• Today is: Thursday, August 5, 2021

မိုက်ခရိုစီးပွားရေးကဏ္ဍနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ

Federal Journal
October16/ 2018

“မိုက်ခရိုစီးပွားရေးကဏ္ဍနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ”

မြန်မာ့စီးပွားရေးအရှိန်ကို ၂၀၁၈- ခုနှစ်အတွင်း ကျဆင်းသည်နှင့် တိုးတက်နေသည်ဟူသော အချက်(၂)ချက်ဖြင့် ကွဲပြားခြားနားမှုရှိနေသည်။ ကွဲပြားချက်က အစိုးရထံတွင် စီးပွားရေးတိုး တက်နေ ပြီး လုပ်ငန်းရှင်များထံတွင် စီးပွားရေးကျဆင်းနေသည်ဟူသော အချက်ဖြစ်နေသည်။ နှစ်ဖက်လုံး မမှား ဟုဆိုနိုင် သလို၊ နှစ်ဖက်လုံးမှန်နေသည်ဟု ယူဆမရနိုင်ချေ။

လက်ရှိမြန်မာ့စီးပွားရေး

ကမ္ဘာ့ ဘဏ်ခန့်မှန်းချက်အရ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းထားမှာ ၂၀၁၈ ခုနှစ်အတွင်း (၆.၇) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး နိုင်ငံဂျီဒီပီမှာ ဘီလီယံ(၇၀)နီးပါးရှိနိုင်ကြောင်း ဆိုထားရာ အာဆီယံဒေ သနိုင်ငံများ နှင့်ယှဉ်ကြည့်လျှင် မြန်မာနိုင်ငံစီးပွားရေးတိုးတက်မှုနှုန်းသည် အရှိန်ကောင်းနေဆဲဖြစ် သည်။ အစိုးရဆိုလို သည်က Economy ကဏ္ဍနှင့်ပြောဆိုခြင်းဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေ နှင့်မူ Business ကဏ္ဍနှင့် ပြောဆိုကြခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ကွဲပြားခြားနားလာသည့်အချက် က စီးပွားရေးတိုးတက်မှုနှေး ကွေးခြင်းရလဒ်ကို ဖြေရှင်းရမည်ဆိုသည့်အချက်ဖြစ်သည်။ ကမ္ဘာ့စီးပွား ရေးကျဆင်းမှုနှင့် အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေခြင်းရလဒ်က ဖွံ့ဖြိုးမှုနိမ့်ကျနေဆဲ ဖြစ်သည့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများ အတွက် အထိနာသင့်သည်ထက် ပို၍အထိနာနေသည်မှာ ငြင်း မရနိုင်သည့် အချက်ဖြစ်သည်။ ပြည်တွင်း စီးပွားရေးပေါ်လစီများ ကောင်းမွန်သည့်ရလဒ် မထွက်ပေါ် လာခြင်းက စီးပွားရေးအရှိန်ကျဆင်းမှုကို ပိုမိုသိ သာစေသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကာ နှစ်ဖက်အခြေအနေများကို တွေ့ဆုံပြောဆိုခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာ တွင် လုပ်ငန်း ရှင်တို့ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲရှိသည့်အချက်တို့မှာ အခွန်ပိုမိုပေးဆောင် ရခြင်း၊ ကျပ်ငွေ တန်ဖိုးကျဆင်းခြင်း၊ ဘဏ်နှင့်ငွေကြေးအရင်းအနှီးများ မဖွံ့ဖြိုးသေးခြင်း၊ အစိုးရစီးပွား ရေးပေါ်လစီနှင့် နည်း ဥပဒေများလိုအပ်ချက်ရှိနေသေးခြင်း၊ ဈေးကွက်အသစ်ရှာဖွေမှု အားနည်းခြင်း နှင့် ပြည်တွင်းထုတ်ကုန် ကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုတိုးလာခြင်းနှင့်အတူ နယ်စပ်ကုန်သွယ် ရေးအခက်အခဲများရှိနေခြင်းတို့ ကို ဦးစားပေးကြုံတွေ့နေရကြောင်း ဆိုထားသည်။ အစိုးရတာ ဝန်ရှိသူ များက ကမ္ဘာ့ဘဏ်နှင့် IMF တို့ကဲ့သို့ နိုင်ငံတကာမိတ်ဖက်အဖွဲ့များထံမှ အကြံညဏ် များဖြင့်စီးပွား ရေးကို အရှိန်မြင့်တက်နေဆဲဖြစ်ကြောင်း ဆိုထားပြန်သည့်အတွက် တိုင်းပြည်၏ စီးပွားရေးကိုအစိုးရ နှင့်လုပ်ငန်းရှင်များအကြား တူညီမှုမရရှိခြင်း ဖြစ်သည်။

