• Today is: Wednesday, September 22, 2021

ရန်ကုန်အစိုးရမှ နေပြည်တော်အစိုးရသို့

Federal Journal
July24/ 2021

 

Federal

 

(ပထဝီနိုင်ငံရေးရှုထောင့် အရ၊ ရန်ကုန်မှ နေပြည်တော်သို့ မြို့တော်သစ်အဖြစ် ပြောင်းရွှေ့ခဲ့မှုက မြန်မာ့နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေမလဲ….)

▄ မေးခွန်း

မြန်မာပြည် ဖြစ်တည်ခဲ့မှုသမိုင်းမှာ၊ ဘုရင့်နန်းစိုက်ရာ မြို့တွေကို ဘယ်လို တည်ခဲ့သလဲ။ အထူးသဖြင့် မြို့တွေကို ဘယ်လို တည်ခဲ့သလဲ။ နိုင်ငံအဖြစ် ဖြစ်တည်လာတဲ့အခါမှာ၊ မြို့တော်ကို ဘယ်လိုနေရာမျိုး ရွေးပြီး တည်ခဲ့သလဲ။ ဘယ်လိုအမြင်အယူအဆမျိုးနဲ့ မြို့တည်တဲ့နေရာတွေကို ရွေးချယ်သလဲ။

▄ နိဒါန်း

မြန်မာပြည်ရဲ့ ပဒေသရာဇ်သမိုင်းကို ကြည့်ရင်၊ ဘုရင်တွေဟာ မြို့တွေကို များသောအားဖြင့် မြစ်တွေ နံဘေးမှာ တည်ခဲ့ကြတယ်။ မြန်မာပြည်အတွင်းက မြို့ကြီးတွေကိုကြည့်ရင်လည်း၊ များသောအားဖြင့် မြစ်တွေရဲ့ နံဘေးမှာ ရှိတယ်ဆိုတာတွေ့ရတယ်။ မြစ်နဲ့ ပင်လယ် နံဘေးမှာ တည်ခဲ့ခြင်းဟာ ဆက်သွယ်ရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးလွယ်ကူစေဖို့ အားပြုစဉ်းစားချက်ကနေ လာပါတယ်။ အထူးသဖြင့် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဒေသတွင်းက မြို့ကြီးတွေဟာ မြစ်တွေရဲ့ နံဘေးမှာ ဖြစ်ပါတယ်။ ချင်းတွင်းမြစ်နံဘေးမှာ ထင်ရှားတဲ့ မြို့တွေ ရှိပါတယ်။ ဧရာဝတီမြစ်အစ မြစ်ကြီးနားမြို့က စတင်လို့ မြန်မာပြည် အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း အပါအဝင် မြန်မာပြည်အောက်ပိုင်း ဧရာဝတီနဲ့ ရန်ကုန်…. စတဲ့ တည်နေရာတွေကို ကြည့်ပါ။

ရှေးမြို့ကြီးတွေကို မြစ်တွေရဲ့ နံဘေးမှာ တည်ခဲ့ခြင်းဖြစ်ပါတယ်။ တောင်ပေါ်ဒေသတွေမှာလည်း ထိုနည်းလည်းကောင်း တွေ့ရပါတယ်။ မြစ်ချောင်း အင်းအိုင်နဲ့ နီးတဲ့ဒေသတွေမှာ မြို့ကြီးတွေဟာ ကပ်လျက်တည်ရှိနေတာကို တွေ့ရပါတယ်။ မြန်မာဘုရင်မင်းဆက်တွေဟာ မင်းဆက်တစ်ဆက်ပြောင်းတိုင်း နန်းစိုက်ရာ မင်းနေပြည်တော်မြို့တွေကို ပြောင်းလဲတတ်လေ့ရှိတဲ့ အကျင့်လည်း ရှိပါတယ်။ ဒါ့ကြောင့် မြန်မာပြည်တွင်းမှာ ဘုရင်တွေရဲ့ နန်းစိုက်ရာ မြို့ဟောင်းတွေ ခပ်များများ ရှိတာတွေ့ရပါလိမ့်မယ်။

▄ ပင်လယ်ဝ ပြည်ပရန်ဆွယ်

မြန်မာဘုရင်တွေဟာ ကုန်းမြေကို အားပြုပြီး တည်ဆောက်ကြတာ အားသန်ပါတယ်။ မြန်မာစစ်ရင်၊ ရေကို ကြောက်တယ်လို့တောင် ပြောနိုင်ပါတယ်။ မြန်မာဟာ မြစ်ချောင်းအင်းအိုင်ကို အသုံးချနိုင်ပေမယ့်၊ ပင်လယ်ကိုတော့ အားမသန်ပါဘူး။ ပင်လယ်အားပြု တည် ဆောက်ခြင်းကို မြန်မာတွေထက်၊ ရခိုင်တို့ … မွန် ခမာ ထိုင်း ယိုးဒယားအနွှယ်တွေဖြစ်တဲ့ မြိတ်၊ ထားဝယ်ဘက်က လူမျိုးစုတွေက ပိုအားသန်ပါတယ်။ သူတို့ဟာ ပင်လယ် ကမ်းရိုးတန်းဒေသမှာ နေထိုင်ကြလို့ ဖြစ်ပါတယ်။ ဧရာဝတီမှာလည်း ယခင်က ဗမာလူမျိုးထက် ကရင်လူမျိုးက ပိုများတယ် မဟုတ်လား။ ဗမာတွေကတော့ မြန်မာပြည်ကုန်းတွင်းပိုင်းမှာ တိုးဝင်ရတာကို သဘောကျပုံရတယ်။ မြန်မာတွေ ရေကြောင်းအင်အား မကျွမ်းကျင်ပုံကတော့…. ကိုလိုနီ အင်္ဂလိပ်က ပင်လယ်ရေကြောင်းကနေ တစ်ဆင့် ဝင်လာတာကို မတားဆီးနိုင်ခဲ့ပါ။

▄ ကုန်းတွင်းပိတ် ဘဝ

ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲမှာ ကမ်းရိုးတမ်း ဒေသအားလုံးကို ပေးလိုက်ရတယ်။ ရခိုင်နဲ့ တနင်္သာရီ ကမ်းရိုးတန်းဒေသတွေ ဖြစ်ပါတယ်။ ဒုတိယ အင်္ဂလိပ် – မြန်မာ စစ်ပွဲမှာ မြန်မာထပ်ရှုံးလို့ မြန်မာပြည် အောက်ပိုင်းတစ်ခုလုံးကို ဖြတ်ပေး လိုက်ရတယ်။ အထက်မြန်မာ အမျိုးသားနိုင်ငံလို့ ပြောတဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းဆက်တွေဟာ ကုန်းတွင်းပိတ်နိုင်ငံကို အုပ်စိုးရခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြား ဆက်ဆံရေးကို အင်္ဂလိပ်ကို ကျော်လွန်ပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့် မရှိပါဘူး။ ကုန်းတွင်းပိတ်နိုင်ငံဘဝနဲ့ပဲ၊ တတိယ အင်္ဂလိပ် – မြန်မာစစ်ပွဲမှာ ထပ်ရှုံးပါတယ်။ အရှုံးဟာ သုံးကြိမ် သုံးခါဖြစ်ပါတယ်။ ၎င်းစစ်ပွဲမှာ၊ ဧရာဝတီမြစ်ရိုးကို ဆန်တက်လာပြီး အင်္ဂလိပ်က တပ်ချီလာပါတယ်။ မန္တလေးမရောက်ခင်မှာပဲ၊ မြန်မာဘုရင် သီပေါမင်းဟာ လက်နက်ချ အညံ့ခံလိုက်ပါတယ်။

မြန်မာတွေဟာ မြစ်ကို သုံးတတ်ပေမယ့်၊ မြစ်ကို ကာကွယ်နိုင်စွမ်း မရှိပါ။ မြစ်ကြောင်းကနေ ချီတက်လာတဲ့ အင်္ဂလိပ် စစ်သင်္ဘောတွေကို ကောင်းကောင်း မခုခံနိုင်ပါ။ ပင်လယ်ကို စိုးမိုးပြီး ပြည်ပရန် ကာကွယ်ဖို့ နေနေသာသာ၊ ပင်လယ်နဲ့ နှိုင်းယှဉ်ရင် အင်မတန် ကျဉ်းမြောင်းတဲ့ ဧရာဝတီမြစ်ပြင်ကိုတောင် စိုးမိုးနိုင်ခြင်း မရှိခဲ့ပါ။

▄ ကြည်းတပ်အခြေပြု

မြန်မာတွေ ရေကြောင်းအင်အားမှာ အားမသန်တဲ့ စရိုက်ဟာ ယခုအချိန်အထိ သက်သေပြနေပါတယ်။ မြန်မာစစ်တပ်မှာ အားအနည်းဆုံးက ရေတပ်ဖြစ်ပါတယ်။ ကြည်းတပ်က ရေတပ်နဲ့ လေတပ်ကို လွှမ်းမိုးထားပါတယ်။ ကြည်းတပ်က စစ်ဗိုလ်တွေဟာ ရိုင်းတယ်၊ ကြမ်းတယ်၊ ပညာသိပ်မတတ်ကြဘူး။ ရေတပ်နဲ့ လေတပ်က စစ်ဗိုလ်တွေကတော့ ပညာသည်တပ်ဖြစ်လို့ ပညာတတ်ပိုများသလို၊ အသိအမြင်ကျယ်ပြန့်တယ်။ ကြည်းတပ်က စစ်ဗိုလ်တွေလို တယူသန် တဇောက်ကန်းစိတ် နည်းတယ်။ ကြည်းတပ်ကတော့ လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲရှိတာအပါအဝင် ကြည်းတပ်အင်အားကို ကြီးမားအောင် တည်ဆောက်ထားခြင်းကြောင့်၊ ကြည်းတပ်က စစ်ဗိုလ်တွေက မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်းမှာ အုပ်မိုးထားတယ်။ ဒါဟာ ယေဘုယျ ရှုမြင်ချက်။

