• Today is: Thursday, August 5, 2021

အမျိုးသားရေးစိတ်ဓါတ် vs ပြည်ထောင်စုစိတ်ဓါတ်

Federal Journal
January17/ 2019
Salai Kham Tin Thang

ကျွန်တော်တို့ တောင်ပေါ်နေတိုင်းရင်းသားတွေက ဗမာတိုင်းရင်းသားတွေအကြောင်းကို နားလည်သလောက် ဗမာတိုင်းရင်းသားဘက်က ကျန်တိုင်းရင်းသားတွေရဲ့ သမိုင်းနှင့်ယဉ်ကျေးမှုအပေါ် သိရှိနားလည်မှု တော်တော်လေး အားနည်းပါတယ်။ အကြောင်းကတော့ ကျောင်းစာသင်ရိုးတွေမှာ ဗမာသမိုင်းနှင့်ယဉ်ကျေးမှုကိုသာ အဓိကထား သင်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ မတူတဲ့ ကိုယ်ပိုင်သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုကိုယ်စီရှိတဲ့ လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်တဲ့အတွက် လူမျိုးတစ်မျိုးနှင့်တစ်မျိုးရဲ့ ခံယူချက်နှင့်တန်ဘိုးထားမှုတွေ ကွဲပြားမှုရှိတာ သဘာဝဘဲ ဖြစ်ပါတယ်။ ဒီလို မတူကွဲပြားမှုတွေ စုစည်းနေထိုင်တာကို အလှတရားတစ်ခုလို မမြင်ဘဲ များစွာထဲက လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကိုသာ သီးသန့် ရွေးထုတ်ပြီး ၄င်းယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအပေါ် အခြေခံတဲ့ နိုင်ငံတော်အဖြစ် အတင်း ပြောင်းလဲတည်ဆောက်လိုက်တဲ့အခါ မပြီှးှဆုံးနိုင်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်လာတာ အဆန်းမဟုတ်ပါ။ လွတ်လပ်ရေး ရပြီးခါစ မြန်မာပြည်ခေါင်းဆာင်များအနေနှင့် တောင်ပေါ်နေတိုင်းရင်းသားတွေရဲ့  ဗဟိုအုပ်ချုပ်ရေးစနစ်ကို မလိုလားတဲ့ သမိုင်းကြောင်းနှင့် ၄င်းစနစ်နှင့် သဟဇာတမရှိတဲ့ လူမှုဖွဲ့စည်းပုံတွေကို နားလည်သဘောပေါက်ခဲ့ရင် ယဉ်ကျေးမှုတစ်ခုကိုသာ အခြေခံတဲ့ တစ်ပြည်ထောင် စနစ်မျိုးကို စဉ်းစားချင်မှ စဉ်းစားပေလိမ့်မည်။

ကျွန်တော်တို့ သင်ရတဲ့ ကျေင်းစာမှာ ပြဌါန်းထားတဲ့ သင်ရိုးတွေရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက အမျိုးသားရေးစိတ်ဓတ် ရှင်သန်နိုး ကားစေဖို့ ဖြစ်ပါတယ်။ ဒီအမျိုးသားရေးစိတ်ဓတ်က ဗမာလူမျိုးတွေရဲ့ သမိုင်းကြောင်းနှင့်   အင်္ဂလိပ်ကိုလိုနီတွေကို တိုက်ထုတ်ရာမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသားရေး ဆောင်ပုဒ် (အမျိုး၊ဘာသာ၊သာသနာ) အပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးတာနှင့် ဒီအမျိုးသားရေးဆောင်ပုဒ်ကို တစ်ပြည်ထောင်စနစ်ထူထောင်ရာမှာ ပင်မပေါ်လစီပမာ လက်တွေ့ အကောင်အထည် ဖော်လာတာ ဖြစ်ပါတယ်။ အုပ်ချုပ်တဲ့ အစိုးရသာ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်။ ပေါ်လစီကတော့ ပြောင်းလဲမှု ကြီးကြီးမားမား မရှိသေးပါဘူး။ တစ်ခြားသော ပြည်ထောင်စုဝင်တိုင်းရင်းသားတွေထက် ယဉ်ကျေးမှုအရ ဗမာယဉ်ကျေးမှုက ပိုမြင့်မြတ်တယ်ဆိုတဲ့ လူမျိုးကြီးဝါဒကလည်း တိုင်းပြည်ခေါင်းဆောင်တွေဆီမှာ နက်နက်ရှိင်းရှိုင်း ကိန်းအောင်းခဲ့ဟန် ရှိသည်။ ကျောင်းမှာ သင်ရတဲ့ မြန်မာစာက ဗမာစာပေနှင့်ယဉ်ကျေးမှုကို အဓိကထား ပြဌါန်းထားတာ ဖြစ်ပြီး မြန်မာ့သမိုင်းကလည်း ဗမာသမိုင်းနဲ့ ထပ်တူကျသည့် ပုံစံမျိုး ပြဌါန်းထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပြည်ထောင်စုကိုလည်း အနော်ရထာမင်းမှ စပြီးဘုရင့်နောင်၊ အလောင်းမင်းတရားတို့မှ တစ်ဆက်ပြီးတစ်ဆက် တည်ထောင်ထားသည့် ပုံစံနှင့် သင်ကြားပေးထားတာ ဖြစ်ပါတယ်။ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ၄င်းဘုရင့်နိုင်ငံတော်များ၏ အဆက် စတုတ္ထမြန်မာနိုင်ငံတော်အဖြစ် ရှုမြင်အောင် သင်ကြားပေးထားတာ ဖြစ်ပါတယ်။ ရှေးဗမာဘုရင်မင်းလက်ထက်ကတည်းမှ တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် အတူတကွ နေထိုင်လာခဲ့သကဲ့သို့ သင်ကြားပေးထားတာ ဖြစ်ပါတယ်။ အမှန်မှာ ကျွန်တော်တို့ ပြည်ထောင်စုသမိုင်းက ပင်လုံစာချုပ်ကနေဘဲ စတင်လာတာဖြစ်ပြီး တိုင်းရင်းသားတွေ စုပေါင်းတည်ထောင်ထားတဲ့ ပြည်ထောင်စုနိုင်ငံဘဲ ဖြစ်ပါတယ်။

