသေသတိုင်းနှင့် ရခိုင်တိုင်းတို့ကို ပြည်နယ်များအဖြစ်လည်းကောင်း၊ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ကို မွန်ပြည်နယ်အဖြစ်လည်း ကောင်း၊ ပြည်နယ်ပေါင်း (၇)ခုနှင့် တိုင်း(၇)တိုင်းတို့ဖြင့် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်ခဲ့ပါသည်။ ဤသို့ဖြင့် တိုင်းရင်းသားမျိုးနွယ်စုကြီး (၈)မျိုးဖြစ်သည့် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့အတွက် ပြည်နယ် (၈)ခုမဟုတ်ဘဲ ပြည်နယ်(၇)ခုနှင့် တိုင်း(၇)တိုင်း ဖွဲ့စည်းထားပေရာ တိုင်း(၇)တိုင်းသည် ဗမာမျိုးနွယ်စုနှင့် သက်ဆိုင် နေသကဲ့သို့ ဖြစ်နေပါသည်။ မည်သို့ပင်ဖြစ်စေ လမ်းစဉ်ပါတီ၏ ၁၉၇၄ခု ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသား များအတွက် တန်းတူညီမျှသည်ဟု ယူဆနိုင်သော ပြည်နယ်(၇)ပြည်နယ် ပေါ်ပေါက်လာခဲ့သည်မှန်သော်လည်း ဗမာတိုင်းရင်းသားများအတွက် ပြည်နယ်မရှိသဖြင့် သူတို့တတွေသည် လူအများစု မဟာလူမျိုးကြီးအဖြစ် ပြည် ထောင်စုကြီးကို စီမံအုပ်ချုပ်သူများကဲ့သို့ ဖြစ်နေပါသည်။ မှတ်မှတ်ရရဖော်ပြရလျှင် တိုင်းရင်းသားများအရေးနှင့် ပတ်သက်၍ “တော်လှန်ရေးကောင်စီ၏ သဘောထားခံယူချက်”ဟူသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်မှ လွဲ၍ တိုင်းရင်းသားတို့အတွက် အထူးအထွေ အာမခံချက် အပြည့်အဝရှိသော အကြောင်းအရာများ ၁၉၇၄ခုနှစ် အခြေခံဥပဒေတွင် မတွေ့ရှိရပေ။
၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း နိဂုံးချုပ်ခဲ့ပေပြီ။ ၄င်းအစားနာဂစ်မုန်တိုင်းကာလတွင်ရေးဆွဲ ခဲ့သော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အခန်း ပေါင်း (၁၅)ခန်းရှိပြီး ပုဒ်မပေါင်း (၄၅၇)ခုရှိသည်။ နောက်ဆက်တွဲဇယား (၅)ခုလဲပါသည်။ အခန်း(၁၅)ခန်းအနက် နိုင်ငံသားများ၏တာဝန်နှင့် ရပိုင်ခွင့်နှင့်ပတ်သက်သော အခန်းမှာ အခန်း(၈)ဖြစ်ကြောင်း ညွှန်းဆိုနိုင်သော်လည်း ထိုအခန်းတွင် “တိုင်းရင်းသား”ဟူသည့်စကားရပ်ကို မတွေ့ရဘဲ “နိုင်ငံသား”ဟူသည့် စကားရပ်ကိုသာ တွေ့ရသဖြင့် ၂၀၀၈ခုနှစ် အခြေခံဥပဒေ၌လည်း တိုင်းရင်းသားများအရေးကို အလေးထားထည့်သွင်းထားခြင်း မရှိကြောင်း ခံစားမိပါသည်။ နောက်ဆက်တွဲ ဇယား(၁)ပါ ပြည်ထောင်စုဥပဒေပြု စာရင်း၌ကဏ္ဍရပ်အလိုက် ခေါင်းစဉ်ကြီး(၁၁)ခု အောက်တွင် အကြောင်းအရာပေါင်း (၁၂၃)ခုရှိပြီး ဇယား(၂)ပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဥပဒေပြုစာ ရင်း၌ ကဏ္ဍရပ်အလိုက် ခေါင်းစဉ်(၈)ခုအောက်တွင် အကြောင်းအရာပေါင်း (၄၁)ခုသာရှိကြောင်းတွေ့ရပါသည်။ အချိုး ချိုးလိုက်လျှင် ဥပဒေပြုခွင့် ၃:၁ သဘောမျိုးသက်ရောက်နေပါသည်။ ဥပဒေပြုခွင့်တွင် ပူးတွဲအာဏာ (Concurrent Power)ကိုလည်း ထည့်သွင်းထားခြင်းမရှိပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်းတွင် အရေးမပါလှသောအကြောင်းချက်(၁၀)ချက်ကို ထည့်သွင်းထားပြီး တိုင်းနှင့်ပြည်နယ်များမှ ကောက်ခံရမည့် အခွန်အခ (၁၉)ခုကို ဖော်ပြထားသော်လည်း ထိုအခွန်အခများ ခွဲဝေသုံးစွဲမှုနှင့်ပတ်သက်၍ ဖော်ပြထားခြင်း တစ်စုံတစ် ရာမတွေ့ရပါ။ ပြည်ထောင်စုနှင့် ပြည်နယ်များ၏ ဥပဒေပြုခွင့် အချိုးအစားများစွာ ကွာခြားနေပါသည်။
မည်သို့ဆိုစေ- ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းရွှေ၏လက်မှတ်ဖြင့် (၂၉-၅-၂၀၀၈)ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ဖြစ်ပြီး သားကိစ္စ ပြီးသွားပြီဖြစ်ပါသည်။ ဤ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို NLDပါတီအတိုက်ခံဘဝတွင်ရှိစဉ်က လက်သန်းပေါင်း (၅)သန်း၏ တို့မင်ဖြင့် ပြင်ဆင်ပေးရန် ဆောင်ရွက်ခဲ့ဖူးပါသည်။ ယခုတဖန် NLDပါတီဝင် ဦးအောင်ကြည်ညွန့်က လွှတ်တော်တွင် ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အရေးကြီးအဆို တင်သွင်းခဲ့မှုအ ပေါ် ၂၀၀၈ခု အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ် (၄၅)ဦးဖြင့် ဖွဲ့စည်း ပြီး လုပ်ငန်းစတင်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ဤအဆိုကို ကနဦးတွင် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ တမ်မတော် က ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကဖွဲ့စည်းခဲ့သော ပူးပေါင်းကော်မတီတွင် ၄င်းတို့ ပါဝင်လာပါသည်။ NLD ပါတီမှ ဦးဆောင်တင်သွင်းသည့် ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပုဒ်မအတော်များများကို ပြန်လည်စီ စစ်ပြီး ပြင်သင့်သည်များ ပြင်ရန်ဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီကမူ ပုဒ်မ (၂၆၁)တစ်ခုတည်းကိုသာ ပြင်ဆင်ရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ အခြားသတင်းတစ်ရပ်တွင် ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၂၆၁၊ ၂၆၂၊ အခန်း(၇)ပါ တပ်မတော်ဆိုင်ရာကဏ္ဍများ၊ ပုဒ်မ-၄၃၆၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ခြင်းနှင့် အခြားပြင်သင့်ပြင်ထိုက်သည့်ပုဒ်မများကို NLDပါတီက ပြင်ဆင်ရန် တင်ပြလာခြင်းသည်လည်းကောင်း၊ ပြည်ခိုင်ဖြိုးပါတီက ပုဒ်မ-၂၆၁ကိုသာ ပြင်ဆင်လိုခြင်းသည်လည်းကောင်း၊ မြို့ကြီးအတော်များများတွင် ၂၀၀၈ဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံနေကြခြင်းသည်လည်းကောင်း၊ ဥပဒေအရ ပြင်ဆင်လိုသည့် အချက်အား လုံးသည် လွှတ်တော်မှ တစ်ဆင့်သာ ဖြတ်သန်းသွားရမည်ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်(၇၅%)အထက် ထောက်ခံမှအတည်ဖြစ်မည်ဖြစ်သောကြောင့် (၂၅%)သောတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနက် တစ်ဦးမျှသာ ကန့်ကွက်မည်ဆိုလျှင်ပင် အခြေခံဥပဒေပြင်ဆင်ရေးအဆို အောင်မြင်မည် မဟုတ်သဖြင့် အချိန်ကုန် ငွေကုန်ခံပြီး ဤသို့ဆောင်ရွက်ခြင်း မပြုသင့်ကြောင်း၊ တပ်မတော်နှင့် ညှိနှိုင်းဆောင်ရွက်သဘောတူညီမှုရယူပြီးမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်လိမ့်မည်ဖြစ်ကြောင်း ထောက်ပြဝေဖန်သူများလည်းရှိနေပါသည်။ တပ်မတော်ကလည်း ၂၀၀၈ အခြေခံဥပဒေကို မပြင်ပါဟူ၍ မပြောခဲ့၊ ဒီမိုကရေစီ အုတ်မြစ် အခြေခိုင်မာလာပြီး အေးချမ်းတည်ငြိမ်မှုရှိလာ လျှင် စစ်တန်းလျားကိုပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သိရပါသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲကတိကဝတ်အရ မအောင် မြင်သေးသော ငြိမ်းချမ်းရေးကြိုးပမ်းချက်မှ ပြည်သူများ အာရုံပြောင်းသွားအောင် ဆောင်ရွက်သည်ဟုဘဲပြောပြော၊ ၂၀၂၀ခုနှစ် ရွေးကောက်ပွဲနီးလာပြီဖြစ်သဖြင့် အခြေခံဥပဒေကို ကတိအတိုင်း အပြင်ပြသည် (ပြင်၍ ရသည် မရသည် အပထား) ဟုဘဲ ဆိုဆို၊ သို့ကလို NLDပါတီကို ထောက်ပြကြသည်များရှိသည်။
ပုဒ်မ-၂၆၁ကိုသာ ပြင်လိုသည့် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များကို ပြည်နယ်တိုင်း လွှတ် တော်များကသာ ရွေးစေရန်ဟူသည့် အဆိုပြုချက်အပေါ် တပ်မတော်သားဟောင်းများ လွှမ်းမိုးနေသည့် ၄င်းတို့ပါတီ၏ ရည်ရွယ်ချက် မည်သို့ရှိသည်ကို မသိနိုင်ပါ။ လက်ရှိအခြေအနေတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာ၌ လမ်း ကြောင်း(၃)သွယ် တွေ့ရှိရပြီး ၄င်းတို့မှာ (၁) လွှတ်တော်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော် မတီလမ်းကြောင်း၊ (၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၅ပါ ပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ (၂၀%)က တင်ပြလာလျှင် လက်ခံဆွေးနွေးမည့်လမ်းကြောင်း၊ (၃) ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ၊ ၂၁ရာစု ပင်လုံသဘောတူညီချက်များမှ တစ်ဆင့် ပြင်ဆင်ရေးလမ်းကြောင်းစသည်တို့ဖြစ်ပါသည်။
စာရေးသူအဓိက တင်ပြလိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ် ကဘဲ ပြင်ဆင်သည်ဖြစ်စေ၊ အသစ်ရေးဆွဲသည်ဖြစ်စေ၊ တိုင်းရင်းသားတို့၏သဘောဆန္ဒနှင့် လိုလားချက်များကို ထည့် သွင်းစဉ်းစား အလေးထားသင့်ခြင်းပင်ဖြစ်ပါသည်။ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈)တွင် မူလအခွင့်အရေးနှင့် တာဝန်များကို ဖော်ပြရာ၌ “တိုင်းရင်းသား”ဟု မဖော်ပြဘဲ”နိုင်ငံသား”ဟု ဖော်ညွှန်းထားသည်ကို