▄ ရန်ကုန် အတိတ်

ပထမ အင်္ဂလိပ် – မြန်မာစစ်ပွဲရှုံးအပြီးမှာ၊ ရန်ကုန်ကို လက်လွှတ်လိုက်ရတယ်။ ယခင် နာမည်ကတော့ ဒဂုံမြို့ဖြစ်ပါတယ်။ ဒဂုံကနေ ရန်ကုန်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ မြန်မာဘုရင်တွေ လက်ထက်တုန်းက၊ ဒဂုံခေါ် ရန်ကုန်မြို့ဟာ မင်းနေပြည် အခြေစိုက်ရာမြို့ မဖြစ်ခဲ့ပါ။  ကုန်သွယ်ကူးလူးမှုလုပ်နိုင်တဲ့ သာမန်ဆိပ်ကမ်းမြို့သက်သက်မျှသာ ဖြစ်ခဲ့ဟန်တူပါတယ်။ သို့ပေမယ့် ကိုလိုနီအင်္ဂလိပ်လက်ထက်မှာ၊ ရန်ကုန်ဟာ အင်္ဂလိပ်ရဲ့ ကုန်သွယ်မှု အခြေစိုက်ရာ ကုန်သွယ်ရေးမြို့ကြီးဖြစ်လာတယ်။ မြိတ်၊ ထားဝယ်နဲ့ မော်လမြိုင်တို့ဟာ ပင်လယ်ကမ်းရိုးတမ်းက မြို့ကြီးတွေဖြစ်ပေမယ့်၊ ရန်ကုန်ဟာ ထိုမြို့တွေထက် ပိုပြီး အခရာကျလာတယ်။ အင်္ဂလိပ် ကိုလိုနီအစိုးရရဲ့ အဓိက အုပ်ချုပ်ရေးမြို့လည်း ဖြစ်ခဲ့တယ်။ မြန်မာပြည်တွင်းက သယံဇာတနဲ့ ကုန်သွယ်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်းကနေ အဓိက တင်ပို့ရာ မြို့တစ်မြို့ဖြစ်ခဲ့တယ်။

▄ ရန်ကုန်၏ အခရာကျမှု

ရန်ကုန်ဟာ ကုန်သွယ်ရေးအရ အချက်အခြာကျပြီး၊ အုပ်ချုပ်ရေး အရလည်း အရေးပါလာခဲ့တယ်။ အဓိက စီးပွားရေးနဲ့ ကုန်သွယ်ရေးဖြစ်ထွန်းမှုဟာ ပင်လယ်ဆိပ်ကမ်းနဲ့ မြစ်ရှိခြင်းကြောင့်လည်းဖြစ်ပါတယ်။

  • ဆက်သွယ်ရေးလမ်းကြောင်းအရ သယ်ယူပို့ဆောင်ရေး လွယ်ကူခြင်းကြောင့်လည်းကောင်း၊
  • ရေကြောင်းနဲ့ ကုန်းကြောင်းရဲ့ အဓိက ချိတ်ဆက်ပေးရာ မြို့တစ်မြို့ဖြစ်ခြင်းကြောင့်လည်းကောင်း၊
  • ရန်ကုန်ကို ဗဟိုပြုပြီး တခြားသော ဆက်စပ်ဒေသတွေကို သွားလာရာမှာ ဗဟိုအချက်အခြာ လို ဖြစ်နေခြင်းကြောင့်လည်းကောင်း၊
  • ရန်ကုန်ရဲ့ ပထဝီမြေသားအနေအထားဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်လို ချောင်းမြောင်း သိပ်များတဲ့အနေအထား မဟုတ်၊ ပင် လယ်ကမ်းစပ်မြို့ဖြစ်သော်လည်း ကုန်းမြေ တဆက်တစပ်တည်းရှိတဲ့ မြေသားအနေအထားဖြစ်ခြင်းကြောင့်သော်လည်း ကောင်းမြို့တော်အဖြစ် တည်ဆောက်ဖို့ ကောင်းမွန်တဲ့ အခြေခံအချက်တွေ ပြည့်စုံနေပါတယ်။

ဒါ့ကြောင့် ရန်ကုန်ဟာ အင်္ဂလိပ်ကိုလိုနီခေတ်မှာ အောက်မြန်မာပြည်ရဲ့ မြို့တော် တစ်ခုဖြစ်ခဲ့ပါတယ်။ ခေတ်သစ်ရန်ကုန်မြို့ဟာ အင်္ဂလိပ်တည်ခဲ့တဲ့မြို့လို့တောင် ဆိုနိုင်ပါတယ်။ ယခင် ဒဂုံမြို့ဟောင်းကတော့ ပဒေသရာဇ်ဘုရင်တွေ တည်ခဲ့တာဖြစ်ပါတယ်။ သို့သော် မင်းနေပြည်မဟုတ်၊ သာမန်ဆိပ်ကမ်းမြို့မျှသာ ဖြစ်ပါတယ်။

အင်္ဂလိပ်ရောက်မှ၊ ရန်ကုန်ဟာ မြို့ပြစနစ်ရဲ့ အခြေခံအဆောက်အအုံတွေ ဖြစ်ထွန်းခဲ့တာလို့ ပြောနိုင်တယ်။ အင်္ဂလိပ် မရောက်ခင်က ရန်ကုန်ဟာ အခြေခံမြို့ပြတည်ဆောက်မှု စနစ်မျိုးတွေ မရှိခဲ့ပါ။ အင်္ဂလိပ်ဟာ ပို့ဆောင်ဆက်သွယ်ရေး ရည်ရွယ် ချက်၊ အုပ်ချုပ်ရေးရည်ရွယ်ချက်နဲ့ ရေကြောင်းကျွမ်းကျင်မှုရှိတာကြောင့် ရေကြောင်း အခြေပြု အားပြုတည်ဆောက်တဲ့ အုပ်ချုပ်ရေးဧရိယာကို ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ လုံခြုံရေးရည်ရွယ်ချက်အရလည်း ဖြစ်ဟန်တူတယ်။

▄ ရန်ကုန်မြို့၏ ဒီမိုဂရပ်ဖီ

အင်္ဂလိပ်ကိုလိုနီအစိုးရရဲ့ မြန်မာပြည် အုပ်ချုပ်ရေးအဓိက ဖြစ်တာကြောင့်၊ ရန်ကုန်မြို့မှာ ကုန်သွယ်ရေးအရ အုပ်ချုပ်ရေးအရ လူဝင်လူထွက်များပြားခဲ့ပါတယ်။ အိန္ဒိယကိုလိုနီနယ်ထဲကို သွတ်သွင်းခဲ့ရတဲ့ မြန်မာပြည်ကို အိန္ဒိယက ကုလားတွေ ဝင်ထွက်မှုများပြားခဲ့ပါတယ်။ ရန်ကုန်မြို့ဟာ ဆိပ်ကမ်းကုန်သွယ်ရေးဖြစ်ထွန်းတာ ကြောင့် အလုပ်အကိုင်အခွင့်အလမ်းအားဖြင့် များပြားခဲ့ပါတယ်။ အိန္ဒိယမှာ လူဦးရေ များပြားလို့ အလုပ်အကိုင်ရှားပါးမှုဒဏ် ကို ခံခဲ့ရတယ်။ ဒါ့ကြောင့် အိန္ဒိယလူမျိုးတွေဟာ မြန်မာဘက်ကိုရွှေ့ပြောင်းလာပြီး အလုပ်အကိုင်ရှာဖွေကြ၊ အခြေချကြပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်ကာလတွေမှာ၊ ရန်ကုန်မြို့ဟာ တရုတ်နဲ့ ကုလားတွေနဲ့ စည်ကား ပြည့်နှက်နေပါတယ်။ ရန်ကုန်မှာ အင်္ဂလိပ်စကားနဲ့ ကုလားစကား မပြောရင် လူရာမဝင်ဘူးလို့ ပြောရလောက်အောင် နိုင်ငံခြားသား ဝင်ထွက်မှုများပြားခဲ့ပါတယ်။

▄ လွတ်လပ်ပြီးခေတ် ရန်ကုန်

ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ်ကနေ လွတ်လပ်လာတဲ့မြန်မာနိုင်ငံဟာ၊ အင်္ဂလိပ်ကိုလိုနီအစိုးရ အုပ်ချုပ်ရေး အခြေစိုက်ခဲ့တဲ့ ရန်ကုန်ကိုပဲ၊ မြို့တော်အဖြစ် ဆက်လက်ရွေးချယ်ခဲ့ပါတယ်။ လွတ်လပ်ပြီးခေတ် မြန်မာပြည်ကို ဖဆပလအစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကွဲအပြဲတွေကို မစေ့စပ်နိုင်တာကြောင့်၊ ဖဆပလအစိုးရက ပြည်တွင်း ပုန်ကန်မှုနဲ့ ကြုံရပါတယ်။ ပြည်တွင်းပုန်ကန်မှုဟာ လူမျိုးစုနဲ့ အိုင်ဒီယော်လိုဂျီကွဲလွဲမှုအပေါ်မူတည်ပြီး လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်ခဲ့ပါတယ်။ ဖဆပလခေါင်းဆောင် ဦးနု အစိုးရဟာ၊ ပြည်တွင်း တည်ငြိမ်ရေးကို ကြိုးစားလုပ်ဆောင်ရင်း တိုင်းပြည်စီးပွားရေးကို တွန်းတင်ခဲ့ပါတယ်။

