• Today is: Thursday, August 5, 2021

စောအေးမြ (ဥက္ကဋ္ဌ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းနှင့်တွေ့ဆုံခြင်း)

Federal Journal
May25/ 2019

(အယ်ဒီတာတွေ့ဆုံမေးမြန်းသည်)

(၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးနောက်ပိုင်း တိုင်းရင်းသားများမျှော်လင့်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏တစ်စိတ်တစ်ပိုင်ဖြစ် သော တိုင်းရင်းသားစာပေသင်ကြားခွင့်မှာ ခေတ်အဆက်ဆက်ပျောက်ဆုံးခဲ့ရသည်ဟုဆိုနိုင်ပြီး မိမိလူမျိုးအလိုက်ကိုယ့်နည်းကိုယ့်ဟန် ဖြင့် စာပေမပျောက်ဆုံးရေးအတွက်တစ်ပိုင်တစ်နိုင်သင်ကြားရေးသာရှိခဲ့သည်ဟုဆိုနိုင်ပါသည်။ သို့သော် အကန့်အသတ် များစွာရှိနေခဲ့ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့၏စာပေကို တရားဝင်(စာသင်ချိန်အတွင်း)သင်ကြားခွင့်ရရေးနှင့် အစိုးရ၏အထောက်အပံ့ရရှိရေးကို ခေတ်အဆက်ဆက်တောင်ဆိုလာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်(လွတ် လပ်ရေးရသည်မှ(၆၅)နှစ်အကြာ)တွင် ပြည်ထောင်စုအစိုးရမှ တိုင်းရင်းသားစာပေကို စာသင်ချိန်အတွင်းမူလတန်းအဆင့်ထိ သင်ကြားခွင့်ပြုခဲ့ရာ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်ပတ်သက်၍ လတ်တလောကြုံတွေ့နေရသည့် အခြေ အနေကို သိရှိနိုင်ရန်အတွက် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌနှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည်။)

တိုင်းရင်းသားစာပေလှုပ်ရှားမှုကိုပြောရမယ်ဆိုရင် ကိုယ်တို့လူပျိုဘဝ၊ ကျောင်းသားဘဝကတည်းကစခဲ့တာပေါ့။ အဲဒီအချိန်တုန်းကဆိုရင် ကရင်စာပေတိုးတက်ရေးဆိုပြီး အဓိကဦးဆောင်ဦးရွက်ပြုခဲ့တာဘုန်းကြီးတွေက စလုပ်ခဲ့တာရှိတယ်။ အဲဒီတုန်းက အရှေ့ပိုးကရင်စာပေကို ဖော်ထုတ်ဖို့၊ သင်ကြားဖို့ဆိုပြီး စလုပ်ခဲ့ကြတဲ့နေရာမှာ ကိုယ်တို့လည်း အတိုင်းအတာတစ်ခုထိပါခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)လောက်က ပေါ့။အဲဒီကနေတစ်ဆင့်ဆစ်ဆင့်လုပ်လာခဲ့တာ စာသင်ကျောင်းတွေမှာ သင်ကြားခွင့် မရခင်တုန်းက နွေရာသီလိုမျိုးမှာ ကျေးရွာတွေဆင်းပြီး သင်တန်းတွေနဲ့သင်ကြားတာတွေရှိပါတယ်။ ရွာတိုင်း တော့မဟုတ်ဘူးပေါ့။ အဲဒီမှာလည်း သင်ကြားရေးစာအုပ်တွေကို ဆရာတော်များက အဓိကထားရေး ဆွဲကြပါတယ်။နောက်ပိုင်းမှာမှ လူပုဂ္ဂိုလ်တွေလည်းရေးလာနိုင်ကြတယ်ပေါ့။