သို့သော် တိုင်းရင်းသားနယ်ပယ်ဒေသအသီးသီးရှိ စီးပွားရေးကဏ္ဍအပေါ် အကျိုးထားတွက် ချက်မှု မဟုတ်ဘဲ ရန်ကုန်နှင့်မန္တလေးကဲ့သို့ ဖွံ့ဖြိုးသောစီးပွားရေးမြို့တော်များမှ လုပ်ငန်းရှင်များ၏ အ သံကို ဗဟိုပြု ၍ ပြောဆိုနေကြမှုရှိသည့်အတွက် စီးပွားရေးအခန်းကဏ္ဍတွင် တိုင်းရင်းသားဒေသရှိ လုပ်ငန်းရှင်တို့၏အသံ နည်းပါးနေဆဲမှာ အမှန်ပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းကို ဖွဲ့စည်းထူ ထောင်ခဲ့သော်လည်း ဖွံ့ဖြိုးမှုအားနည်းနေဆဲဖြစ်သော ပြည်သူနှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသား လုပ်ငန်းရှင်တို့၏အသံထွက်ရှိလာရန်လိုသည်။ ထိုမှသာ တိုင်းရင်းသားဒေသကြား စီးပွားရေးအခွင့်အလမ်း ကောင်းများ ပိုင်ဆိုင်ရရှိမည်ဖြစ်သည်။

အားသာချက်တွေဖမ်းဆုပ်ထားဖို့ လိုတဲ့ရင်းနှီးမြုပ်နှံမှု ဥပဒေများ

မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေကို အသစ်ပြင်ဆင်ထုတ်ပြန်ခြင်းနှင့် ရင်းနှီးမြုပ်နှံမှုဥပဒေကို ထပ်မံ ရေးဆွဲထုတ်ပြန်ခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ တိုင်းရင်းသားလုပ်ငန်းရှင်တို့အတွက် အကျိုးအ မြတ်ရရှိ လာနိုင်သော အခွင့်အရေးအချို့ကိုလည်း တွေ့မြင်လာရခြင်းဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နိမ့်ကျသော ဒေသများသို့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ရင်းနှီးမြုပ်နှံမှုပြုလျှင် အခွန် သက်သာ ခွင့်၊ ကင်းလွတ် ခွင့်များရရှိနိုင်ပြီးဖြစ်သကဲ့သို့ အများပိုင်ကုမ္ပဏီများထူထောင်ကာ စီမံကိန်းများတွင် ဆောင်ရွက်နိုင်ရန် အထူး အခွင့်အရေးပေးအပ်ခြင်းတို့ကဲ့သို့ သွယ်ဝိုက်သောနည်းလမ်းများဖြင့် အထောက်အပံ့ရရှိလာနိုင်ပြီဖြစ်သည်။ ထို့အတူ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်း လိုက်ပြီးဖြစ်၍ တိုင်းရင်းသားလုပ်ငန်းရှင်တို့၏အသံ ကိုလည်း မြန်မာ့စီးပွားရေးကဏ္ဍတွင် တွေ့မြင် လာရန် မျှော်လင့်ထားမိသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် ပြည်ပရင်းနှီးမြုပ်နှံမှု(၃၅)ရာခိုင်နှုန်းထိ ပါဝင်နိုင်ပြီး (၁၀၀)ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရှိမှသာ နိုင်ငံခြားသားပိုင်ကုမ္ပဏီဟု သတ်မှတ် တော့မည်ဖြစ်ရာ ငွေကြေးနှင့်နည်းပညာကိုလိုအပ်နေသော တိုင်းရင်းသားလုပ်ငန်းရှင်တို့အတွက် မျှော်လင့် ချက်တစ်ခုဖြစ်သည်။ ထို့အတူ မြန်မာ့စီးပွားရေးဘဏ်သည် ဂျပန်နိုင်ငံမှချေးငွေ ကျပ်(၃၆) ဘီလီယံခန့်ကို လည်း ပြည်တွင်းဘဏ်များတစ်ဆင့် အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်း ရှင်များကို အတိုး(၈.၅) ရာခိုင်နှုန်းဖြင့်ထုတ်ချေးပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ရာ တိုင်းရင်းသား လုပ် ငန်းရှင်တို့သည်လည်း ချေးငွေ လျှောက်ထားခြင်းတို့ကို ဆောင်ရွက်နိုင်ပြီးဖြစ်သကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အသီးသီးထံမှ လည်း SMEs ချေးငွေများကို ရယူနိုင်နေပြီဖြစ်ရာ အခွင့်အရေး တစ်ခုအဖြစ် ရူမြင်သင့်သည်။ ထို့အတူ ရင်းနှီး မြုပ်နှံမှုဥပဒေသစ်အရ မြန်မာနိုင်ငံကို ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုး ဆဲနှင့်ဖွံ့ဖြိုးမှုအားနည်းသော ဒေသများဟူ၍ (၃)ပိုင်း သတ်မှတ်ကာ ဖွံ့ဖြိုးမှုအားနည်းသည့်ဒေသများ တွင် ရင်းနှီးမြုပ်နှံမှုပြုလျှင် အခွန်ကင်းလွတ်ခွင့်(၅)နှစ်၊ ဖွံ့ဖြိုး ဆဲဒေသများတွင် ရင်းနှီးမြုပ်နှံလျှင် အခွန် ကင်းလွတ်ခွင့်(၃)နှစ်နှင့် ဖွံ့ဖြိုးပြီးဒေသများတွင် ရင်းနှီးမြုပ်နှံလျှင် အခွန်ကင်းလွတ်ခွင့်(၁)နှစ်စသည်ဖြင့် ပေးအပ်လျှက်ရှိရာ တိုင်းရင်းသားလုပ်ငန်းရှင်တို့အတွက် မဖြစ်မနေ ရယူသင့်သည့် အခွင့်အရေးဖြစ် သည်။ ထို့အပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်နေသည့်အချက် များတွင်လည်း မှတ်ထား သည့်အတွက် ဒေသဖွံ့ဖြိုးရေးအတွက် အခွင့်အရေးများရရှိလာမည်ဖြစ်သည်။