ဖဆပလအစိုးရဟာ ပါတီတွင်း အကွဲအပြဲကနေ တဆင့်၊ အစိုးရအဖွဲ့တွင်း အကွဲအပြဲနဲ့ ကြုံတွေ့ရပါတယ်။ အစိုးရအဖွဲ့တွင်း အကွဲအပြဲသာမက တိုင်းပြည်မှာ လူမျိုးစုတွေနဲ့ ညီညွတ်ရေးမတည်ဆောက်နိုင်ခဲ့ပါ။ နိုင်ငံရေးအာဂျင်ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးကနေ လူမျိုးစု လက်နက်ကိုင်ပုန်ကန်မှုတွေ ပြင်းထန်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်မြို့ကို အခြေစိုက်ထားတဲ့ ဖဆပလ အစိုးရဟာ အကျပ် အတည်းမျိုးစုံ ကြုံခဲ့ပါတယ်။ အကြီးမားဆုံး အကျပ်အတည်းဟာ ရန်ကုန်မြို့ ဧရိယာအနီးနားထိ လက်နက်ကိုင်ပုန်ကန်မှု နီးကပ်လာခြင်းဖြစ်ပါတယ်။ ဗဟိုအစိုးရရဲ့ ပြည်တွင်း တည်ငြိမ်ရေး ကိုင်တွယ်နိုင်မှု အားအလျော့ဆုံးဖြစ်ခဲ့ပါတယ်။ ကရင်လက်နက်ကိုင်တပ်နဲ့ ကွန်မြူနစ် လက်နက်ကိုင်တပ်တွေဟာ ဖဆပလအစိုးရကို လက်နက်ကိုင် ပုန်ကန်ရာ ရန်ကုန်မြို့ အင်းစိန်မြို့ အထိ ရောက်လာခဲ့ပါတယ်။

ဖဆပလအစိုးရရဲ့ စစ်ရေးအင်အား ချိနဲ့မှုကြောင့်၊ နိုင်ငံတကာက ရန်ကုန်အစိုးရလို့ သတ်မှတ်ရလောက်အောင် ဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံခြားရေး နယ်ပယ်က အသုံးအနှုန်းအရ၊ ရန်ကုန်အစိုးရလို့ သုံးနှုန်းခြင်း မဟုတ်ပါ။ ရန်ကုန်မြို့ ကွက်ကွက်ကလေးလောက်သာ အာဏာစက် သက်ရောက်မှု ရှိခြင်းကြောင့်၊ ရန်ကုန်အစိုးရလို့ သမုတ်ခဲ့ကြ၊ သတ် မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

▄ ရန်ကုန်မှာ အာဏာသိမ်းပြီ

၁၉၅၈ မှာ၊ ဗိုလ်ချုပ်ကြီးနေဝင်းက စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းပြီး အခြေအနေတွေကို ထိန်းသိမ်းခဲ့ရပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ၁၉၆၂ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ ပါတယ်။ မြန်မာပြည်ဟာ ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေဝင်းလက်အောက်မှာ ဖိနှိပ်ခံခဲ့ရပါတယ်။ သို့သော် ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီရေး လူထုအုံကြွမှုကြောင့် နေဝင်းအစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု၊ ၈၈၈၈ လူထုတော်လှန်ရေးဟာ ရန်ကုန်ကို ဗဟိုပြုပြီး အဓိက ဖြစ်ပေါ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ လူတန်းစားပေါင်းစုံ အုံကြွ အရေးဆိုခဲ့ခြင်းကြောင့်၊ အာဏာရှင် နေဝင်းအစိုးရ အာဏာလက် လွှတ်ခဲ့ရပါတယ်။ နေဝင်းအစိုးရ လက်ထက်တစ်လျှောက်လုံးမှာ၊ ရန်ကုန်ဟာ အဓိက အုပ်ချုပ်ရေး ဗဟိုမြို့ဖြစ်ခဲ့သလို၊ မြန်မာပြည်ရဲ့ မြို့တော်လည်းဖြစ်ခဲ့ပါတယ်။

▄ ခေတ်သစ် ရန်ကုန်

ရန်ကုန်မြို့ရဲ့တည်ဆောက်မှုဟာ စနစ်ကျနတာကြောင့်၊ ကိုလိုနီလက်အောက်က လွတ်ပေမယ့် စီးပွားရေးအရ ဆက်လက် အရေးပါခဲ့ပါတယ်။ လူမျိုးပေါင်းစုံနေထိုင်လို့ အသွေးအရောင်လည်း စုံလင်တယ်။ ကိုလိုနီမြို့တော်ဟောင်းအဖြစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့တာကြောင့် အနောက်တိုင်း အတွေးအခေါ် လွှမ်းမိုးရာ မြို့တစ်မြို့လည်းဖြစ်တယ်။ ယဉ်ကျေးမှုအရ ဗဟုစုံ ဖြစ်ထွန်းတယ်။ အတွေးအခေါ်အရ ခေတ်မီတယ်။ ကမ္ဘာနဲ့ ချိတ်ဆက်နိုင်တဲ့ စွမ်းရည် ပြည့်ဝတယ်။ ကုန်သွယ် စီးပွားရေးဖြစ်ထွန်းတယ်။ ခေတ်အမြင်လည်း ရှိကြတယ်။ တက်ကြွတဲ့ မြို့တော်သားတွေဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲတွေဟာ ရန်ကုန်မြို့ကို အခြေပြုပြီး ဖြစ်တည်လာကြတာများတယ်။ ရန်ကုန်ဟာ မြန်မာပြည်ရဲ့ အခရာကျတဲ့မြို့ဖြစ်တယ်။ ဒါ့ကြောင့် တက်လာတဲ့ အစိုးရတိုင်းဟာ ရန်ကုန်မြို့ လူထုရဲ့ ဆန္ဒကို အလွန်အကျွံဆန့်ကျင် ပယ်ရှားဖို့ ခက်ခဲခဲ့တယ်။

▄ အတိတ် ရန်ကုန်

ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ အမျိုးသားရေး လှုပ်ရှားမှုတွေ၊ လူထုဆန္ဒပြပွဲတွေ ဖြစ်ခဲ့တုန်းကလည်း ကိုလိုနီအစိုးရရုံးတွေနဲ့ အုပ်ချုပ်ရေးဌာနတွေကို ဝိုင်းဝန်း ပိတ်ဆို့ပြီး လူထုဟာ ဆန္ဒပြတိုက်ပွဲတွေ ဆင်နွှဲခဲ့တယ်။ ၁၉၈၈ လူထုတော်လှန်ရေးမှာလည်း ထိုနည်းလည်းကောင်း တွေ့ရှိရတယ်။ ၈၈ လူထုအရေးတော်ပုံမှာ၊ ရန်ကုန်နေမြို့ပြ လူထုဟာ နေဝင်းအစိုးရရဲ့ အုပ်ချုပ်ရေးဗဟိုဌာနတွေ ကို ဝိုင်းဝန်းပိတ်ဆို့ပြီး ဆန္ဒတွေ ဖော်ထုတ်ခဲ့ကြတယ်။ လူထုဟာ အစိုးရကို ဝိုင်းဝန်းပိတ်ဆို့ အုံကြွနိုင်တဲ့အနေအထား ကို ရောက်ခဲ့တယ်။

▄ ရန်ကုန်အပေါ် စစ်ဘက် အမြင်

ရန်ကုန်မြို့အနေအထားနဲ့ပတ်သက်ပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ အတ္ထုပ္ပတ္တိ (မြင့်သူ၊ ၂၀၁၄) မှာ အခုလို ဖော်ပြတယ်။ ဒီဖော်ပြချက်ဟာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်ကို တည်ဆောက်ပြောင်းရွှေ့ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဘက်က အမြင်ကို ကိုယ်စားပြုနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

  • ရန်ကုန်သည် အစွန်အဖျားဖြစ်နေသဖြင့်၊ ရန်သူက အလွယ်တကူ ဖျက်ဆီးနှောင့်ယှက်နိုင်သည့် နေရာမျိုးဖြစ်သည်။ လုံခြုံမှုနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိန်းသိန်းရန် အလွန်ခက်ခဲသည့် အနေအထားတွင် ရှိသည်။ ရန်ကုန်သည် သာလာယံဇရပ်လို ဝင်ချင်သလို ဝင်၊ ထွက်ချင်သလို ထွက်၊ ဝင်ပေါက်ထွက်ပေါက်တွေ များပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးမှာ နိုင်ငံရေးပြဿနာဖြစ်တိုင်း အစိုးရသည် ပိတ်မိသွားပြီး၊ under fire ဖြစ်ပြီး တစ်တိုင်းပြည်လုံး အုပ်ချုပ်ရေး ပုံသဏ္ဍာန်ပျက်သွားတတ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ကိုလည်း နိုင်ငံမြို့တော်အဖြစ် ရွေးချယ်ရာတွင် မစဉ်းစားခဲ့ခြင်းဖြစ် သည်။ ရန်ကုန်မြို့အား မြန်မာဘုရင်တွေ ရွေးချယ်ခဲ့ခြင်း မဟုတ်။ အင်္ဂလိပ်တို့က နယ်ချဲ့စနစ်ကို ထူထောင်ချိန်မှာ naval power နှင့် ထူထောင်ခဲ့ခြင်းဖြစ်သည်။ သူ့ရဲ့ naval power နှင့် အသုံးချမည့်နေရာ၊ အကာအကွယ် ပေးနိုင်တဲ့နေရာ၊ ရှေ့နောက် ဆက်ဆံမှုကောင်းသည့်နေရာမျိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘုရင် များသည် အထက်ပါပုံစံမျိုး မရွေးချယ်၊ ပြည်တွင်းမှာ heartland သီအိုရီအတိုင်း ဗဟိုအချက်အချာကျ သည့်နေရာကိုသာ ရွေးချယ်လေ့ရှိသည်။ အထူးသဖြင့် လုံခြုံရေးကို အဓိကထားသည်ကို တွေ့ရမည် ဖြစ်သည်။ (ကောက်နုတ်ချက် / မမျှော်လင့်သော ခရီးရှည်၊ ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတ္တိ၊ မြင့်သူ၊ ၂၀၁၄၊ စာ – ၄၉၀)