၂၀၁၃ နောက်ပိုင်းမှာတော့ အခြေခံပညာမူလတန်းအဆင့်မှာ ကျောင်းချိန်အတွင်းသင်ကြားဖို့ ခွင့်ပြုလာပါတယ်။ ကိုယ်တို့ လည်း အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားကြတယ်ဆိုပါတော့။ သို့သော် အခုအခြေအနေက ပညာရေးဋ္ဌာနရယ်၊ သက်ဆိုင် ရာကျေးရွာအဆင့် ရပ်မိရပ်ဖတွေရယ်၊ အရင်ကတည်းက ကရင်စာပေသင်ကြားရေးအားစိုက်လုပ်ခဲ့ကြတဲ့ ဆရာတော်သံဃာတော်တွေက အခုသင်ကြားရေးစနစ်(လုပ်ထုံးလုပ်နည်း)ကို ဂဃနဏမသိဘူးဖြစ်နေတယ်။ ဒီအပေါ်မှာ ကိုယ်တို့ကလည်း တက်နိုင်သလောက်သတင်းအချက်အလက်တွေ မျှဝေပေးတယ်ဆိုပေမယ့် ထင်သလောက်တော့ အောင်မြင်မှုမရှိသေးဘူးဆိုရမယ်။ ဆိုလိုတာက ဒီကိုယ့်စာပေပေါ့၊ ကရင်စာပေကို ဘာကြောင့်သင် ကြားရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို နှံ့နှံ့စပ်စပ်သိဘူးဖြစ်နေတယ်လို့ပြောရမယ်။ နောက် စာပေမရှိရင် ကိုယ့်လူမျိုးရဲ့ ယဉ် ကျေးမှုတွေ အခြေားရိုးရာဓလေ့တွေ၊ မှတ်တမ်းမှတ်ရာတွေပါ ပျောက်သွားနိုင်တယ်ဆိုတာ သူတို့ သဘောမပေါက်ဘူးဖြစ်နေတယ်။ ပြောရရင် ဗမာစာနဲ့ပဲ မှတ်တမ်းတင်တယ်။ ဒီတော့ စဉ်းစားကြည့်လေ ကရင်ကဗျာတွေ၊ လင်္ကကာတွေကို ဗမာစာနဲ့မှတ်တမ်းတင်မယ် ဆိုပါစို့၊ တကယ့်မူရင်းအနှစ်သာရကိုထိထိမိမိဖြစ်အောင် ဘယ်လုပ်နိုင်မှာ တုန်း။ ဒါကတော့ ပညာရှင်လည်းဝန်ခံရတဲ့အနေအထားပဲလေ၊ တိုက်ရိုက်အဓိပ္ပါယ်ကိုမရနိုင်ဘူး၊ ဆီလျော်တဲ့အဒီပ္ပါယ်ပဲ ရ နိုင်တယ်ပေါ့။

အဓိကရင်ဆိုင်နေရတဲ့အခတ်အခဲကို ပြောရရင် ကိုယ်တို့ကိုယ်တိုင်အစွဲလေးတွေရှိနေတဲ့ကိစ္စပေါ့။ ကိုယ်တို့ကရင်တွေဆို တာလည်း အများကြီးရှိတာကို ပိုးကရင်၊ အရှေ့ပိုးကရင်၊ စကောကရင့့် စတာတွေပေါ့။ အဲဒီမှာ ကိုယ့်စာမှကိုယ့်စာဖြစ် နေတာတွေက အများကြီး။ ဒီတော့ ကိုယ်တို့ဘက်ကလည်း ဒီအပေါ်မှာ ကိုယ့်လူမျိုးအချင်းချင်းကြားမှာစိတ်ဝမ်းကွဲတာတွေ မဖြစ်စေချင်ဘူး၊ ဒီတော့ ဒီကရင်စာပေသင်ကြားရေးကို ဘယ်လိုပြန်လုပ်ရသလဲဆိုရင် သက်ဆိုင်ရာကျေးရွာအလိုက် ရပ် ရွာတွေမှာရှိတဲ့ ရပ်မိရပ်ဖတွေရဲ့ သဘောထားဆန္ဒအရသာသင်ကြားပါ၊ ဟိုစာကိုတော့သင်ရမယ်၊ ဒီစာကိုတော့ မသင်ရဘူး ဆိုတာမျိုးတော့ မဖြစ်စေချင်ဘူးလို့ လုပ်လိုက်ရတယ်။ အဲဒါလေးက မဆိုးဘူးလို့တော့ပြောရမယ်၊ အခုနည်းနည်းပြေလည် လာတဲ့သဘောတော့ရှိလာတယ်။ အရင်ကဆိုလုံးလုံးအဆင်မပြေတာတွေရှိခဲ့တယ်၊ ဟိုစာပဲသင်ရမယ်၊ ဒီစာကိုမသင်ရဘူး လုပ်နေကြတာနဲ့ ဘာမှအလုပ်မဖြစ်ခဲ့ဘူးလေ။

