• Today is: Friday, April 23, 2021

မေးခွန်းထုတ်ချိန်တန်ပြီ NLD အစိုးရ၊ အခြေခံဥပဒေပြင်စရာမလိုဘဲ အစိုးရကပြုလုပ်နိုင်သည့် တိုင်းရင်းသားအခွင့်အရေး (၁၀)ချက်

Federal Journal
October17/ 2018

 

          ပြည်သူကအမတ်(၉၀၀)ကျော်ဖြင့် ရွေးကောက် တင်မြောက်ခဲ့သည့် NLD အစိုးရ၏ သက်တမ်း သည် ခေါက်ချိုးကျိုးသွားပါပြီ။ ၂၀၂၀- ခုနှစ်တွင် ရွေးကောက်ပွဲအတွက် အချိန်ကုန်တော့မည်ဖြစ်သော ကြောင့် အစိုးရလုပ်ငန်းကို လွတ်လွတ်ကျွတ်ကျွတ်လုပ်ရန် လာမည့်နှစ် (၂၀၁၉- ခုနှစ်) တစ်နှစ်သာ အချိန် ရှိတော့သည်။

          ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံကို ကြားကာလအတွင်း (၃)ကြိမ်ခန့် ကျင်းပနိုင်ရန် ဆန္ဒရှိနေပြီး ထိုရလဒ် (ပြည်ထောင်စု သဘောတူ စာချုပ်- Pyidaungsu Accord) ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန်ဆန္ဒရှိနေကြောင်း သိရ သည်။ ယင်းအပြင် မျှော်လင့်စရာရှိသလားဆိုလျှင် “နိုး”ဟု ဆိုရပါမည်။ သာဓကတစ်ခုအနေဖြင့် လက်ရှိပြည်ထောင်စုသဘော တူစာချုပ်ကို (၂)ကြိမ်ခန့်လက်မှတ်ရေးထိုးပြီး အချက်ပေါင်း(၅၁)ချက် သဘောတူထားပြီးဖြစ်သော်လည်း အခြေခံဥပဒေပြင်ဆင်ရလောက်သည့်ဆို၍ မည်မည်ရရတစ် ချက်မှ၊ မပါဝင်ပေ။

          NCA လမ်းကြောင်းရော၊ ခြေ/ဥ (လွှတ်တော်)လမ်းကြောင်းရော နှစ်ခုစလုံးမှာတပ်မတော်က Vito အာဏာရှိထားသည်ကတစ်ကြောင်း၊ တပ်မတော်၏ အပြောင်းအလဲအတွက် နိုင်ငံရေးစိတ်အား ထက်သန်မှု (political will) ရေချိန်နိမ့်ပါးမှုကြောင့်တစ်ကြောင်း ၂၀၂၀ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေပြင်ဆင် ရေးသည် တပ်မတော်ကလက်မခံနိုင်သည့် အသေးအမွှားလောက်သာမြင် တွေ့ရဖွယ်ရှိပြီး ဖက်ဒရယ်ဒီမို ကရေစီအတွက် တိုင်းရင်းသားပြည်သူများလိုလားတောင့်တသော အချက်များပြင်ဆင်မှုမျိုး မျှော်လင့်ရန်မရှိ ပေ။

          ထို့ကြောင့် NLD အနေဖြင့် သူ့၏အစိုးရသက်တမ်းအတွင်း လွှတ်တော်နှင့်အစိုးရယန္တရားကို အထိ ရောက်ဆုံးအသုံးပြုကာ မည်သူ့မျက်နှာကိုမှမထောက်ဘဲ တိုင်းရင်းသားများလိုလားတောင့်တ သည့် မူလအခွင့်အရေးများကို ဖော်ဆောင်ပေးသင့်ပါပြီ။ ထို့ကဲ့သို့ ဆောင်ရွက်ရန် ထပ်မတော်နှင့် အခြေခံဥပဒေ ကို လွယ်ကူစွာဖြင့် ဖော်ဆောင်နိုင်သည့် အချက်ပေါင်းများစွာရှိသည့်အနက် အ ချက်ပေါင်း(၁၀)ချက်ကို အကျဉ်းချုံးဖော်ပြလိုက်ရပါသည်။

          ၁။     တိုင်းရင်းသားမိခင်ဘာသာစကား အခြေပြုပညာသင်ကြားရေးစနစ် (Ethnic mother tongue based education system)

          တိုင်းရင်းသားမိခင်ဘာသာစကား အခြေပြုပညာသင်ကြားရေးစနစ် အကောင်အထည်ဖော်ရေး နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပပညာရှင်များ၊ တက္ကသိုလ်ကျောင်းအဖွဲ့အစည်းများနှင့် တိုင်းရင်းသား အဖွဲ့အ စည်းတော်တော်များများက ဖော်ပြတောင်းဆိုကြပြီးသားဖြစ်ပါသည်။ အနီးကပ်ဆုံးအနေဖြင့် ENAC အဖွဲ့က စာတမ်းပြုစုပြီး တိုင်းရင်းသားများ၏လိုလားမှု၊ နိုင်ငံတကာကျင့်သုံးမှုများ၊ မိမိတို့နိုင်ငံ ထက် ဘာသာစကား အဆမတန်များပြားသည့်နိုင်ငံများတွင် အခက်အခမြရှိကျင့်သုံးနိုင်မှုနှင့် ယုံကြည် မှုတည်ဆောက်ရေး အတွက် အရေးကြီးပုံများကို အကျယ်တဝင့်ဖော်ပြထားသည်။ အစိုးရအဆက် ဆက်က “ဘာသာစကားအ ရမ်းကွဲပြားလို့”၊ “ကုန်ကျစရိတ်များလို့”၊ “တိုင်းရင်းသားစည်းလုံးညီညွှတ် မှုလျော့ကျစေနိုင်လို့”ဆိုသည့် အကြောင်းပြချက်များမှာ ခိုင်လုံမှုမရှိတော့ချေ။ အခြေခံဥပဒေကန့်သတ် ချက်နှင့်တပ်မတော်၏ သဘောထားကန့်သတ်ချက် စသည်တို့ကို အကြောင်းပြုရသည့်ကိစ္စလည်းမ ဟုတ်ပေ။

NLD အစိုးရအနေဖြင့် ယင်းအစီအစဉ်ကို အခုထိစတင်ဆောင်ရွက်ခြင်း (Initiate) မလုပ်သေးသ နည်း။ ဘာကြောင့် ရေငုံနှုတ်ပိတ်နေရသနည်း။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထိုစနစ်ကို မကြိုက်ဘူးဟု ပြောဆိုနေခြင်းသည် အမှန်တကယ်ဖြစ်နေပြီလော . . . .။

၂။     သဘာဝသယံဇာတခွဲဝေရေး (Natural Resource Sharing)

မြန်မာနိုင်ငံတွင် သယံဇာတနှင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ မည်မျှထိပတ်သက်နေသည် ကိုအားလုံးအသိဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရ မည့် ခေါင်းစဉ်ကြီး(၅)ခုထဲတွင် ထည့်သွင်းရခြင်းဖြစ်သည်။ “ဝ”လက်နက်ကိုင်တပ်ဖွဲ့ (UWSA)၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့တင်သွင်းစာတမ်းတွင် တိုင်းရင်းသားပြည်နယ်ဒေသတွင် ရှိသော သယံဇာတရင်း မြစ်ရှာဖွေတူးဖော်မှုပုံစံကို တိုင်းရင်းသားများအား လုယက်ခြင်းပင်ဖြစ်သည် ဟု တည့်တည့်ဝေဖန်ခဲ့သည်ကို တွေ့ရသည်။

    စာရေးသူကိုယ်တိုင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သုတေသန(thesis) ရေးသားပြု စုခဲ့သည့် အတွက လေ့လာတွေ့ရှိချက်အရ တိုင်းရင်းသားခေါင်းဆောင်အားလုံးက မိမိတို့ပြည်နယ်ဒေသအ တွင်းရှိ သယံဇာတမှ ထွက်ရှိသည့် အကျိုးအမြတ်များ၏ အများစုကို ပြည်နယ်အစိုးရသို့ခွဲဝေပေးသည့် စနစ် ကို လိုလားကြသည်။ အများစုက ပြည်နယ်နှင့်ပြည်ထောင်စုခွဲဝေမှုကို (၇၀း၃၀)အချိုးအဖြစ်လို လားကြပြီး အလားတူ (၈၀း၂၀)၊ (၆၀း၄၀)၊ (၅၀း၅၀)စသည်ဖြင့် သဘောထားရှိကြသည်ကိုလည်း တွေ့ရသည်။

