• Today is: Wednesday, September 22, 2021

အစိုးရသူပုန်

Federal Journal
September01/ 2021

ကောင်းကင်ကို ငေးကြည့်တတ်ရင်
မြေပြင်ကို ချစ်တတ်ရတယ်
အမှန်တရားနဲ့ တူသော ရှင်ခြင်းဖြင့် အသက်ကို သရဏဂုံတင်ထားမယ်
ခံယူချက် ယုံကြည်ချက်
အသိ ဝမ်းစာ ပါတ်ဝန်းကျင်ဟာ
မြင့်မြတ်တဲ့ သူပုန်တစ်ယောက်ဖြစ်ဖို့ အခြေခံပဲ
အဲဒီလို ဝင့်ဝင့်ကြွားကြွား သူပုန်တွေ ခေတ်တိုင်း စနစ်တိုင်းမှာ
မွေးဖွားခဲ့တာ
သူပုန်ဖြစ်ဖို့ လုံလောက်တဲ့ အကြောင်းတရားပဲ
အမှန်တရားဟာ စကားသိပ်များတယ်
လမ်းကြိတ်စက်အောက်က အလှတရားများအတွက်
အလံကို သေးသေးတင်နဲ့ လွှင့်ထားရတယ်။
သရဲမကြောက် ငရဲမကြောက် သံသရာမကြောက်သူများ
စကြာဝဠာ အဖွဲ့အစည်းအတွင်း ရွှေထီးဆောင်းနေ
အမှန်တရား ကျရှုံးခဲ့ပြီလား
အလံတော်ကို တစ်ဝက်တိတိချထားပြီး
မှိုတက်နေတဲ့ နိုင်ငံတော်ကို အလေးမပြုနိုင်။
အဝေးဆုံးမှာ အလင်းပွင့် ဖွဲ့သီတဲ့ ကြယ်တွေအတွက်
မှောင်နေတဲ့ ညကို ပွေ့ဖက်
မိသားစုတာဝန်ကိုတောင်
ကောင်းစွာ မထောက်ပံ့နိုင်တဲ့ လူ့အဖြစ်ကနေ
နိုင်ငံတော် ကြီးကို ပုခုံးပေါ် ထမ်းတင် ရွှေ့
အဲဒီလို နိုင်ငံတော်ကြီးထဲ
မြေနိမ့်ရာ စိုက်တဲ့ လှံတံတွေနဲ့
ခေါင်းမော့ ရင်ကော့ တောကြောင်တွေနဲ့
အလံတော်ဟာ
အဲဒီလိုဆေးမင်တွေနဲ့မို့
မှိုတက်နေတဲ့ နိုင်ငံတော်ကို အလေးမပြုနိုင်။
အလင်းထဲက အရိပ်တွေအကြောင်း
အမှောင်ထဲက အတိတ်တွေအကြောင်း
လက်ဖျံရိုးကို မတော်တဆ တောက်ထုတ်မိတိုင်း
မကြောက်စိတ်ဟာ တဖြည်းဖြည်း ယင်းထသလို နိုးကြွ ခိုးထလာ
အဲဒီနေ့တွေမှာ သမိုင်းကို လုံခြုံစွာ သိမ်းထုပ်ထားရ
အသက်ဓာတ်ကို လောကပါလတရားနဲ့ လက်မှတ်ထိုးထားရ
ပြောရမယ့်စကားတွေ ကွယ်လွန်သွားကြမယ့်အထိ
မျိုးချစ်စိတ်ကို အန်ထုတ်ထားရတယ်။

ငယ်ငယ်ကတော့ လေးခွရှိရင် သူပုန်ထလို့ရတယ်
အခုချိန်မှာတော့ ဖုန်းတစ်လုံးရှိရင် သူပုန်ထလို့ရတယ်
အရွေ့မှာ မပေါ့မပါး ဟာသတွေ
ကမ်းစပ်က ရေလှိုင်းတွေ အိမ်ပြန်ရောက်သွားကြ
အတိတ်တစ်ချို့နဲ့
စွဲမြဲခဲ့ရသော မအောင်မြင်ခြင်း သစ်သီးဝလံများ…။
စိတ်ကောင်းဝင်တဲ့နေ့ မျက်နှာသစ်မယ်
ဆံပင်တွေရှည်ပါစေ
စီးကရက်ကို ဖြစ်သလို မီးညှိ ဖွာရှိုက်
ဘုရားမသွားဘူး
အကုသိုလ် မလုပ်ဘူး
နေသလိုဖြစ်နေမှတော့ ဖြစ်သလို မနေတော့ဘူး
အိပ်မက်ထဲမှာ မွှေးသောပန်းများ အဆုပ်လိုက် အခိုင်လိုက်
ပွင့် ဝေ မွှေး
ရွှေခေတ်ကြီးထဲ ရွှေရည်စိမ် သူတော်ကောင်းစကားတွေ
မနာကြားလို။
မိုးခါးရေလိုက်မသောက်ဘူး
အသက်တွေကြီးလာ နှစ်တွေအိုမင်းလာ
နေစရာအိမ်မရှိလည်း
နောင်တတွေမရှိ
ဘယ်သူမှမသိတဲ့ မြင့်မြတ်ခြင်းတွေကို အဖော်ပြုလို့။
တစ်ရွာလုံးနဲ့ တစ်ယောက်ဆိုပေမယ့်
ကိုယ့်အသိနဲ့ကိုယ် ရွေးလျှောက်တဲ့လမ်း
အပြစ်အနာဆာမြင်ရင် မပြောရမနေနိုင်သူ့စိတ်မှာ
အမှန်တရားက မွေးရာပါ
မဟုတ်တာလုပ်နေတဲ့ သူတွေဟာ သူပုန်လား
မဟုတ်မခံတဲ့လူဟာ သူပုန်လား
မနက်ဖြန်တွေအတွက်
အသက်ဓာတ်ကို ထုံးတို့ထားတယ်
အသက်ကို ကြက်ခြေခတ်ထားတယ်
မပျော်ရွှင်တဲ့ အဂတိလမ်းဆီ မလျှောက်ဘူး
ယုံကြည်ချက်ဟာထမင်းအိုးကိုရိုက်ခွဲမလား
ခံယူချက်ဟာ အနာဂါတ်ကို ပိတ်ဆို့မလား
လူလူချင်းပဲ အရပ်ရှစ်မျက်နှာ စီးဆင်းရဲသူပါ
ကွက်လပ်ကို ကိုယ်စောင့်နတ်ဖြည့်ပါလိမ့်မယ်
အဲဒီလိုပဲ
ယုံယုံကြည်ကြည် ရဲရင့်ခဲ့သူ
အစိုးရသူပုန်တွေ
May God bless you always!

ဟာရှိန်း

Federal Journal