• Today is: Monday, January 18, 2021

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်

Federal Journal
October22/ 2018

ကရင်တိုင်းရင်းသာတို့၏ အမျိုးသားရေး၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ၁၈၈၁-ခုနှစ်တွင် ကရင်တို့၏ အဦးဆုံးသောအမျိုးသားရေးအသင်းဖြစ်သည့် “ဒေါကလု”အသင်းကြီးကို စတင်တည်ထောင် ခဲ့ကြသည်။ (Karen National Association-KNA)ဟု အင်္ဂလိပ်ဘာသာအားဖြင့် ခေါ်ဆိုသည်။ ထိုအသင်း ကြီးသည် မြန်မာနိုင်ငံတွင်းသို့ ဂျပန်များဝင်ရောက်လာသည့် ၁၉၄၂-ခုနှစ်ဝန်းကျင်အထိ တရားဝင်လှုပ်ရှား ခဲ့ပြီး ဂျပန်များဝင်ရောက်လာချိန်၌ ၄င်းတို့၏အရှိန်အဝါမှေးမှိန်လာခဲ့သည်။

“ဒေါကလု”အသင်းကြီးပြီးနောက် သစ္စာရှိကရင် များအသင်း(The Loyal Karen National Associa-tion LKNA) မြန်မာနိုင်ငံကရင်အမျိုးသားအသင်း(Burma Karen National Association-BKNA) ကရင်ဗဟိုအ ကြံပေးအဖွဲ့ (Karen Central Advisory Board-KCAB) ကရင်ဗဟိုအဖွဲ့(Karen Central Organiza-tion KCO) ကရင်လူငယ်အဖွဲ့ (Karen Youth Orga-nization-KYO) စသည်ဖြင့် ကရင်အမျိုးသားရေးအတွက် အသင်းအဖွဲ့များ အလျှိုလျှိုဖွဲ့စည်းပေါ်ပေါက်ခဲ့ကြသည်။ နောက်ဆုံးတွင် ထိုအဖွဲ့များအားလုံပူးပေါင်းပြီး ယနေ့သိမိုင်းစာမျက်နှာထက် ကြံ့ကြံ့ခံရပ်တည်နေခဲံသော ကရင်အမျိုးသားအစည်းအရုံး (Karen National Union-KNU) ကို ၁၉၄၇-ခုနှစ် နှစ်ဦးပိုင်း၌ ဖွဲ့စည်းထူထောင်ခဲ့ကြသည်။

KNU ကရင်အမျိုးသားအစည်းအရုံးကို အင်္ဂလိပ်အစိုးရနှင့် ဖဆပလအဖွဲ့ချုပ်တို့က အသိအမှတ်ပြုခဲ့ ကြသည်။ သို့သော်လွတ်လပ်ရေးရရှိပြီးနောက် တစ်နိုင်ငံလုံး ရောင်စုံသူပုန်ထကြသောအခါ ဝန်ကြီးချုပ်ဦးနု က (၃၀-၁-၁၉၄၉)ခုနှစ်တွင်  KNU ကို ဥ့ဒေပုဒ်မ-၁၇ အရ မတရားအသင်းထုန်ပြန်ကြေညာခဲ့ခြင်းဖြင့် KNU သည် (၃၀-၁-၁၉၄၉)ရက်နေ့တွင် မလွှဲမရှောင်သာသော သမိုင်းဝင်တော်လှန်ရေး စတင်ခဲ့ရပါသည်။

ကရင်အမျိုးသားရေးလှုပ်ရှားမှုသမိုင်းအကျဉ်းကို ပြန်လည်အစဖော်တင်ပြရခြင်းမှာ တိုင်းရင်းသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးထောင်းဆိုချက်များကို ပေါ်လွင်စေလို၍ဖြစ်ပါသည်။ ၁၉၄၇-ခု၊ ဇန်နဝါရီလမှ KNU လက်မှတ်ရေးထိုးသည့် (၁၅-၁၀-၂၀၁၆)ရက်နေ့ထိ (၆၈)နှစ်၊ (၈)လနှင့်(၁၄)ရက်ခန့်မျှ မရေရာသည့် သံသယကမ္ဘာထဲတွင် KNU သည် ဝေဝါးစွာရုန်းကန်လျှောက်လှမ်းခဲ့ရသည်။