အချို့(အထူးသဖြင့် ဗမာအမျိုးသားနိုင်ငံရေးသမားများ)က ထိုပမာဏသည် အလွန်များ ပြားသည်ဟု ယူဆကြသည်။ အမှန်မှာ နိုင်ငံတကာတွင် အလားတူအချိုးမျိုးကို ကျင့်သုံးကြသည်သာဖြစ် သည်။ အိမ်နီးချင်း အင်ဒိုနီးရှားတွင် အာချေးပြည်နယ်ကို (၇၀%)ပေးခြင်းဖြင့် ငြိမ်းချမ်းရေးအောင်မြင်သွား သည်ကို နမူနာယူသင့်သည်။ ထိုနည်းတူ မလေးရှားတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကလွဲ၍ ကျန် သည့်သယံ ဇာတအားလုံးကို ပြည်နယ်လုပ်ပိုင်ခွင့်ထဲ အပ်နှင်းထားကြောင်းတွေ့ရသည်။ လက် ရှိမြန် မာနိုင်ငံတွင် ထိုကဲ့သို့ ခွဲဝေမှုလုံးဝမရှိဘဲ ဗဟိုက(၁၀၀%)သိမ်းကျုံးရယူထားသည်။ ဗဟိုမှပြည်နယ်သို့ ပြန်လွှဲသည့် ဘဏ္ဍာငွေမှာ (၈%)အောက်ရောက်နေပါသည်။

ထို့ကြောင့် NLD အစိုးရက သယံဇာတအကျိုးအမြတ်(၇၀%)ပြည်နယ်သို့လွှဲပေးသည့် အဆင့်မဟုတ် သည့်တိုင် (၂၅%)လောက် ပဏာမအဆင့်ခွဲဝေပေးပြီး နောက်နောင်ငြိမ်းချမ်းရေးဆွေးနွေးမှု နှင့်အတူ တိုးချဲ့ဆောင်ရွက်နိုင်ရန် တံခါးဖွင့်ပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများ (သာဓု)ခေါ်ကြမည် မှာ မလွဲဧကန်ဖြစ်ပါသည်။

ဤနေရာတွင် အချို့က အခြေခံဥပဒေပုဒ်မ(၃၇)ပါ နိုင်ငံတော်သည် သယံဇာတအားလုံး၏ ပင်ရင်းပိုင် ရှင်ဖြစ်သည်ဆိုသည့် အချက်ကိုပြည်ထောင်စုအစိုးရ သို့မဟုတ် ဗဟိုအစိုးရကိုညွှန်ဆိုခြင်းဖြစ် သည် ဟု နားလည်မှုလွဲမှားနေသည်ကတစ်ကြောင်း၊ အခြေခံဥပဒေဇယား(၁/၂/၃)နှင့်(၅)တွင် အာဏာအ ခွန်ဘဏ္ဍာသတ်မှတ်ထားမှုအပေါ် နားလည်မှုလွဲမြှးနေသည်ကတစ်ကြောင်းကြောင့် သယံဇာတနှင့် အခွန် ဘဏ္ဍာခွဲဝေမှု (natural resource revenue sharing) ကို ကန့်သတ်ထားသည်ဟု မှတ်ယူ နေကြသည်။ အမှန်စင်စစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ(၂၂)ရက် အခြေခံဥပဒေပြင်ဆင်သည့် အချက်(၅၄) ချက်တွင် ပြည်နယ် အစိုးရများထံသို့ အခွန် (revenue)နှင့် လုပ်ပိုင်ခွင့်ပြန်လွှဲခွင့် (right to redistribution ot^and delegation)ကို အခြေခံဥပဒေကကန့်သတ်ထားခြင်း မရှိတော့ကြောင်း တွေ့ရသည်။ ထိုအချက်ကို ဒုတိယ အကြိမ် ၂၁ ပင်လုံအစည်းအဝေးတွင် တပ်မတော်သားကိုယ်စား လှယ်များကိုယ်တိုင် ထုတ်ဖော်ခဲ့ပြီးဖြစ်သည်။

         ထို့ကြောင့် NLD အစိုးရက သယံဇာတအကျိုးအဖြတ်(၇၀%)ပြည်နယ်သို့လွှဲပေးသည့်အ ဆင့် မဟုတ်သည့်တိုင် (၂၅%)လောက် ပဏာမအဆင့်ခွဲဆေဝပေးပြီးနောက်နောင်ငြိမ်းချမ်းရေးဆွေးနွေးမှု နှင့်အတူ တိုးချဲ့ဆောင်ရွက်နိုင်ရန်တံခါးဖွင့်ပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူများ သာဓုခေါ်ဆို ကြမည် မှာမလွဲဧကန်ဖြစ်ပါသည်။

