• Today is: Wednesday, January 27, 2021

အခြေခံဥပဒေပြင်ဆင်ရေး ဘာကြောင့်အရေးကြီးသလဲ

Federal Journal
July21/ 2019

နိုင်ငံတစ်နိုင်ငံအတွက် အခြေခံဥပဒေဟာ အသက်သွေးကြောသမျှ အရေးကြီးပါတယ်။ အဲဒီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရဖို့၊ ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှုကို ရဖို့၊ လုံခြုံစိတ်ချစွာ ရှင်သန်နေထိုင်နိုင်ဖို့ အခြေခံဥပဒေဟာ အဓိကကျတဲ့ အုတ်မြစ်တစ်ခုပါပဲ။
ကျွန်မတို့မြန်မာနိုင်ငံမှာ (၁၉၄၇) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ။ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရယ်လို့ ရှိရာမှာ (၁၉၄၇) နဲ့ (၁၉၇၄) ဖွဲ့စည်းပုံအခြေခံဥပဒေတို့ဟာ ပျက်ပြယ် ခဲ့ပြီးပါပြီ။ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အစိုးရလက်ထက်က ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒီမို ကရေစီ စံနှုန်းတွေနဲ့ မညီဘူးရယ်လို့ ဝေဖန်ခံနေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလည်းဖြစ်ပါတယ်။
(၂၀၀၈)ခုနှစ် မေလ (၂)ရက်နဲ့ (၃)ရက်နေ့မှာ လူပေါင်းတစ်သိန်းကျော်အထိ သေဆုံးခဲ့ရတဲ့ နာဂတ် ဆိုင်ကလုန်းမုန်တိုင်းကြီး တိုက်ခတ်ပြီး သိပ်မကြာသေးတဲ့အချိန်မှာပဲ လူထုဆန္ဒခံယူပွဲကျင်းပခဲ့တာကို မှတ်မိကြပါ လိမ့်မယ်။ ပြည်သူအများစုက ၂၀၀၈ ဖွဲ့စည်းပုံကို ကန့်ကွက်မဲပေးခဲ့ကြပေမယ့် စစ်အစိုးရကတော့ ပြည်သူ (၉၀) ရာခိုင်နှုန်းကျော်က ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။
ဖွဲ့စည်းပုံအကြပ်အတည်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ(၂၀၁၀) အထွေထွေရွေး ကောက်ပွဲမှာ ဝင်ရောက်ရှင်ပြိုင်ခြင်း မပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ် မြောက်လာပြီးတဲ့နောက် NLD ဟာ (၂၀၁၂ ) ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်ထဲ ရောက်ရှိ လာခဲ့ပါတယ်။ (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲမှာလည်း NLD ပါတီဟာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီး အတိုက် အခံကနေ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတွေထဲမှာ ပုဒ်မ(၄၃၆) ပြင်ဆင်နိုင်ရေး ပြည်သူ့ လက်မှတ်ကောက်ခံမှုလည်း ပါဝင်ပါတယ်။ နိုင်ငံတစ်ဝှမ်းက ပြည်သူ(၅)သန်းကျော်က တက်တက်ကြွကြွ ပါဝင် လက်မှတ်ရေးထိုးပေးခဲ့တာပါ။ ဒါ့အပြင် အတိုက်အခံဘဝမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲတွေကို ကျင်းပခဲ့ ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဟောပြောခဲ့ပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ အဖွဲ့ကို ဦးဆောင်နေသလို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်နေပါပြီ။ ဒါပေမယ့် အစိုးရသက်တမ်း သုံးနှစ် ကျော်တဲ့အထိ သိသာထင်ရှားတဲ့အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ခြင်း မရှိသေးတာတွေ့ရပါတယ်။
အခုလိုဖြစ်နေရတာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းကြောင့်လို့ ထောက်ပြပြောဆိုကြသူ တွေလည်းရှိပါတယ်။ NLD အစိုးရဟာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ (၂၁)ရာစု ပင်လုံညီလာခံကျင်းပပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားနေတာကို အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။ တစှ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ မပါဝင်သေးတဲ့ အဖွဲ့တွေကိုလည်း ပါဝင်ကြဖို့ ဖိတ်ခေါ်ထား ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားလူမျိုးစုတွေဘက်က လိုလားနေတာက စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင် စုဖြစ်လို့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အလှမ်းဝေးနေအုံးမှာပါ။ တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အရေးကြီးသလို သယံဇာတစီမံခန့်ခွဲမှု ရဖို့ကလည်း အရေးကြီးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ မတူကွဲပြားတဲ့ ဓလေ့ထုံးတမ်းယဉ်ကျေးမှု၊ မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လက်ခံထားတဲ့လူမျိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်တိုင်းရင်းသားအားလုံးအတွက် တန်းတူရည်တူရှိမှုနဲ့ တန်းတူအခွင့်အရေးကို ဖန်တီးပေးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ဟာ အသက်တမျှ အရေးကြီးပါတယ်။