.ယခု KNU လက်မှတ်ရေးထိုးပြီးနောက် မတရားအသင်းမှဖြေလွှတ်ပေးလိုက်သော်လည်း (၃)နှစ်နီး ပါးကြလာသည်အထိ ကန့်သတ်တားဆီးပိတ်ပင်မှုများနှင့်ကြုံတွေ့နေရဆဲဖြစ်ပါသည်။ အတိတ်ကိုပြန်ပြောင်း နှိုင်းယှဉ်တင်ပြရလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကရင်တို့၏ခေါင်းဆောင်စောဘဦးကြီးတို့သည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် အတူလက်တွဲဆင်နွှဲခဲ့ကြသည်။ ကရင်-ဗမာအဓိကရုဏ်းများကို အတူဝိုင်းဝန်းဖြေရှင်းခဲ့ကြပြီး ကရင်-ဗမာချစ်ကြည်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဆိုရပါလျှင် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေရင်းချားသာဖြစ်ပါသည်။

သို့ရာတွင် ထိုခေါင်းဆောင်နှစ်ဦးနှင့်ပတ်သက်၍ အမြင်အမျိုးမျိုးရှိကြသည်။ အင်္ဂလိပ်အစိုးရအဖို့ ဗိုလ်ချုပ်အောင်ဆန်းသည် ဆူးငြောင့်ခလုတ်အတားအဆီးဟု ခံယူသော်လည်း ဖဆပလအဖို့ ဗိုလ်ချုပ်အောင်ဆန်းသည် သူရဲကောင်းဖြစ်နေမည်ဖြစ်ပါသည်။ ထို့အတူ ကရင်ခေါင်းဆောင် စောဘဦးကြီး အပေါ် ဦးနု၏ ဖဆပလအစိုးရက သောင်းကျန်းသူအဖျက်သမား၊ သစ္စာဖောက်ဟု ကင်ပွန်းတပ်မည်ဖြစ် သော်လည်း ကရင်ပြည်သူလူထုကမူ ဦးစောဘဦးကြီးသည် ကရင်တို့၏ သူရဲကောင်း၊ ကရင့်အခွင့်အရေး အတွက် ခုခံစစ်ဖြင့်တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေးသမားဟု သတ်မှတ်ကြမည်ဖြစ်ပါသည်။