၃။ ဘာသာရေးဆိုင်ရာအခွင့်အရေး

          ဘာသာရေးဆိုင်ရာနှင့်ပတ်သက်၍ ယခင်ကြံ့ခိုင်ရေးအစိုးရနှင့် လက်ရှိ NLD အစိုးရကြားတွင် မူဝါဒ ကွာခြားမှု တိတိပပမတွေ့ရပေ။ တစ်နည်းပြောရလျင် NLD အစိုးရသည် ဘာသာခြားများမျှော်လင့်သ လောက် ဘာသာရေးဆိုင်ရာအခွင့်အရေးအတွက် ထူးထူးခြားခြားဖော်ဆောင်နိုင်ခြင်းမရှိပါ။ မဘသ နှင့် ARSA ကဲ့သို့သော ဘာသာရေးအစွန်းရောက်များ၏ ဖြစ်နိုင်ချေတုံ့ပြန်မှုများကို ရှောင်ရှားလိုသောကြောင့် အချို့အပိုင်းများကို အချိန်ယူခြင်းဖြစ်နိုင်သည်ဟု ဘာသာခြားခေါင်းဆောင်များ နှစ်သိမ့်နိုင်သောလည်း သူ့ပါတီ၊ အစိုးရအာဏာနှင့် ပုဂ္ဂိုလ်အကျိုးစီားပွားနှင့်ဆိုသော အချို့အပိုင်းများတွင် မည်သူ့မျက်နှာမှမထောက်ဘဲ အရေးယူဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့ရပြန်သောအခါ နားလည်ရခတ်ပါသည်။

          NCA အပိုဒ်(၁-င)တွင် ပါရှိသည့်အတိုင်း (အထူးသဖြင့် ဗုဓ္ဒဘာသာဝင်မဟုတ်သော လူနည်းစု ဘာသာဝင်)များသည် ဘာသာရေးနှင့် နိုင်ငံရေးရောယှက်ခြင်းမရှိသည့် နိုင်ငံတော်ကိုတည်ထောင်လိုကြ သည်။ အစိုးရအနေဖြင့် ဘာသာရေးကို နိုင်ငံတော်ယန္တရား(state mechanism) အဖြစ် အသုံးပြုမှုကို ရပ်တန့်စေလိုကြသည်။ တစ်နည်းအား ဒီမိုကရေစီနိုင်ငံများတွင် ထားရှိလေ့မရှိသော သာနသာရေးဝန်ကြီး ဌာနအပါအဝင် သင်္ဃမဟာနာယက (မဟန)ကို ဖြတ်သိမ်းစေလိုကြသည်။ တိုင်းပြည်အတွက် အကျိုးမပြုရုံ မကဘဏ္ဍာငွေအလေအလွင့်လည်းဖြစ်စေပါသည်။ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာငွေများကို အခြားရဲ တပ်ဖွဲ့၊ တရားရေး၊ ပညာရေး စသည့် ကဏ္ဍများတွင် သုံးစွဲခြငးအားဖြင့် တရားဥပဒေစိုးမိုးမှုနှင့် ဘာသာ ဂိုဏ်းဂဏများအကြား ယုံကြည်မှုနှင့် တည်ငြိမ်မှုပိုမိုရှိပါလိမ့်မည်။

          ထို့အပြင် အနည်းဆုံးအားဖြင့် လက်ရှိတည်ောဆက်ပြီးသား ဘာသာရေးဆိုင်ရာအဆောက်အအုံ များနှင့် သာသနာပိုင်မြေများကို အစိုးရကတရားဝင်အသိအမှတ်ပြုသည့် အထောက်အထားမှတ်ပုံတင်ထုတ် ပေးသင့်သည်။ ဥပမာ- ခရစ်ယာန်ကိုးကွယ်မှု (၈၆%)ရှိသော ချင်းပြည်နယ်အတွင်းတွင် ၂၀-ရာစု ဆန်းပိုင်း ကတည်းက ယနေ့ထိတည်ဆောက်ထားသော ဘုရားကျောင်း(၂၀၀၀)ကျော်ရှိရာ အစိုးရက သာသနာဆိုင် ရာမှတ်ပုံတင်(လိုင်စင်)ကို တစ်ကျောင်းတလေမှ ထုတ်ပေးခြင်းမရှိသည်မှာ ရုပ်ဆိုးအကြည်းတန်လွန်းလှပါ သည်။

          ၄။     ပြည်နယ်နှင့်တိုင်းဒေသကြီးနယ်နိမိတ် ပြန်လည်သုံးသပ်သင့်

တိုင်းရင်းသားပြည်နယ်အများစု (ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင် . . .စသည်)၏ ပိုင်နက်နယ်နိမိတ်ကို လွတ်လပ်ရေးရပြီးကတည်းက ယနေ့အထိ ပြည်မဘက်က တိုက်စားခံနေရသည်ဟု ခံစားရပါသည်။ ကျွန်တော်ကိုယ်တိုင် ချင်းပြည်နယ်သးဖြစ်ပြီး NLD အစိုးရတက်လာသည့် ယနေ့အထိ ပြည်နယ်နယ်နိမိတ် ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ တိုက်စား(ကျူးကျော်)ဆဲဖြစ်သည်ကို ကိုယ်တွေ့ မျက်မြင်ဖြစ်ပါသည်။

