• Today is: Thursday, August 5, 2021

မြန်မာ့နိုင်ငံရေးပုစ္ဆာ ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသားအရေး

Federal Journal
November20/ 2020

မြန်မာ့နိုင်ငံရေးပုစ္ဆာ ၊  ၂၀၂၀ ရွေးကောက်ပွဲနှင့်  တိုင်းရင်းသားအရေး

 

တချို့က မြန်မာ့နိုင်ငံရေးပြဿနာကို တိုင်းရင်းသားပြဿနာ၊ လက်နက်ကိုင် ပြဿနာ၊ လူမျိုးကြီးဝါဒ ကြီးစိုးခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိခြင်း၊ အမျိုးသား တန်းတူမှုမရှိခြင်း၊ စစ်အာဏာကြီးစိုးခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရန်လိုအပ်ခြင်း စသည့် ပုံစံအမျိုးမျိုးဖြင့် ဖော်ပြနေ ကြသည်ကို တွေ့ရသည်။ သို့သော်လည်း မိမိအနေဖြင့် အောက်ပါအတိုင်း သုံးသပ်ထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် အပိုင်းသုံးပိုင်းဖြစ်သော (၁) နိုင်ငံရေးပြဿနာကို ဖြစ်စေသည့်အကြောင်းအရာ၊ (၂) နိုင်ငံရေးပြဿနာ၏လက္ခဏာများနှင့် (၃) နိုင်ငံရေးပြဿနာ၏အကျိုးဆက် သက်ရောက်မှုများကို ခွဲခြား သိရှိနားလည်ရမည် ဖြစ်သည်။ ထိုမှ နိုင်ငံအရေးအကျပ်အတည်းကို အဖြေရှာကြရာတွင် ပိုမိုထိရောက်မည့် နည်းလမ်းများ ရေရှည်ခံမည့်ငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်ရေးတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

မြန်မာ့နိုင်ငံရေးပြဿနာကို ဖြစ်စေသည့်အကြောင်းအရာ

မြန်မာ့နိုင်ငံရေးပြဿနာသည် မြန်မာ့နိုင်ငံရေး အာဏာကို ခေတ်အဆက်ဆက်တွင် ဦးဆောင်သည့် နိုင်ငံရေးအာဏာပိုင်များ၏ နိုင်ငံကိုအကောင်အထည် ဖော် မြင်တွေ့လိုသည့် နိုင်ငံရေး အတွေးအခေါ် စံတန်ဖိုး များကြောင့်လို့ ဆိုရမည်။ ခေတ်အဆက်ဆက်တွင် ဗမာ/မြန်မာ အာဏာပိုင်များသည် ၎င်းတို့၏ နိုင်ငံ ရေးအတွေးအခေါ်ဖြစ်သော အမျိုးသားနိုင်ငံတော် တည်ဆောက်ရေးဟု ဆိုရမည်။ ၎င်းအမျိုးသား နိုင်ငံ တော်တည်ဆောက်ရေးသည် ဗမာလူမျိုးနှင့် ဗမာ အမှတ်လက္ခဏာအပေါ်တွင် ဗဟိုပြု၍ တစ်ပြည်ထောင် စနစ်ကို ကျင့်သုံးကြသည်။ အမျိုးသားနိုင်ငံတော်၏ စံတန်ဖိုးများဟာ လူမျိုးတစ်မျိုး၊ ဘာသာစကား တစ်ခုတည်းရှိခြင်း၊ ကိုးကွယ်ယုံကြည်မှုတစ်ခုတည်း မြှင့်တင်ခြင်း စသည့်ကဲ့သို့သော အကြောင်းအရာ များကို အကောင်ဖော်ကြတာကို တွေ့ရပါတယ်။ ထို့ကြောင့် လူမျိုးပေါင်းစုံဖြင့် စုပေါင်းတည်ထောင် ထားကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဗမာ လူမျိုးဗဟိုပြုသည့် အမျိုးသားနိုင်ငံတော်တည်  ဆောက်ရေးကိုသာ ဇောင်းပေး အကောင်အထည်ဖော် နေကြခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ပြဿနာ   ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်သည်ဟု ဆိုရမည်။