▄ သရုပ်ခွဲမှု (၆) ချက်

ရန်ကုန်နဲ့ပတ်သက်ပြီး သတိထားစရာ အချက် (၆) ချက်ရှိပါတယ်။

  • နံပါတ်တစ် – အင်္ဂလိပ်ကိုလိုနီအစိုးရက မြန်မာကို ကျွန်ဇာတ်သွင်းဖို့ အုပ်ချုပ်ရေးဗဟိုမြို့တော်အဖြစ် တည်ဆောက်ခဲ့တာ။ တနည်းအားဖြင့် ကိုလိုနီမြို့တော်ဟောင်းဖြစ်ခဲ့တာ။
  • နံပါတ်နှစ် – ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်လို့ ရေကြောင်းလုံခြုံရေးကို အထူးဂရုစိုက်ရတာ။
  • နံပါတ်သုံး – ဖဆပလအစိုးရဟာ ပြည်တွင်း ပုန်ကန်မှုကြောင့်၊ ရန်ကုန်အစိုးရလို့ ပြောရလောက်တဲ့အထိ အရေးနိမ့်ခဲ့ဖူးတာ။
  • နံပါတ်လေး – ၁၉၈၈ လူထုတော်လှန်ရေးမှာ နေဝင်းအစိုးရဟာ လူထုရဲ့ ဝိုင်းဝန်းပိတ်ဆို့ ပူးညှပ်ပြီး ဆန္ဒဖော်ထုတ်ခြင်းကို ခံရလို့၊ အစိုးရအဖြစ် ဆင်းပေးခဲ့ရတယ်။
  • နံပါတ်ငါး – ရန်ကုန်မြို့မှာ တရုတ်နဲ့ ကုလားနေထိုင်မှု လူဦးရေဟာ ရှေ့ယခင်ကတည်းက များပြားခဲ့တာ၊ လက်ရှိအချိန်ထိ များပြားနေဆဲဖြစ်တာ။
  • နံပါတ်ခြောက် – ရန်ကုန်မြို့တော်ရဲ့ အမှတ်သရုပ်နဲ့ အဆောက်အအုံတွေရဲ့ သရုပ်သကန်တွေမှာ နိုင်ငံခြား ဗြိတိသျှလက်ရာတွေ လွှမ်းမိုးမြင်သာနေတာ။ ဒီအချက်ခြောက်ချက်ဟာ ၁၉၈၈ နောက်ပိုင်း နဝတနဲ့ နအဖ စစ်အစိုးရ ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အဓိက စဉ်းစားချက်ဖြစ်ခဲ့ဟန်တူတယ်။

▄ ဗိုလ်နေဝင်း ဘယ်လို

၁၉၈၈ ရှေ့ပိုင်းကာလတွေမှာ၊ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒ ကို တပ်ရဲ့ အိုင်ဒီယော်လိုဂျီအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့် တပ်ဟာ ဆိုရှယ်လစ်ဝါဒကို စွဲမြဲစွာ ယုံကြည်ခဲ့ခြင်း မရှိခဲ့ပါ။ နေဝင်းအစိုးရဟာ လက်ဝဲဩဇာသိပ်ကြီးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို အိုင်ဒီယော်လိုဂျီ အရ လူထုကို ဆွဲဆောင်နိုင်အောင် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ဝါဒကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင်က ဆိုရှယ် လစ်ဝါဒကို သက်ဝင်ယုံကြည်ခဲ့ခြင်း မရှိပါ။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဆိုရှယ်လစ်လမ်းစဉ် အမှားတွေက၊ လူထုကို အထွေထွေ ချွတ်ချုံကျမှုကို ဆွဲချသွားပါတယ်။ ဒီအကျိုးဆက်နဲ့ ၁၉၈၈ မှာ လူထုအရေးတော်ပုံကြောင့်၊ ဆိုရှယ်လစ်လမ်းစဉ် နေဝင်းအစိုးရ ပြုတ်ကျသွားပြီး၊ စစ်အစိုးရက အာဏာထိန်း သိမ်းလိုက်ပါတယ်။

▄ ဗိုလ်သန်းရွှေ ဘယ်ကဲ့သို့

၁၉၉၀ – ၉၁ နောက်ပိုင်းကာလတွေမှာ၊ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်ရဲ့ အိုင်ဒီယော်လိုဂျီကို မျိုးချစ်ဝါဒအပေါ် အခြေခံပြီးတည်ဆောက်ခဲ့ပါတယ်။ နိုင်ငံတော်ကိုလည်း အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့် ရှောက်ရမယ်ဆိုတဲ့ အယူအဆကို သွတ်သွင်းတည်ဆောက်ပါတယ်။ စစ်တပ်ကိုလည်း မျိုးချစ်တပ်မတော်အဖြစ် တည် ဆောက်ဖို့ ကြိုးစားခဲ့ပြီး၊ တိုင်းပြည်ကိုလည်း ဗမာအမျိုးသားရေး ဝါဒဖြစ်ထွန်းအောင် သွတ်သွင်းပါတယ်။

နဝတ၊ နအဖ အစိုးရဟာ အာဏာသိမ်းစစ်အစိုးရဖြစ်တာကြောင့် လစ်ဘရယ် အနောက်တိုင်းနိုင်ငံတွေရဲ့ ဆန့်ကျင်ခြင်းကို ခံရပါတယ်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကိုလည်း ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ၊ နိုင်ငံခြားသားကြောက်ရောဂါ ရှိသလို၊ နိုင်ငံခြားမုန်းတီးရေး အမြင်လည်း ရှိပါတယ်။ အထူးသဖြင့် အနောက်တိုင်းဒေသတွေက နိုင်ငံခြားနိုင်ငံတွေကို သူ ရွံရှာဟန်တူပါတယ်။ အနောက်တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိသျှ အင်္ဂလိပ်ရဲ့ ကိုလိုနီနယ်ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ကိုလည်း နှစ်မြို့ဟန် မရှိပါ။ မြန်မာစစ်တပ်ဟာ ဗမာ့စရိုက်အရ ရေကြောင်းအင်အားကို ခိုင်မာအောင်တည်ဆောက်နိုင်ခြင်းမရှိလို့၊ ရေကြောင်းလုံခြုံရေးကို လုံခြုံအောင် ထိန်းကာနိုင်စွမ်း အားနည်းနေပါတယ်။

▄ ရန်ကုန်ဟာ ပြည်တွင်းရန်ဆွယ်ရဲ့ ဗဟိုလား

ပြည်ပရန် ကာကွယ်ရေးအမြင်အရ ကြည့်ရင်၊ ရန်ကုန်မြို့ဟာ စစ်ခေါင်းဆောင်များအဖို့ လုံခြုံတယ်လို့ မမြင်ပါ။ လေကြောင်းရန်၊ ရေကြောင်းရန်ကို အံတုဖို့ အခက်အခဲရှိတယ်လို့ မြင်ပါတယ်။ ပြည်တွင်းရန် ကာကွယ်ရေးအမြင်အရလည်း ရန်ကုန်ဟာ တက်ကြွတဲ့ မြို့တော်သား လူထုတွေ မြောက်မြားစွာ ရှိသလို၊ အနောက်တိုင်း ယဉ်ကျေးမှုအတွေးအခေါ်နဲ့ နီးစပ်လိုက်ပါနိုင်စွမ်း ရှိတာကြောင့်၊ လူထုယုံကြည်မှု မရထားတဲ့ စစ်အစိုးရဟာ ရန်ကုန်လူထုရဲ့ စရိုက်ကို မနှစ်မြို့ပါ။ မကြိုက်ပါ။ အချိန် မရွေး မီးစနဲ့ လောင်စာတွေ့နိုင်တာမို့ ပြည်တွင်းတည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ခက်ခဲတဲ့မြို့ အဖြစ်ယူဆပါတယ်။ လူဦးရေအရလည်း သိပ်သည်းမှုများပြားတဲ့ ရန်ကုန်မြို့လူထုဟာ အစိုးရအုပ်ချုပ်ရေးကို ထိခိုက်အောင် လုပ်နိုင်စွမ်းရှိပါတယ်။

အတိတ်သမိုင်းမှာလည်း ကရင်လက်နက်ကိုင် ကေအန်ဒီအိုတွေရဲ့ လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကွန်မြူနစ် လက်နက်ကိုင်တွေကြောင့် ရန်ကုန်အစိုးရလို့ ပြောစမှတ်တွင်လောက်အောင် တော်လှန်ပုန်ကန်ခံခဲ့ရတာ။ ၁၉၈၈ မှာလည်း လူထုဆန္ဒပြပွဲတွေကြောင့် ဆိုရှယ်လစ်လမ်းစဉ်အစိုးရ ဆင်းပေးရ လောက်တဲ့အထိ ဖြစ်ပျက်ခဲ့တာ။

ဒီအချက်တွေကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ၊ စစ်တပ်ရဲ့ အကျိုးစီးပွား၊ အာဏာနဲ့ လုံခြုံရေးအာမခံချက်အတွက် ရန်ကုန်မြို့တော်ရဲ့ တည်ရှိမှုတွေက နှဲ့ချိုးနေတယ်လို့ မြင်ပါတယ်။

▄ မြို့တော်သစ်ပြောင်းရန် တွေးဆချက်

နဝတ အစိုးရဟာ တိုင်းပြည်နဲ့ လူထုကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ပြီး အုပ်ချုပ်လာတာ ၁၀ နှစ်ပြည့်လောက်တဲ့ အချိန်မှာ၊ ရန်ကုန်မြို့ကို မြန်မာပြည်ရဲ့ မြို့တော်အဖြစ်ကသော်လည်းကောင်း၊ အုပ်ချုပ်ရေး ဗဟိုအချက်အခြာ ဧရိယာအဖြစ်ကသော်လည်းကောင်း လွတ်မြောက်ဖို့ စတင်ကြံဆလာခဲ့ပါတယ်။ မြို့တော် ဧရိယာကို ရန်ကုန်ကနေ ဘယ်လိုနေရာမျိုးမှာ တည်ဆောက်ဖို့ သင့်တော်မလဲဆိုတာကို နဝတခေတ် ရှေ့ပိုင်းကတည်းက တပ်မတော်ထဲမှာ ရှာဖွေနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားရေးဝါဒနဲ့ မျိုးချစ်စိတ်ဓာတ်ကို တိုင်းပြည်ကို သွတ်သွင်းနေတဲ့ စစ်အစိုးရအဖို့၊ မြို့တော် ရန်ကုန်မှာ နိုင်ငံခြားသားအရေအတွက် ဝင်ထက်မှု များပြားခဲ့ခြင်း အကျိုးဆက်အရ… တရုတ်၊ ကုလား လူမျိုး နေထိုင်မှု များပြားခြင်းကို နှစ်မြို့ဟန် မရှိပါ။ အင်္ဂလိပ်က မြို့ပြအခြေခံစနစ်တွေကို ဗြိတိသျှယဉ်ကျေးမှုဟန် တည်ဆောက်ခဲ့ခြင်းဟာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့တာမို့၊ နိုင်ငံခြားအမှတ်သရုပ်ကို ပယ်ဖျက်ဖို့ ခက်ခဲနေပါတယ်။ ဒီအချက်ကိုလည်း အမျိုးသားရေးအမြင်နဲ့ကြည့်ရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အဖို့၊ လိုလားမယ် မထင်ပါ။

