• Today is: Monday, January 25, 2021

ဦးမင်းအေးကို (ဒုတိယအမြဲတမ်းအတွင်းဝန်)တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန

Federal Journal
April11/ 2019

NLD ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက်အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိုး များရေးရာ ဝန်ကြီးဌာနကိုထည့်သွင်းဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် မွန်တိုင်းရင်းသား နိုင်သက်လွင်ကိုတာဝန်ပေးအပ်ခဲ့သည်။ ထိုဝန်ကြီးဌာနက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် အဆိုပါဝန်ကြီးဌာန၏ သက်တမ်းမှာ (၃) နှစ်နီးပါးရှိလာပြီဖြစ်၍ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားစာပေများ၊ယာဉ်ကျေးမှုထိန်းသိမ်းနေမှုများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများကိုဖက်ဒရယ်ဂျာနယ်မှ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးမင်းအေးကို ကို ဆက်သွယ်မေးမြန်းထားပါသည်။

မင်းရန်နိုင် – ဆက်သွယ်မေးမြန်းသည်

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနကိုဖွဲ့စည်းခဲ့တာ (၃) နှစ်နီးပါးဖြစ်လာခဲ့ပြီဆိုတော့ ဘာတွေဆောင်ရွက်နိုင် ခဲ့ပြီဆိုတာသိလိုပါတယ်။

အဓိကက ကျွန်တော်တို့က တိုင်းရင်းသားဒေသမှာရှိတဲ့ ကလေးတွေ စာပေသင်တဲ့နေရာမှာ လွယ်ကူဖို့ဆိုပြီး Teaching Assistance တွေကို ပညာရေးဌာနနဲ့ ညှိပေးတယ်။ ပြီးခဲ့တဲ့ ပထမအသုတ်မှာဆိုရင် ၅၁၀၀ ကျော်ကို ညှိပေးခဲ့တယ်။ ကျွန်တော်တို့က စုစည်းပေးတယ်။ အဲဒါကို ပညာရေးဌာနက စိစစ်ပြီး ခန့်ထားပေးတယ်။ အခု ၂၀၁၉ – ၂၀၂၀ ဒုတိယအသုတ်အတွက်ကိုလည်း ကျွန်တော်တို့ ထပ်ခေါ်ထားတယ်။ အခု ကျွန်တော်တို့ဆီကို စာရင်းရောက်နေပြီ။ အဲဒါကို ပညာရေးဌာနနဲ့ ညှိနှိုင်းပြီးတော့ သူတို့ခန့်နိုင်မယ့်သူကို ခန့်ပေးပါလိမ့်မယ်။ အဲဒါက တစ်ချက်ပါ။ နောက်တစ်ချက်က ကလေးတွေအတွက် ပုံပြပုံသင် စာအုပ်ကို ကျွန်တော်တို့ ရိုက်ဖို့လုပ်နေပါပြီ။ အဲဒီထဲမှာ တိုင်းရင်းသားဘာသာစကားတွေနဲ့ ရိုက်ဖို့ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ တိုင်းရင်းသားဒေသ တွေမှာ ပညာသင်နှစ်အမီ အခမဲ့ဖြန့်ဝေသွားဖို့ လုပ်နေပါတယ်။ အဲဒါက စာပေနဲ့ ယဉ်ကျေးမှုပါ။ နောက်တစ် ချက်က တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် ယဉ်ကျေးမှုအဖွဲ့က   လုပ်နေ တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပူးပေါင်းပြီးတော့ လုပ်နေတယ်။ နောက် တိုင်းရင်းသားအခွင့်အရေး တွေကို ပြည်နယ်နဲ့ တိုင်းတွေမှာ သတ်မှတ်ထားတဲ့ရွာတွေအလိုက် ကွင်းဆင်းပြီးတော့ ကျွန်တော်တို့ ဟောပြော တာတွေ လုပ်ပါတယ်။ ဥပဒေအချက်အလက်တွေ ရှင်းပြတာတွေလည်း လုပ်ပါတယ်။ နောက်သူတို့ လိုအပ် ချက်တွေကို ကျွန်တော်တို့ သိဖို့အတွက် စစ်တမ်းကောက်နေပါတယ်။ အဲဒါတွေအပြင် ပြည်နယ်နဲ့ တိုင်းတွေမှာ တိုင်းရင်းသားပွဲတော်တွေ လုပ်တဲ့အခါ ပြည်နယ်၊ တိုင်းအစိုးရတွေနဲ့ ညှိနှိုင်းပြီးတော့မှ အထောက်အပံ့တွေပေးဖို့ အတွက် ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်တာတွေ ရှိပါတယ်။