ထိုသို့ဖြင့် ခေါင်းဆောင်နှစ်ဦး၏ဘဝကို ရှုမြင်ကြပုံချင်းကွာခြားလှပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ လွတ်လပ်ရေး၏ ဖခင်၊ နိုင်ငံ့အာဇာနည်အဖြစ် သတ်မှတ် မှတ်ကျောက်တင်ခံခဲ့ရသော်လည်း စောဘဦးကြီး မူကား သောင်းကျန်းသူအဖျက်သမား၊ သူပုန်သူကန်အဖြစ်သာယူဆခဲ့ကြသည်။ ဤအခြေအနေအပေါ်၌ ကရင်တိုင်းရင်းသားများမှာ လွန်စွာစိတ်မကောင်းစိတ်ပျက်ဝမ်းနည်းခဲ့ရပါသည်။ မတရားအသင်းအဖြစ် သတ်မှတ်ခံရသည့် ကာလတစ်လျှောက်လုံး စောဘဦးကြီး ကျဆုံးခဲ့သည့် သြဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် ကရင်လက်နက်ကိုင်အဖွဲ့အဖွဲ့အစည်းများက အောက်မေ့ဘွယ်အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ကြသောလည်း ပြည်တွင်းရှိ ကရင်များမှာ မတရားအသင်းမှ ပယ်ဖျက်လိုက်သည့်တိုင် အောင် စောဘဦးကြီးကျဆုံးခဲ့သည့် သြဂုတ်လ(၁၂)ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် အခမ်းအနား ကျင်းပရန် မဝံ့မရဲဖြစ်နေကြဆဲဖြစ်ပါသည်။ ကျင်းပလျှင်လည်း ပုန်းလျှိုးကွယ်လျှိုးသာဖြစ်သည်။ ကြီးမားစွာ သော ခြားနားမှုများပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်နေ့ကိုတခမ်းတနားကျင်းပနေချိန်တွင် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သည့် ကရင်တို့၏ခေါင်းဆောင် ကရင်အာဇာနည်နေ့အဖြစ် မကျင်းပဝံ့ရသနည်း။ ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်တို့၏ သလျှိုဒလံ၊ အသားထဲကလောက်ထွက်သည့် ဦးစော၏ လုပ်ကြံမှုဖြင့် ကျဆုံးခဲ့ရသကဲ့သို့ စောဘဦးကြီးသည်လည်း ကရင်အမျိုးသားစောမောင်အဲ၏ သတင်းပေးဇာတ်တူသားစားခြင်းဖြင့် ကျဆုံးခဲ့ရသည်ပဲမဟုတ်ပါလား။ ဤသို့နှိုင်းယှဉ်တင်ပြခြင်းအပေါ် အပြစ်မမြင်စေလိုပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်ရပ်မှန်ကိုမြင်စေလို၍ သာဖြစ်ပါသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ ကရင်နှစ်သစ်ကူးကွင်းတွင် စောဘဦးကြီး၏ ကိုယ်အပေါ်ပိုင်း ပုံတူရုပ်တုကို စိုက်ထူရန်စီစဉ်ကြသောအခါ၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တားမြစ်ထားကြောင်း၊ စောဘဦးကြီး၏ ရုပ်တုကိုစိုက်ထူလိုပါက ကရင်လက်နက်ကိုင်တပ်များထိန်းချုပ်ရာ နယ်မြေတွင်စိုက်ထူရန်ဖြစ်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကိုယ်စား စစ်ဦးစီးမှူးထံအကြောင်းကြားခဲ့ကြောင်း လွန်ခဲ့သည့်လအနည်းငယ်က ဖေစ်ဘွတ်တွင်တင်ထားသည်ကို ဖတ်ရှုခဲ့ရပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်တို့ မည်သို့ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်ကို မသိရပါ။ ဘုရားသုံးဆူတွင် စောဘဦးကြီး၏ ကိုယ်တစ်ပိုင်းရုပ်တု စိုက်ထူခွင့်မရရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