လုံခြုံရေးအမြင်၊ စစ်ရေးအမြင်နဲ့ အမျိုးသားရေးဝါဒ အမြင်တွေကြောင့် ရန်ကုန်မြို့တော်ကို အစိုးရနန်းစိုက်ရာ မြို့တော်အဖြစ်က ပယ်ခွာဖို့ တဖြည်းဖြည်း တွန်းအားတွေ ဖြစ်ခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းရန်ဆွယ်၊ ပြည်ပရန်ဆွယ်ကို အမြဲတမ်း ဗဟိုပြု အာရုံထားခဲ့ပြီး အုပ်ချုပ်ခဲ့တာတွေ့ရ ပါတယ်။ စစ်အစိုးရအတွက် ရန်ကုန်မြို့ဟာ ပြည်တွင်းရန်ဆွယ်နဲ့ ပြည်ပရန်ဆွယ်အတွက် ကိုင်တွယ်ထိန်းချုပ်ဖို့ အကန့်အသတ်တွေ အများကြီး ရှိနေပါတယ်။

▄ နှလုံးသားနယ်မြေ သီအိုရီ

တနည်းအားဖြင့် ရန်ကုန်မြို့ရဲ့ အနေအထားဟာ အပွင့်အနေ အထား၊ အဖွင့်အနေအထားဖြစ်နေတယ်။ ပဒေသရာဇ်ဉာဉ်မပျောက်တဲ့ စစ်အစိုးရအနေနဲ့ ရှေးခေတ် ဗမာဘုရင်တွေလို ကုန်းတွင်းဗဟိုပြု၊ ကုန်းမြေအခြေပြု ဗဟိုဒေသတည်ထောင်ဖို့ ထက်သန်ပုံရတယ်။ လုံခြုံရေးအားဖြင့် တောင့်တင်းဖို့ ကုန်းတွင်းပိတ်ပြီး အတွင်းထဲ နက်နက်ဝင်ရောက်နေထိုင်လေလေ၊ ပိုလုံခြုံမှုရှိတယ်လို့ ယူဆလေလေ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပထဝီနိုင်ငံရေးပညာရှင် ဆာဟန်းဖို့ မက်ကိုင်ဒါရဲ့ ခေတ်မမီတော့တဲ့ နှလုံးသားနယ်မြေသဘောတရား (Heartland Theory) ကို ကိုင်ဆွဲခြင်း ဖြစ်ပါတယ်။

စစ်ဘက်အမြင်ကို ကိုယ်စားပြုနိုင်တဲ့ ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ အတ္ထုပ္ပတ္တိမှာ အခုလိုရေးသားတာ တွေ့ရပါတယ်။

  • သမိုင်းကြောင်းကို ပြန်လှည့်ကြည့်လျှင် ရန်ကုန်သည်၊ ဒုတိယကမ္ဘာစစ်ကြီးမှာ ခဏလေးနှင့် ပျက်စီးခဲ့ရသည်။ ဒီဇင်ဘာလမှာ ဗုံးချသဖြင့် ရန်ကုန်တစ်မြို့လုံး လှည်း၊ ရထား၊ ကားများအားလုံး ထွက်ပြေးပြီး အစိုးရအဖွဲ့လည်း ပျက်ခဲ့သည်။ တရားရုံး မရှိ၊ အုပ်ချုပ်ရေးရုံး မရှိ၊ ကျောင်းတွေလည်း မရှိဘဲ တိုင်းပြည် ပျက်ခဲ့ရသည်။ အစွန်အဖျားတွင် နေသည့်အခါ ကိုယ်က အာဏာရှိလို့၊ ပါဝါရှိလို့ ကာကွယ်နိုင်လျှင် ကောင်းသော်လည်း၊ ပါဝါမရှိပါက မြန်မြန်ပျက်စီး သွားနိုင်သည်။ (ကောက်နုတ်ချက်/ စာ – ၄၉၀)

▄ ပျဉ်းမနားကို ဘာ့ကြောင့် ရွေးချယ်ရသလဲ

စစ်အစိုးရခေါင်းဆောင်တွေဟာ၊ ကုန်းမြေအခြေပြုပါဝါ တည်ဆောက်လိုကြပါတယ်။ ဗမာစစ်ခေါင်းဆောင်တွေ ဟာ ကုန်းမြေကိုအခြေပြုပြီး တည်ဆောက်ရတာကို အားသန်တယ်။ မူလဗီဇအားဖြင့်၊ ရေကြောင်းမှာ အကျွမ်းတဝင်ရှိမှု ခေါင်းပါးတာကြောင့်၊ ပင်လယ်ကမ်းရိုးတမ်းဒေသတွေကို အဖွင့်အဖြစ် မမြင်ဘူး။ အစွန်အဖျားလို့ မြင်တယ်။ ရန်သူ အလွယ်တကူ ဝင်ရောက်နိုင်တယ်လို့ ယူဆတယ်။ ဒါ့ကြောင့် စစ်ရေးအရ မလုံခြုံဘူးလို့ ထင်မြင်ကြတယ်။ ထို့နောက် … နဝတနဲ့ နအဖ စစ်အစိုးရလက်ထက်မှာ၊ ပင်လယ်ဝမှာ တည်ရှိနေတဲ့မြို့ တော်ကို၊ ကုန်းတွင်းပိုင်း အတွင်းကျကျ ဧရိယာကို ရွေးချယ်ခဲ့တယ်။ မန္တလေးဟာ မြန်မာပြည်အလယ်ပိုင်းမြို့ကြီး တစ်မြို့ဖြစ်ပေမယ့်၊ ဒုတိယကမ္ဘာစစ်ဒဏ်ကို ခံရဖူးတဲ့ မြို့ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ အလယ်ဗဟိုချက်မလို့ ပြောနိုင်တဲ့ ပျဉ်းမနားနယ်ကိုရွေးချယ်ရခြင်း အကြောင်းတရားတွေ ရှိပါတယ်။

▄ တစ်ချက်ခုတ် သုံးချက်ပြတ်

ဒီနေရာမှာ သတိချပ်ဖို့က ပျဉ်းမနားဟာ တကယ်တော့ ပဲခူးရိုးမဧရိယာထဲမှာ ရှိပါတယ်။ ရှေးယခင် ဘုရင်တွေလက်ထက်က စပြီး ဆိုရှယ်လစ်ခေတ်အထိ သစ်တောတွေ ဖုံးလွှမ်းနေတဲ့ ဒေသကြီးဖြစ်ပါတယ်။ စစ်အစိုးရတွေဟာ တိုင်းပြည်မှာ ပြည်သူက ပေးတဲ့ အခွန်ဘဏ္ဍာနဲ့ မရပ်တည်။ တိုင်းပြည်အတွင်းက ရတဲ့ သယံဇာတရောင်းရတဲ့ငွေနဲ့ ရပ်တည်ကြပါတယ်။ စစ်အစိုးရယန္တရားကို လည်ပတ်တဲ့အခါမှာ၊ ပြည်သူ့အခွန်နဲ့ မရပ်တည်ဘဲ သယံဇာတရောင်းရ တဲ့ငွေနဲ့ ရပ်တည်ခြင်းဟာ လွတ်လပ်မှု ရှိတယ်၊ အမှီအခိုကင်းတယ်လို့ ယူဆဟန်တူပါတယ်။ ပျဉ်းမနားဒေသဟာ ပဲခူးရိုးမဧရိယာထဲမှာ တည်ရှိသလို၊ ပဲခူးရိုးမဧရိယာထဲမှာလည်း ဆိုရှယ်လစ် စစ်အစိုးရလက်ထက်မှာ ဗမာပြည် ကွန်မြူနစ်ပါတီ လက်နက်ကိုင်တောခိုရာဌာနချုပ်လည်း ဖြစ်ခဲ့ပါတယ်။

သယံဇာတကို ရောင်းပြီး တိုင်းပြည်မှာ လိုအပ်တဲ့ ဘဏ္ဍာငွေကို ဖြည့်တင်းပြီး စစ်အစိုးရယန္တရားကို လည်ပတ်ခဲ့ပါတယ်။ ပျဉ်းမနားဒေသကို မြို့တော်သစ် အတွက်ရွေးချယ်လိုက်ခြင်းဟာ တစ်ချက်ခုတ် သုံးချက်ပြတ်လည်း ဖြစ်ပုံရပါတယ်။ မြို့သစ်တည်ဖို့အတွက် သစ်ကို ရောင်းပြီး ငွေရနိုင်သလို၊ တော်လှန်လိုသူတို့ ပုန်ကန်ရာ ခိုဖို့တော မရှိအောင် ရှင်းပစ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဆိုရှယ်လစ်ခေတ်နှောင်းပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ဟာ ပဲခူးရိုးမကို ဌာနချုပ် ထားရှိရာမှ၊ ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်တစ်ဖက်ကမ်း…  ဝ၊ ကိုးကန့်ဒေသကို ဌာနချုပ်အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။