တိုင်းရင်းသားများ နားမလည်နိုင်ပါ။ ဘဝင်လဲ မကျလှပါ။ ဒုတိယအကြိမ် (၂၁)ရာစု ပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဖြစ်မည်ထင်ပါ သည်။ တပ်မတော်က ပြည်ထောင်စု သဘောတူညီချက် (Union Accord)၌ “ခွဲမထွက်ရ”ဟူသည့် အပိုဒ်ကို အဘယ့် ကြောင့်ထပ်မံထည့်သွင်းချင်ရသနည်း. . . . . . . ပြောကြေးဆိုပါလျှင် လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း သည်ပင် ခွဲထွက်လိုက ခွဲထွက်နိုင်သည်ဟုပြောခဲ့သေးသော်လည်း ယခုအချိန်တွင် မည်သည့်တိုင်းရင်းသားကမျှ ခွဲ ထွက်မည်ဟူသည့် လေသံမကြားရသောအချိန်၌ ဤအပိုဒ် (Clause)ထည့်သွင်းလိုခြင်းကို တိုင်းရင်းသားများ နားမ လည်နိုင်ပါ၊ အတုံ့အလှည့်သဘောဖြင့် “ခွဲမထွက်ရ”အပိုဒ်ကို စာချုပ်တွင် မထည့်သွင်းပါက တိုင်းရင်းသားတို့ တောင်း ဆိုနေသည့်ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကိစ္စ၊ ပြည်နယ် အခြေခံဥပဒေရေးဆွဲရေးကိစ္စတို့ကိုလည်း မဆွေးနွေးနိုင်ဟု ပြောဆို လာသည့်အပေါ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဝေဝါးရပ်တန့်နေသည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ KNU နှင့် RCSSတို့ ယာယီရပ်ဆိုင်းလိုက်သည့် သာဓကကို တွေ့ရမည်ဖြစ်ပါသည်။
၁၉၄၇နှင့် ၁၉၇၄ အခြေခံဥပဒေများအနက် ၁၉၄၇ဥပဒေသည် တိုင်းရင်းသားများ၏အခွင့်အရေးအတွက် စဉ်းစားမှုရှိခဲ့သော်လည်း အကောင်အထည်ဖော်မှု မမှန်ကန် မတည့်မတ်ခဲ့သဖြင့် တိုင်းရင်းသားများ မည်သည့်အကျိုး ကျေးဇူးမျှ မခံစားလိုက်ရပေ။ ၁၉၇၄ခု ဥပဒေကျပြန်တော့လည်း တိုင်းရင်းသားများအတွက် ဘာတစ်ခုမျှ ရေရာမှုမရှိ။ ယခု ၂၀၀၈ အခြေခံဥပဒေတွင်မူ နိုင်ငံသားတို့၏ မူလအခွင့်အရေးဟူ၍ ဖော်ပြထားသော်လည်း တိုင်းရင်းသားတို့အဖို့ ထိရောက်ခိုင်မာသည့် အကျိုးသက်ရောက်မှုမရှိ။ ယခုပြင်ဆင်ဖို့ လုံးပန်းနေကြသည်။ ၅၉(စ)ကို ပြင်မည်. . . တိုင်း ရင်းသားများနှင့် ဘာမျှသက်ဆိုင်မှုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အတွက်ဟုလည်း သုံးသပ်ကြသည်။ မပြင်တာလည်း ကောင်းသည်။ သို့မဟုတ်က ဘင်္ဂလီများ မိမိတို့နိုင်ငံတွင် မင်းမူသွားမည်ဟုဆိုသူကဆိုသည်။ ဥပဒေပုဒ်မ-၆၀ ကိုမူ ပြင်ရန် စဉ်းစားကြပါသလော. . . . အမျိုးသားလွှတ်တော်အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့များက သမ္မတများကို ရွေးကောက်တင်မြှောက်ကြမည်ဆိုသည်မှာ မျှတမှုရှိပါ၏ လော. . . . တိုင်းရင်းသားတို့ဘက်မှ အစွန်းရောက်တင်ပြနေခြင်းမဟုတ်ပါ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွင် ဗမာမဟုတ်သော တိုင်းရင်းသားသက်သက် ပါဝင်မှု ရှိပါသလော. . . . ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် တိုင်းရင်း သားများထဲမှ စိုင်းမောက်ခမ်းကို ဒုတိယ သမ္မတ၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဦးဟင်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းမှာ တိုင်းရင်းသားတို့အပေါ် သဘောထားကြီးကြောင်း ပြသလို ခြင်းသက်သက်လား. . . . တကယ်တမ်းတွင် တိုင်းရင်းသားများထဲမှ သမ္မတကြီးတစ်ဦး ဖြစ်လာရန်မှာ ၂၀၀၈ အခြေခံ ဥပဒေဖြင့်ဆိုလျှင် အနားပင်ကပ်၍ရမည် မဟုတ်ချေ။ ဖြစ်စေလိုသည်မှာ တိုင်းရင်းသားများကို အလှည့်ကျ သမ္မတကြီး ဖြစ်ခွင့်ဥပဒေ ပြုစုပြဋ္ဌာန်းရန်ပင် ဖြစ်ပါသည်။ ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲများအပြီးတွင် သမ္မတကြီး သုံးဦးရွေးခဲ့ သည့်နေရာ၌ မည်သည့်တိုင်းရင်းသားလူမျိုးက သမ္မတကြီးဖြစ်သွားသနည်း။ တိုင်းရင်းသားမျိုးနွယ်စုကြီး (၈)ခုရှိသည့် အနက် ဗမာလူမျိုးက လူများစုဖြစ်နေသောကြောင့်ဟုဆိုလျှင် အလှည့်ကျစနစ်တွင် ဗမာကို သမ္မတကြီး နှစ်ကြိမ်ဖြစ် ခွင့် ပြဋ္ဌာန်းပြီး ကျန်တိုင်းရင်းသားများကို အလှည့်ကျ(၁)ကြိမ်စီ ဖြစ်ခွင့်ပေးလျှင်ကော တရားမျှတမှု မရှိနိုင်ပါသလော. . . . နောက်တစ်ချက် စဉ်းစားရန်ရှိသည်မှာ မျိုးနွယ်စုငယ်များရော သမ္မတ မဖြစ်နိုင်ဘူးလား. . . . ဖြစ်နိုင်ပါသည်၊ ထိုမျိုးနွယ်စုငယ်များသည် မည်သည့်မျိုးနွယ်စုကြီးထဲ၌ ပါဝင်နေပါသနည်း. . . . . ဆိုကြပါစို့၊ ပအိုဝ့်သည် ရှမ်းမျိုးနွယ် စုတွင် ပါဝင်သည်ဆိုပါက ရှမ်းတိုင်းရင်းသား သမ္မတကြီး ဖြစ်ခွင့်ရှိချိန်၌ ပအိုဝ့်လူမျိုးစုကို ထည့်သွင်းစဉ်းစားနိုင်ပါ သည်။
ပုဒ်မ-၃၅၂တွင် “နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်း ရွေးချယ် တာဝန်ပေးရာ တွင်ဖြစ်စေ၊ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီး စသည်တို့ကို အကြောင်းပြု လျှက် ရာထူးရွေးချယ်ခန့်ထားမှုကို ခွဲခြားမှု မပြုရ”ဟူ၍ ဖော်ပြထားရာ လွန်စွာသင့်လျော်ကောင်းမွန်သော ပုဒ်မတစ်ခု ဖြစ်နေသဖြင့် ပြင်ဆင်ရန်မရှိသော်လည်း လက်တွေ့ အကောင်အထည်ဖော်ရာ၌ မျှတ ဆီလျော်မှု မရှိကြောင်း ရှင်းလင်းစွာတွေ့မြင်ရပါသည်။ ၁၉၄၇ ခုနှစ်တွင် မိမိတို့နိုင်ငံ၏ စစ်ဦးစီးချုပ်သည် ကရင်တိုင်းရင်းသား ဗိုလ်ချုပ် စောစမစ်သ်ဒွန်း ဖြစ်ခဲ့ရာမှ ၁၉၄၉ ကရင်တော်လှန်ရေး စတင်ပြီးသည့် နောက်ပိုင်း မည်သည့်တိုင်းရင်းသားမျှ စစ်ဦးစီး ချုပ်ဖြစ်မလာတော့ဘဲ ဗမာများသာ စစ်ဦးစီးချုပ်ဖြစ်နေကြသည်မှာ ကျန်အခြားတိုင်းရင်းသား တစ်ဦးတစ်လေမျှ သတ်မှတ်အရည်အချင်းနှင့် မပြည့်စုံကြ၍လော. . . . သို့မဟုတ် ဖော်ပြပါ အချက်များအပေါ် ခွဲခြားချိုးနှိမ်မှု ရှိနေသ လော. . . . တပ်မတော်ဘက်ဆိုင်ရာရာထူးများတွင် တိုင်းရင်းသားများကို အမြင့်ဆုံး ဗိုလ်မှူးချုပ်ရာထူးအထိသာ ခန့်ထားကြောင်း တွေ့ရသဖြင့် ယခုပုဒ်မကို အကောင်အထည်ဖော်ရာ၌ လွန်စွာအားနည်းကြောင်း တွေ့ရပါသည်။