တိုင်းရင်းသားဒေသအများစုမှာ စားသုံမှုနှင့် ဝယ်လိုအားကြီးမြင့်သည့် အိမ်နီးချင်းနိုင်ငံများနှင့် ထိမိ နေသည့်အချက်က ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည်။ လူဦးရေအရဆိုလျှင် တရုတ်၊ အိန္ဒယ၊ ဘင်္ဂလာဒေ့ရှ်၊ ထိုင်း၊ ဗီယပ်နမ်နှင့် မြန်မာနိုင်ငံအပါအဝင်ရှိသည့် လူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ (၄၉.၄)ရာခိုင် နှုန်းအထိရှိနေသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသည် မြန်မာပြည်ထွက်ကုန် အများစုကို ဝယ်ယူနေ သလို မြန်မာနိုင်ငံကိုလည်း ပို့ကုန်အများဆုံးတင်ပို့ထားသည့် ဈေးကွက်ဝေစု နိုင်ငံများဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေးစခန်း(၁၇)ခုရှိပြီး၊ အဆိုပါနယ်စပ်ကုန်သွယ်ရေးဂိတ်များမှ မြန်မာ့ကုန်သွယ်ရေး၏ (၈၀)ရာ ခိုင်နှုန်းကို ကုန်သွယ်မှုပြုနေသည့် နေရာများဖြစ်သည်။ တာချီလိတ် အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်ထွက် ဂိတ်၊ တမူးအပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်နှင့် ရိခေါဒါရ် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ဂိတ်ဟူသည့် ဂိတ်(၅)ခုမှလည်း E-visa စနစ်ဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များဝင်ရောက်ခွင့်ပြုပြီးဖြစ်ရာ ခရီးထွက်လုပ် ငန်းများအတွက် ဆွဲဆောင်မှုတစ်ရပ်ဖြစ်လာ မည်ဖြစ်သည်။