နောက်တစ်ချက်က အစိုးရ(ပညာရေးဋ္ဌာန)အပိုင်းပေါ့။ တိုင်းရင်းသားစာပေတွေကို အခြေခံပညာမူလတန်းအဆင့်မှာ သင် ကြားရမယ်ဆိုတဲ့အခါ ဘယ်လိုဘယ်နည်းသင်ကြားရမယ်ဆိုတာ အဆင့်ဆင့်ညွှန်ကြားချက်ပေးတာ နည်းနည်းနှောင့်နှေး တယ်လို့ ပြောချင်တယ်။ အဲဒီအပြင် အားစိုက်မှုလျော့ရဲတယ်၊ ပြီးစလွယ်ပဲ ကဲ သင်ကြတော့ ဆိုသလိုဖြစ်နေတယ်။ အဆင့် ဆင့်ညွှန်ကြားတယ်ဆိုတဲ့နေရာမှာ သက်ဆိုင်ရာ ပြည်နယ်ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူး၊ အဲဒီကတစ်ဆင့် သက် ဆိုင်ရာ စာသင်ကျောင်း၊ သင်ကြားမယ့်ဆရာအထိပေါ့။ အဲဒီလိုဆင့်ကဲဆင့်ကဲ ညွှန်ကြားချက်ပေးတဲ့နေရာမှာ လိုအပ်ချက်တွေ ပြဿနာ တွေအနည်းအကျဉ်းရှိတယ်။

ဥပမာ အခုလောလောဆယ် ကိုယ်တို့ ကြုံနေရတာဆိုရင် တိုင်းရင်းသားစာပေသင်ကြားရေးဆရာအတွက် တစ်လချီးမြှင့်ငွေ (၃၀၀၀၀)ရတယ်ဆိုတာရှိတယ်။ အရင်နှစ်(၂၀၁၈)ကတည်းကသင်လာတဲ့သူတွေက ဆက်ရနေတယ်ပေါ့။ အချို့က ဘာဖြစ်သလဲဆိုရင် နှစ်စဇွန်လကတည်းကတက်တယ်။ ပြည်နယ်ပညာရေးက တိုင်းရင်းသားစာပေသင်ကြားရေးဆရာ စာ ရင်းပို့ပါလို့ ညွှန်ကြားချက်လာတဲ့အခါ ကျောင်းအုပ်ကြီးမရှိခိုက်နဲ့ကြုံတဲ့ကျောင်းက သင်ကြားရေးဆရာတွေစာရင်းက ပါမလာဘူး။ ဒီတော့ဘာဖြစ်သလဲဆိုရင် ချီးမြှင့်ငွေချက်ချင်းမရနိုင်ဘူးဖြစ်သွားတယ်။ အချို့က တစ်လနှစ်လနောက်ကျတာ ရှိတယ်။ အချို့က ပြီးခဲ့တဲ့ ဇွန်လကဟာ အခုထိ( ၂၀၁၉ ဇန်နဝါရီလ) မရကြသေးဘူး။ အဲဒါလေးတွေရှိပါတယ်။ ဖြစ်တာက အထက်က ရီပို့တောင်းတာက ကျောင်းမဖွင့်ခင်မေလဆိုတော့ အဲဒီအချိန်စာသင်ကျောင်းတွေမဖွင့်သေးတော့ နယ်ခံမဟုတ်တဲ့ တာဝန်ရှိတဲ့သူတွေ/ကျောင်းအုပ်ကြီးတွေကမရောက်ကြသေးတော့ အလွဲလွဲအချော်ချော်တွေဖြစ်သွား တာပေါ့။ ဒီတော့ ဒါလေးတွေက ဘယ်သူ့ဆီမှာတာဝန်ရှိသလဲ၊ မြို့နယ်ပညာရေးမှူးလား၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးတွေလားပေါု၊ အဲဒါလေးတွေကိုအချိန်မီဖြေရှင်းဖို့လိုတယ်။