အခြေခံဥပဒေပုဒ်မ(၅၂၊ ၅၃)အရ အစိုးရက နယ်နိမိတ်ပြန်လည်သုံးသပ်၊ ပြင်ဆင်သတ် မှတ်ရေးကို ပါးနပ်စွာလုပ်နိုင်ခွင့်ရှိပါသည်။ အချို့အပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၏(၇၅%)ကျော် သဘောတူညီမှုရယူရန်လိုအပ်သော်လည်း ထိုအဆင့်ထိမရောက်ဘဲ ဖြေရှင်းဆောင်ရွက်နိုင်သောနည်းလမ်း ရှိပါသည်။ ဤကိစ္စသည် အလွန်အကဲဆတ်သည့်အတွက် နေ့ချင်းညချင်းဖြေရှင်းရန် မဟုတ်သော်လည်း အခုကတည်းက စတင်ကိုင်တွယ်သင့်ပါပြီ။ စိတ်ဆန္ဒ (will) ရှိကြောင်းလည်း ဖော်ပြသင့်ပါပြီ။

၅။     တစ်နိုင်ငံလုံးတူညီဝတ်စုံ (Uniform) ဝတ်ဆင်ခိုင်းမှုရပ်တန့်သင့်ပြီ

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုမျိုးတို့ဖြင့်တည်ဆောက်ထားသောနိုင်ငံ(multi-natural state) တွင် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် တူညီဝတ်စုံသတ်မှတ်ခြင်းသည် မလိုလားအပ်သည့် မသင့်မြတ်မှုကို ဖိတ်ခေါ်ရာ ရောက်ပါသည်။ မြန်မာနိုင်ငံ၏ အစိုးရရုံးများနှင့် စာသင်ကျောင်းများတွင် တူညီဝတ်စုံ(ပုဆိုးနှင့်လည်းကတုံး) ဝတ်ဆင်ခိုင်းခြင်းသည် ထိုကဲ့သို့ ဝတ်ဆင်ခြင်းအလေ့အထမရှိသည့် လူမျိုး(အထူးသဖြင့်တောင်ပေါ်သား) ထံသို့ ယဉ်ကျေးမှုအတင်းသွယ်သွင်းရာရောက်ပြီး လူ့အခွင့်အရေးချိုးဖောက်ရာလည်းရောက်ပါသည်။ အထူးသဖြင့် ပုဆိုးဝတ်လေ့မရှိသော ချင်းပြည်နယ်က ကလေးများအတွက် မိုးရာသီးရွှံ့ထဲဗွတ်ထဲနှင့် ဆောင်းရာသီခိုက်ခိုက်တုန်အေးသည့်မနက်ခင်းများတွင် ပုဆိုးပါးပါးဝတ်စေပြီး ကျောင်းတက်ခိုင်းခြင်းသည် ယဉ်ကျေးမှုအရရော၊ ရာသီဥတုအရပါ ဆီလျော်မှုမရှိသကဲ့သို့ တရားမျှဆမှုလည်းမရှိပါ။

အမှန်မှာ လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ) မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီ၊ သူနာပြု . . .စသည့်မှလွဲ၍ ကျန်သည့်အစိုးရဝန်ထမ်းများကိုလည်း တူညီဝတ်စုံသတ်မှတ်ပေးစ ရာမလိုအပ်ပါ။ ထို့အပြင် ဝန်ကြီးများကဲ့သို့သော နိုင်ငံရေးရာထူးများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမျိုးသားဝတ်စုံ(national dress) အဖြစ် တိုက်ပုံ၊ လည်ကတုံး၊ ပုဆိုးဝတ်ဆင်စေခြင်းသည် ဟောင်းနွမ်း နေပြီဖြစ်သော အတွေးအခေါ်များပင်ဖြစ်သည်။ စာသင်ကျောင်းဝတ်စုံများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းဝတ်စုံများများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာပြည်နယ်အဆင့်၊ သို့မဟုတ် မြို့နယ်အဆင့်၊ သို့မဟုတ် စာသင်ကျောင်းအသီးသီးက နှစ်သက်သလို သတ်မှတ်ဝတ်ဆင်ခွင့်ပေးသင့်ပါသည်။

၆။     လူမျိုးနှင့်ပြည်နယ်နေ့များ ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးရေး

ချင်းနှင့်မွန်ကအမျိုးသားနေ့ကို အထွဋ်အထိပ်ထားပြီး ဒီဘက်ခေတ်တွင် ရခိုင်ကလည်း အမျိုးသား နေ့ကျင်းပလာသည်ကို တွေ့ရသည်။ ကချင်နှင့်ရှမ်းတို့က ပြည်နယ်နေ့ကို တန်ဖိုးထားကြပြီး ကချင်သည် ရိုးရာမနောပွဲကို ပိုတန်ဖိုးလာသည်။ (လူမျိုးတစ်မျိုးတည်းက (၅၀%)မကျော်သည့် ပြည်နယ်များတွင် လူမျိုး တစ်မျိုးတည်းအခြေပြုခေါင်းစဉ်တပ်ခြင်းကို ရှောင်ရှားလိုဟန်ရှိသည်)။ ကရင်သည် နှစ်သစ်ကူးပွဲကိုအမြင့် ဆုံးထားရှိပြီး တော်လှန်ရေးနေ့ကိုလည်း တန်ဖိုးထားသည်။

တစ်နည်းအားဖြင့် လူမျိုးနှင့်ပြည်နယ်တစ်ခုခု၏ အမြင့်ဆုံးသတ်မှတ်ထားသည့်ပွဲလမ်းသဘင်ကျင်း ပသည့် ရက်များကို သက်ဆိုင်ရာပြည်နယ်၊ လူမျိုး၊ ဒေသအသီးသီး၏ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခွင့်ပြု သင့်သည်။ ပြောရမည်ဆိုလျှင် လွန်ခဲ့သည့် သုံးလေးလ(၂၀၁၈)တုန်းက ချင်းပြည်နယ်လွှတ်တော်က ချင်းအမျိုးသားနေ့ကို ပြည်နယ်၏တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော်လည်း နေပြည်တော် အစိုးရက မြန်မာနိုင်တွင်ရုံးပိတ်ရက်များပြားနေပြီဆိုသည့် ခိုင်လုံမှုမရှိသောအကြောင်းပြချက်ဖြင့် ပြန်လည် ရုပ်သိမ်းရကြောင်းသိရသည်။

၇။      FPIC စနစ်ကို အပြည့်အဝလက်ခံသင့်

FPIC-Free prior and Informed Consent သည် အများသိရှိသည့်အတိုင်း ဒေသတစ်ခုတွင် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်မည်ဆိုပါက သက်ဆိုင်ရာဒေသခံများကို ကြိုတင်အသိပေးရှင်း လင်းပြီး သူတို့၏သဘောတူညီမှုကို ရယူခြင်းသည်။ ယင်းကို United National Declaration on The Rights of Indigenous People (UNDRIP)ခေါ် ကုလသမဂ္ဂဌာနေတိုင်းရင်းသားများဆိုင်ရာ ကြေညာစာ တမ်းအပိုဒ် (၁၀၊ ၁၉၊ ၂၉၊ ၃၂)နှင့် အခြားနိုင်ငံတကာစံချိန်စံနှုန်းတော်တော်များများတွင် သတ်မှတ်ချက် တစ်ခုအဖြစ်ထားရှိခြင်းဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်အောင်တောင်ဆိုမှုများနှင့် ညှိနှိုင်းမှုများရှိခဲ့သော် လည်း ယနေ့ထိ (NLD အစိုးရကိုယ်တိုင်) အပြည့်အဝလက်ခံထားခြင်း မရှိသေးပေ။ Free Prior and Informed ဆိုသည့်ကြိုတင်ရှင်းအသိပေးမှုအဆင့်ကို လက်ခံနိုင်သော်လည်း Consent ခေါ်သဘောတူညီ မှုရယူမည်ဆိုသည့် စကားရပ်ကို ဝါးမျိုနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ထုံးစံအတိုင်း ဗမာမှု ပြုလိုက်ပြန်ရာ C ဆိုသည့် Consent စကားလုံးကို consult ဟု ပြောင်းလိုက်ပြီး ညှိနှိုင်းဆောင်ရွက်ရမည်ဟု တလွဲသုံးနှုန်းလိုက်ရသည့်အဆင့်ရောက်သွားသည်။ (တိုင်းရင်းသားအခွင့်အရေးကာကွယ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ(၅)၊ ပတ်ဝန်ကျင်ထိခိုက်မှု ဆန်းစစ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်း- EIA Procedure ပုဒ်မ(၃၆-ဆ)၊ ပြည်ထောင်စုသဘောတူစာချုပ်အပိုင်း(၂) မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအပိုဒ်- ၂)။