အဘယ့်ကြောင့် ထိုသို့ဆိုနိုင်သည်ကို ပြန်လည် လေ့လာရန်အတွက် ပြည်ထောင်စုအဖြစ်ဖြင့် နိုင်ငံကို စတင် တည်ထောင်ခဲ့ကြတဲ့ ၁၉၄၇ ခုနှစ် နောက်ပိုင်း နိုင်ငံရေးအာဏာယူထားသည့် ခေါင်းဆောင်များ၏ နိုင်ငံရေးချဉ်းကပ်မှုများ လုပ်ဆောင်ချက်များကို လေ့လာခြင်းအားဖြင့် သိနိုင်ပေသည်။ သာဓကများ အဖြစ် အတိုချုပ်ဆိုရပါမူ မြန်မာနိုင်ငံမှာ ပါလီမန် ခေတ်ဟုဆိုရမည့် ဒီမိုကရေစီကာလ ၁၉၄၈ မှ ၁၉၆၂ အတွင်းမှာပင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းခြင်း၊ ဦးနေဝင်းအာဏာရချိန်တွင် ဗမာ/မြန်မာ အမျိုးသားတည်ဆောက်ရေးအတွက် ဗမာ/မြန်မာ ဘာသာစကားကိုသာ တစ်ခုတည်းသော ရုံးသုံးဘာသာ စကားအဖြစ် ပြဋ္ဌာန်းခဲ့သည်။ အင်္ဂလိပ်စာ အရည် အသွေးမြင့်မားခဲ့သည့် မြန်မာ့ပညာရေးသည် ဗမာ ဘာသာစကားကိုသာ မြှင့်တင်ခဲ့သည့် မူဝါဒများ ကြောင့် အရည်အချင်းကျဆင်းလာသည်။ တစ်ဖက်တွင် လည်း တိုင်းရင်းသားဘာသာစကားများ ရှင်သန် ရပ်တည်ရေးသည် အခက်အခဲများစွာဖြင့် ကြုံတွေ့ရ တော့သည်။ ၁၉၈၉ တွင် ဗမာမှ မြန်မာဟု နိုင်ငံ၏ အမည်နာမကို ပြန်လည်ပြောင်းလဲခဲ့ခြင်းသည်ပင် မြန်မာအမျိုး သားတည်ဆောက်ခြင်း အတွေးအခေါ်မှ ဖြစ်လာသည်ဟု ဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းလေ့လာသုံးသပ်သူများမှ မြန်မာဟူသည့် အမည် နာမသည်သာ ဗမာလူမျိုးတို့၏ ပင်ရင်းအမည်နာမ ဖြစ်သည်။ ဤနေရာတွင် သဘောထားကွဲလွဲနိုင်ပေ သည်။ သို့သော် ထင်ရှားနေသည်မှာ ဗမာနဲ့ မြန်မာ တွင် ဘယ်တစ်ခုမှ တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုနိုင်သည့် အမည်နာမ မဖြစ်နိုင်ချေ။ ဥပမာ အားဖြင့် ဗမာသည် လူမျိုးဟုသတ်မှတ်ပြီး မြန်မာသည် နိုင်ငံ၏အမည်နာဟု ၂၀ဝ၈ အခြေခံဥပဒေတွင် ပါရှိလာ သော်လည်း ဗမာလူမျိုးစကားကိုမူ မြန်မာစကားဟု ခေါ်ဆိုပြန်သည်။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဗမာနှင့် မြန်မာတို့သည် တိုင်းရင်းသားများကိုယ်စားပြု ထားသည်မှာ အငြင်းပွားနိုင်ပေသည်။

ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် ပြဿနာဖြစ်စေသည့် အကြောင်းရင်းများမှာ ခေတ်အဆက်ဆက် အာဏာပိုင်များ၏ ပြည်ထောင်စုဟုဆိုသော်လည်း အကောင်အထည်ဖော်နေကြသည့် ဗမာလူမျိုးဗဟိုပြု အမျိုးသားနိုင်ငံတော်တည်ဆောက်လိုခြင်းဖြစ်သော စံတန်ဖိုးများပင်ဖြစ်ကြောင်း ဖော်ပြနိုင်ပေသည်။

 

မြန်မာ့နိုင်ငံရေးပြဿနာ၏ လက္ခဏာများ

ဆိုခဲ့ပါ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေး စံတန်ဖိုးများကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ထိရောက်အောင်မြင်စေရန်အတွက် လုပ်ဆောင်မှု များကိုလေ့လာကြည့်ပါက မြန်မာ့နိုင်ငံရေးပြဿနာ၏ လက္ခဏာများကို တွေ့ရပေသည်။ ဥပမာအားဖြင့် ဆိုရသော် လူမျိုးကြီးဝါဒကြီးစိုးလာခြင်း၊ အမျိုးသား တန်းတူမှုမရှိခြင်း၊ ခွဲခြားဆက်ဆံမှုရှိလာခြင်း စသည့် တို့သည် နိုင်ငံရေးပြဿနာ၏ လက္ခာဏာများပင် ဖြစ်သည်။

အမျိုးသားတန်းတူရေးမရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်း၊ ဗမာမှုပြုခြင်းများ၊ ခွဲခြားဆက်ဆံခြင်းများ စသည့်တို့ကို ပြန်လည်ဖြေရှင်းရာတွင် ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းသည့် လူမှုဝန်းကျင်ဖြစ်လာရန်အတွက်မူ ဆိုခဲ့ပါ နိုင်ငံရေးစံတန်ဖိုးများကို ပြန်လည်ကြည့်ရှုရန် လိုအပ်ပေသည်။ ယင်းစံတန်ဖိုးများကို ပြန်လည် စဉ်းစားရာတွင် မိမိတို့ပြည်ထောင်စုနိုင်ငံအတွင်းရှိ လူမျိုးတိုင်း၏သမိုင်းနဲ့ဖြစ်တည်မှု၊ နိုင်ငံတည်ဆောက် ခဲ့ပုံ သို့မဟုတ် ဖြစ်တည်လာပုံ စသည့်တို့ကို ပြန်လည် လေ့လာရမည်ဖြစ်သည်။ ထိုသို့ဆိုသော် လိမ်ညာရေး သား သင်ကြားပေးခဲ့ကြသည့် သမိုင်းများကိုလွန်၍ စဉ်းစားရမည်။ ဥပမာ အားဖြင့် ပြည်ထောင်စု မြန်မာ နိုင်ငံသည် လူမျိုးပေါင်းစုံဖြင့် တည်ထောင်ခဲ့ကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံဖြစ်သည့်အတွက် ဗမာအမျိုး သား အမှတ်လက္ခဏာကိုသာ ဗဟိုပြုသည့် အမျိုးသား နိုင်ငံတော်တည်ဆောက်ရေးကို ရပ်တန့်ဖို့ လိုအပ်ပါ သည်။ ခေတ်အဆက်ဆက် အစိုးရများသည် မရောင်ရာ ဆီလူးသည့် ကုသနည်းဖြင့်  ဖြေရှင်းခဲ့ကြသည့်အတွက် ယနေ့ထိ အသက်သွေး နာကျည်းမှုပေါင်းစုံ မြင်နေကြ ရဆဲဖြစ်သည်။

 