တိုင်းရင်းစာပေသင်ကြားရေးအတွက် အခြားအခတ်အခဲလေးတွေလည်း ရှိတယ်။ ဒီတော့ ဒီအခတ်အခဲလေးတွေကို ဖြေရှင်းဖို့ဆိုရင်၊ ပြီးတော့ တိုင်းရင်းသားစာပေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်သင်ကြားနိုင်ဖို့ဆိုရင် အစိုးရဘက်ကကူညီထောက်ပံ့ ပေးရမယ့်အရာတွေအများကြီးရှိပါတယ်။ အစိုးရဆိုတဲ့နေရာမှာ ပညာရေးဋ္ဌာနတာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ့။ ရှင်းရှင်းပြောရရင် နေပြည်တော်ကတာဝန်ရှိသူများပေါ့။ သူတို့ရဲ့လုပ်ပုံကိုင်ပုံတွေက အရင်တုန်းကကြိုးနီ စနစ်လိုပဲ။ ကုန်ကုန်ပြောရရင် အခြားပြည်နယ်ဝန်ကြီးချုပ်အကုန်လုံးကိုတော့ မဆိုလိုဘူး၊ ကိုယ်တို့ကရင်ပြည်နယ်ဝန်ကြီး ချုပ်က လှုပ်လို့ကိုမရဘူးဖြစ်နေတာတွေ့ရတယ်၊ ဒီကရင်စာပေသင်ကြားရေးနဲ့ပတ်သက်လို့ပေါ့။ သင်ကြားရေးဆရာ ရွေး ချယ်တာ၊ ခန့်အပ်တာကအစ။ ဝန်ကြီးချုပ်ကိုယ်တိုင်ကို ထဲထဲဝင်ဝင်မကိုင်တွယ်နိုင်ဘူး။ ဒီလိုပဲတွေ့နေရတယ်။ ဆိုတော့ လုပ်ပိုင်ခွင့်ပေးရမှာပေါ့။ ဒီတော့ ဝန်ကြီးချုပ်ကအစ၊ လူမှုရေးဝန်ကြီး၊ ပညာရေးဌာနတာဝန်ရှိသူတွေ၊ သက်ဆိုင်ရာကျေးရွာ အဆင့်ရပ်မိရပ်ဖတွေ၊ ကျောင်းဆရာ/မတွအားလုံး ညှိညှိနှိုင်းနှိုင်းဆွေးနွေးတိုင်ပင်ပြီးတော့ ဆောင်ရွက်နိုင်မှ ရလဒ်ကောင်း ရလာမှာပေါ့။

နောက်တစ်ချက်ကတော့ အဖွဲ့အစည်းဆိုင်ရာမှတ်ပုံတင်ခြင်းကိစ္စ၊ ကိုယ်တို့ကရင်အဖွဲ့အစည်းတွေအတွက် အခတ်အခဲရှိ တယ်။ အခြားနေရာတွေမှာလည်းရှိကောင်းရှိမယ်။ ကိုယ်တို့ ကရင်မှာဖြစ်နေတာက အသင်းအဖွဲ့ဆိုင်ရမှတ်ပုံတင်ကို အစိုးရ ရဲ့ပေါ်လစီကိုက မှတ်ပုံတင်လိုကတင်နိုင်တယ်၊ မတင်ချင်ရင်လည်းရတယ်ဆိုတော့ တို့ကမတင်ဘူး။ ဘာဖြစ်လို့မတင်လဲ ဆိုရင် ကရင်စာပေအသင်းကလွတ်လပ်စွာသီးခြားရပ်တည်တဲ့အသင်းဖြစ်ရမယ်ဆိုပြီးမူချထားတာရှိတယ်။ လူပုဂ္ဂိုလ်/အ သင်းအဖွဲ့/နိုင်ငံရေးအဖွဲ့အစည်း ဘယ်အရာရဲ့လွှမ်းမိုးမှုကိုမှလက်ခံဘူး။ ပြီးတော့ ဒီအသင်းအပေါ် အကြောင်းအမျိုးမျိုးနဲ့ အမြတ်ထုတ်တာကိုလက်မခံဘူးပေါ့။ ဒါကြောင့် မှတ်ပုံမတင်ဖြစ်တာ။ ကိုယ်တို့ ဒီနေ့ရပ်တည်လာတာဆိုတာလည်း ကိုယ့်ဟာကိုယ်ရပ်တည်လာတာဆိုပါတော့၊ အခုမြင်နေရတဲ့ အဆောက်အဦကအစ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုဆောင်းပြီး ဆောက်ထားတာတွေပေါ့။ ကနေ့ထိ အစိုးရရဲ့ အထောက်အပံ့လည်းမယူခဲ့ဘူး။