          တိုင်းရင်းသားများအနေဖြင့် လက်ရှိဖရိုဖရဲဖြစ်နေသည့်ကာလတွင် သူတို့ဒေသတွင် သယံဇာတအလွန် အကျွံထုတ်ယူမှုကို ကာကွယ်စေလိုသည်။ (မကြာသေးခင်က NPF တိုင်းရင်းသား(၂၂) ပါတီ၏ ကြေညာချက်တွင်လည်း ထိုသဘောကိုတွေ့ရသည်)။ တာဝန်မဲ့ထုတ်လုပ်မှုနှင့်ဒေသခံများထိခိုက် စေသည့် လုပ်ငန်းများကို လောလောဆယ်ရပ်တန့်စေလိုကြသည်။ ထို့ကြောင့် တိုင်းရင်းသားဒေသတွင်း စီမံကိန်းကြီးများကို ဒေသခံများ၏ဆန္ဒအတိုင်း မရပ်တန့်နိုင်သည့်တိုင် အနည်းဆုံးအားဖြင့် FPICကို အပြည့် အဝလက်ခံကျင့်သုံးသင့်ပါသည်။

          ၈။      တိုင်းရင်းသားပြည်နယ်များအတွက် အနည်းဆုံးဝေစု (minimum quota) သတ်မှတ်သင့်

          ဆွစ်ဇလန်နိုင်ငံတွင် သမ္မတကို ဖက်ဒရယ်ကောင်စီဝင်(၇)ဦးက အလှည့်အကျလုပ်ရသည့် စနစ်ကို ဖန်တီးထားသဖြင့် ပြင်သစ်၊ အီတလီ၊ ဂျာမဏီနှင့်သြစတြီးလျ စကားပြောအုပ်စုများကြား သင့်မြတ်မှုရှိပြီး မည်သည့်အုပ်စုမျှခွဲထွက်ရန် ဆန္ဒမရှိကြကြောင်းကို ကာချုပ်ထံပြောပြခဲ့ကြောင်း မွန်လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက မိမိထံပြောပြဖူးသည်။ မြန်မာနိုင်တွင် တိုင်းရင်းသားများက အာဏာမရှိသည့်နိုင်ငံ ဥသျှောင်(Head of State) ကို လုပ်ခဲ့ဖူးကြသော်လည်း တကယ့်အမြင့်ဆုံးအုပ်ချုပ်ရေးအာဏာပိုင်သည့် Head of Executive ကို နှစ်ပေါင်း(၇၀)ကြာသည့်ယနေ့တိုင် တစ်ခါမှတာဝန်မယူခဲ့ဖူးပေ။ ရာစုနှစ်(၂)ခု ကျော်မှ အမေရိကန်တွင် လူမည်းသမ္မတဖြစ်လာသလိုမျိုး တိုင်းရင်းသားလူငယ်များအိပ်မက်မက်ရမြည်လား မပြောတတ်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံရေးရာထူးတာဝန်များခန့်အပ်ရာတွင် အနည်းဆုံး(၃၀)ရာခိုင်နှုန်း တိုင်းရင်းသားခန့်အပ်ရေးမူကို ကိုင်စွဲထားသင့်ပါသည်။

          ထိုထက်အရေးကြီးသည်မှာ အစိုးရဝန်ထမ်းရာထူးတာဝန်ခန့်အပ်ခြင်းနှင့် အစိုးရကျောင်းသားလက် ခံရွေးချယ်ခြင်းများတွင် တိုင်းရင်းသားများကို အနည်းဆုံး(၂၀% မှ ၃၀%)ကြားပါဝင်နိုင်ရေးကို မူ(ဥပဒေ) ဖြင့် ခွဲတမ်းချမှတ်သင့်သည်။ ဆွစ်ဇလန်နိုင်ငံတွင် (၆၀%)ကျော်သော ဂျာမဏီစကားပြောအုပ်စုက အခြားလူနည်းစုများနှင့် သမ္မတအလှည့်ကျတန်းတူလုပ်သည့် အာဏာတူမျှဝေမှုစနစ်ကို သဘောထားကြီး ကြီးဖြင့် လက်ခံထားသကဲ့သို့ မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကာလတွင် ဗမာခေါင်းဆောင် များကလည်း “ငါတို့ကလူမျိုးစုပဲ”ဆိုသည့် လူမျိုးကြီးဝါဒကို ဖြုတ်ပစ်ရန်လိုအပ်ပါသည်။

          တိုင်းပြည်တည်ငြိမ်ခိုင်မာပြီးသားဖြစ်သော အိန္ဒိယနိုင်ငံမှာပင် Quota စနစ်ကို အချို့နေရာများမှာ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးနေသေးသည်ကိုတွေ့ရသည်။ အထူးသဖြင့် အစိုးရအဆက်ဆက်က ဦးစားပေးမှု ကွာခြားပြီး အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးမှုအလွန်ကွာဟနေသည့် ပြညမနှင့် တိုင်းရင်းသားဒေသခံ လူငယ်များကို လုံးလုံးလျားလျား တန်းတူယှဉ်ပြိုင်ခိုင်းခြင်းသည် တရားမျှတမှုမရှိပေ။

