• Today is: Friday, April 23, 2021

“ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် အားလုံးက ကိုယ့်ပြိုင်ဘက်ချည်းမဟုတ်ပါဘူး”

Federal Journal
February22/ 2019

အစိုးရသစ်တက်လာပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် အစိုးရကျင့်သုံးမည့် စီးပွားရေးမူဝါဒ ၁၂ ချက် ကို ထုတ်ပြန်ခဲ့သည်။ စီးပွားရေးမူဝါဒ ၁၂ ချက်ကို ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက် မှု ရှိမလာသည့်အပြင် အကျဘက်သို့ ရောက်သွားသည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုနေကြ သည်။ ထို့ပြင် မကြာသေးခင်ကာလက အစိုးရအနေဖြင့် ဝန်ကြီးဌာနအသစ်တစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ယင်းဝန်ကြီးဌာန၏ အမည်မှာ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဖြစ်သည်။ ထို့ကြောင့် ယင်းဝန်ကြီးဌာန ဖွဲ့စည်းရခြင်း ဖြစ်နိုင်ခြေနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ လာရောက်ခြင်းမရှိသည့် အကြောင်း အရာများ၊ မြန်မာ့စီးပွားရေးအခြေအနေများကို သိရှိနိုင်ရန်အတွက် စီးပွားရေးပညာရှင် ဦးဇေယျသူအား တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မင်းရန်နိုင်-တွေ့ဆုံမေးမြန်းသည်။

အစိုးရက ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်လိုက်တဲ့ စီးပွာရေးမူဝါဒ ၁၂ ချက်က မြန်မာ့စီးပွာရေးအတွက် အထောက် အကူပြုနေပြီလို့ ထင်ပါသလား။ ဆရာသုံးသပ်ချက်ကို သိပါရစေ။

စီပွားရေးမူဝါဒက သိပ်ပြီးမစွံဘူး။ မစွံတဲ့အခါကြတော့ အခုက အသစ်ထွက်လာတဲ့ Myanmar Sustainable Development Plan-MSDP (မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း) မှာတော့ ဆိုလိုချင်တာကို တိတိကျကျ ပိုပြီးတော့ ပါတယ်။ စီးပွားရေးမူဝါဒ ၁၂ ချက်မှာတော့ ယေဘူယျများ တယ်။

အစိုးရက စီးပွားရေးမူဝါဒ ၁၂ ချက် အခိုင်အမာချထားပေးပေမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုက ထင်သလောက် ဝင်ရောက်မှုမရှိတာ ဘယ်လိုအချက်တွေကြောင့်ပါလဲဆရာ။

ရင်းနှီးမြုပ်နှံမှုက ဝင်တော့ဝင်ပါတယ်။ ဝင်ပေမယ့် မျှော်လင့်သလောက် မဝင်ဘူးဖြစ်နေတယ်။ ဖြစ်နိုင်တာက တော့ ရည်မှန်းချက်ထားတာတော့ ထားတာပါပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာ လိုအပ်ချက်ရှိတယ်။ နောက်တစ်ချက်က ဒီနှစ်ထဲမှာ ရခိုင်ကိစ္စကြောင့်လည်း ပါပါတယ်။ ဒီမတိုင်ခင်ကတော့ ကျွန်တော်တို့ ပြည်တွင်း မှာ စီးပွားရေးလုပ်ရတာ၊ လွယ်ကူမှု၊ မလွယ်ကူမှု အဲဒါတွေအပေါ်မူတည်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ဝင်လာဖို့ အစိုးရရယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြင်ဆင်သင့်တဲ့အချက်တွေကို အကြံပြုပေးပါဦးဆရာ။