နှိုင်းယှဉ်သုံးသပ်ရမည်ဆိုပါက တစ်နိုင်ငံလုံး၌ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုဘယ်နှစ်ခုစိုက်ထူထား သည်ကို မပြောနှင့်ဦး၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ဥယျာဉ်၊ ဗိုလ်ချုပ်ကစားကွင်း၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်စာ ကြည့်တိုက်၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်တံတားစသည်ဖြင့် ရေတွက်၍ မကုန်နိုင်ရှိနေသည်။ ဤအခြေအနေတွင် သံလွင်တံတား(ချေင်းဆုံ)အမည်ဖြင့် မော်လမြိုင်နှင့်ဘီလူးကျွန်းကိုဆက်သွယ်မည့် တံတားကြီး၏ အမည်ကိုပေးထားကာ လုပ်ငန်းဆောင်ရွက်ခဲ့ရာမှ လုပ်ငန်းပြီးစီးသောအခါ စီးမံကိန်းအရ မှတ်ချက်ထားသည့်အမည်နှင့်မဟုတ်ဘဲ “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်မှည့်လိုကြောင်း NLD ပါတီဝင်တစ်ဦး၏ တင်ပြချက်အပေါ် မွန်တိုင်းရင်းသားများ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်လူမျိုးအဖွဲ့အစည်း များက အပြင်အထန်ကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်၏ အတည်ပြုချက်ဖြင့် နောက်ဆုံး၌ တံတားကြီးဖွင့်သောအခါ “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟူသောအမည်ဖြင့် လမ်းတံတား၊ ဈေး၊ ပန်းခြံအမျိုးစုံးမှည့်ခဲ့ပြီးဖြစ်သ်ာလည်း မွန်ပြည်နယ်ရှိ ဤတံတားကို မွန်တိုင်းရင်းသားများက သူတို့အတွက် အမှတ်တရဖြစ်သော အမည်တစ်ခုခုပေးချင်ပါလိမ့်မည်။ မဟုတ်လျှင်သော်မှ မူလအတိုင်း သံလွင်တံတား (ချေင်းဆုံ)ဟုပင် ခေါ်တွငစေချင်ကြောင်းလေ့လာကြားသိရပါသည်။ တိုင်းရင်းသားတို့၏ ဤလိုလားချက်ကို နိုင်ငံတော်အတိုင်ပင်ခံက အဘယ်ကြောင့် မလိုက်လျောနိုင်ရသနည်း။ မလိုက်လျောချင်ချင်ရသနည်း။ “မင်းတို့ မွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒအတိုင်းပဲဖြစ်ပါစေကွာ”ဟု တစ်ခွန်းဟလိုက်ရုံနှင့် ပွဲပြီးနိုင်ပါလျက် ဒီမိုကရေစီအနိုင်ကျင့်နည်း၊ ဒီမိုကရေစီဗိုလ်ကျနည်း (Tyranny of Democracy) ဖြင့် လွှတ်တော်မှတစ် ဆင့် အဆုံးအဖြတ်ပေးစေခြင်းမှာ တရားနည်းလမ်းကျပါ၏လော . . .။ တိုင်းရင်းသားတို့၏ မျက်နှာကို မထောက်ထား၊ မညှာတာချင်တော့သလော . . .ဟူသည့် မေးခွန်းက ထွက်ပေါ်လာပါသည်။ တံတားအမည်ကို “ရာမညတံတား”ဟုခေါ်ဆိုပါလျှင် မည်သို့သောထိခိုက်နစ်နာမှုများရှိနိုင်ပါသနည်း။ ပြည်တွင်းတွင် ကရင်တို့၏ခေါင်းဆောင် စောဘဦးကြီးရုပ်တု တစ်ခုကို စိုက်ထူခြင်းအားဖြင့် စိတ်ဓါတ် ရေးရာအရ အဘယ်မျှထိခိုက်နစ်နာနိုင်သနည်း။ တစ်ဖက်တွင် တိုင်းရင်းသားတို့၏ ဆန္ဒအနည်းငယ်မျှ ကလေးကို မလိုက်လျောသင့်ပါသလော . . . ငွေစက္ကူများပေါ်တွင် ခြင်္သေ့ပုံ၊ ဆင်ပုံတို့အစား ဗိုလ်ချုပ်ပုံဖြင့် ပြန်လည်ပုံနှိပ်မည်ကြားရသောအခါ တိုင်းရင်းသားတစ်ဦးတစ်ယောက်မျှ ကန့်ကွက်သံမကြားရ။ လှိုက်လှဲပျူ ငှာစွာ ကြိုဆိုကြလျက်သာဖြစ်သည်။