အခုက ကရင်စာပေသင်ကြားရေးအစိုးရက ထောက်ပံ့ပေးမယ်၊ စာပေအသင်းတွေမှတ်ပုံတင်ရမယ်၊ အဲဒါမှ ထောက်ပံ့ငွေရ မယ် ဆိုတာဖြစ်လာတယ်။ အဲဒီမှာလည်း ကိုယ်တို့ရဲ့မူနဲ့မကိုက်တော့ပြန်ဘူး။ ဒီတော့စောစောကပြောသလို လွှမ်းမိုးမှုကို မခံချင်လို့ ကိုယ်တို့ကမှတ်ပုံမတင်တာလေ၊ ဆိုတဲ့အခါမှာ နှစ်ပိုင်းပြန်စဉ်းစားရပြန်တယ်။ ပထမတစ်ပိုင်းကအရင်လို နွေရာ သီသင်တန်းလိုမျိုးကိုတော့ စေတနာရှင်တွေရဲ့အလျူငွေတွေနဲ့ပဲဆက်လက်ဆောင်ရွက်မယ်ပေါ့။ ဒုတိယတစ်ပိုင်းက အခု အစိုးရပညာရေးဌာနနဲ့ ဆောင်ရွက်ရမယ့်အပိုင်း၊ ဒီဟာကိုတော့ ပညာရေးဌာနအစီအမံအတိုင်းဖြစ်ပါစေပေါ့၊ ဒီလိုလေးပြန် လုပ်လိုက်ရတယ်။ ဆိုလိုတာက မှတ်ပုံတင်ခြင်း/မတင်ခြင်းကိစ္စကလည်း အခုအခြေအနေမှာ ကိုယ်တို့အတွက် ပြန်သုံးသပ် ရမယ့်သဘောဖြစ်လာတာပေါ့လေ။ ဒါပေမယ့် အခုထိတော့ မှတ်ပုံမတင်ဘူးပေါ့။

နောက်ပြောစရာတစ်ချက်ရှိတာက အစိုးရဘက်ကလည်းမှတ်ပုံတင်စေချင်တဲ့သဘော အရိပ်အမြွတ်ပြောလာတာတွေရှိ တယ်။ ကိုယ်တို့ဘက်ကလည်း မူအရမတင်ဘူးဆိုတဲ့အခါ နှစ်ဘက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေအထစ်အငေါ့ဖြစ်လာသ လားပေါ့လေ။ အစိုရတာဝန်ရှိသူတွေ လွှတ်တော်အပါအဝင်ပေါ့။ အစည်းအဝေးတွေဘာတွေ ခေါ်တဲ့အခါလည်း ရည်ရွယ် ချက်တို့ ဆွေးနွေးရမယ့်ခေါင်းစဉ်တို့ ရှင်းရှင်းလင်းလင်းမရှိတာတွေ့ရတယ်။ ဒါက သူတို့ကိုသိက္ခာချချင်လို့ပြေတာမဟုတ် ဘူးနော်။ ဒီအတိုင်းအစည်းအဝေးတက်တိုင်းမှာ ထိထိရောက်ရောက်ဆွေးနွေးတာမျိုး၊ ပြီးတော့ စာပေသင်ကြားရေးနဲ့ပတ် သက်လို့ တစ်ခါတည်းဆုံးဖြတ်နိုင်တာမျိုး မတွေ့ရဘူး။ နောက်ပိုင်း အစည်းအဝေးဖိတ်လည်း မတက်ချင်တော့ဘူး၊ ဒီလို လေးတွေရှိလာတယ်ပေါ့။