အခုကတော့ ကျွန်တော်တို့က ပြည်တွင်းတင် ပြိုင်ရတာမဟုတ်တော့ဘူးဆိုတော့ ပြည်ပနဲ့ပါ ပြိုင်ရတာ။ ပြည်ပ က ကိုယ့်ဆီမှာ ကုမ္ပဏီလာဖွင့်ရင်ပေါ့။ လာမဖွင့်ရင်လည်း သူတို့နိုင်ငံမှာ ကုန်ပစ္စည်းတွေ ထုတ်လုပ်ပြီး ကိုယ့် ဆီကို တင်ပို့လိုက်တဲ့အခါကြတော့ ကျွန်တော်တို့က ယှဉ်ပြိုင်နိုင်ဖို့ လိုလာတယ်။ ကိုယ့်ဘက်က အရည်အချင်း တွေ ဖြည့်ထားဖို့ လိုတယ်။ ဝန်ထမ်းအင်အား၊ နောက် ငွေအရင်းအနှီး၊ ပြီးတဲ့အခါ အမြင်ပေါ့လေ။ ကျွန်တော်တို့ ဘက်က အမြင်ကျယ်ဖို့ လိုတယ်။ သူများမလုပ်တဲ့ဟာ ဘာလုပ်မှာလဲ။ အဲဒါမျိုးတွေကအစ အစစအရာရာ ပြင် ဆင်ထားဖို့ လိုပါတယ်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ Doing business (စီးပွားရေးလုပ်ရလွယ်ကူမှုအဆင့်) အခြေ အနေက ဘယ်လိုရှိပါသလဲ။ လက်ရှိမှာ အဆင့်ကျအောင်လည်း လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ ဘယ်လိုမျိုး ပြုပြင်ပြီးလုပ်ဆောင်ဖို့လိုအပ်ပါသလဲ။

Doing business က အရင်နှစ်အတိုင်း ဖြစ်နေတယ်။ ၂၀၁၉ ခုနှစ်အတွက် ထွက်လာတဲ့အခြေအနေမှာလည်း  နိုင်ငံပေါင်း ၁၉၀ ရှိတဲ့အထဲမှာ အဆင့်က ၁၇၁ ဖြစ်နေတယ်။ ဆိုတော့ အရင်အတိုင်းပဲဖြစ်နေတယ်။ ဒါကလည်း အမျိုးမျိုးတော့ ဖြစ်နိုင်တယ်။ ကိုယ့်ဘက်က တိုးအောင်ကြိုးစားပေမယ့် သူများတွေကလည်း တက်လာတဲ့ အခါ ကြတော့ ကိုယ့်ဘက်က တန့်နေတဲ့ အခြေအနေဖြစ်သွားတာပေါ့။ လုပ်စရာ၊ ဖြေလျော့စရာတွေကတော့ အများ ကြီးပဲ။ အိမ်ဆောက်လုပ်ခွင့်တို့၊ လျှပ်စစ်မီးကိစ္စတို့ ရတာလွယ်လား၊ မလွယ်လား၊ အခွန်ဆောင်ရတာ လွယ် လား၊ မလွယ်လား အဲဒီအချက်တွေက အများကြီးပဲ။ ကျွန်တော့်စိတ်ထဲမှာတော့ ကြိုးနီစနစ်တွေ မြန်မြန်ဖယ် ပေးရမယ်။ နောက်ပြီးတော့ ကွင်းဆင်းပြီးတဲ့အခါ ဘာတွေလိုအပ်လဲ။ အဲဒါတွေ တောက်လျောက်မေးပြီးတော့ အကောင်အထည်ဖော်မှုအပိုင်းမှာ ကျွန်တော်တို့ လိုတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာလည်း လုပ် နေတဲ့အခါကျတော့ ကိုယ်က နှစ်ဆလောက် ကြိုးစားမှ ကိုယ့်အဆင့်က ခုန်တက်မှာပါ။

အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်လို့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ဝင်လာမယ်ဆိုရင် ပြည် တွင်းရင်းနှီးမြုပ်နှံသူတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ပါသလဲ။ ဘာတွေပြင်ဆင်ထားသင့် ပါသလဲဆရာ။

ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာရင် အားလုံးက ကိုယ့်ပြိုင်ဘက်ချည်းမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံမှုတွေဝင်လာရင် သူတို့နဲ့အတူ အလုပ်တွေလည်း ပါလာမယ်။ အရင်းအနှီးတွေလည်း ပါလာမယ်။ ပြီးရင် သူတို့ဆီက ကျွန်တော် တို့ နည်းပညာတွေလည်း ရနိုင်တယ်။ ဥပမာ-ကုမ္ပဏီကြီးရင် သူတို့က အစအဆုံးမလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အ ခါ ကိုယ့်ကိုပြန်ပြီး ကန်ထရိုက်ပြန်ပေးတာမျိုးရှိမယ်။ ပြီးတဲ့အခါကျတော့ သူတို့နဲ့အတူတူ ကုမ္ပဏီအသေးလေး တွေပါ လိုက်ဝင်လာရင် ကိုယ်တွေနဲ့အတူတူ အလုပ်တွဲလုပ်လို့ရမယ်။ သူတို့ဝင်လာတော့မှ တခြားနိုင်ငံကလူ တွေကလည်း ရင်းနှီးမြုပ်နှံမှုတွေ ထပ်ဝင်လာရင် ကျွန်တော်တို့ ဈေးကွက်က ကြီးလာမယ်။ ဈေးကွက်ကြီးလာ ရင် ကိုယ်ရောင်းတဲ့ပစ္စည်းတွေ၊ ကိုယ်ထုတ်တဲ့ဝန်ဆောင်မှုတွေ ဒါတွေကို သုံးတဲ့လူလည်း များလာမှာပေါ့။ အဲ ဒါတွေအတွက်ပါ သူတို့တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ ကျွန်တော်တို့က ပြိုင်လဲပြိုင်၊ ပေါင်းလဲပေါင်းရ မှာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍအသီးသီးကို ကြည့်လိုက်ရင် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ ရင်းနှီးမြုပ်နှံသူတွေက အလုပ်ဖြစ်ရုံလောက်ပဲ ထိန်းပြီးလည်ပတ်နေတဲ့ ပုံသဏ္ဌာန်တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာဆို တချို့ လုပ်ငန်းတွေ မလည်ပတ်နိုင်တော့ဘဲ ရပ်တန့်သွားရတယ်။ ဘယ်လိုအချက်တွေက အားနည်းချက် ဖြစ်စေတာလဲ။ ဘယ်လိုပြုပြင်သင့်ပါသလဲဆရာ။

နှစ်မျိုးရှိပါတယ်။ တစ်ခုကတော့ လုပ်ငန်းတစ်ခုချင်းစီနဲ့ဆိုင်တဲ့ဟာမျိုးပါ။ လုပ်ငန်းက အုပ်ချုပ်တဲ့လူတွေနဲ့ စီမံ ခန့်ခွဲမှုတို့၊ နောက်ပြီးတော့ ရင်းနှီးမြုပ်နှံမှု နည်းသလား၊ များသလား။ နောက် လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတွေ အလုပ်သမားတွေရဲ့ စွမ်းဆောင်ရည် အဲဒါတွေနဲ့လည်း ဆိုင်မှာပါ။ နောက်တစ်ခုကတော့ တစ်နိုင်ငံလုံးအခြေအ နေနဲ့ ဆိုင်ပါတယ်။ တစ်နိုင်ငံလုံးစီးပွားရေးကရော နှေးသွားသလား၊ ဒါမှမဟုတ် တက်လာသလား။ တက်လာ တယ်၊ ကျသွားတယ်ဆိုရင်လည်း တစ်နိုင်လုံးစီးပွားရေးက လုံးဝတက်နေ၊ ကျနေတာတော့ မဟုတ်ဘူး။ ကိုယ့် ရဲ့ စီးပွားရေးက နယ်ပယ်အလိုက် တက်တာ၊ ကျတာရှိမယ်။ ကိုယ့်ရဲ့လုပ်ငန်းက ကျတဲ့နယ်ပယ်မှာရှိနေရင် ကိုယ်လည်း အထိုက်အလျောက် ထိခိုက်နိုင်မယ်။ တက်တဲ့နယ်ပယ်ဆိုရင်လည်း ကိုယ့်လုပ်ငန်းက အထိုက်အ လျောက် တက်လာနိုင်တယ်ဆိုတော့ နှစ်မျိုးတော့ ရှိပါတယ်။ နယ်ပယ်ထဲမှာပဲ ကျသွားတဲ့လုပ်ငန်း ပျက်သွားတဲ့ လုပ်ငန်းရှိသလို တက်လာတဲ့လုပ်ငန်းလည်းရှိနိုင်ပါတယ်။ အခုနက ကျွန်တော်ပြောတဲ့ ကိုယ့်ကုမ္ပဏီလုပ်ငန်း အခြေအနေနဲ့လည်း ဆိုင်တယ်။ တိုင်းပြည်ရဲ့ အခြေအနေနဲ့လည်း ဆိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေမှာဆိုရင် ဘယ်လုပ်ငန်းက အခက်အခဲတွေ ဖြစ်ပေါ်နေတယ်ဆိုတာ တွေ့ရှိ ရပါသလဲ။