တိုင်းရင်းသားစာပေတွေ၊ပညာရေးတွေနဲ့ပတ်သက်လို့ နယ်မြေအလိုက် ခွဲခြားပြီးဆောင်ရွက်မယ်ဆိုရင် ဘယ်လို ဒေသတွေမှာဆောင်ရွက်တာ များပါသလဲ။

သူတို့မှာ စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေရှိပါတယ်။ အဲဒီစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက လုပ်တာကို ကျွန်တော်တို့ က ပူးပေါင်းပြီး လုပ်ဆောင်တာမျိုးပါ။ အခု နွေရာသီဆိုရင်လည်း ကျောင်းတွေမှာ သင်တန်းတွေဖွင့်နိုင်ဖို့ ကျွန် တော်တို့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ သူတို့ သင်တန်းတွေဖွင့်နိုင်ဖို့အတွက် ကျောင်းအဆောက်အဦ တွေ ပစ္စည်းတွေ သုံးနိုင်အောင် ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ ပြည်နယ်နဲ့ တိုင်းတွေမှာ ကျွန်တော်တို့ လုပ်ခဲ့တာ နှစ်နှစ်ရှိပါပြီ။

တိုးတက်မှုအခြေအနေကရောဘယ်လိုရှိပါသလဲ။

တစ်နှစ်အတွင်းမှာ သင်ယူတဲ့သူတွေလည်း များလာပါပြီ။ နောက်တစ်ခုက အဲဒါကိုလည်း ကျွန်တော်တို့ စာရင်း ကောက်ဖို့ လုပ်နေပါပြီ။ ရရှိတဲ့စာရင်းတွေနဲ့ နောက်နှစ်တွေဆိုရင် နွေရာသီသင်တန်းတွေမှာ ဘယ်လို ထောက်ပံ့လို့ ရနိုင်မလဲဆိုတာတွေ ကျွန်တော်တို့ လုပ်နေပါပြီ။ အဲဒီလို စာပေနဲ့ ယဉ်ကျေးမှုသင်တန်းတွေကနေ ဘယ်လို ထောက်ပံ့လို့ရနိုင်မလဲဆိုတာမျိုး ကျွန်တော်တို့ စဉ်းစားနေတာ ရှိပါတယ်။ အခုတော့ စာရင်းအရင် ကောက်ဖို့ လုပ်နေပါတယ်။

ဒါဆိုရင်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနနဲ့ တခြားပူးပေါင်းဆောင်ရွက်တာရော ဘာတွေရှိပါသေးလဲ။

အဓိကက ကျွန်တော်တို့က တချို့ကလေးတွေက စာသင်ပြီဆိုရင် တိုင်းရင်းသားဘာသာစကားပဲ တတ်တယ်။ ဗမာစကားနဲ့ ကျန်တဲ့ ပြဋ္ဌာန်းဘာသာစကားမတတ်တော့ အဲဒါကို ပေါင်းကူးတင်ပြပေးနိုင်ဖို့အတွက် Teaching Assistance တွေ ခန့်ပေးတာ ဖြစ်ပါတယ်။ ဥပမာ ပြည်နယ်တစ်ခုမှာ အဲဒီကလေးက တိုင်းရင်းသားဘာသာစ ကားပဲသိပြီး ဗမာစကားမသိတဲ့အတွက် ဘာသာရပ်ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် Teaching Assistance တွေ ခန့်ပေးတာပါ။ အဲဒါတွေက နေ့စားလပေးပါ။ နောက်တစ်ခါ Language Teacher အနေနဲ့က တိုင်းရင်းသားဘာသာဆရာတွေကိုလည်း ခန့်ထားနိုင်ဖို့အတွက် အဲဒါတွေကို ပညာရေးဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ နောက်တချို့ဒေသတွေဖြစ်တဲ့ ဥပမာ ကရင်ပြည်နယ်ရယ်၊ ကယားပြည်နယ်ရယ် ဆိုရင် ဒေသသင်ရိုးတွေ လုပ်နေတာ ရှိပါတယ်။ အဲဒါတွေအတွက် သက်ဆိုင်ရာ ပြည်နယ်တိုင်းအစိုးရတွေက ကျွန်တော်တို့ ရုံးတွေမှာပဲ အခြေပြုပြီးတော့ ဒေသသင်ရိုးတွေအတွက် လုပ်နေတာလည်း ရှိပါတယ်။ ရုံးကတော့ ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ဖွင့်ပြီးသွားပါပြီ။ ရုံးအသစ်တွေမှာဆိုရင်လည်း ပြည်နယ်နဲ့ တိုင်းအ လိုက်ဆွေးနွေးပွဲတို့၊ တိုင်းရင်းသားစာပေတွေအတွက်လည်း ကျွန်တော်တို့ ခွင့်ပြုထားပါတယ်။