(၂၉-၄-၂၀၁၈) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကိုကိုးကျေးရွာရှိ KNU, KNLA(PC) ဌာနချုပ်၌ ကရင်ပြည်သူလူထုတွေ့ဆုံပွဲ (Public Consultation) တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲ(၄း၀၀)နာရီတွင် စောဘဦးကြီး၏ အုတ်ဂူရှိရာ ရွာအရှေ့ဘက်သို့ လေ့လာရေး ခရီးသွားရောက်ခဲ့ပါ သည်။ စင်စစ် စောဘဦးကြီး၏ ရုပ်အလောင်းသည် ထို့ကိုကိုးရွာတွင် မကျန်ခဲ့ပါ။ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ(၁၂)ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်ခြင်းခံရပြီးနောက် စောဘဦးကြီး၏ အလောင်းအား မော်လမြိုင်သို့ သယ်ဆောင်သွားပြီး၊ ၄င်းမှတစ်ဆင့် ကျိုကမီပင်လယ်ပြင်တွင် ပစ်ချနှစ်မြှုပ်ခဲ့ကြောင်း အားလုံးသိကြပြီးဖြစ်ပါသည်။

ယခုအုတ်ဂူထားရှိသောနေရာမှာ စောဘဦးကြီးသွေးမြေကျပေးကျန်ခဲ့သော နေရာသာဖြစ်ပါသည်။ သူ၏ အရိုး၊ အရိုးအိုးတို့ကို ထည့်သွင်းသင်္ဂြိုလ်ထားခြင်းမရှိပါ။

“ကျွန်တော်တို့ပြန်ဝင်လာတော့ ဒနေရာမှာ ကျောက်ခဲတုံးပုံအပုံတွေ့ရတယ်။ ကရင်တွေဟာ သူတို့ခေါင်းဆောင်ကျဆုံးလို့ သွေးမြေကျတဲ့နေရာမှာ ကျောက်တုံးလေးပုံထားပြီး အမှတ်အသားပြုလုပ်ထားတာတွေ့ရတော့ ကျွန်တော်တို့က အခုလိုအုတ်ဂူလုပ်လိုက်ပါတယ်”ဟု KNLA(PC)၏ စစ်ဦးစီးမှူးကြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က မိမိတို့ကိုရှင်းပြပါသည်။

“ဥက္ကဋ္ဌကြီးနဲ့အတူပါတဲ့ ဗိုလ်ချုပ်စောစိုင်းခေကတော့ ချက်ချင်းမသေတဲ့အတွက် ကွင်းပြင်ကို ဖြတ်ပြေးပြီး တစ်ဖက်တောစပ်မှာ သွေးမြေကျဆုံးခဲ့ပါတယ်။ အဲဒီသွေးမြေကျတဲ့နေရာမှာ ကရင်တွေက ကျောက်ခဲတွေပုံထားတာ အခုထိရှိသေးတယ်။ သွားကြည့်ချင်ရင် သွားကြည့်နိုင်တယ်။ အုတ်ဂူကတော့ ဥက္ကဋ္ဌကြီးနားမှာပဲ တည်ထားတယ်”ဟု စောကျော်ညွန့်က အကျယ်တဝင့်ရှင်းပြပါသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ပြန်ဝင်လာပြီးနောက် ၂၀၁၀-ခုနှစ်တွင် နယ်ခြား စောင့်တပ်အဖြစ်အသွင်ပြောင်းရန် ဗိုလ်ချုပ်ကြီးထိန်မောင်(ဌေးမောင်)ကို ပြောသောအခါ ဗိုလ်ချုပ်ကြီးထိန်မောင်က “ကျွန်တော်တို့ပြန်လာတာ အေးအေးချမ်းချမ်းနေချင်လို့ပြန်လာတာ၊ ငြိမ်းချမ်းချင်လို့လာတာ၊ ရဲလုပ်ဖို့၊ နယ်ခြားစောင့်တပ်လုပ်ဖို့မဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပဲ အေးအေးဆေးဆေးပဲနေမယ်။ ဘယ်သူ့ကိုမှ အနှောက်အယှက်ပေးမှာမဟုတ်ဘူး။ တစ်ခုတော့ရှိတယ်၊ ခင်ဗျားတို့က အနှောင့်အယှက်ပေးရင်တော့ ကျုပ်တို့ကလည်း ရှိတာနဲ့ ခုခံရမှာပဲ။ ဒီနေရာကနေ တစ်ဖဝါးမှ မခွာဘူး၊ လက်နက်လည်းမချဘူး”ဟု တုံ့ပြန်ပြောကြားခဲ့ပြီး ယခုချိန်ထိ စောဘဦးကြီးကျဆုံးခဲ့သည့် ဘူမိနယ်သန်ဖြစ်သော ထို့ကိုကိုးမြေတွင် ဆက်လက်နေထိုင်လျက် ယခုအခါ ဂျပန် JICA ဖောင်ဒေးရှင်းက လုံးချင်းအိမ်ယာအလုံးတစ်ရာကျော် ဆောက်လုပ်ပေးနေကြောင်း တွေ့ရှိရပါသည်။ ကရင်လက်နက်ကိုင်အဖွဲ့များကလည်း ကရင်အာဇာနည်နေ့အခမ်းအနားများ ပီပြင်စွာကျင်းပနိုင်ရေး၊ ကရင်အာဇာနည် ဗိမာန်ခန့်ညားထည်ဝါစွာတည်ဆောက်နိုင်ရေးကို ညှိနှိုင်းစီစဉ်နေကြောင်းသိရှိရပါသည်။