အကျိုးဆက်များနဲ့ သက်ရောက်မှု

မြန်မာ့နိုင်ငံရေးတွင် တွေ့ရသည့် နိုင်ငံရေး ပြဿနာနှင့် ယင်းလက္ခဏာများ၏ သက်ရောက်မှုများ ကြောင့် ဗဟုဝန်းကျင်ဖြစ်သော မတူညီသည့် လူမျိုး နှင့် ဘာသာများအကြားတွင် အပြန်အလှန်နားလည်မှု၊ သည်းခံ မှု၊ လက်ခံမှုများယနေ့ထိ ပျောက်ဆုံးနေသည် ကို တွေ့ရသည်။ ထိုမှ ဖွဲ့စည်းပုံပြဿနာ၊ အချင်းချင်း မယုံကြည်မှု၊ လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ၊ တိုင်းရင်းသားအမှတ်လက္ခဏာ ခြိမ်းချောက်ခံရခြင်း၊ တန်ပြန်အမျိုးသားရေးဝါဒများ ကြီးစိုးလာခြင်းဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးတို့သည် ယနေ့ထိ ပျောက်ဆုံးနေသည်ကို တွေ့ကြရသည်။ ထိုသက်ရောက်မှုများကို အချိန်မှီမထိန်သိမ်းနိုင်ဘဲ ဆက်လက်အချိန်ကြာလာပါက  ရောဂါလွန်သွား၍ အချိန်မမီနိုင်တော့မည်ကိုပါ နိုင်ငံရေးသုတေသီများ က အကြိမ်ကြိမ် ထောက်ပြနေကြပြီး ဖြစ်သည်။

 

ဘယ်လိုဖြေရှင်းမည်နည်း သို့မဟုတ် အနာဂတ်နိုင်ငံ၏စံတန်ဖိုးများ စဉ်းစားခြင်း

အနာဂတ်မြန်မာနိုင်ငံ၏ ဖြစ်တည်မှုကို မည်ကဲ့သို့ မြင်ချင် ပုံဖော်ချင်သနည်းဟူသည် အထက်ကဆိုခဲ့ပါ နိုင်ငံ၏ပြဿနာ၊ ပြဿနာ၏လက္ခဏာနှင့် သက် ရောက်မှုများကုသမည့် အရာများဖြစ်သည်။ မကြာမီ အချိန်တွင် ၂၀၂၀ ရွေးကောက်ပွဲသည်လည်း ရောက်လာတော့မည်ဖြစ်သည်။ နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များ အထူးသဖြင့် အစိုးရဖွဲ့နိုင်ခဲ့သည့် အတွေ့ အကြုံရှိသော ပါတီများသည် ပါးစပ်နဲ့သာ ပြည်ထောင်စုစနစ် သို့မဟုတ် ဖက် ဒရယ်စနစ်ကို ထုတ်ပြောကြ သော်လည်း   လက်တွေ့ အခြေအနေတွင် ၎င်းတို့၏အသေး စိတ်မူဝါဒများတွင်   အနာဂတ်အတွက် သူတို့၏ ဖက်ဒရယ်စနစ်များကိုမူ ချပြမှုမရှိကြပေ။ ထိုအရာသည် တိုင်းရင်းသားများအတွက် သံသယ ဝင်စရာဖြစ်လာစေသည်။ အနာဂတ်ပြည်ထောင်စု အတွက် စံတန်ဖိုးများစဉ်းစားခြင်းသည် ရွေးကောက်ပွဲ တွင် အများစုအနိုင်ရခြင်းထက် များစွာ ပို၍အရေးကြီး သည်။ သို့သော် ရွေးကောက်ပွဲအနိုင်ရရေးနှင့် အစိုးရ ဖြစ်နိုင်ခြင်းများကိုသာပို၍ အာရုံစိုက်နေကြသည်ကို လည်း တွေ့ရသည်။

မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံ၏အနာဂတ် စံတန်ဖိုး များစဉ်းစားရာတွင် ဗမာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များနှင့် စစ်တပ် ဘက်မှ ခေါင်းဆောင်များ အားလုံးညှိနှိုင်းမှု လိုအပ် သည်။ သို့သော်လည်း ၂၀၁၀ မှ ၂၀၁၅ အထိ အစိုးရ ဖြစ်သည့် USDP ကာလတွင် ထိုကဲ့သို့ ညှိနှိုင်းမှု မလုပ် ဆောင်ခဲ့ချေ။ တိုင်းရင်းသားများအားလုံး အထူး မျှော်လင့်ခဲ့ကြသည့် NLD အစိုးရကာလဖြစ်သော ၂၀၁၅-၂၀၂၀ အတွင်းတွင်လည်း တိုင်းရင်းသားများ နှင့် ဆက်ဆံရေးသည် အာဏာရလာပြီးကတည်းက ပိုမိုဝေးကွာလာခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားများ သည် မိမိတို့လိုလားသည့် နိုင်ငံရေးအခွင့်အရေး လုပ်ပိုင်ခွင့်များကို ပြည်မပါတီများကြီးစိုးသည့်များမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟူသည့် မျှော်လင့်ချက်သည် တဖြည်းဖြည်းကုန်ဆုံးလာနေပြီဟု ပင် ဆိုရမည်။

သာဓကအားဖြင့် တိုင်းရင်းသားအရေးများထဲမှ အရေးကြီးတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံပါ ၂၆၁ (ပြည်နယ် ဝန်ကြီးချုပ်) ရွေးချယ်ခြင်း ကိစ္စဆောင်ရွက်ခဲ့မှုများ သည် ထင်ရှားသည့် ဥပမာများဖြစ်ပေသည်။ USDP ကာလတွင် NLD က ပြင်ဆင်ရန်အဆိုပြုခဲ့သည် သို့သော် USDP က မပြင်ဆင်ချင်ခဲ့ပေ။ အလားတူစွာ ၂၀၁၅ – ၂၀၂၀ ကာလ NLD အစိုးရအာဏာနှင့် လွှတ် တော်စိုးမိုးသည့် ကာလတွင်မူ ၎င်းကိုယ်တိုင် အဆိုပြု ခဲ့ဖူးသည့် ဆိုခဲ့ပါ (၂၆၁) ပြင်ဆင်ရေးကိုမူ USDP နှင့် စစ်တပ်တို့မှ အဆိုပြုလင့်ကစား NLD မှ ပြင်ဆင်ရန် ထည့်တွင်းခြင်းပင် မပြုချေ။ ထိုအချက်ကို ကြည့်ခြင်း အားဖြင့် ဗမာခေါင်းဆောင်များ ဦးဆောင်သည့် ပါတီ များသည် တိုင်းရင်းသားအခွင့်ရေးကို ၎င်းတို့၏အာဏာရရေးအတွက် ဗန်းပြနိုင်ငံရေး ကစားနေကြ ခြင်းဟုပင် ဆိုနိုင်ဖွယ်ရှိလာသည်။