တရုတ်ပိုးလမ်းမကြီးစင်္ကြန်မှ တိုင်းရင်းသားများအကျိုး အမြတ်ရရန်ပြင်ဆင်သင့်

တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်စီမံကိန်းဖြစ်သည့် One Belt One Road (OBOR) စီမံကိန်းအရ ပိုးလမ်းမကြီးကွန်ရက်များတွင် မြန်မာနိုင်ငံသည်လည်း အရေးပါအရာရောက်သည့် ဒေသတစ်ခုအဖြစ် ရောက်ရှိလာနေရာ စိန်ခေါ်မှုရှိနေသည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်သင့် သည်။

တရုတ်နှင့် အန္ဒိယဆက်သွယ်ရေးလမ်းကြောင်း၊အာဆီယံနှင့်၊ ဆက်သွယ်ရေးလမ်းကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ချိတ်ဆက်မည့်လမ်းကြောင်းအများအစုမှာ တိုင်းရင်းသားဒေသများကို ဖြတ်သန်း ဆောင်ရွက်ရမည့် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည်။ ပိုးလမ်းမကြီးစီမံကိန်းအရ တရုတ်နှင့် မြန်မာပူးပေါင်း ကာ မြန်မာနိုင်ငံအတွင်း ကွန်ယက်ချိန်ဆက်မှုကို အထောက် အပံ့ဖြစ်စေမည့် မီးရ ထားလမ်းများ၊ အဝေးပြေး ကားလမ်းမကြီးများကို တည်ဆောက်ရန်အတွက် တရုတ်နှင့်မြန်မာနိုင်ငံ တို့အကြားရေးထိုးပြီးဖြစ်ရာ ယင်းလမ်းကြောင်းများမှတစ်ဆင့် ဖွံ့ဖြိုးလာမည့်ခရီးသွားလုပ်ငန်း၊ ကုန် သွယ်ရေးလုပ်ငန်းများအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်သင့်ပြီဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စီးပွား ရေးတိုးတက်ဖွံ့ဖြိုးဇုန်ကို တည်ဆောက်ရန် ပြင်ဆင်နေ မှုများ၊ ကျောက်ဖြူရေနတ်ဆိပ်ကမ်း အကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအချို့တွင် ကုန်သွယ်ရေးဇုန် တည် ဆောက်ဆောင်ရွက်နေမှုအခြေအနေများကို ဖန်တီးနေပြီးဖြစ်သေည်လည်း လိုအပ်ချက်များရှိနေသေးသည့် အခြေအနေဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမှ တရုတ်နိုင်ငံကူမင်းမြို့ကို ဆက်သွယ်ပေးမည့် ကျဉ်ဆံ ရထားလမ်းစီးမံကိန်းကို ဖောက် လုပ်ရန်စီစဉ်နေရာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ပါဝင်မည်ဆိုသော ကြောင့် ခရီးသွား လုပ် ငန်းကဏ္ဍတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာဖွယ်ရှိနေသည်။

တရုတ်ပိုးလမ်းမကြီး ကွန်ယက်အတွင်းပါဝင်လာနိုင်သည့် ဒေသဖြစ်ကြသည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကအကျိုးအမြတ်ရရှိနိုင်သည့် ဒေသများဖြစ်ရာ ရရှိလာသည့် အခွင့်အရေးများကို ကြိုတင်ပြင်ဆင် ဖော်ထုတ်ထားသင့်သည်။ ကုန်သွယ်ရေးအရလည်း တရုတ်နိုင်ငံသည် မြန်မာမှ မည်သည့်ကုန်စည် ကိုမဆို ဝယ်ယူနေသည့်အနေအထားဖြစ်ရာ တိုင်းရင်းသားလုပ်ငန်းရှင်များ ရှိရင်းစွဲ ကုန်စည်ပို့ဆောင် မှုအပြင် ကုန်စည်အမယ်သစ်များ တင်ပို့ခြင်း၊ ကုန်ကြမ်းအစား ကုန်ချောအဖြစ် ပြင်ဆင်တင်ပို့ခြင်း၊ ပြည်ပကုန်စည် များကို တစ်ဆင့်ဖြန့်ချီပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ရန် သင့်လျော်လှ သည်။ ထို့အတူ အိန္ဒိယ နှင့်ဘင်္ဂလာဒေ့ရှ်တို့မှ ထုတ်ကုန်များကို တရုတ်သို့တင်ပို့ခြင်း၊ တရုတ်ကုန် စည်များကို ပြန်လည်ပေးပို့ခြင်းတို့ ကိုပါ ဆောင်ရွက်ရန်သင့်လျော်သည်။

