• Today is: Thursday, January 21, 2021

အလဲင်း (Alen)

Federal Journal
December15/ 2018

ကြယ်ဟာ မှောင်နေတဲ့ညမှာပိုလင်းတယ်

ဆောင်းညဟာ ပိုရှည်တယ်

တောပန်းဟာ တောအုပ်ကြားမှာလည်း လှအောင်နေနိုင်တယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်

အချိန်စက်ဝန်းကြီးနေမကောင်းခဲ့စဉ်

မိုးသားများသည်း ဘဝတွေစုတ်ခဲ့ချိန်

မျှော်လင့်ခြင်းကောင်းကင်တိမ်ဖုံးတယ်

တိုင်းပြည်ကို အာဏာရှင်တွေသွေးစုပ်ကောင်းတုန်း

ဟားခါးဟာ ရေတွေခဲနေသလို တိုးတက်မှုလည်းအေးခဲနေခဲ့။

ဆန်းဖိုးလောက်ပဲရတဲ့နိုင်ငံ့လစာနဲ့

ဘဝမိုးပေါက်အိမ်လေးတွေကြားမှာ

]အလဲင်း}တို့မိသားစုလည်း သဲတစ်ပွင့်

အတက်ပဲရှိတဲ့ ကုန်ဈေးနှုန်းကြားမှာ

ပိုက်ဆံနည်းနည်းပဲရှိတဲ့လူတွေ နေထိုင်ခဲ့ကြတယ်။

တောင်ယာခုတ်ပြီးလည်း ဝမ်းမဝ

စီးပွားရေးလည်း လေမလာ၊ ရေမလာ

အလဲင်းရဲ့အဖေဟာ

စနစ်ပျက်မှာအစိုးရဝန်ထမ်းနဲ့

မိသားစုကိုပျော်အောင်ထားဖို့ ကြိုးစားနေရသူ။

လူတိုင်း အြွေကးနဲ့အသက်ဆက်ခဲ့ကြတဲ့အချိန်

ပညာရေးဆိုတာ အစိုးရကျောင်းက

နို့ရည်မဝခဲ့တဲ့ ကလေးလေး

ရွာတွေက ကျောင်းခေါ်ချိန်ဟာ

ဆရာ့တောင်ယာသွား မြက်နုတ်ပေးရတဲ့မှတ်တမ်းမှာ ရှိတယ်။

အလဲင်းဟာ စာကြိုးစားတဲ့ကျောင်းသူဖြစ်တယ်

အလဲင်းဟာ လိမ္မာတဲ့ ကလေးဖြစ်တယ်

ပြောရရင် အလဲင်းဟာ ကမ္ဘာကြီးအတွက် အသက်ရှင်သူဖြစ်တယ်

ကမ္ဘာကြီးကသာ သူ့ကိုအသိမှတ်မပြုခဲ့တာ။

လူတွေဟာ အသက်ရှူခပ်ကျပ်ကျပ်နဲ့မြို့ထဲပြေးလွှားနေကြတယ်

တောင်တန်းဟာ မြေပြန့်နဲ့လည်းမနီး ကောင်းကင်နဲ့လည်း မနီး

နူနာစွဲလို့ ကမ္ဘာ့အပြင် ထုတ်လိုက်တယ်တောင် ထင်နေရတဲ့ ကာလ။

ဒီလိုအရာရာ အထီးကျန်တဲ့ကာလမှာ

အလဲင်း ဆယ်တန်းကိုတော်သလောက် ရိုးရိုးအောင်နိုင်ခဲ့တယ်

တက္ကသိုလ်ဆီခြေမဆန့်ဘဲ

ဘော်ဒါဆောင်မှာ ဂိုက်ဆရာမလုပ်ပြီး

ဘဝကို ကျရာနေရာမှာ ပီပြင်စေခဲ့တယ်။

ထွက်ပေါက်နည်းတဲ့မြို့မှာ လူငယ်တွေ ခြေပျက်လာတယ်။

ခေတ်ဆိုးက တဖြည်းဖြည်းသံချေးတက်လာဆဲပဲ

လူငယ်တိုင်းဟာ ဒစ်လည်နေကြ။

နောက်ပိုင်း လူငယ်တွေတဖြည်းဖြည်း

မြို့ထဲကနေ ပျောက်ပျောက်လာတော့တယ်

သာသနာထဲက ပျောက်လာတယ်

နိုင်ငံခြားကို ခွေးတိုးပေါက်ကနေ ခိုးခိုးပြီးစွန့်စားတာ ခေတ်စားလာတယ်။

မြို့ထဲကျန်ခဲ့တဲ့လူငယ်ဟာ

ဆန်ကုန်မြေလေးလိုမြင်ကြတဲ့အခိုက်မှာ

မိန်းကလေးရော ယောကျာ်းတွေရော

နိုင်ငံခြားကို ခိုးပြီးခြေဆန့်ကြရတော့တာပဲ

ဘဝမှာ လူတိုင်း တစ်ခါလောက်တော့ အေးချမ်းစွာနေချင်ကြမှာပဲလေ။

အလဲင်းဟာ ခေတ်ကိုဆန့်ကျင်ပြီး အစိုးရဌာနတစ်ခုဆီ

တံခါးချပ်တွေ တစ်ခုပြီးတစ်ခုဖြတ်ပြီး ရောက်သွားခဲ့