▄ ပျဉ်းမနား ပထဝီ

ပျဉ်းမနားမြို့ရဲ့ ပထဝီအနေအထားကို ကြည့်ရင်၊ ရှေ့ဘက်တစ်ကြောလုံးဟာ ရှမ်းရိုးမတောင်တန်းကြီးနောက်ခံ ထား တည် ရှိတာကို တွေ့ရပါလိမ့်မယ်။ အနောက်ဖက်မှာ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်နဲ့ ရခိုင်ရိုးမအကြား မြေလတ်ဒေသရှိပါတယ်။ တောင်ဘက်ဧရိယာတစ်ခုလုံးက မြန်မာပြည်အောက်ပိုင်းလို့ ပြောနိုင်မယ့် ပဲခူးနဲ့ ရန်ကုန် တို့ကို ကူးသန်းသွားလာလို့ ရပါတယ်။ မြောက်ဘက်ဧရိယာက မိတ္ထီလာ၊ မန္တလေးနဲ့ မြန်မာပြည်မြောက်ပိုင်းဧရိယာ ကြီးတစ်ခုလုံးကို ဆက်သွယ်သွားလာလို့ ရပါတယ်။ ပျဉ်းမနားဟာ မြန်မာပြည်ရဲ့ အရှေ့အနောက်တောင်မြောက် အားလုံးကို ချိတ်ဆက်သွားလာနိုင်ရာ ဗဟိုဒေသလို ဖြစ်နေပါတယ်။ မြောက်နဲ့တောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ ရထားလမ်းလည်း ရှိပြီးသားဖြစ်တယ်။ အနောက်ဖက်မှာလည်း ရခိုင်ရိုးမနဲ့ ရခိုင်ကမ်းရိုးတန်း၊ မြေလတ် ဒေသတစ်ခုလုံး ခံထားပြီးဖြစ်တယ်။ ရန်ကုန်နဲ့လည်း အတန်အသင့်ဝေးကွာတယ်။ လူဦးရေနည်းပါးစွာ နေထိုင်လို့ မြို့တော်သစ်အတွက် သင့်တင့်တဲ့ မြေဧရိယာကို အလုံအလောက်ရနိုင်တယ်။ စားနပ်ရိက္ခာရရှိနိုင်မှု၊ ရေရရှိနိုင်မှု အတွက်လည်း သင့်တော်တဲ့နေရာဖြစ်တယ်။

▄ စစ်ရေးရှုထောင့်၊ လုံခြုံရေးရှုထောင့်

စစ်ရေးသဘောအရ၊ ပျဉ်းမနားဒေသဟာ မဟာဗျူဟာမြောက်တည်ရှိ တဲ့နေရာဖြစ်နေတယ်လို့ စစ်ခေါင်းဆောင် တွေက ယူဆတယ်။ မက်ကိုင်ဒါရဲ့ သီအိုရီအရ အလယ်ဗဟိုမှာ ကုန်းမြေကို ဗဟိုပြုပြီး အင်အားတည်ဆောက်နိုင်တဲ့ အမြင်ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်အစိုးရ ကြိုးပမ်းနေတဲ့ နျူကလီးယားလက်နက် စမ်းသပ်၊ တီထွင်မှုတွေလုပ်ဖို့ ရှမ်းရိုးမတောင်တန်းအစပ် ဧရိယာတွေမှာ သင့်တော်တဲ့ မြေအောက်ဥမင်တွေ၊ စခန်းတွေ၊ သိုလှောင်စမ်းသပ်ခန်းတွေ တည်ဆောက်လို့ ရနိုင်တယ်။ ပျဉ်းမနား ဒေသအနီးနားလေးမှာ၊ မြို့ကြီးပြကြီးတွေနဲ့ ဝေးကွာလို့ လုံခြုံစွာ လျှို့ဝှက်လုပ်ဆောင်နိုင်မယ့် စစ်ရေးတည်ဆောက် မှုတွေကို လုပ်ကိုင်နိုင်လိမ့်မယ်လို့၊ ယူဆဟန်တူတယ်။

လူသူမနေတဲ့ နယ်မြေမှာ မြို့သစ်တည်ခြင်းဟာ၊ ရှိပြီးသား မြို့ကို ပြုပြင်တည်ဆောက်တိုးချဲ့တာထက် ပိုပြီး လွယ်ကူတာကြောင့်လည်းဖြစ်လိမ့်မယ်။ ပျဉ်းမနားကို အဓိကအား ဖြင့် စစ်ရေးလုံခြုံမှု ရှုထောင့်အရ ရွေးချယ်လိုက်ခြင်းဖြစ်တယ်။ အုပ်ချုပ်ရေးဗဟိုဌာနဟာ လုံခြုံရမယ်…ဆိုတဲ့ စစ်ရေးအမြင်ဖြစ်ပါတယ်။ လုံခြုံဖို့အတွက်လည်း မြေထု၊ ရေထု၊ လေထု၊ အချိန်ထု၊ လူထုဆိုတာတွေနဲ့ ခံတပ်လုပ် တားဆီးပြီး တည်ဆောက်မှ လုံခြုံမယ်လို့ ယူဆတယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အနာဂတ်နိုင်ငံရေး အခင်းအကျင်းသစ်အတွက် ရန်ကုန်ကို ငြင်းပယ်ပြီး မြို့တော်သစ်တည်ဆောက်ဖို့ စီစဉ်လုပ်ဆောင်ခဲ့ပါတယ်။ နေပြည်တော်ကို ဗဟိုပြုပြီးတော့ မြောက်ဘက် မန္တလေးနဲ့ တောင်ဘက် ရန်ကုန်မြို့တို့ကို ဆက်သွယ်နိုင်မယ့် ပြည်ထောင်စုလမ်းမကြီးကိုလည်း အကြီးအကျယ်တည်ဆောက်ခဲ့ပါတယ်။ ပျဉ်းမနားရဲ့ အရှေ့ယွန်းယွန်းမှာရှိတဲ့ မြစ်တွေ၊ ချောင်းတွေကို တာတမံပိတ်ပြီးတော့ ဆည်တွေ တည်ဆောက်ပါတယ်။ ဆည်တွေကနေ မြို့တော်သစ် အတွက် ရေအရင်းအမြစ်ကို ရရှိတယ်။ ဆည်တွေကနေ ရေအားလျှပ်စစ်ထုတ်ပြီး၊ မြို့တော်သစ်တည်ဆောက်ရေးမှာ ပေးဝေဖို့ စီမံခဲ့တယ်။

▄ အခြေခံ ပုံစံ (၃) မျိုး

မြို့တော်သစ်ကို နေပြည်တော်ကို နာမည်ပေးတယ်။ ဟိုးရှေးယခင် ဗမာဘုရင်တွေခေတ်က ဘုရင်တွေ နေထိုင်ရာ ထီးနန်းစိုက်တဲ့မြို့ကို မင်းနေပြည်တော်လို့ ခေါ်ဝေါ်ကြတယ်။ ဒါကို အစွဲပြုပြီး နေပြည်တော်လို့ သမုတ်တယ်။ နေပြည်တော် မြို့တော်သစ်ကို အပိုင်း (၃) ပိုင်းချပြီးတော့ တည်ဆောက်တယ်။ လူအများနေထိုင်နိုင်ဖို့ မြို့ပြတည်ဆောက်မှုပုံစံ၊ အစိုးရ ဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာ ရုံးနေရာအတွက် တည်ဆောက်တဲ့ ပုံစံ၊ စစ်ရေးအရ စစ်ဘက်တပ်ရင်း တပ်မနဲ့ လက်နက်သိုလှောင်ရာ၊ စစ်ယန္တရားတွေ ထားရှိရာ၊ စစ်ရုံးတွေ ဖွဲ့စည်းတည်ဆောက်ရာ ပုံစံ…. စတဲ့ အပိုင်းတွေခွဲပြီး တည်ဆောက်တယ်။ လူထုအတွက်၊ အစိုးရအတွက်နဲ့ စစ်တပ်အတွက်…ဆိုပြီး မြို့တော်ကို နေရာချခြင်းဖြစ်တယ်၊ ပုံစံချခြင်းဖြစ်တယ်။

▄ ယခင်လို ညှပ်ပိတ်ခံရမှု မကြုံစေလို

နေပြည်တော်မြို့တော်သစ်ကို၊ ပြည်ပရန်ဆွယ်ကနေ တားဆီးဟန့်တားနိုင်မယ့် ပထဝီနိုင်ငံရေးအမြင်၊ ပြည်တွင်း ရန်ဆွယ်ကနေ ညှပ်ပိတ်မခံရဘဲ ရှောင်ထွက်နိုင်မယ့် နိုင်ငံရေးအမြင်နဲ့ တည်ဆောက်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ အစိုးရရုံးဌာနတွေကို တစ်နေရာနဲ့ တစ်နေရာ အလှမ်းဝေးအောင် တည်ဆောက်ထားခြင်း အားဖြင့် တစ်ချိန်မှာ လူထုနဲ့ အစိုးရယန္တရားကို ပူးညှပ်ပိတ်ဆို့လို့ မရအောင် စီရင်ထားတယ်လို့ ယူဆနိုင်ပါတယ်။ နေပြည်တော်ဟာ မြန်မာပြည်ရဲ့ဗဟိုချက်မမှာ တည်ရှိခြင်းကြောင့် လူမျိုးစုလက်နက်ကိုင်တွေကို ဖြိုခွင်းတဲ့အခါ၊ လွယ်ကူမြန်ဆန်တဲ့ စစ်ရေးထောက်ပို့ရေးလမ်းကြောင်းအတွက်လည်း အားသာချက်ရှိနေပါတယ်။

▄ ပြောင်းရွှေ့ကြပြီ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရခေါင်းဆောင်တွေဟာ၊ ရန်ကုန်ကနေ နေပြည်တော်ကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှာ ပြောင်းရွှေ့ခဲ့ကြပါတယ်။ စစ်အစိုးရဟာ မြို့တော်သစ်တည်ဆောက်ခြင်းကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကို အသိမပေးဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော်ကို မြို့တော်သစ်အဖြစ် ကြေညာပြီး၊ ရန်ကုန်ကနေ အစိုးရရုံးဝန်ကြီး ဌာနတွေကို  ရုတ်တရက်ပြောင်းရွှေ့လိုက်ခြင်းနဲ့ပတ်သက်ပြီး၊ တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတချို့က သူတို့ကို မတိုင်ပင်ရကောင်းလား…လို့ ထင်ခဲ့ပါတယ်။ စစ်ခေါင်းဆောင်တွေကတော့ ကိုယ့်ပြည်တွင်းရေးအတွက် ဘယ်သူ့မှ တိုင်ပင်စရာ မလို။ ကိုယ့်ပြည်တွင်းရေးကိစ္စ၊ ကိုယ့်ဘာသာစိတ်ကြိုက်လုပ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့ သူတို့ကို ကျောထောက်နောက်ခံပြုထားတဲ့ အင်အားကြီး တရုတ်နိုင်ငံကိုလည်း အသိမပေးခဲ့ပါ။ ဒါ့ကြောင့် တရုတ်ဘက်က ငြိုငြင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်၊ တရုတ်ဟာ နေပြည်တော်မှာ ကွန်ဗင်းရှင်းစင်တာတည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့ပြီး၊ စစ်အစိုးရရဲ့ မြို့တော်သစ် ရွှေ့ပြောင်းတည်ဆောက်မှုကို ထောက်ခံကြောင်း ဖော်ပြခဲ့ပါတယ်။