တရုတ်စီးပွားရေးအခန်းကဏ္ဍမှာလည်း ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံတစ်ခု အဖြစ်ရောက်ရှိနေသလို၊ အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲ၊ ဆင်နွှဲနေသည့်အခြေအနေတွင် မြန်မာ နိုင်ငံအနေနှင့် ရသင့်သည့်အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ထားသင့်သလို တိုင်းရင်းသားလုပ်ငန်း ရှင်များအနေ နှင့်ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများကို ပြင်ဆင်စောင့်ဆိုင်းရန်လိုအပ်လှသည်။

တိုင်းရင်းသားဒေသဖွံ့ဖြိုးဖို့ အဓိကအချက်ကဘာလဲ

တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရန် အဓိက အခရာကျသည့်အချက်မှာ ငြိမ်းချမ်းရေးမရရှိ ရေးဆိုသည့် အချက်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးမရလျှင် ဒေသအတွင်း မတည်ငြိမ်နိုင်၊ ဒေသမတည် ငြိမ်လျှင် ဖွံ့ဖြိုးရေးကို အထောက်အပံ့မဖြစ်စေသလို ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ကြေက်ရွံ့စေသည်။ ထို့ကြောင့်ငြိမ်းချမ်း ရေးရရှိပြီးမှသာ စီးပွားရေးကဏ္ဍအတွက် လိုအပ်သောအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကဏ္ဍကို တက် လှမ်းနိုင်မည်ဖြစ်သည်။ ပြည်မဒေသများနှင့်မတူညီရခြင်း၊ ဖွံ့ဖြိုးမှု နောက်ကျ ရခြင်း၊ မကြီးပွားရခြင်း၊ လူငယ် များပြည်ပ သို့အလုပ်ထွက်လုပ်ခြင်းနှင့် ရွှေ့ပြောင်းရခြင်းတို့၏ အဓိက အချက်မှာ တိုင်းရင်းသားနယ်ပယ်များ ငြိမ်းချမ်းရေးမရရှိခြင်းက အခြေခံကျသည့် အချက်ဟု ဆိုရ မည်ဖြစ်သည်။

ငြိမ်းချမ်းသည့် တိုင်းရင်းသားဒေသနယ်ပယ်များရှိနေသော်လည်း နိုင်ငံရေးခေတ်ကာလ အပြောင်း အလဲမရှိသေးသည့် အချိန်ဖြစ်ပြီး၊ လက်ရှိပထီဝီအနေအထား၊ ချိတ်ဆက်မည့် ကွန်ယက် လမ်းကြောင်းများ ပေါ်ပေါက်လာပြီဖြစ်၍ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိလာပြီဟု ဆိုရမည်သာ။ ရရှိသည့် အခွင့်အရေးကို အသုံးချတတ်ဖို့နှင့် နည်းပညာအကူအညီရရှိဖို့ရန်သာ လို အပ်သည်။ ခရီးသွားလုပ်ငန်းများ နှင့် ဟိုတယ်လုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများ၊ စီးပွားရေးဇုန် များပေါ်ထွက်လာပြီဖြစ်၍ ကုန်ချောထုတ် လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်များ၊ သဘာဝပတ်ဝန်ကျင် ကို မထိခိုက်စေမည့် စားသောက်ကုန်နှင့် ဖြန့်ဖြူးသည့်လုပ်ငန်းများအားကောင်းလာမည်ဟု မျှော်လင့် ထားရသည်။