ဒါဆိုရင်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံးမှာ ရုံးအားလုံးဖွင့်ပြီးသွားပြီလို့ ဆိုလိုတာလား။

ဟုတ်ပါတယ်။ အခုနက ကျွန်တော်ပြောတဲ့ စာရင်းကောက်တဲ့ လုပ်ငန်းတွေလည်း တော်တော်များများ ကျွန်တော်တို့ လုပ်ပြီးပါပြီ။ တချို့ဒေသဆိုရင် ဒုတိယအကြိမ်တောင် လုပ်နေပါပြီ။ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို အကြိမ် (၆၀) ကျော်လောက် ဒေသအလိုက် ဒေသအလိုက် လုပ်ဖို့ ရှိပါတယ်။  ကယားပြည်နယ်မှာဆိုရင် နှစ်ခါ လုပ်ပြီးသွားပြီ။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားရွာတွေကို တိုင်းရင်းသားရေးရာ ဝန်ကြီးနဲ့ သွားပြီးတော့ တိုင်းရင်းသားအခွင့်အရေးအချက်အလက်ကို ကျွန်တော်တို့ ရှင်းပြတာတို့၊ စစ်တမ်း ကောက်ယူ တာတို့ စတဲ့ တိုင်းရင်းသားအခွင့်အရေးတွေအတွက် ကျွန်တော်တို့ လုပ်နေပါတယ်။

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒထဲမှာ တိုင်းရင်းသားစာပေ၊  ပညာရေး ဖွံ့ဖြိုးဖို့တွေလည်း ပါတယ်ဆိုတော့ ဒါတွေလုပ်ဆောင်တဲ့အခါမှာ အခက်အခဲတွေက ဘာတွေရှိလဲ။

အခက်အခဲတွေကတော့ တချို့တိုင်းရင်းသားတွေမှာဆိုရင် ဘာသာစကား နှစ်မျိုးလောက်ကွဲနေတာတို့၊ သုံးမျိုး လောက်ကွဲနေတာတို့ ရှိတယ်။ ကျွန်တော်တို့က အမှန်တော့ တစ်ခုပဲ ဖြစ်စေချင်ပါတယ်။ တိုင်းရင်းသားတစ်မျိုး မှာ လူနဲ့ အက္ခရာက တစ်မျိုး၊ နောက်တစ်စုမှာ အက္ခရာကတစ်မျိုး၊ အဲဒီလိုမျိုးတွေဆိုတော့ ကွဲကွဲပြားပြားဖြစ်နေ တော့ ကျွန်တော်တို့ဘက်က အသိအမှတ်ပြုပြီး တစ်ခုပဲ ဖြစ်စေချင်ပါတယ်။ အဲဒီအခက်အခဲကတော့ ကျွန်တော်တို့မှာ ရှိပါတယ်။ သူတို့မှာလည်း တစ်ခုပဲရှိမယ်။ ပညာရေးဝန်ကြီးဌာနကလည်း အသိအမှတ်ပြုထား မယ်ဆိုရင် ကျွန်တော်တို့ဘက်က ကူညီပေးရတာ အဆင်ပြေပါတယ်။ နှစ်မျိုး၊ သုံးမျိုးကွဲနေရင် ကျွန်တော်တို့ ဘက်က ဘယ်ဟာကို မူရင်းယူပြီးတော့ အကူအညီပေးရမလဲဆိုတာ မသိဘူး။ တစ်ဖက်ကို မသိကျိုးကျွံပြုပြီး တစ်ဖက်ကို အားပေးတာ အဲဒီလိုမျိုးလည်း မလုပ်ချင်ပါဘူး။ ဒါကြောင့် ကွဲနေတာကို တစ်ခုပဲ လုပ်နိုင်ရင်တော့ ကျွန်တော်တို့ ကူညီရတာလည်း ပိုကောင်းနိုင်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကပညာရေးဝန်ကြီးဌာနနဲ့ ပေါင်းကူးပြီး ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ခန့်ထားလိုက်တဲ့ ဝန်ထမ်းတွေကိုဘယ်ဌာနက စီမံခွင့်ရှိပါသလဲ။