▄ နိုင်ငံရေးသစ်အတွက် အစီအမံ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ၊ လမ်းပြမြေပုံ (၇) ချက်ကို ချမှတ်ပြီး၊ အနာဂတ်မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကို ဘယ်လိုလျှောက်လှမ်းရမလဲဆိုတာ ပြဌာန်းစီရင်ခဲ့ပါတယ်။ ဒီလမ်းပြမြေပုံအရ၊ မြို့တော်သစ်ကို တည်ဆောက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ နေရာသစ်မှာ ၊ မြို့တော်သစ် တည်ပြီး၊ အစိုးရသစ်၊ လမ်းစဉ်အသစ်၊ စနစ်သစ်၊ အင်စတီကျူးရှင်းအသစ်၊နိုင်ငံရေးသစ်ကို တည်ဆောက်ချင်ဟန်တူပါတယ်။ စစ်အစိုးရပြဌာန်းစီရင်ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဖြစ်ပေါ်လာမယ့်၊ ပြည်နယ်နှင့်တိုင်း ဖွဲ့စည်းပုံတွေအတွက် တိုင်း၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ ထိစပ်နီးကပ်တဲ့ ပြည်ထောင်စုအုပ်ချုပ်ရေးဧရိယာကိုလည်း ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

▄ တပ်မတော်အတွက်လား

နောက်ဖြစ်ပေါ်လာမယ့် နိုင်ငံရေးအခင်းအကျင်းအသစ်မှာ စစ်ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို မဖြစ်မနေ ထည့်သွင်းထားခဲ့ကြပါတယ်။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်း အသစ်မှာ တပ်မတော်ကနေ ကိုင်တွယ်မှု လွယ်ကူစေရန်လည်း ရည်ရွယ်ခဲ့ဟန်တူပါတယ်။ အထူးသဖြင့် နယ်မြေ သစ်၊ မြို့တော်သစ်မှာ၊ နိုင်ငံရေးသစ်အတွက် အကျပ်အတည်းတွေကို ရှောင်ရှားလိုဟန်ရှိတယ်။ အကယ်၍ တပ်မတော်အတွက် အကျပ်အတည်းဆိုက်ရောက်နိုင်မယ့် အခြေအနေတွေ ကြုံခဲ့ရင်၊ နေပြည်တော် မြို့တော်သစ် ဟာ တပ်မတော်အတွက် လှုပ်ရှားရလွယ်ကူပြီး ကိုင်တွယ်က မခက်ခဲစေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးဖို့ တည်ဆောက်ခဲ့ကြပါတယ်။ ယခင် သမိုင်းဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး၊ တပ်မတော်ကို ပူးညှပ်ပိတ်ညှပ်မခံရ အောင် ရှောင်ရှားလိုခြင်း ရည်ရွယ်ချက်လည်း ရှိနေပါတယ်။ စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော် လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း၊ အုပ်ချုပ်စီမံမှုအရသော်လည်းကောင်း…. ထွက်ပေါက်တွေ ရှိနိုင်မယ့် ဧရိယာကို ရွေးချယ်တည်ဆောက်ခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။

▄ နေရာသစ်မှာ အထိုင်မကျသေး

ရန်ကုန်မြို့တော်နဲ့ ပတ်သက်ပြီး စစ်အစိုးရခေါင်းဆောင်တွေ ယူဆခဲ့တဲ့ (အထူးသဖြင့်… ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယူဆခဲ့တဲ့) အမြင်နဲ့ လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ချိတ်ဆက်ကြည့်နိုင်ပါတယ်။ ပထဝီနိုင်ငံရေး အမြင်အရ တည်ဆောက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့မြို့တော်သစ်၊ နေပြည်တော်ကို ၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်က စပြီး ပြောင်းရွှေ့ခဲ့ပေမယ့်၊ ရန်ကုန်မြို့တော်မှာ စီမံခန့်ခွဲသလို အုပ်ချုပ်ရေးလုပ်ငန်းတွေ လွယ်ကူချောမွေ့ခဲ့ခြင်း မရှိပါ။ အထိုင်သစ်နဲ့ နေရာသစ်မှာ အသားမကျသေးတာကတစ်ကြောင်း၊ မြို့ပြတစ်ခု အသွင်ဖြစ်ပေါ်ဖို့ အဆောက်အအုံတွေ တည်ဆောက်ရုံနဲ့ မပြီး၊ လူတွေလည်း စည်စည်ကားကား သွားလာနေထိုင်ဖို့ လိုအပ်နေပါသေး တယ်။

၂၀၁၀ အကုန် ၂၀၁၁ ခုနှစ်မှာ ဖြစ်ပေါ်လာတဲ့ အသွင်ကူးပြောင်းရေးအစိုးရ၊ ဦးသိန်းစိန်အစိုးရအနေနဲ့ လွှတ်တော်သစ်၊ အစိုးရသစ်၊ ဖွဲ့စည်းပုံအသစ်၊ လမ်းစဉ်မူဝါဒအသစ်နဲ့ လျှောက်လှမ်းခဲ့ပါတယ်။ နေပြည်တော်ဟာ တစ်စတစ်စနဲ့ လူတွေ တဖွဲဖွဲရောက်ရှိလာတဲ့ မြို့တော်ဖြစ်လာပါတယ်။ သို့သော်လည်း မြို့အနေအထားနဲ့ လူနေထိုင်မှုဟာ မမျှတပါ။ မြို့က ကြီး၍ ကျယ်နေပြီး လူနေကျဲပါးလွန်းလှတယ်။ ဌာနဆိုင်ရာ အရာရှိတွေနဲ့ ဝန်ကြီး၊ ညွှန်မှူး၊ အရာရှိတွေဟာ…. အုပ်ချုပ်ရေးအရ နေပြည်တော်ကို ပြောင်းရွှေ့ပေမယ့်၊ လုပ်မှုကိုင်မှုမှာ အသားကျအောင် အတော်တည်ဆောက်ယူခဲ့ရဟန်တူပါတယ်။ နေပြည်တော်မှာ တည်ဆောက်ထားတဲ့ လွှတ်တော်နဲ့ အစိုးရရုံးပုံစံတွေမှာ၊ အင်္ဂလိပ်ဗြိတိသျှရဲ့ ယဉ်ကျေးမှုဟန်တွေကို မတွေ့ရပါ။ မြန်မာမှုဟန်တွေနဲ့ ရောစပ်ထားတဲ့ ခေတ်မီအဆောက်အအုံတွေကို တွေ့ရှိရပါတယ်။ ဒါဟာ တပ်မတော်စစ်ခေါင်းဆောင်တွေ လိုချင်ခဲ့တဲ့ အနောက်တိုင်းယဉ်ကျေးမှုဟန် မသမ်းတဲ့ မြန်မာဟန် အမျိုးသားရေးလက္ခဏာကို ပြသတာလား။

▄ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ မြို့တော်သစ်

မြန်မာပြည်ဟာ ဒီမိုကရေစီလမ်းကို လျှောက်ခဲ့ပြီး (၁၀) နှစ်အကြာမှာ၊ စစ်အာဏာရှင်လက်အောက် ပြန်ရောက်သွားပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရပ်နေမှာ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအနိုင်ရတဲ့ အာဏာရ အရပ်သားအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး၊ အာဏာသိမ်း လိုက်ပါတယ်။ အာဏာသိမ်းစစ်အစိုးရဟာ၊ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီဆိုတဲ့ အမည်နာမကို တပ်ပါတယ်။ အတိုကောက်အားဖြင့် စစ်ကောင်စီလို့ သုံးနှုန်းပါ့မယ်။

၁၉၅၈ အိမ်စောင့်အစိုးရအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့ချိန်က၊ အစိုးရရုံးဌာနတွေဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ တော်လှန်ရေးကောင်စီ အစိုးရလို့ ကြေညာပြီး အာဏာအပြီးအပိုင် သိမ်းခဲ့ပါတယ်။ ဒါကလည်း ရန်ကုန်မြို့ကို အစိုးရရုံးဌာနချုပ်အနေနဲ့ ရှိနေဆဲဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ နေဝင်းအစိုးရဟာ လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံတာကြောင့် ရန်ကုန်ကို ခြေကုတ်ယူပြီး တစ်ပြည်လုံးပြန်လည် စိုးမိုးနိုင်အောင် အတော်အတန် စစ်ရေးအင်အားကို ဖိသုံးခဲ့ရပါတယ်။

၁၉၆၂ အာဏာသိမ်းမှုမှာ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ ကန့်ကွက်ဆန္ဒပြခဲ့ပေမယ့်၊ ရန်ကုန်အစိုးရဟာ အကျပ်အတည်းနဲ့ သိပ်မကြုံခဲ့ရပါ။ ဆိုရှယ်လစ်လမ်းစဉ်ခေတ် တစ်လျှောက်လုံးမှာလည်း ကြိုကြားကြိုကြား လူထုဆန္ဒပြမှု ကြုံခဲ့ပေမယ့် ၁၉၈၈ မှာလို အစိုးရအကျပ်အတည်း ကျရောက်လောက်သည်အထိ မကြုံခဲ့ရပါ။ ၈၈ လူထုတော်လှန်ရေးမှာတော့ နှစ်ပေါင်း ၂၆ နှစ်လောက် အုပ်စိုးလာခဲ့ တဲ့ နေဝင်းအစိုးရ ပြုတ်ကျသွားတဲ့အထိ လူထုအရေးတော်ပုံ ကြီးမားခဲ့ပါတယ်။