ကိုးကွယ်ယုံကြည်မှုနှင့်သက်ဆိုင်သည့် ၂၀၀၈အခြေခံဥပဒေပုဒ်မ-၃၆၁၊ ၃၆၂ တို့ကို စဉ်းစားရာ၌ လွတ်လပ် ရေးရရှိပြီးသောအခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ် ပြဋ္ဌာန်းသင့်ကြောင်း ဒီးဒုတ်ဦးဘချိုက အဆိုပြုရာ၌ “ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် မပြဋ္ဌာန်းနိုင်ပါက လွတ်လပ်ရေးသည် အနှစ်သာရကင်းမဲ့သော အတုအ ယောင်လွတ်လပ်ရေးမျှသာ ဖြစ်သွားမည်”ဟု ထုတ်ဖော်ပြောဆိုချက်အပေါ် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအ တိုင်း ပြတ်ပြတ်သားသား ပယ်ချခဲ့ပါသည်။ “Religion is matter of individual conscience, while politics is social science. We must see to it that the individual enjoys his rights, including the right to freedom of religious, belief and worship. We must draw clear lines between politics and religion because the two are not the same thing. If we mix religion with politics, then we offend the spirit of religion itself” ဆိုလိုသည့်အကျဉ်းမှာ “ဘာသာတရားဟာ ပုဂ္ဂိုလ်တစ်ဦးချင်းနဲ့သာ သက်ဆိုင်ပြီး နိုင်ငံရေးမူကား လူမှုဝန်းကျင်တစ် ရပ်လုံးနဲ့ ပတ်သက်နေပါတယ်၊ ပုဂ္ဂိုလ်တစ်ဦးချင်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများရယူခံစားခွင့်ရှိသည့်အထဲ တွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်လည်း ပါဝင်ပါတယ်၊ နိုင်ငံရေးနှင့်ဘာသာရေးဟာ မတူညီကြောင်း၊ ရှင်းရှင်း လင်းလင်း ခွဲခြားထားသင့်ပြီး၊ ၄င်းနှစ်ခုကို ရောယှက်ထားပါက ဘာသာတရားတည်ရှိမှုကို ပစ်ပယ်ထားတဲ့သဘော သက်ရောက်တာဘဲ”
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖဆပလညီလာခံတွင် ရေးဆွဲတင်သွင်းခဲ့သည့် ၁၉၄၉ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ(မူကြမ်း)၌ ပုဒ်မ-၁၄တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။
14(1). The abuse of the church or of religion for political purposes is forbidden.
14(2). The state shall observe neutrality in religious matters.
14(3). Religion communities whose teaching is not contrary to the Constitution are free in practice and exercise of their religion and religious ceremonies are also free to have school for the education of priests: but schools shall, however, be under the general supervision of the State.