ပညာရေးဝန်ကြီးဌာနက စီမံပါတယ်။ ကျွန်တော်တို့က တိုင်းရင်းသား ဒေသတွေမှာ လိုအပ်တဲ့ နေရာတွေအ တွက် ညှိနှိုင်းဆောင်ရွက်ပေးတာပါ။ ခန့်တာတော့ ပညာရေးက ခန့်ပါတယ်။ ရန်ပုံငွေကလည်း ပညာရေးရန်ပုံ ငွေနဲ့ပဲ ခန့်တာပါ။ ကျွန်တော်တို့ ရန်ပုံငွေတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ပေါင်းကူးကူညီပေးတာပါ။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုးချဲ့ဖွင့်လှစ်ပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ ပညာရေး ကဏ္ဍ တိုးတက်ခြင်း ရှိ၊မရှိကိုလည်း သုံးသပ်ပေးပါဦး။

အရင်ကဆိုရင် နေ့စားတိုင်းရင်းသားဘာသာစကားသင်ဆရာ၊ ဆရာမ သုံးထောင်ကျော်လောက်ပဲ ခန့်ထားနိုင် ခဲ့တာ။ အခု ကျွန်တော်တို့က ပြီးခဲ့နှစ်ကဆိုရင် ငါးထောင်ကျော် အလုပ်အကိုင်အခွင့်အလမ်းရလာပါတယ်။ အဓိကက ကျွန်တော်တို့က ဒေသခံကိုပဲ ဦးစားခန့်ထားနိုင်ရေးပါ။ ဒေသခံဆိုတဲ့နေရာမှာလည်း တိုင်းရင်းသား ဘာသာစကား အမှန်တက်တဲ့လူပဲ ဦးစားပေးခန့်ထားပါတယ်။ နဂိုက တိုင်းရင်းသားဘာသာစကားတတ်တယ်။ အလုပ်အကိုင်ရဖို့ မသေချာတဲ့အချိန်မှာ သူက တိုင်းရင်းသားဘာသာစကားတတ်ရင်လည်း အလုပ်အကိုင်ရနိုင် တယ်ဆိုတဲ့ အခြေအနေလေးဖြစ်လာတာက ပထမဆုံးတိုးတက်မှုပါ။ ပညာရေးတွေမှာ တိုင်းရင်းသားဘာသာ သင်ကြားရေးကိစ္စအတွက် ပြဋ္ဌာန်းစာအုပ်ကို အမျိုးသားပညာရေးကော်မတီကလည်း လက်ခံရင် တိုင်းရင်းသား ဘာသာစကားနဲ့ ရိုက်ထုတ်ဖို့ ကျွန်တော်တို့က ထောက်ပံ့ပေးတယ်။ ပြီးတော့ ကျွန်တော်တို့က ဒါတွေလိုနေပါ တယ်ဆိုရင် သူတို့ကလည်း ကူညီပေးပါတယ်။ အဲဒါမျိုးတွေတော့ တိုးတက်မှုရှိလာပါတယ်။ ဒါပေမဲ့ တချို့လို အပ်တဲ့နေရာမှာ အနည်းနဲ့ အများတော့ ရှိကြဦးမှာပါ။ ကျွန်တော်တို့ကလည်း အပြည့်အဝ မလုပ်နိုင်သေးပါဘူး။

ပညာရေးဝန်ထမ်းတွေကိုဒေသခံတွေပဲ ပြန်လည်ခန့်အပ်ဖို့အတွက် ပြည်ထောင်စုအဆင့်ရဲ့ သတ်မှတ်ချက်အ တိုင်းလား၊ ဒါမှမဟုတ်ဘယ်လိုခန့်အပ်တဲ့ ပုံစံမျိုးလဲ။

ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနနဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးဝန်ကြီးဌာနတွေနဲ့ ညှိတဲ့ အခါ ပထမက လိုအပ်တဲ့နေရာကို ခန့်အပ်နိုင်ဖို့ပါ။ အခုကျတော့ တိုင်းရင်းသားဘာသာစကားတွေအတွက် ဖြစ်တာမို့ တာဝန်ထမ်းဆောင်နိုင်မယ့်သူ၊ အပြောင်းအရွေ့မလုပ်မယ့်သူ၊ ဒါတွေကို နေ့စားတွေအတွက် အပြောင်းအရွေ့မလုပ်ဘဲ တစ်နေရာတည်းမှာပဲ လုပ်ပေးနိုင်မယ့်သူတွေအတွက် သတ်မှတ်ပြီးတော့ ခေါ်ပါ တယ်။ အဲဒါကလည်း ကျွန်တော်တို့ ပြည်နယ်နဲ့ တိုင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတွေနဲ့ ပညာရေး ဝန်ကြီးဌာနတွေ အစည်းအဝေးလုပ်ပြီး ညှိနှိုင်းလို့ရတာပါ။ Teaching Assistance ကြတော့ ပညာအရည် အချင်းက ကိုးတန်းအောင်ကို သတ်မှတ်ပြီးတော့ ကျန်တဲ့ Language Teacher ကတော့ လေးတန်း အောင်လည်း ရတယ်။ တိုင်းရင်းသား ဘာသာကို အမှန်သင်နိုင်တဲ့လူလည်း ရပါတယ်။ ဒါပေမဲ့ ပညာအရည် အချင်း မြင့်တဲ့လူကို ဦးစားပေးအနေနဲ့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ အဲဒီလိုတော့ ကွာပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် အလုပ်အကိုင်ကတော့ ရလာပါတယ်။ နောက်တစ်ချက်က Language Teacher ကို  ကျွန်တော်တို့က အသက်ကန့်သတ်ချက် မရှိတော့ နဂိုက စာသင်တဲ့လူက ဆက်သင်လို့ ရသွားနိုင်ပါတယ်။

ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ပညာရေးဝန်ထမ်း ဘယ်လောက်အထိ ခန့်အပ်နိုင်ခဲ့လဲ။

အခုထိတော့ ၅၁၀၀ ကျော် ခန့်အပ်ထားပြီး ဒီနှစ်အတွက်ကတော့ ဘယ်လောက်ခန့်ထားနိုင်မယ်ဆိုတာ သူတို့ လိုအပ်ချက်ကို ပြန်ကြည့်ရပါဦးမယ်။ သူတို့ ဘယ်လောက်လိုလည်းဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ အဲဒါ ကြည့်ပြီးမှ အမှန်တကယ်လိုအပ်တဲ့ဟာကို ခန့်သွားမှာပါ။ တချို့ဟာတွေကလည်း ကျောင်းတစ်ကျောင်းလုံးမှာ ဆရာ၊ ဆရာမ ဘယ်လောက်လိုလည်းဆိုတာမျိုးတွေနဲ့ သွားရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားဒေသကပညာရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဖြည့်ပြီး ပြောချင်တာများ ရှိလည်း ပြောကြား ပေးဦး။

အခုနက ကျွန်တော်ပြောသလိုပါပဲ။ တိုင်းရင်းသားတွေမှာ ဘာသာစကားနှစ်မျိုး၊ သုံးမျိုးမဖြစ်ဘဲနဲ့ တစ်မျိုးတည်း ဖြစ်နေမယ်ဆိုရင် နောက်ပိုင်းအစိုးရကလည်း အသိအမှတ်ပြု၊ ဝန်ကြီးဌာနတွေကလည်း အသိအမှတ်ပြုမယ်ဆို ရင်တော့ ကျွန်တော်တို့အတွက် ပိုပြီးကောင်းပါတယ်။ အဲဒါမျိုးဆို ကျွန်တော်တို့ဘက်ကလည်း ကူညီထောက်ပံ့ ရတာ ပိုပြီးကောင်းပါတယ်။ အဲဒါမျိုးလေးတွေလည်း ညှိပေးနိုင်ရင် တိုင်းရင်းသားတွေဘက်ကလည်းဆောင်ရွက် ပေးပါလို့ ပြောချင်ပါတယ်။