လက်ရှိအချိန်မှာ တရားဥပဒေစိုးမိုးရေးအတွက် Law Enforcement (ဥပဒေအသက်ဝင်မှု) မရှိသေးတာကို အထင်အရှားတွေ့နေရပါတယ်။ တရားဥပဒေစိုးမိုးရေးဖော်ဆောင်ရာမှာ ပရော်ဖက်ရှင်နယ်ပီသတဲ့ ရဲတပ်ဖွဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်မှ ဖြစ်နိုင်မှာပါ။ ဒါပမယ့် ရဲတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာပဲ ရှိနေသေး ပြီး အရပ်သားအစိုးရလက်အောက်မှာ မရှိပါဘူး။ တချို့ကလည်းဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးဟာ ထင်ထားသ လောက်လွယ်ပါ့မလားလို့ မေးခွန်းထုတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်တွင်းကနေ ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ NLD က အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီး စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားဒေသတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အဲ့ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒီနေ့ထက်ထိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ အများကြီးရှိနေဆဲပါ။ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေထဲမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလုံလောက်လောက်မရကြပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်မယ်ဆိုရင် တိုင်းရင်းသားကိုယ်စားလှယ်အများစု ရွေးချယ်ခံရတဲ့ ပြည်နယ်တွေမှာ ပြည်နယ်ဝန်ကြီး ချုပ်နဲ့ ပြည်နယ်အစိုးရကို တိုင်းရင်းသားပါတီတွေကနေ ရွေးချယ်ဖို့ အပ်နိုင်မှာပါ။ အဲဒီလိုအခြေအနေ ဖြစ်လာရင် ပြည် နယ်အတွက် အရေးပါတဲ့အဆိုတွေကို ထိထိရောက်ရောက်ဆွေးနွေး အတည်ပြုနိုင်ပြီး ပဋိပက္ခခံစားနေရသူတွေရဲ့ ဘဝပြန်လည်ထူထောင်ရေးကိုပါ မလွဲမသွေ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။
လက်ရှိအချိန်မှာ NLD ပါတီက ဦးဆောင်ပြုလုပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသား ပါတီတွေက ပူးပေါင်းပါဝင်နေတာကလည်း အားရစရာဖြစ်ပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံကနေ တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ကို အာမခံပေးနိုင်တဲ့ အခွင့်အရေးတွေထိ ဖန်တီးပေးရမှာပါ။ တန်းတူရည်တူရှိမှုကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်ရင် ဘယ်တိုင်းရင်းသားကမှ ပြည်ထောင်စုကနေ ခွဲထွက်မှာ မဟုတ်ပါဘူး။
ကုလသမဂ္ဂရဲ့ဌာနေတိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း (United Nations Declaration on the rights of Indigenous People) မှာလည်း “ဌာနေတိုင်းရင်းသားများ၌ ယင်းတို့၏ မြေနယ်ပယ်နှင့် သယံဇာတ အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများရှိသည်။ မြေယာအသုံးချစနစ်နှင့်ပတ်သက်သည့် ဌာနေတိုင်းရင်းသားများ၏ အစဉ်အလာဓလေ့ထုံးတမ်းများကို လိုက်နာ၍ အဆိုပါ မြေနယ်ပယ်နှင့် သယံဇာတအရင်းအမြစ်ဆိုင်ရာ အခွင့်အရေး များကို ဥပဒေပြဋ္ဌာန်း ကာကွယ်ပေးရန် အစိုးရများတွင် တာဝန်ရှိသည်။
အစိုးရများအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ အလေးထားမှုများအား စီမံကိန်းအတွင်း ထည့်သွင်းပေါင်းစပ် ပြီးမှသာ စီမံကိန်းများကို အစပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းများကို လုပ်ဆောင်သင့်သည်” လို့ ဖော်ပြထားပါ တယ်။
ဒါကြောင့် တိုင်းရင်းသားတွေ သဘောမတူတဲ့၊ ထိလွယ်ရှလွယ်ရှိတဲ့ စီမံကိန်းတွေကို အစိုးရက အကောင်အ ထည်ဖော်မယ်ဆိုရင် အထူးသတိပြုရမှာက ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်ပေါ်စေတယ်ဆိုတာပါပဲ။ တိုင်းရင်းသား တွေ လက်မခံတဲ့စီမံကိန်းတွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရက ဆုံးဖြတ်နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် သယံဇာတ တူးဖော်ထုတ်လုပ်ရေးက ရရှိလာတဲ့ဝင်ငွေတွေကို တိုင်းရင်းသားဒေသတွေကိုယ်တိုင် စီမံခန့်ခွဲနိုင်ဖို့ အခြေခံဥပဒေက ခွင့်ပြုပေးနိုင်ဖို့အတွက်ပါ အခြေခံဥပဒေပြင်ဆင် ရေးမှာ ပါဝင်သင့်ပါတယ်။
လူများစုရဲ့အခွင့်ရေးကို အာမခံသလို လူနည်းစုတွေရဲ့ အခွင့်အရေးကို အာမခံနိုင်မှသာ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်နိုင်မှာပါ။ အဲဒီအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး တိုင်းရင်းသားတွေ ရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ထိန်းသိမ်းကာကွယ်ဖို့၊ ပညာရေး၊ ကျန်းမာရေး အဖက်ဖက်က တိုးတက်ဖွဲ့ဖြိုး လာဖို့၊ ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့်၊ ပူးပေါင်းပါဝင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါ ကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။

သွေး (စစ်ကိုင်း)