အလဲင်းဟာ သူ့မိသားစုကို ဒုက္ခ စထမ်းကူခဲ့ရ

သူ့သတ္တိရှိသလောက် သူမအေးချမ်းခဲ့။

အလဲင်းဟာ ရုပ်လှခဲ့သလောက် အလှကိုမထုတ်ပြခဲ့ရ

အလဲင်းမှာရည်းစားတောင် ထားချိန်ရှိဟန်မရှိခဲ့

မြင်လိုက်ရင် ကောင်းကင်မှာ

အောက်ချင်းငှက်မလေး တစ်ယောက်တည်း ပျံနေသလိုပဲ။

လူတိုင်းမှာ ရည်မှန်းချက်တွေရှိတယ်

လူတိုင်းမှာ ဝါသနာလည်းရှိကြတယ်

အလဲင်းဟာ အသက် ၂၀ အရွယ်နဲ့ ကိုယ့်ကိုကိုယ်လှောင်ပိတ်ခဲ့ရ။

ခေတ်ဟာ ပြောင်းပြောင်းလာတယ်

ခေတ်စားတာတွေ ခြားခြားလာတယ်

အလဲင်းတို့ခေတ် ဟားခါးမှာ ခေတ်စားခဲ့တဲ့ စကားလုံးရှိခဲ့တယ်

” ပါဆယ်” တဲ့ …

ပါးစပ်ကနေ ]]ပါဆယ်၊ ပါဆယ်}}ပြောပြောနေကြတယ်။

လူငယ်တွေ နိုင်ငံခြားရုန်းကန်ထွက်ပြေးပြီးနောက်

မိသားစုတွေပြန်ခေါ်ကြ မိသားစုသစ်တွေ ထူထောင်ဖို့ပြင်ကြနဲ့

ပြည်တွင်းကို ရိုက်ခတ်လာခဲ့တယ်

နိုင်ငံခြားရောက် ဟားခါးလူငယ်တစ်ယောက်ဆီက

အလဲင်းလည်း ချစ်သဝဏ်လွှာ သူရခဲ့

အလဲင်းရဲ့အမေဟာ ရပ်ကွက်တွေထဲ ဂုဏ်ယူနေတယ်

ခေတ်မီခဲ့ကြတာကိုး။

ဒီလိုနဲ့ အလဲင်းဟာ

မျက်လုံးချင်းဆိုင်ကြည့်ပြီး ရင်ခုန်တဲ့အချစ်ကိုမရဘဲ

ခေတ်တိုက်စားတဲ့ အချစ်ကို သူရခဲ့

ဘာပဲပြောပြော သူ့ခေတ်သူ့အခါမှာ

ကံကောင်းသူ တစ်ယောက်လို့ပြောကြတာပဲ။

ဖူးစာပါလာတော့နေကြတ်တာ မဆန်းပါဘူး

မြို့ကလေးမှာ ကျင်းပတဲ့ အလဲင်းရဲ့မင်္ဂလာပွဲကို မှတ်မိသေးတယ်

သတို့သားအတုကြီးနဲ့ မင်္ဂလာပွဲကို အလဲင်းတို့အိမ်မှာ ကျင်းပနေကြတယ်။

ပွဲပြီးတာနဲ့ အလဲင်းဟာ မြို့ကလေးကို စွန့်ခွာ

သူချစ်တဲ့မိသားစုကို စွန့်ခွာ

အလဲင်းဟာ သူ့ခင်ပွန်းဆီ

မိန်းမကောင်းပီသဖို့ထွက်လာခဲ့တယ်

အာဏာရှင်နံ့ထောင်းထောင်းထွက်နေတဲ့

နိုင်ငံကိုသူကျောခိုင်းပြီး အသက်ရှူဖို့ထွက်ခွင့်ရသွားခဲ့။

အလဲင်းကို နောက်ဆုံးမြင်တုန်းက

အလဲင်းဟာ ထုံးစံအတိုင်းပြုံးပြုံးလေးပါပဲ

နောက်ဆုံးမြင်ခြင်းဆိုတာ သေကွဲ ကွဲတဲ့အခါ(ဒါမှမဟုတ်)

ရှင်ကွဲ ကွဲတဲ့အခါ ကြုံကြရတယ်

တစ်ခါက နိုင်ငံခြားဆီ ခွေးပေါက်တိုးခဲ့ကြတုန်းက

တောင်ပေါ်မှာ ရှင်ကွဲ ကွဲ ခေတ်စားခဲ့တယ်။

အလဲင်းဟာ မြို့ကလေးနဲ့လမ်းခွဲခဲ့တယ်

အလဲင်းနဲ့မြို့ကလေးရဲ့ရေစက် အဲ့ဒီတုန်းကကုန်သွားပြီ ထင်တယ်

ခွဲစရာခွဲ ကြုံစရာကြုံ လူ့ဘဝက တမင်ဖန်တီးထားတာမှ မဟုတ်တာ

အလဲင်းကတော့ ဒါကိုပိုသိလိမ့်မယ်။

အခုတော့ အလဲင်းဟာ တတိယနိုင်ငံမှာ နေထိုင်ပြီး

မိသားစုအသစ်နဲ့ ပျော်ရွှင်နေလောက်ပြီ။

အလဲင်းဟာ တောင်ပေါ်မြို့ကလေးကို စွန့်ခွာခဲ့ပြီးနောက်

ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

နံရံ