ကရင်ပြည်နယ်အစိုးရအနေနဲ့တော့ ၂၀၁၃ နောက်ပိုင်းမှာ အကူအညီတော်တော်များများပေးပါတယ်။ အလှူငွေထည့်ဝင် တာတွေလည်းရှိပါတယ်၊ ကိုယ်တို့ကလည်း ဝမ်းပမ်းတသာလက်ခံတာပေါ့။ ကရင်စပေသင်ကြားရေးသင်တန်းတွေဖွင့်တယ် ဆိုတာနဲ့ အစစလိုအပ်ချက်တွေကိုလည်း ကူညီပေးတာရှိပါတယ်။

အခု ဖက်ဒရယ်ဂျာနယ် အယ်ဒီတာမေးတဲ့ကိစ္စ၊ ကလေးစာသင်ကြားတဲ့အခါမှာ မိခင်ဘာသာစကားနဲ့ သင်ကြားတာဟာ ပိုထိရောက်မှုရှိတယ်၊ နိုင်ငံတကာမှာလည်း အဲဒီစနစ်ကိုကျင့်သုံးလာပြီးတော့အောင်မြင်နေတာ နှစ်ပေါင်းမနည်းတော့ဘူး  ပေါ့။ အဲဒါ ဆရာတို့လည်းသိပါတယ်။ ကိုယ်တို့လည်း အဲဒီစနစ်ကို ကျင့်သုံးရအောင်ဆိုပြီးအရင်ကတည်းပြောဆိုလာခဲ့တာ ကနေ့အထိဆိုပါတော့။ ဒီဟာနဲ့ပတ်သက်လို့ ဘယ်လိုဘယ်နည်းအကောင်အထည်ဖော်ရမယ်ဆိုပြီး ကိုယ်တို့ဆီ ပညာ ရှင်တွေလာဆွေးနွေးတာတွေလည်းရှိပါတယ်၊ ပြောရရင် NNER က ဒေါက်တာသိန်းလွင်တို့လည်းပါတယ်။ ဖိုရမ်လုပ်ပြီး တော့ မူလတန်းအဆင့်ကလေးတွေကို ဒီမိခင်ဘာသာစကားနဲ့ စသင်ကြားခြင်း(Mother Tongue Base Education System)စနစ်အကြောင်းကို အသေးစိတ်လာရှင်းပြသွားတယ်။ ဒါပေမယ့် ကိုယ်တို့ကရင်ပြည်နယ်အစိုးရကပဲ အာရုံမရောက်တာလာ၊ နေပြည်တော်ကပဲ အာရုံမရောက်တာလားမသိဘူး၊ ကနေ့အကောင်အထည်မဖော်နိုင်ဘူးဖြစ်နေ  သေးတယ်။