ဒေသနယ်ပယ်အသီးသီး၏ အားသာချက်အပေါ် စစ်တမ်းပြုလျက် တိုင်းရင်းသားလုပ်ငန်းရှင်များ အနေနှင့် ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံကျသည့် အားသာချက်၊ အားနည်းချက်များကိုဖော် ဆောင်ကာ ရင်းနှီးမြုပ်နှံသူများကို မက်လုံးပေးဆွဲဆောင်သင့်သည့် အချိန်အခါရောက်ပြီဟု ဆိုချင် ပါသည်။ လက်ရှိ အချိန်ထိ ရှမ်းပြည်နယ်ထောင်ပိုင်းတွင် ကလော၊ ညောင်ရွှေ၊ အင်းလေးဒေသ ဖွံ့ဖြိုးရေးစစ်တမ်းများပြုလုပ် ခြင်းနှင့် ကရင်ပြည်နယ်မှ Kayin State Investment opportu-nity survey report ကို ထုတ်ဝေထား နိုင်ပြီဖြစ်ပြီး၊ ကျန်ဒေသများမှာ လုပ်ဆောင်နိုင်ခြင်းမရှိသေးချေ။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကိုကြည့်လျှင်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၆)ဘီလီယံကျော်ဝင်ရောက်ခဲ့ပြီး၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးအတွက်လည်း (၅.၆)ဘီလီယံရရှိရန် မျှော် မှန်းထားသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုမရှိသေးဘဲ အများစုမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့်မန္တလေး တို့ တွင်သာ ရင်းနှီးမြုပ်နှံနေကြသည်။ ကရင်ပြည်နယ်နှင့် တနင်္သာရီတုင်းဒေသတချို့တွင်သာဝင်ရောက် နေသေးပြီး တိုင်းရင်းသားဒေသများတွင် ရင်းနှီးမြုပ်နှံမှုအားနည်းရခြင်းမှာ ဆွဲဆောင်မှုမပြုလုပ်နိုင်သ ကဲ့သို့ ဒေသခံ တိုင်းရင်းသား လုပ်ငန်းရှင်များအနေနှင့်လည်း မြန်မာ့စီးပွားရေးဇတ်ခုံပေါ်တွင် အကျယ် တဝင့်မရောက်ရှိလာ သေးသည့် အားနည်းချက်ကြောင့ဖြစ်သည်။

ထို့ကြောင့် တိုင်းရင်းသားနယ်ပယ်များတွင် လုပ်ကိုင်နိုင်မည့် အားသာချက်၊ အားနည်းချက်များ ကို ရှာဖွေတင်ပြနိုင်ရန်လိုအပ်သလို ကိုယ့်ဒေသနယ်ပယ်လေးတွင်သာ ရောင့်ရဲမနေဘဲ ပြင်တွင်း၊ ပြည်ပလုပ် ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းများ၊ In-vestment Survey Report များကောက်ခံခြင်း နှင့် အနာဂတ်စီးပွားရေးလုပငန်းအလားအလာများကို ပညာရှင်များနှင့်တွေ့ဆုံ အဖြေရှာခြင်းများ ပြုလုပ်သင့် ပြီဖြစ်သည်။

မြန်မာ့စီးပွားရေးဦးမော့လာစေရန် တိုင်းရင်းသားဒေသများတွင် အခွင့်အလမ်းနှင့် အကျိုးမမြတ် များစွာတည်ရှိနေသလို ငြိမ်းချမ်းရေးခြေလှမ်းသစ်များကြောင့် စီးပွားရေးမှာ အရေးပါလာသည့် အနေ အထား ရှိနေပြီဖြစ်ရာ ဒေသခံတိုင်းရင်းသားများအနေနှင့်လည်း မိမိအကျိုးစီးပွားကိုမြင်ဖို့ လိုအပ်နေ ပြီဖြစ်သည်။ ရရှိလာသည့် အခွင့်အရေးများကို အချိန်မှန်၊ နေရာမှန်ကန်စွာဖြင့်ဆောင်ရွက်မှသာ ဒေသ ဖွံ့ဖြိုးရေးအကျိုး စီးပွားနှင့် မိမိဒေသအကျိုးစီးပွားကို မိမိတို့ခံစားခွင့်ရရှိကြမည်သာ။ သို့မဟုတ်ပါက စီးပွားရေးအင်အားသာ သူလက်အောက်တွင် မိမိဒေသအကျိုးစီးပွားမရဘဲ တစ်ဦးတစ်ယောက်ကသာ ကောင်းစားသွားမည်ဖြစ်ရာ တိုင်းရင်းသားလုပ်ငန်းရှင်များ စုပေါင်းကာ မိမိတို့ဒေသစီးပွားရေး ဖွံ့ဖြိုးရေးအတွက် မိမိတို့ကသာ ဝိုင်းဝန်း တည်ဆောက်သွားကြရန် လိုအပ်သည်။

 

ဆလိုင်းထွန်းထွန်း