ထို့အတွက်ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများ သက်ဆိုင်ရာပြည်နယ်များတွင် အားကောင်းလာစေရေးအတွက် အထူးလိုအပ်လာနေ ခြင်း ဖြစ်သည်။ မြန်မာ့သမိုင်းတွင် တစ်ပါတီတည်းသာ အစိုးရဖွဲ့သည့် ကာလများအတွင်း တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အရေး၊ ဖက်ဒရယ်အရေးများကို နိုင်ငံရေးစာပွဲဝိုင်းသို့ ပို့ဆောင်လာခြင်းမပြုခဲ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားများ၏ အင်အား မလိုအပ်ဘဲ တစ်ပါတီတည်း အစိုးရဖွဲ့ အာဏာရယူ နေနိုင်ခဲ့ကြသည့် နိုင်ငံရေးအခြေအနေကြောင့် ဖြစ် သည်။ တိုင်းရင်းသားများသည် မိမိတို့သက်ဆိုင်ရာ တိုင်းရင်းသားပါတီများကိုသာ မဲပေးခြင်းသည် မည် သည့်ပါတီတစ်ခုကမျှ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ရန် မဖြစ်နိုင်သည့်အတွက် တိုင်းရင်းသားများ၏ ထောက်ခံ မှုကို လိုအပ်လာကြမည်ဖြစ်သည်။ တိုင်းရင်းသားများ ၏ ထောက်ခံမှုလိုအပ်လာချိန်မှသာ တိုင်းရင်းသားများ နှစ်ပေါင်းများစွာတောင်းဆိုလာခဲ့ကြသည့် အခွင့်အရေး များကို နိုင်ငံရေးစားပွဲပေါ်သို့ တင်ဆောင်လာမည် ဖြစ်သည်။ ထိုလမ်းကြောင်းသည်သာ တစ်ခုတည်း သော ရွေးကောက်ပွဲမှ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာစေမည့်အရာဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် တိုင်းရင်းသားများ မိမိတို့သက်ဆိုင်ရာပါတီများကို ထောက်ခံခြင်းသည် မိမိတို့သက်ဆိုင်ရာ အမျိုးသား အခွင့်အရေးများ၊ လူမျိုးများ၏ နိုင်ငံရေး ဂုဏ်သိက္ခာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်း အလဲတို့အတွက်သော်လည်းကောင်း များစွာ ကူညီရာ ရောက်သည်ဟု ဆိုရမည်ဖြစ်သည်။

 

ဆလိုင်းမျိုးချစ်

 

Zawgyi

ျမန္မာ့ႏိုင္ငံေရးပုစၦာ ၊  ၂၀၂၀ ေရြးေကာက္ပြဲႏွင့္  တိုင္းရင္းသားအေရး

 

တခ်ိဳ႕က ျမန္မာ့ႏိုင္ငံေရးျပႆနာကို တိုင္းရင္းသားျပႆနာ၊ လက္နက္ကိုင္ ျပႆနာ၊ လူမ်ိဳးႀကီးဝါဒ ႀကီးစိုးျခင္း၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မရွိျခင္း၊ အမ်ိဳးသား တန္းတူမႈမရွိျခင္း၊ စစ္အာဏာႀကီးစိုးျခင္း၊ ဖြဲ႕စည္းပံု ျပင္ဆင္ရန္လိုအပ္ျခင္း စသည့္ ပံုစံအမ်ိဳးမ်ိဳးျဖင့္ ေဖာ္ျပေန ၾကသည္ကို ေတြ႕ရသည္။ သို႔ေသာ္လည္း မိမိအေနျဖင့္ ေအာက္ပါအတိုင္း သံုးသပ္ထားသည္။

ျမန္မာ့ႏိုင္ငံေရးျပႆနာကို ခြဲျခမ္းစိတ္ျဖာၾကည့္ရာတြင္ အပိုင္းသံုးပိုင္းျဖစ္ေသာ (၁) ႏိုင္ငံေရးျပႆနာကို ျဖစ္ေစသည့္အေၾကာင္းအရာ၊ (၂) ႏိုင္ငံေရးျပႆနာ၏လကၡဏာမ်ားႏွင့္ (၃) ႏိုင္ငံေရးျပႆနာ၏အက်ိဳးဆက္ သက္ေရာက္မႈမ်ားကို ခြဲျခား သိရွိနားလည္ရမည္ ျဖစ္သည္။ ထိုမွ ႏိုင္ငံအေရးအက်ပ္အတည္းကို အေျဖရွာၾကရာတြင္ ပိုမိုထိေရာက္မည့္ နည္းလမ္းမ်ား ေရရွည္ခံမည့္ၿငိမ္းခ်မ္းေရးႏွင့္ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲေနႏိုင္ေရးတို႔ကို ေဆာင္ရြက္ႏိုင္မည္ျဖစ္သည္။

 