ကျွန်တော်မှန်းတာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေရှိမယ်။ နောက်ပြီးတော့ ခရီးသွားလုပ်ငန်းနယ်ပယ်ပေါ့။ ခရီးသွားလုပ်ငန်းဆိုတဲ့နေရာမှာ ပြည်ပခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့နေရာတွေ ဒါတွေက အခု ဒီလပိုင်းတွေမှာ ထိ ထားတဲ့သဘောတွေတော့ မြင်နေရတယ်။ ကျန်တဲ့ဟာတွေလည်း ရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်ခုကတော့ ကျွန်တော့်စိတ်ထင် ထိနေတာ တွေ့ရတယ်။

ဘာကြောင့် ဒီလိုဖြစ်လာရတယ်ဆိုတာကိုပါ သုံးသပ်ပေးပါဦးဆရာ။

ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေကတော့ အစကတည်းက ဖြစ်နေတာ။ ဒီအစိုးရ စတက်လာပြီးနောက်ပိုင်း ခြောက် လလောက်မှ နည်းနည်းငြိမ်သွားတယ်။ ငြိမ်သွားပြီး နောက်ပိုင်း နေရာက အပြောင်းအလဲတချို့ရှိတယ်။ နောက် ပြီးတော့ ကိုယ်ဆောက်လိုက်တာကလည်း ဝယ်လိုအားထက် ပိုပြီးဆောက်လိုက်တာ တချို့ရှိတယ်။ ဥပမာ- ကွန်ဒိုတွေအများကြီး တက်လာတဲ့အခါကျတော့ ဝယ်လိုအားမရှိတဲ့အခါ ရပ်သွားတဲ့သဘောမျိုး၊ နှေးသွားတဲ့သ ဘောမျိုးဖြစ်နေတာတွေ အဲဒီအခါကျတော့ သူတို့ကနှေးသွားရင် ကျန်တာတွေလည်း ဈေးကွက်တစ်လျှောက် နှေးသွားတယ်။ အဲဒီကျရင် တချို့ဝယ်ပြီး ဈေးကစားနေတဲ့လူတွေလည်း ဒီနယ်ပယ်ထဲကထွက်သွားတာတွေ လည်း ကျွန်တော်တို့ တွေ့ရတယ်။ အဲဒါတွေကြောင့် မီးခိုးကြွက်လျှောက်သလို ဖြစ်လာတာတွေပေါ့။

ကမ္ဘာ့လည့်ခရီးသွားလုပ်ငန်းကျတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည် ဖွင့်ပြီဆိုပြီး လူတွေက စိတ်အား ထက်သန်စွာ ဝင်ကြတယ်ပေါ့။ ဝင်တဲ့အချိန်မှာ ဟိုတယ်ခတွေ ဈေးကြီးတာတို့၊ လေယာဉ်ခ ဈေးကြီးတာတို့စတဲ့ ဟာတွေကို လူတွေက ဂရုမစိုက်တဲ့အခါကျတော့ အဲဒါတွေက နှစ်နှစ်၊ သုံးနှစ်လောက်အတွင်း ကမ္ဘာကို ပြန့်သွားတဲ့အခါမှာ သူတို့တွေက တခြားနည်းနည်းဈေးပိုသက်သာပြီး ခရီးသည်အဝင်အထွက်များတဲ့ ဒေသတွေ လှည့်သွားကြတာပေါ့။ နောက်ပြီးတော့ ရခိုင်ကိစ္စကလည်း အပြင်မှာ ဂယက်ရိုက်တာ အဲဒါတွေကြောင့်လည်း နောက်ပိုင်းမှာ ဖြစ်လာတာတွေ တွေ့ရပါတယ်။

ဒီကဏ္ဍတွေ ပြန်ကောင်းလာဖို့ဆိုရင် အစိုးရအနေနဲ့ရော၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပါ ဘယ်လိုမျိုး ပြုပြင် ဆောင်ရွက်သင့်ပါသလဲဆရာ။