၁၉၈၈ မှာ လူမျိုးစုဒေသတွေမှာ တောခိုပြီး လက်နက်ကိုင် ပုန်ကန်ကြတဲ့ ကျောင်းသားတွေ ရှိခဲ့ပေမယ့် ရန်ကုန်အစိုးရကို ခြိမ်းခြောက်နိုင်လောက်တဲ့ အထိ စစ်ရေးသက်ရောက်မှု မကြီးမားခဲ့ပါ။ သို့ပေမယ့် လူထုအုံကြွမှုဟာ နေဝင်းအစိုးရ ကို ဖြုတ်ချနိုင်လောက်တဲ့အထိ အင်အားကြီးမားခဲ့ပါတယ်။ သို့သော်…. ဒီမိုကရေစီအရေးတော်ပုံဟာ လမ်းခုလပ်မှာပဲ ပြတ်ကျန်နေခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး စစ်အစိုးရသစ် တစ်ခု ပြန်တက်လာပါတယ်။ ၁၉၈၈ ခုနှစ် လူထုတော်လှန်ရေးဟာ နှစ်အနည်းငယ်အကြာမှာ ဖိနှိပ်မှုတွေအကြား ပြန်လည် သိမ်ငယ်ခဲ့ရပါတယ်။

▄ ဗိုလ်ချုပ်မှူးကြီးရဲ့ ပထဝီနိုင်ငံရေးအမြော်အမြင်

သမိုင်းကို သင်ခန်းစာယူနိုင်တဲ့ စစ်အစိုးရရဲ့ ရန်ကုန်မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခြင်း အစီအစဉ်ဟာ တပ်မတော် အပေါ် ဘယ်လောက်သက်ရောက်မှု အားကြီးပါသလဲ။

အထူးသဖြင့် ယခုဖြစ်ပေါ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ စစ်တပ်ကို ယခင်ဖြစ်ရပ်တွေနဲ့ မတူ၊ အကျဉ်းအကျပ်ရောက်အောင် တွန်းပို့နိုင်ခဲ့ပါတယ်။ လူထုအားဖြင့်သော်လည်းကောင်း၊ နိုင်ငံတကာအားဖြင့် သော်လည်းကောင်း၊ စီးပွားရေးအားဖြင့်သော်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်မှုအားဖြင့်သော်လည်း ကောင်း…. စစ်ကောင်စီကို ဖိအားပေးနိုင်ခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံတကာလူထုဟာ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေး ရဲ့ လူထုဖိအားပြင်းပြမှုကို သိနားလည်နေပါတယ်။

ယခင်လူထုတော်လှန်ရေးတွေနဲ့ မတူတဲ့ ညီညွတ်မှုကို တွေ့ရသလို၊ စစ်တပ်ယန္တရားကို ချိနဲ့အောင် ထိုးနှက်နိုင်ခဲ့တဲ့ လုပ်ရပ်တွေကိုလည်း လူထုဟာ လုပ်နိုင်ခဲ့ပါတယ်။ ပြည်မက ဗမာအင်အားစု လူထုနဲ့ တောင်တန်းက လူမျိုးစုလူထု လက်နက်ကိုင်အင်အားစုတွေ တဖြည်းဖြည်း အစေးကပ်လာပြီး လက်နက်ကိုင်လမ်းစဉ်ကိုပါ ပူးတွဲလျှောက်လှမ်း နေတာတွေ့နေရပါတယ်။ ဒီလို ဘက်ပေါင်းစုံက ဝိုင်းဝန်းညှပ်ပိတ်ထားနိုင်ပေမယ့်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ပြုတ်မကျသွားသေးပါ။

▄ စစ်ကောင်စီ ဘာ့ကြောင့် ပြုတ်မကျသေးသလဲ….

ယခု အာဏာသိမ်းကာလ (၆) လထဲ ရောက်လာပါပြီ။ (၆) လဆိုတာ၊ နှစ်တစ်နှစ်ရဲ့ တစ်ဝက်ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလရောက်နေတာတောင် စစ်ကောင်စီဟာ နိုင်ငံတကာမှာ တရားဝင်မှု မရသလို၊ အစိုးရယန္တရားကိုလည်း လည်ပတ်နိုင်ခြင်း မရှိသေးပါ။ လူထုဆန္ဒပြပွဲတွေဟာ ပြည်မက မြို့ကြီးတွေမှာ နေ့စဉ်ရက်ဆက် တည်ရှိနေဆဲဖြစ်ပါတယ်။ ယခင်ကနဲ့ မတူ၊ တောတွင်းရှေ့တန်း စစ်မြေပြင်မှာ လည်း တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ မြို့ပြတွေမှာလည်း ပုန်ကန်မှုတွေ၊ အာခံမှုတွေ၊ ဖီဆန်မှုတွေနဲ့ တွန်းလှန် တန်ပြန်နေဆဲဖြစ်ပါတယ်။ ပြည်မက မြို့ငယ်၊ ရွာနဲ့ ကျေးလက်တွေမှာလည်း ရရာလက်နက် ဆွဲကိုင်ပြီး လက်နက်ကိုင် ပုန်ကန်မှုတွေ လုပ်နေတာပါပဲ။

ယခု မြင်တွေ့နေရတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အင်အားစုဟာ ၁၉၈၈ လူထုအုံကြွမှုထက်တောင် စစ်တပ်ကို ဖိအားတွေပေးနိုင်၊ အကျပ်အတည်းတွေ ကျရောက်စေပါတယ်။ သို့သော်လည်း ၁၉၈၈ မှာ နေဝင်း အစိုးရကို ဖြုတ်ချနိုင်ပေမယ့်၊ ယခု ၂၀၂၁ မှာ စစ်ကောင်စီကို မဖြုတ်ချနိုင်သေးပါ။ ဘာ့ကြောင့်ဖြစ်နိုင်ပါသလဲ။ အကြောင်းတရား မြောက်မြားစွာ ရှိပါလိမ့်အုံးမယ်။ ဒီအကြောင်းတရားတွေထဲက အဓိက အကြောင်းအချက်ဟာ ပြည်တွင်းပထဝီနိုင်ငံရေး အပြောင်းအလဲကိစ္စဖြစ်ပါတယ်။

▄ အကယ်၍သာ ရန်ကုန်ဆိုလျှင်

စစ်ကောင်စီဟာ ယခင်ကလို အစိုးရရုံးစိုက်ရာဒေသ ရန်ကုန်မြို့မှာ အစိုးရရုံးတွေကို ထိန်းချုပ်နေတဲ့ အခြေအနေဖြစ်နေခဲ့ရင်၊ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ရိုက်ချက်နဲ့ စစ်ကောင်စီဟာ မကြာချက်ချင်း ပြုတ်ကျနေပြီးဖြစ်ပါလိမ့်မယ်။ တခြား မြို့တွေ၊ ရွာတွေရဲ့ ပုန်ကန်မှုကို အသာထား။ ရန်ကုန်မြို့ တစ်မြို့ထဲကပဲ လူထုအုံကြွမှုနဲ့ လက်နက်ကိုင် အာခံမှုတွေ ကို စစ်ကောင်စီဟာ တောင့်ခံနိုင်စွမ်း ရှိလိမ့်မယ် မထင်ပါ။ သို့သော် ယခု အဲသည်လို အခြေအနေ မဟုတ်။ အစိုးရ ရုံးစိုက်ရာ နေရာဟာ ရန်ကုန် မဟုတ်တော့၊ နေပြည်တော်ဖြစ်နေပါပြီ။ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမြင်အယူအဆနဲ့ တည်ဆောက်ထားခဲ့တဲ့ နေပြည်တော် ပျဉ်းမနားမြို့မှာ ဖြစ်ပါတယ်။

▄ အအောင် / အကျ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမြော်အမြင်ဟာ မြန်မာစစ်တပ်အတွက် ဘယ်လောက်ထိ အကျိုးပြုပါသလဲ။

အကယ်၍သာ ရန်ကုန်ဟာ မြို့တော်အဖြစ် ဆက်ရှိနေခဲ့ပြီး၊ အုပ်ချုပ်ရေးမြို့တော်၊ စစ်ရုံးအခြေစိုက်ရာမြို့တော် ဖြစ်နေခဲ့သေးရင်၊ ယခု ဖြစ်ပေါ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ သပိတ်စုံ ၊ သူပုန်ထ လမ်းစဉ်ဟာ ခရီးအတော်ရောက်ပြီး၊ စစ်ကောင်စီ ပြုတ်ကျရေးကို မကြာချက်ချင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ ပထဝီနိုင်ငံရေးအမြင် ထက်သန်မှုဟာ ဒီမိုရေစီနိုင်ငံရေးဖြစ်စဉ်အပေါ် ဘယ်လောက်အထိ ကြီးကြီးမားမား သက်ရောက်နိုင်သလဲဆိုတာ နားလည်နိုင်ပါတယ်။ ထိုနည်းလည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်တပ်အပေါ် စီမံထားရှိမှုဟာ မြန်မာလူထုရဲ့ အာဏာရှင်ဖီဆန်တော်လှန်ရေးကို ဘယ်လောက်အထိ အကန့်အသတ်တွေ ဖြစ်စေခဲ့သလဲဆိုတာ စဉ်းစားချင့်ချိန်နိုင်ပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေးရေချိန်နဲ့ စုဖွဲ့မှု၊ စည်းလုံးမှုနဲ့ မဟာဗျူဟာ ကြွယ်ဝမှုတွေဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စီမံခဲ့မှုတွေအောက်မှာ၊ ပြန်လည် စာမေးပွဲ စစ်ခံနေရပါလိမ့် အုံးမယ်။ အမြော်အမြင်နဲ့ အစီအမံကောင်းမွန်မှုဟာ နွေဦးတော်လှန်ရေးရဲ့ အအောင်၊ အကျကို သတ်မှတ်ပြဌာန်း ပေးလိမ့်မယ်လို့ ယူဆပါတယ်။

 

မင်းသေ့

၁၄၊ ဇူလိုင်၊ ၂၀၂၁။

#Federal Journal