ျမန္မာ့ႏိုင္ငံေရးျပႆနာကို ျဖစ္ေစသည့္အေၾကာင္းအရာ

ျမန္မာ့ႏိုင္ငံေရးျပႆနာသည္ ျမန္မာ့ႏိုင္ငံေရး အာဏာကို ေခတ္အဆက္ဆက္တြင္ ဦးေဆာင္သည့္ ႏိုင္ငံေရးအာဏာပိုင္မ်ား၏ ႏိုင္ငံကိုအေကာင္အထည္ ေဖာ္ ျမင္ေတြ႕လိုသည့္ ႏိုင္ငံေရး အေတြးအေခၚ စံတန္ဖိုး မ်ားေၾကာင့္လို႔ ဆိုရမည္။ ေခတ္အဆက္ဆက္တြင္ ဗမာ/ျမန္မာ အာဏာပိုင္မ်ားသည္ ၎တို႔၏ ႏိုင္ငံ ေရးအေတြးအေခၚျဖစ္ေသာ အမ်ိဳးသားႏိုင္ငံေတာ္ တည္ေဆာက္ေရးဟု ဆိုရမည္။ ၎အမ်ိဳးသား ႏိုင္ငံ ေတာ္တည္ေဆာက္ေရးသည္ ဗမာလူမ်ိဳးႏွင့္ ဗမာ အမွတ္လကၡဏာအေပၚတြင္ ဗဟိုျပဳ၍ တစ္ျပည္ေထာင္ စနစ္ကို က်င့္သံုးၾကသည္။ အမ်ိဳးသားႏိုင္ငံေတာ္၏ စံတန္ဖိုးမ်ားဟာ လူမ်ိဳးတစ္မ်ိဳး၊ ဘာသာစကား တစ္ခုတည္းရွိျခင္း၊ ကိုးကြယ္ယံုၾကည္မႈတစ္ခုတည္း ျမႇင့္တင္ျခင္း စသည့္ကဲ့သို႔ေသာ အေၾကာင္းအရာ မ်ားကို အေကာင္ေဖာ္ၾကတာကို ေတြ႕ရပါတယ္။ ထို႔ေၾကာင့္ လူမ်ိဳးေပါင္းစံုျဖင့္ စုေပါင္းတည္ေထာင္ ထားၾကသည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ ဗမာ လူမ်ိဳးဗဟိုျပဳသည့္ အမ်ိဳးသားႏိုင္ငံေတာ္တည္  ေဆာက္ေရးကိုသာ ေဇာင္းေပး အေကာင္အထည္ေဖာ္ ေနၾကျခင္းသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးကို ျပႆနာ   ျဖစ္ပြားေစသည့္ အေၾကာင္းရင္းျဖစ္သည္ဟု ဆိုရမည္။

အဘယ့္ေၾကာင့္ ထိုသို႔ဆိုႏိုင္သည္ကို ျပန္လည္ ေလ့လာရန္အတြက္ ျပည္ေထာင္စုအျဖစ္ျဖင့္ ႏိုင္ငံကို စတင္ တည္ေထာင္ခဲ့ၾကတဲ့ ၁၉၄၇ ခုႏွစ္ ေနာက္ပိုင္း ႏိုင္ငံေရးအာဏာယူထားသည့္ ေခါင္းေဆာင္မ်ား၏ ႏိုင္ငံေရးခ်ဥ္းကပ္မႈမ်ား လုပ္ေဆာင္ခ်က္မ်ားကို ေလ့လာျခင္းအားျဖင့္ သိႏိုင္ေပသည္။ သာဓကမ်ား အျဖစ္ အတိုခ်ဳပ္ဆိုရပါမူ ျမန္မာႏိုင္ငံမွာ ပါလီမန္ ေခတ္ဟုဆိုရမည့္ ဒီမိုကေရစီကာလ ၁၉၄၈ မွ ၁၉၆၂ အတြင္းမွာပင္ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ ဘာသာအျဖစ္ ျပ႒ာန္းျခင္း၊ ဦးေနဝင္းအာဏာရခ်ိန္တြင္ ဗမာ/ျမန္မာ အမ်ိဳးသားတည္ေဆာက္ေရးအတြက္ ဗမာ/ျမန္မာ ဘာသာစကားကိုသာ တစ္ခုတည္းေသာ ႐ံုးသံုးဘာသာ စကားအျဖစ္ ျပ႒ာန္းခဲ့သည္။ အဂၤလိပ္စာ အရည္ အေသြးျမင့္မားခဲ႔သည့္ ျမန္မာ့ပညာေရးသည္ ဗမာ ဘာသာစကားကိုသာ ျမႇင့္တင္ခဲ့သည့္ မူဝါဒမ်ား ေၾကာင့္ အရည္အခ်င္းက်ဆင္းလာသည္။ တစ္ဖက္တြင္ လည္း တိုင္းရင္းသားဘာသာစကားမ်ား ရွင္သန္ ရပ္တည္ေရးသည္ အခက္အခဲမ်ားစြာျဖင့္ ႀကံဳေတြ႕ရ ေတာ့သည္။ ၁၉၈၉ တြင္ ဗမာမွ ျမန္မာဟု ႏိုင္ငံ၏ အမည္နာမကို ျပန္လည္ေျပာင္းလဲခဲ့ျခင္းသည္ပင္ ျမန္မာအမ်ိဳး သားတည္ေဆာက္ျခင္း အေတြးအေခၚမွ ျဖစ္လာသည္ဟု ဆိုၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ သမိုင္းေလ့လာသံုးသပ္သူမ်ားမွ ျမန္မာဟူသည့္ အမည္ နာမသည္သာ ဗမာလူမ်ိဳးတို႔၏ ပင္ရင္းအမည္နာမ ျဖစ္သည္။ ဤေနရာတြင္ သေဘာထားကြဲလြဲႏိုင္ေပ သည္။ သို႔ေသာ္ ထင္ရွားေနသည္မွာ ဗမာနဲ႔ ျမန္မာ တြင္ ဘယ္တစ္ခုမွ တိုင္းရင္းသားမ်ားအားလံုးကို ကိုယ္စားျပဳႏိုင္သည့္ အမည္နာမ မျဖစ္ႏိုင္ေခ်။ ဥပမာ အားျဖင့္ ဗမာသည္ လူမ်ိဳးဟုသတ္မွတ္ၿပီး ျမန္မာသည္ ႏိုင္ငံ၏အမည္နာဟု ၂၀ဝ၈ အေျခခံဥပေဒတြင္ ပါရွိလာ ေသာ္လည္း ဗမာလူမ်ိဳးစကားကိုမူ ျမန္မာစကားဟု ေခၚဆိုျပန္သည္။ ထိုအခ်က္ကို ၾကည့္ျခင္းအားျဖင့္ ဗမာႏွင့္ ျမန္မာတို႔သည္ တိုင္းရင္းသားမ်ားကိုယ္စားျပဳ ထားသည္မွာ အျငင္းပြားႏိုင္ေပသည္။