ကျောင်းစာမှာ သင်ရတဲ့ အမျိုးသားရေးစိတ်ဓတ်က အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက်သာ မဟုတ်ဘဲ လူမျိုးတစ်မျိုးရဲ့ အဓိကယဉ်ကျေးမှု လက္ခဏာတွေဖြစ်တဲ့ အမျိုး ဘာသာ သာသနာ ပျောက်ကွယ်သွားမှာ စိုးရိမ်ရတဲ့ အကြောင်းရင်းကလည်း အဓိက အချက်တစ်ခုနှင့် ပါဝင်နေပါတယ်။ ဒါ့အပြင် လူမျိုးခြား (အထူးသဖြင့် အမြတ်ကြီးစားတဲ့ အန္ဒိယလူမျိုး) များအပေါ် မုန်းတီးတဲ့ စိတ်ဓါတ်ကလည်း အမျိုးသားရေးစိတ်ဓါတ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ယနေ့ မြန်မာ့နိုင်ငံရေးကို အမြတ်ထုတ်ချင်တဲ့ သူတွေအတွက် အမျိုးသားရေးကို အကြာင်းပြနှိုးဆွပြီး  နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုကြသည်။ အမျိုးသားရေးစိတ်ဓတ်သည် အစွန်းရောက်လာလျှင် ကိုယ့်လူမျိုးအကျိုးစီးပွားကို ကာကွယ်ရုံသာ မဟုတ်တော့ဘဲ ကိုယ်နှင့်မတူသူကို ကိုယ့်ရန်သူဖြစ်အောင် မြင်စေတတ်သည်။

လွတ်လပ်ရေးအတွက် တူညီတဲ့ ဦးတည်ချက်ကလွဲပြီး တိုင်းရင်းသားတွေကြားမှာ အမျိုးသားရေးစိတ်ဓါတ် သွင်ပြင်လက္ခဏာချင်း တူညီခြင်း မရှိပါ။ ဒါကြောင့် ကိုလိုနီခေတ်က လူမျိုးတစ်မျိုးရဲ့ အမျိုးသားရေးစိတ်ဓါတ်က ယနေ့ လွတ်လပ်ရေးရပြီးဖြစ်တဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံရဲ့ သဘောတရားနှင့် လုံးဝကိုက်ညီမှု မရှိပါ။ တိုင်းရင်းသားလူမျိုးတိုင်းမှာ ကိုယ်ပိုင်သမိုင်းနှင့်ကိုယ်ပိုင်ယဉ်ကျေးမှုကို အခြေခံသည့် ကိုယ်ပိုင်အမျိုးသားရေး ကိုယ်စီရှိကြသည်။ လူမျိုးတစ်မျိုးရဲ့ အမျိုးသားရေး စိတ်ဓါတ်ကို တစ်ခြားသော လူမျိုးများ အပေါ် သွတ်သွင်းခြင်းမှာ လက်တွေ့မှာ မဖြစ်နိုင်သည့်အပြင်အပြင် မတူညီသည့် အမျိုးသားရေး တွေကို ထိပ်တိုက် ရန်တွေ့ပေးသလိုပင် ဖြစ်တော့သည်။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို မဖြစ်ပေါ်စေဘဲ ပဋိပက္ခဘက်ကိုသာ ဦးတည်သွားစေတာ ဖြစ်ပါတယ်။

ယနေ့ ကျောင်းခန်းတွေမှာ ပြုစုပျိုးထောင်သင့်တဲ့ စိတ်ဓါတ်က အမျိုးသားရေးစိတ်ဓါတ်မဟုတ်ဘဲ ပြည်ထောင်စုစိတ်ဓါတ်သာ ဖြစ်သင့်သည်။ မြန်မာပြည်ကြီးကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်သည့် စိတ်ဓါတ်ရှိလာအောင် သင်ခန်းစာမှအစ ပြောင်းလဲသင်ပေးသင့်သည်။ တိုင်းရင်းသား တစ်မျိုးနှင့်တစ်မျိုးအကြား နားလည်မှု ပိုရှိလာအောင် ကျန်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုနှင့်သမိုင်းကိုလည်း ထည့်သွင်းပြဌါန်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တကယ့်လက်တွေ့မှာ ပြည်ထောင်စုဝင် တိုင်းရင်းသားတွေကြား နိုင်ငံရေးအရ တန်းတူမှု ရှိဖို့ မဖြစ်မနေလိုအပ်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား အစိုးရရုံးတွေမှာ ပြည်ထောင်စုစိတ်ဓါတ်ရှိအောင် ပိုစတာတွေနှင့် တုက်တွန်းနှိုးဆော်မည့်အစား မြေပြင်မှာ လက်တွေ့အကောင်အထည်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ သို့မှသာ တိုင်းရင်းသားအားလုံးကြား ပြည်ထောင်စုစိတ်ဓတ် အမှန်တကယ် ပေါက်ဖွားရှင်သန်လာမှာ ဖြစ်ပါတယ်။

Salai Kham Tin Thang