ကိုယ်တို့ကရင်ပြည်နယ်က ဒေါနတောင်ခြေမှာရှိတဲ့ ကလေးတွေဗမာစကားမပြောတတ်ဘူး၊ အဲလိုဗမာစကားမပြောတတ် တဲ့ကလေးတွေကို ကျောင်းမှာဗမာစာကိုဗမာစကားနဲ့သင်တော့ တော်တော်ပြဿနာရှိတယ်။ ဒုတိယအချက်က ဗမာစကား မတတ်တဲ့ကလေးတွေကို စာသင်ဖို့ ဗမာဆရာမတွေရောက်လာတယ်၊ မွန်ဆရာမတွေရောက်လာတယ်၊ ဒါလည်းပြဿနာ ပဲ။ ဒါကြောင့် ကိုယ်တို့ဘက်ကလည်း ကလေးတွေကိုစာသင်ဖို့ဒေသခံ ဆရာ/မတွေကိုခန့်ပေးပါ ဆိုပြီး တစိုက်မတ်မတ်တောင်းဆိုလာတာရှိတယ်။ ဒါကရှင်းပါတယ်၊ ကလေးတွေကိုယ်တိုင်လည်း ဗမာလိုသင်တာထက် ကရင်လို သင်ရတာ ပိုစိတ်ဝင်စားပြီး တတ်လွယ်တယ်ဆိုတာတွေ့ရတယ်။ နောက်ဒီကိုရောက်လာတဲ့ ဆရာ/မတွေလည်း ပြောရရင် နှစ်ပိုင်းရှိတယ်၊ သူ့ရဲ့စေတနာပိုင်းနဲ့ အရည်အချင်းပိုင်းပေါ့၊ တစ်ချို့ကိုပြောတာပါ၊ အားလုံးရယ်တော့မဟုတ်ပါဘူး။ သင် ကြားရေးမှာ စိတ်ပါလက်ပါမရှိတာတွေ ပြောရရင်တော့စေတနာမပါတာပေါ့။ နောက်အရည်အချင်းပိုင်းပြောရရင် ခုခေတ် ကလေးတွေ ဆယ်တန်းသာအောင်သွားတယ်၊ သူ့မှာအရည်အချင်းလို့ ပါမလာဘူး၊ ဒါက မအောင်မနေရ သင်ကြားရေးစ နစ်ရဲ့ အကျိုးဆက်လို့ထင်တာပဲ။ ဒါလည်းတော်တော်ကြီးတဲ့ပြဿနာထဲမှာပါတယ်။ စဉ်းစားကြည့်လေ၊ သင်ကြားပေးမယ့် သူကိုယ်တိုင်က အရည်အချင်းမရှိတဲ့ ကိစ္စ တော်တော်ကြောက်စရာကောင်းနေပြီ။

နောက်တစ်ချက်က ကျောင်းသားပိုင်းပေါ့။ သူလည်းသည်အတိုင်းပဲ၊ အခြေခံပညာမှာကတည်းက ကလေးတွေကစာ ကောင်းကောင်းတတ်မလာဘူး၊ ဒါပေမယ့်စနစ်အရ(ရာခိုင်နှုန်းနဲ့အအောင်ပေးရတာကိုး) အတန်းတွေ တောက်လျှောက်အောင်လာတယ်၊ ကိုးတန်းမှာလည်းအောင်လာတယ်၊ ဆယ်တန်းရောက်လာပြီ၊ အဲဒီမှာမှ အခတ်တွေ့ပြီ၊ ဆယ်တန်းကို ဘယ်လိုသင်သင်၊ ဘယ်နှစ်နှစ်နေနေမအောင်ဘူးဖြစ်နေတာ။ ဒါကိုကြည့်ခြင်းအားဖြင့် နဂိုက တည်းက ကလေးတွေနားလည်လွယ်တဲ့ မိခင်ဘာသာစကားနဲ့ သင်ကြားလာပြီး တစ်ဖြည်းဖြည်းအတန်းကြီးလာမှ ဗမာလို သင်ကြားမယ်ဆိုရင် ဒီလိုတွေဖြစ်မှာမဟုတ်ဘူးပေါ့။ မွန်ပြည်နယ်မှာအောင်ချက်ကောင်းတယ်ဆိုတာ ဒီသဘောပဲ၊ သူတို့ဆီ မှာ မွန်လိုသင်တဲ့ မွန်အမျိုးသားကျောင်း (၂၀၀)နီးပါးလောက်ရှိနေတာလေ။

ဒီနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှုစနစ်ကြီးမားနေတာ လည်းမကောင်းဘူးပေါ့။ အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တာမျိုးက ပိုလို့ တောင်မကောင်းဘူး။ ပညာရေးဆိုတာ လူတိုင်း လွတ်လပ်စွာသင်ကြားခွင့်၊ လွတ်လပ်စွာရွေးချယ်သင်ကြားခွင့် ရှိရ မှာကိုး။ ဒါအခြေခံပဲ။ အဲဒါကို ဗဟိုကပဲစီမံ၊ ဗဟိုကိုပဲတင်ပြ၊ လုပ်နေရင်အဆင်မပြေနိုင်ဘူး။ နောက်ပြီး ဗဟိုကတော့ တစိတ်တစ်ပိုင်း လျှော့ချပါပြီတဲ့၊ တစ်ခါပြည်နယ်အစိုးက ထိန်းချုပ်ပြန်ရင်လည်း အဆင်ပြေမှာမဟုတ်ပြန်ဘူး။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ အခုကိုယ်တို့နိုင်ငံမှာ ကျင့်သုံးနေတဲ့ပညာရေးစနစ်ဆိုတာ နိုင်ငံတကာစံချိန်စံညွှန်းကို တုပြီးလုပ်နေတဲ့သဘေယတွေ့ရတယ်။ အဲဒါကိုထည့်ပြောချင်တာရှိတယ်။ သူများနိုင်ငံဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပေါ့။ သူတို့လုပ်သလို လိုက်လုပ်နေတာတွေ တွေ့နေရတယ်။ သူတို့က အစစအရာရာပြည့်စုံပြီးသား၊ စာသင်ခန်းတစ်မှာ အများ ဆုံးကျောင်းသားအယောက်(၂၀)ပဲ။ ကိုယ်တို့ဆီမှာ အဲလိုတွေလုပ်ဖို့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ အားလုံးလည်းသိနေ တာပဲ၊ မအောင်မြင်ဘူးလေ။ ဒါနဲ့ပဲ တစ်ခုပြီး တစ်ခုစနစ်တွေကို စမ်းသပ်လာလိုက်တာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၅၀)ကျော်က တည်းက အခုထိမပြီးနိုင်သေးဘူး။ ကောင်းတဲ့စနစ်ကိုယူပါ၊ တုပါ။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ပကတိအခြေအနေကို လည်း ထည့်တွက်ပါ။

လွန်ခဲ့တဲ့(၂)နှစ်က သြစတေးလျကသူတေသနအဖွဲ့လာတယ်။ လေ့လာချင်တယ်ဆိုလို့ ကိုယ်တို့ဆီက စာသင်ကျောင်းကို လိုက်ပို့ပေးတာ။ သူတို့ကြည့်တယ်၊ စာသင်ခန်းတစ်ခုမှာ ကျောင်းသား(၆၀)ကျော်ဖြစ်နေတော့ သူတို့က အရမ်းအံ့သြနေတယ်။ နောက်တစ်ချက် ကိုယ်တို့ဆီက အလယ်တန်းကျောင်းတစ်ခုမှာဆိုရင် ဒုတိယတန်း တစ်တန်းမှာ ကို ပဲကျောင်းသား(၁၀၀)ကျော်လောက်ရှိတယ်၊ ဆရာကတစ်ယောက်တည်း၊ စဉ်းစားကြည့်ပေါ့။ အတန်းခွဲမယ်ဆိုလည်း နေရာ ကပြဿနာမရှိသေးဘူး၊ လုပ်ယူလို့ရသေးတယ်။ ဆရာကမရှိဘူးဖြစ်နေတာလေ။ ဖွဲ့စည်းပုံအရအပြည့်ပဲ။

အဲဒါကြောင့် ကွင်းဆင်းလေ့လာတွေ့ရှိချက်တွေနဲ့ လုပ်တတ်တဲ့အလေ့အထရှိဖို့လိုအပ်တယ်။ ဒီလိုမဟုတ်ပဲ ဗဟိုကနေ paper work နဲ့လုပ်နေသမျှတော့ အဆင်မပြေနိုင်ဘူး။ တလောကလည်း ဒုတိယညွန်ကြားရေဒမှူးရောက်လာတော့ ကျွန် တော်ပြောတယ်။ ကျောင်းတွေကိုကွင်းဆင်းလေ့လာမှုလုပ်ပါ၊ သွားမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးမယ်။ အဲသလိုတွေပြောဖြစ်တယ်။ ဒါကြောင့် ပြောရရင် ကွင်းဆင်းလေ့လာပြီးမှာ လုပ်ငန်းအကောင်အထည်ဖော်တဲ့စနစ် လုပ်ပါ။ အောက်ခြေက အသံတွေကိုနားထောင်ပါလို့ အကြံပြုချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။