နယ်ပယ်အလိုက်ကတော့ အများကြီးလုပ်လို့ ရပါတယ်။ ဆောက်လုပ်ရေးမှာဆိုရင်တော့ ကျွန်တော့်အမြင်က ရန်ကုန်လိုနေရာမျိုးမှာ နေထိုင်ဖို့ အိမ်လိုအပ်ချက်က အများကြီးရှိနေသေးတယ်။ ဒါပေမဲ့ လူတွေရဲ့ ဝယ်နိုင်တဲ့ အပေါ် မှီပြီးဆောက်တာမျိုး နည်းနေသေးတယ်။ များသောအားဖြင့်က ဈေးကြီးကြီးတွေဘက်ကို များနေတော့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို သုတေသနလုပ်ပြီးရင် ဆောက်ဖို့ လိုအပ်လိမ့်မယ်။ အဲဒီလိုဆိုရင် သင့်တော်တဲ့ ဈေးထွက်လာလိမ့်မယ်။ ပြီးတော့ ပေါက်ဈေးနဲ့အညီ ရောင်းဝယ်ဖို့ပေါ့။ ဆိုလိုတာက လေးထောင်လောက်ဆိုရင် အခုက နှစ်ထောင်၊ နှစ်ထောင်ငါးရာလောက်နဲ့ ချရောင်းမှပဲ ဈေးကွက်က လည်ပတ်သွားမယ့်သဘောရှိတယ်။

ကမ္ဘာ့လည်ခရီးသွားလုပ်ငန်းကတော့ ကိုယ်ကလည်း နာမည်ရအောင်၊ တက်အောင်လုပ်ဖို့လိုတယ်။ ကိုယ့်ဘက် ကလည်း ဒီခရီးစဉ်အသစ်ပေါ်တာတို့၊ ဒီအထဲမှာ ခရီးသွားရင် ဈေးကြီးတာတွေ လျော့တာတို့၊ ဒါမျိုးတွေ လုပ်ဖို့ တော့ လိုမယ်။

အစိုးရအနေနဲ့ အခု တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန က မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကုစားနိုင်ပါ့မလား။ ဘယ်လိုအကျိုးရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ဆရာသုံးသပ်ချင်ပါသလဲ။

သူက မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍကို တွန်းပေးဖို့ ထပ်ဖွဲ့လိုက်တာပေါ့။ တကယ်တမ်းကျတော့ ညွှန် ကြားရေးမှူးချုပ်ခေါင်းဆောင်တဲ့ ဦးစီးဌာနတို့၊ DICA တို့က နောက်ကနေ တွန်းထားပေးရတာပေါ့။ ကျွန်တော့် စိတ်ထင်က မလုံလောက်ဘူးလို့ ထင်လို့ အဲဒီဝန်ကြီးဌာနကို ထပ်ဖွဲ့လိုက်တာ ဖြစ်မယ်။ ဝန်ကြီးဌာနဖွဲ့ပြီးရင်တော့ အရင်က မြန်မာရင်းနှီးမြုပ်နှံမှု ကော်မရှင်အနေနဲ့ မလုပ်နိုင်တဲ့ဟာတွေပေါ့။ ဥပမာ- နိုင်ငံခြားကို သွားပြီးတော့ ရင်းနှီးမြုပ်နှံမှုကို ခေါ်ဖို့၊ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ့်သူတွေကို သွားပြီးတော့ စွဲဆောင်တာတို့၊ လူအား၊ ငွေ အားနဲ့ ဆွဲခေါ်လာနိုင်မယ်ဆိုရင်တော့ ရင်းနှီးမြုပ်နှံမှုက အများကြီးဝင်လာနိုင်ဖို့ရှိပါတယ်။

အခု မေးခဲ့တာတွေနဲ့ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆရာ့အနေနဲ့ သီးခြားဖြည့်စွက်ပြောကြားလိုတာ၊ အကြုံပြုလို တာများရှိရင် ပြောကြားပေးပါဦးဆရာ။

စီးပွားရေးက အားလုံးနဲ့ ဆိုင်တယ်။ အားလုံးနဲ့ဆိုင်တဲ့အတွက်ကြောင့် စီးပွားရေးကောင်းလာရင်တော့ နိုင်ငံသား တိုင်း တောမှာနေနေ၊ မြို့မှာနေနေ၊ ဘယ်ပြည်နယ်နဲ့ တိုင်းမှာပဲနေနေ သူတို့ဘဝတွေက တိုးတက်လာမှာပဲ။ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ NLD အစိုးရက ဒါကို တွန်းချင်တယ်။ တွန်းလိုက်တယ်ဆိုရင် ဒါက နှစ်နှစ် လောက်အတွင်းမှာ အများကြီးပြောင်းသွားနိုင်ပါတယ်။ ကျန်တဲ့ နှစ်နှစ်သက်တမ်းအတွင်းမှာ စီးပွားရေးကို ဦးစားပေးပြီး လုပ်ဖို့လိုပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။