ထို႔ေၾကာင့္ ျမန္မာ့ႏိုင္ငံေရးတြင္ ျပႆနာျဖစ္ေစသည့္ အေၾကာင္းရင္းမ်ားမွာ ေခတ္အဆက္ဆက္ အာဏာပိုင္မ်ား၏ ျပည္ေထာင္စုဟုဆိုေသာ္လည္း အေကာင္အထည္ေဖာ္ေနၾကသည့္ ဗမာလူမ်ိဳးဗဟိုျပဳ အမ်ိဳးသားႏိုင္ငံေတာ္တည္ေဆာက္လိုျခင္းျဖစ္ေသာ စံတန္ဖိုးမ်ားပင္ျဖစ္ေၾကာင္း ေဖာ္ျပႏိုင္ေပသည္။

 

ျမန္မာ့ႏိုင္ငံေရးျပႆနာ၏ လကၡဏာမ်ား

ဆိုခဲ့ပါ အမ်ိဳးသားႏိုင္ငံေတာ္တည္ေဆာက္ေရး စံတန္ဖိုးမ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ ရာတြင္ ထိေရာက္ေအာင္ျမင္ေစရန္အတြက္ လုပ္ေဆာင္မႈ မ်ားကိုေလ့လာၾကည့္ပါက ျမန္မာ့ႏိုင္ငံေရးျပႆနာ၏ လကၡဏာမ်ားကို ေတြ႕ရေပသည္။ ဥပမာအားျဖင့္ ဆိုရေသာ္ လူမ်ိဳးႀကီးဝါဒႀကီးစိုးလာျခင္း၊ အမ်ိဳးသား တန္းတူမႈမရွိျခင္း၊ ခြဲျခားဆက္ဆံမႈရွိလာျခင္း စသည့္ တို႔သည္ ႏိုင္ငံေရးျပႆနာ၏ လကၡာဏာမ်ားပင္ ျဖစ္သည္။

အမ်ိဳးသားတန္းတူေရးမရွိျခင္း၊ ဖြံ႕ၿဖိဳးတိုးတက္မႈ မညီမွ်ျခင္း၊ ဗမာမႈျပဳျခင္းမ်ား၊ ခြဲျခားဆက္ဆံျခင္းမ်ား စသည့္တို႔ကို ျပန္လည္ေျဖရွင္းရာတြင္ ေရရွည္ခိုင္မာသည့္ ၿငိမ္းခ်မ္းသည့္ လူမႈဝန္းက်င္ျဖစ္လာရန္အတြက္မူ ဆိုခဲ့ပါ ႏိုင္ငံေရးစံတန္ဖိုးမ်ားကို ျပန္လည္ၾကည့္႐ႈရန္ လိုအပ္ေပသည္။ ယင္းစံတန္ဖိုးမ်ားကို ျပန္လည္ စဥ္းစားရာတြင္ မိမိတို႔ျပည္ေထာင္စုနိုင္ငံအတြင္းရွိ လူမ်ိဳးတိုင္း၏သမိုင္းနဲ႔ျဖစ္တည္မႈ၊ ႏိုင္ငံတည္ေဆာက္ ခဲ့ပံု သို႔မဟုတ္ ျဖစ္တည္လာပံု စသည့္တို႔ကို ျပန္လည္ ေလ့လာရမည္ျဖစ္သည္။ ထိုသို႔ဆိုေသာ္ လိမ္ညာေရး သား သင္ၾကားေပးခဲ့ၾကသည့္ သမိုင္းမ်ားကိုလြန္၍ စဥ္းစားရမည္။ ဥပမာ အားျဖင့္ ျပည္ေထာင္စု ျမန္မာ ႏိုင္ငံသည္ လူမ်ိဳးေပါင္းစံုျဖင့္ တည္ေထာင္ခဲ့ၾကသည့္ ျပည္ေထာင္စုျမန္မာႏိုင္ငံျဖစ္သည့္အတြက္ ဗမာအမ်ိဳး သား အမွတ္လကၡဏာကိုသာ ဗဟိုျပဳသည့္ အမ်ိဳးသား ႏိုင္ငံေတာ္တည္ေဆာက္ေရးကို ရပ္တန္႔ဖို႔ လိုအပ္ပါ သည္။ ေခတ္အဆက္ဆက္ အစိုးရမ်ားသည္ မေရာင္ရာ ဆီလူးသည့္ ကုသနည္းျဖင့္  ေျဖရွင္းခဲ့ၾကသည့္အတြက္ ယေန႔ထိ အသက္ေသြး နာက်ည္းမႈေပါင္းစံု ျမင္ေနၾက ရဆဲျဖစ္သည္။

 