ဘာသာရေးနှင့်ပတ်သက်သော ၁၉၄၇ခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းကို ဗိုလ်ချုပ်အောင်ဆန်းက အထက်ပါအတိုင်း ရေးဆွဲတင်သွင်းခဲ့သော်လည်း ဗိုလ်ချုပ်ကျဆုံးပြီးနောက် (၂၄-၉-၁၉၄၇)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ-၂၀၌ “ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများ ဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့်ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိ အမှတ်ပြုသည်” ဟုဖော်ပြထားရာ ဗိုလ်ချုပ်၏ မူရင်းပုဒ်မကို ပြောင်းလဲခဲ့ပါသည်။ ထို့ပြင် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံ တော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သည့်အခါ ခရစ်ယာန်ဘာသာအများစု ကိုးကွယ်ကြသောကချင်နှင့်ချင်း တိုင်းရင်း သားတို့က အကြီးအကျယ် မကျေမနပ်ဖြစ်ခဲ့ကြသည့် သမိုင်းဖြစ်ရပ်ကို ဆင်ခြင်သင့်ပါသည်။ ၂၀၀၈ခု အခြေခံဥပဒေ ပုဒ်မ-၃၆၁သည်၁၉၄၇ခု ပုဒ်မ၏ ပုဒ်မ-၂၁နှင့် တူညီနေပါသည်။ ပုဒ်မ-၃၆၂တွင်မူ “အခြားဘာသာများသည် ဤဖွဲ့ စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ဘာသာသာသနာများဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်”။ နှိုင်းယှဉ်စဉ်းစားပါက ပုဒ်မ-၃၆၁တွင် အခြားဘာသာများ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံ၏ မပြည့်စုံ၏ မဖော်ပြထားခြင်းကြောင့် အတွေးအခေါ် အယူအဆ သဘောတရားများ ကွဲလွဲသွားနိုင်ကြောင်း သတိချပ်မိကြစေလိုပါသည်။
ဗမာလူမျိုး နိုင်ငံရေးသုတေသီတစ်ဦး၏ ရေးသားတင်ပြချက်ကို အလျဉ်းသင့်၍ ဖော်ပြလိုပါသည်။ မိမိတို့နိုင်ငံ ၌ ၁၉၅၂၊ ၁၉၅၆၊ ၁၉၉၀၊ ၂၀၁၀နှင့် ၂၀၁၅ ခုနှစ်များတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများတွင် နိုင်သူအကုန်ယူ (First Past the Post – FPTP)ဟူသည့် စနစ်ကိုသာ ကျင့်သုံးခဲ့သဖြင့် တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများ အထိနာခဲ့ကြပြီး ပါတီကြီးများ (အထူးသဖြင့် ဗမာပါတီများ)သာ အောင်ပွဲဆင်နိုင်ခဲ့ကြကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း များစွာအနက် အချိုးကျ ကိုယ်စားပြု (Prportional Representation- PR)ဟူသည့် ရွေးကောက်ပွဲစနစ် ကျင့်သုံး နိုင်သည့်နိုင်ငံ (၉၅)နိုင်ငံရှိကြောင်း၊ အနိုင်ရသူချည်းသာ လွှတ်တော်ထဲရောက်နေရသည်မဟုတ်ဘဲ ဒုတိယ၊ တတိယ အနိုင်ရသူများလည်း လွှတ်တော်ထဲ ရောက်ရှိစေနိုင်သည့် ပုဒ်မများ ရွေးကောက်ပွဲ ဥပဒေများ ၂၀၀၈ ထဲ၌ မရှိပါ။ ထိုဥပဒေရှိပါက လွှတ်တော်ထဲတွင်လည်းကောင်း၊ အစိုးရသော်လည်းကောင်း၊ ဝေဖန်ထောက်ပြထိန်းကျောင်းမှုများ ရှိနိုင်ပြီး တိုင်းရင်းသားများ၊ တိုင်းရင်းသားပါတီများလည်း တစ်စုံတစ်ခုသော အတိုင်းအတာထိ လွှတ်တော်ထဲသို့ ရောက်ရှိ ကိုယ်စားပြုနိုင်ခြင်းဖြင့် တိုင်းရင်းသားတို့၏တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ရေးသားထား သည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်ကိစ္စရပ်များတွင် တိုင်းရင်းသားတို့၏အခွင့်အရေးနှင့် အခြေခံ လိုအပ်ချက်များကို မမေ့မလျော့ဘဲ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြု သည့် အချက်အလက်များ ပါဝင်ထည့်သွင်း ပြင်ဆင်ရေးသားသင့်သကဲ့သို့ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားပြီး သဘောထား မကိုက်ညီမှုများ ပေါ်ပေါက်စေနိုင်သော အကြောင်းအချက်များ ထည့်သွင်းပြဋ္ဌာန်းခြင်းမှ အထူးရှောင် ရှားသင့်ကြောင်း မီးမောင်းထိုးပြလိုက်ရပါသည်။

မန်းအောင်ပြည်စိုး