လတ်တလောအခြေအနေတွင် ကရင်ဒေသများ၌ ကရင်အမျိုးသားအဆင့် နိုင်ငံရေးအကြိုဆွေးနွေး ပွဲများကို တပ်မတော်ကကန့်ကွက်ဟန့်တားနေကြောင်း သိရှိရပါသည်။ ကရင်တို့သည် သမိုင်းကြောင်းအရ ကရင်ပြည်နယ်တစ်ခုတည်း၌သာ မဟုတ်။ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရကုန်တိုင်းစသည်တို့၌လည်း ကရင်လူထုအများအပြား ပြန့်ကျဲနေထိုင်ကြပါသည်။ ဒေသအသီး သီးရှိ ကရင်လူမျိုးတို့၏ ဆန္ဒသဘောထားကို သူတို့နေထိုင်ရာဒေသတွင် ရယူဆွေးနွေးနိုင်မှ၊ ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်နိုင်မှ အမှန်တရားပေါ်လာမည်ဖြစ်ပါသည်။ ဟိုနေရာမလုပ်ရ၊ သည်လူမပါရဆိုလျှင် လူထု၏ ဆဆန္ဒအမှန်ကို မည်သို့ရနိုင်အံ့နည်။ NCA လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိရာနေရာများ၌သာ ဆွေးနွေးပွဲပြုလုပ်သွားမည်ဟု စီစဉ်လာကြပြန်သည်။ ကယားပြည်ယန်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့အတွက် KNU ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီး)၌လည်းကောင်း၊ တနင်္သာရီတိုင်းအတွက် KNU တပ်မဟာ(၄)၌လည်းကောင်း၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းများအတွက် KNU တောင်ငူခရိုင်ဌာနချုပ်၌လည်းကောင်း ဆောင်ရွက်ရမည်ဟု သိရှိရပါသည်။ ဖြစ်မြောက်လာမည်လား မပြောနိုင်သေးပါ။ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကရော ဘယ်လဲ စိုးရိမ်ပူပန်မိပါသည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်နိုင်ငံရေးပါတီများ တစ်ပါတီတည်းအဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့် “ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ”၏ ပထမဆုံးသော နိုင်ငံရေးဦးတည်ချက် မှာ “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး” ဖြစ်သည့်အတိုင်း နိုင်ငံတော်အစိုးရနှင့်တပ်မတော်တို့ကလည်း တိုင်းရင်းသားတို့၏ ဆန္ဒအမှန်ကိုလက်ခံနိုင်ရေး အလေးအနက်ထား စဉ်းစားကြစေလိုပါသည်။

မန်းအောင်ပြည်စိုး