အက်ိဳးဆက္မ်ားနဲ႔ သက္ေရာက္မႈ

ျမန္မာ့ႏိုင္ငံေရးတြင္ ေတြ႕ရသည့္ ႏိုင္ငံေရး ျပႆနာႏွင့္ ယင္းလကၡဏာမ်ား၏ သက္ေရာက္မႈမ်ား ေၾကာင့္ ဗဟုဝန္းက်င္ျဖစ္ေသာ မတူညီသည့္ လူမ်ိဳး ႏွင့္ ဘာသာမ်ားအၾကားတြင္ အျပန္အလွန္နားလည္မႈ၊ သည္းခံ မႈ၊ လက္ခံမႈမ်ားယေန႔ထိ ေပ်ာက္ဆံုးေနသည္ ကို ေတြ႕ရသည္။ ထိုမွ ဖြဲ႕စည္းပံုျပႆနာ၊ အခ်င္းခ်င္း မယံုၾကည္မႈ၊ လက္နက္ကိုင္တိုက္ပြဲမ်ား၊ ပဋိပကၡမ်ား၊ တိုင္းရင္းသားအမွတ္လကၡဏာ ၿခိမ္းေခ်ာက္ခံရျခင္း၊ တန္ျပန္အမ်ိဳးသားေရးဝါဒမ်ား ႀကီးစိုးလာျခင္းျဖင့္ ၿငိမ္းခ်မ္းစြာ အတူတကြ ယွဥ္တြဲေနထိုင္ေရးတို႔သည္ ယေန႔ထိ ေပ်ာက္ဆံုးေနသည္ကို ေတြ႕ၾကရသည္။ ထိုသက္ေရာက္မႈမ်ားကို အခ်ိန္မွီမထိန္သိမ္းႏိုင္ဘဲ ဆက္လက္အခ်ိန္ၾကာလာပါက  ေရာဂါလြန္သြား၍ အခ်ိန္မမီႏိုင္ေတာ့မည္ကိုပါ ႏိုင္ငံေရးသုေတသီမ်ား က အႀကိမ္ႀကိမ္ ေထာက္ျပေနၾကၿပီး ျဖစ္သည္။

 

ဘယ္လိုေျဖရွင္းမည္နည္း သို႔မဟုတ္ အနာဂတ္ႏိုင္ငံ၏စံတန္ဖိုးမ်ား စဥ္းစားျခင္း

အနာဂတ္ျမန္မာႏိုင္ငံ၏ ျဖစ္တည္မႈကို မည္ကဲ့သို႔ ျမင္ခ်င္ ပံုေဖာ္ခ်င္သနည္းဟူသည္ အထက္ကဆိုခဲ့ပါ ႏိုင္ငံ၏ျပႆနာ၊ ျပႆနာ၏လကၡဏာႏွင့္ သက္ ေရာက္မႈမ်ားကုသမည့္ အရာမ်ားျဖစ္သည္။ မၾကာမီ အခ်ိန္တြင္ ၂၀၂၀ ေရြးေကာက္ပြဲသည္လည္း ေရာက္လာေတာ့မည္ျဖစ္သည္။ ႏိုင္ငံေရး ေခါင္းေဆာင္မ်ား၊ ပါတီေခါင္းေဆာင္မ်ား အထူးသျဖင့္ အစိုးရဖြဲ႕ႏိုင္ခဲ့သည့္ အေတြ႕ အႀကံဳရွိေသာ ပါတီမ်ားသည္ ပါးစပ္နဲ႔သာ ျပည္ေထာင္စုစနစ္ သို႔မဟုတ္ ဖက္ ဒရယ္စနစ္ကို ထုတ္ေျပာၾက ေသာ္လည္း   လက္ေတြ႕ အေျခအေနတြင္ ၎တို႔၏အေသး စိတ္မူဝါဒမ်ားတြင္   အနာဂတ္အတြက္ သူတို႔၏ ဖက္ဒရယ္စနစ္မ်ားကိုမူ ခ်ျပမႈမရွိၾကေပ။ ထိုအရာသည္ တိုင္းရင္းသားမ်ားအတြက္ သံသယ ဝင္စရာျဖစ္လာေစသည္။ အနာဂတ္ျပည္ေထာင္စု အတြက္ စံတန္ဖိုးမ်ားစဥ္းစားျခင္းသည္ ေရြးေကာက္ပြဲ တြင္ အမ်ားစုအႏိုင္ရျခင္းထက္ မ်ားစြာ ပို၍အေရးႀကီး သည္။ သို႔ေသာ္ ေရြးေကာက္ပြဲအႏိုင္ရေရးႏွင့္ အစိုးရ ျဖစ္ႏိုင္ျခင္းမ်ားကိုသာပို၍ အာ႐ံုစိုက္ေနၾကသည္ကို လည္း ေတြ႕ရသည္။

ျမန္မာ့ႏိုင္ငံေရးႏွင့္ ႏိုင္ငံ၏အနာဂတ္ စံတန္ဖိုး မ်ားစဥ္းစားရာတြင္ ဗမာ့ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ တိုင္းရင္းသားႏိုင္ငံေရးေခါင္းေဆာင္မ်ားႏွင့္ စစ္တပ္ ဘက္မွ ေခါင္းေဆာင္မ်ား အားလံုးညႇိႏိႈင္းမႈ လိုအပ္ သည္။ သို႔ေသာ္လည္း ၂၀၁၀ မွ ၂၀၁၅ အထိ အစိုးရ ျဖစ္သည့္ USDP ကာလတြင္ ထိုကဲ့သို႔ ညႇိႏိႈင္းမႈ မလုပ္ ေဆာင္ခဲ့ေခ်။ တိုင္းရင္းသားမ်ားအားလံုး အထူး ေမွ်ာ္လင့္ခဲ့ၾကသည့္ NLD အစိုးရကာလျဖစ္ေသာ ၂၀၁၅-၂၀၂၀ အတြင္းတြင္လည္း တိုင္းရင္းသားမ်ား ႏွင့္ ဆက္ဆံေရးသည္ အာဏာရလာၿပီးကတည္းက ပိုမိုေဝးကြာလာခဲ့သည္။ ထို႔ေၾကာင့္ တိုင္းရင္းသားမ်ား သည္ မိမိတို႔လိုလားသည့္ ႏိုင္ငံေရးအခြင့္အေရး လုပ္ပိုင္ခြင့္မ်ားကို ျပည္မပါတီမ်ားႀကီးစိုးသည့္မ်ားမွ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေပးမည္ဟူသည့္ ေမွ်ာ္လင့္ခ်က္သည္ တျဖည္းျဖည္းကုန္ဆံုးလာေနၿပီဟု ပင္ ဆိုရမည္။

သာဓကအားျဖင့္ တိုင္းရင္းသားအေရးမ်ားထဲမွ အေရးႀကီးတစ္ခုျဖစ္သည့္ ဖြဲ႔စည္းပံုပါ ၂၆၁ (ျပည္နယ္ ဝန္ႀကီးခ်ဳပ္) ေရြးခ်ယ္ျခင္း ကိစၥေဆာင္ရြက္ခဲ့မႈမ်ား သည္ ထင္ရွားသည့္ ဥပမာမ်ားျဖစ္ေပသည္။ USDP ကာလတြင္ NLD က ျပင္ဆင္ရန္အဆိုျပဳခဲ့သည္ သို႔ေသာ္ USDP က မျပင္ဆင္ခ်င္ခဲ့ေပ။ အလားတူစြာ ၂၀၁၅ – ၂၀၂၀ ကာလ NLD အစိုးရအာဏာႏွင့္ လႊတ္ ေတာ္စိုးမိုးသည့္ ကာလတြင္မူ ၎ကိုယ္တိုင္ အဆိုျပဳ ခဲ့ဖူးသည့္ ဆိုခဲ့ပါ (၂၆၁) ျပင္ဆင္ေရးကိုမူ USDP ႏွင့္ စစ္တပ္တို႔မွ အဆိုျပဳလင့္ကစား NLD မွ ျပင္ဆင္ရန္ ထည့္တြင္းျခင္းပင္ မျပဳေခ်။ ထိုအခ်က္ကို ၾကည့္ျခင္း အားျဖင့္ ဗမာေခါင္းေဆာင္မ်ား ဦးေဆာင္သည့္ ပါတီ မ်ားသည္ တိုင္းရင္းသားအခြင့္ေရးကို ၎တို႔၏အာဏာရေရးအတြက္ ဗန္းျပႏိုင္ငံေရး ကစားေနၾက ျခင္းဟုပင္ ဆိုႏိုင္ဖြယ္ရွိလာသည္။

ထို႔အတြက္ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ တိုင္းရင္းသားမ်ား သက္ဆိုင္ရာျပည္နယ္မ်ားတြင္ အားေကာင္းလာေစေရးအတြက္ အထူးလိုအပ္လာေန ျခင္း ျဖစ္သည္။ ျမန္မာ့သမိုင္းတြင္ တစ္ပါတီတည္းသာ အစိုးရဖြဲ႕သည့္ ကာလမ်ားအတြင္း တိုင္းရင္းသားမ်ား၏ ကိုယ္ပိုင္ျပဌာန္းခြင့္အေရး၊ ဖက္ဒရယ္အေရးမ်ားကို ႏိုင္ငံေရးစာပြဲဝိုင္းသို႔ ပို႔ေဆာင္လာျခင္းမျပဳခဲ့ၾကေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ တိုင္းရင္းသားမ်ား၏ အင္အား မလိုအပ္ဘဲ တစ္ပါတီတည္း အစိုးရဖြဲ႕ အာဏာရယူ ေနႏိုင္ခဲ့ၾကသည့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ျဖစ္ သည္။ တိုင္းရင္းသားမ်ားသည္ မိမိတို႔သက္ဆိုင္ရာ တိုင္းရင္းသားပါတီမ်ားကိုသာ မဲေပးျခင္းသည္ မည္ သည့္ပါတီတစ္ခုကမွ် တစ္ပါတီတည္း အစိုးရဖြဲ႕ႏိုင္ရန္ မျဖစ္ႏိုင္သည့္အတြက္ တိုင္းရင္းသားမ်ား၏ ေထာက္ခံ မႈကို လိုအပ္လာၾကမည္ျဖစ္သည္။ တိုင္းရင္းသားမ်ား ၏ ေထာက္ခံမႈလိုအပ္လာခ်ိန္မွသာ တိုင္းရင္းသားမ်ား ႏွစ္ေပါင္းမ်ားစြာေတာင္းဆိုလာခဲ့ၾကသည့္ အခြင့္အေရး မ်ားကို ႏိုင္ငံေရးစားပြဲေပၚသို႔ တင္ေဆာင္လာမည္ ျဖစ္သည္။ ထိုလမ္းေၾကာင္းသည္သာ တစ္ခုတည္း ေသာ ေရြးေကာက္ပြဲမွ ျမန္မာ့ႏိုင္ငံေရး အေျပာင္းအလဲ ျဖစ္လာေစမည့္အရာဟု ဆိုႏိုင္ေပသည္။ ထို႔ေၾကာင့္ တိုင္းရင္းသားမ်ား မိမိတို႔သက္ဆိုင္ရာပါတီမ်ားကို ေထာက္ခံျခင္းသည္ မိမိတို႔သက္ဆိုင္ရာ အမ်ိဳးသား အခြင့္အေရးမ်ား၊ လူမ်ိဳးမ်ား၏ ႏိုင္ငံေရး ဂုဏ္သိကၡာ ႏွင့္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အေျပာင္း အလဲတို႔အတြက္ေသာ္လည္းေကာင္း မ်ားစြာ ကူညီရာ ေရာက္သည္ဟု ဆိုရမည္ျဖစ္သည္။

 

ဆလိုင္းမ်ိဳးခ်စ္