          ၉။     ပြည်နယ်နှင့် တိုင်းဒေကြီးလွှတ်တော်ရွေးကောက်ပွဲ သီးခြားကျင်းပသင့်

          ပြည်ထောင်စုအဆင့်ရွေးကောက်ပွဲ (ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ) နှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်ရွေးကောက်ပွဲကို သီးခြားကျင်းပပေးသင့်သည်။ ထိုသို့ ခွဲ၍ကျင်းပပေးခြင်းအားဖြင့် ပြည်ထောင်စုအဆင့်အစိုးရ၊ လွှတ်တော်များနှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့် အစိုးရ၊ လွှတ်တော်များ၏ အရေးပါမှု အခန်းကဏ္ဍနှင့်ရေခံမြေခံသဘောတရားမတူညီမှုကို မဲဆန္ဒရှင် ပြည်သူများအား ခွဲခြားသိမြင်စေမည်ဖြစ်ပြီး ရွေးကောက်ပွဲ၏အဓိပ္ပါယ်ကိုလည်း ပိုမိုလေးနက်စေမည်ဖြစ် ပါသည်။

          ထို့အပြင် မဲဆန္ဒရှင်များ(အထူးသဖြင့် နယ်စပ်ဒေသရှိတိုင်းရင်းသားများ) လက်ရှိကြုံတွေ့နေရသည့် အခက်အခဲတစ်ခုဖြစ်သော ရွေးကောက်ပွဲနေ့တစ်နေ့တည်းတွင် မတူညီသော အစိုးရနှင့် လွှတ်တော်များ အတွက် လူတစ်ဦးက မဲပြား(၃)ခု(အချို့က(၄) ခု)တပြိုင်တည်းရွေးချယ်မဲပေးရသည့် အခက်အခဲနှင့်ရှုပ် ထွေးမှုကို လျော့ချစေမည်ဖြစ်သည်။

          ဤကိစ္စအတွက အခြေခံဥပဒေကိုပြင်ဆင်ရန်မလိုအပ်ဘဲ ရွေးကောက်ပွဲဥပဒေများပြင်ဆင်ခြင်းဖြင့် လွတ်လွတ်ကျွတ်ကျွတ်ဆောင်ရွက်နိုင်သည့် အချက်ဖြစ်ပါသည်။

          ၁၀။    တိုင်းရင်းသားရေးရာဝန်ကြီးများကို ပြန်လည်သုံးသပ်ပေးသင့်

          မွန်လူမျိုးများစတင်တည်ထောင်ခဲ့သည့် ရန်ကုကဲ့သို့သော နေရာမျိုးတွင် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမရှိခြင်းမှာ တစ်ခုခုလွဲချော်နေခြင်းဖြစ်ပါသည်။ ၂၀၁၁-၁၂လောက်က မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးရရှိရေး လှုပ်ရှားမှုရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဆွေ(၇)ဆက်၊ မျိုး(၇)ဆက် မှတ်ပုံတင်အချက် အလက်တောင့်ခံသဖြင့် ပြင်ဆင်ရန်အလွန်ခက်ခဲသည်ဟု အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ တစ်ဦးက မိမိကို ပြောပြခဲ့ဖူးသည်။

          အစိုးရအနေဖြင့် ၂၀၁၄ သန်ခေါင်စားရင်းအရ လူမျိုး(မေးခွန်းနံပါတ်(၄၀)တွင်ပါရှိ)စာရင်းကို တိုင်းရင်းသားပြည်သူများအား အသိပေးသင့်ပါသည်။ ကချင်ပြည်နယ် လူဦးရေစာရင်းလိုမျိုးကိုဖြင့် နိုင်ငံရေး အရကွက်၍ဖော်ပြပြီး ကျန်စာရင်းများကို ဖုံးကွယ်ထားခြင်းသည် မတရားပေ။ လူမျိုးအလိုက် လူဦးရေစာရင်း ကိုဖော်ပြပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနကို ပြန်လည်သုံးသပ်သင့်ပါသည်။ အချို့နေရာများတွင် ပြည့်စုံ မှုမရှိသည့်အပိုင်းကို အခြားစာရင်းအင်းများနှင့်ပေါင်းစပ်၍ ရသကဲ့သို့(၁၀)နှစ်ပြည့်ပြီး (၂၀၁၄-ခုနှစ်)နောက် တစ်ကြိမ်ပြန်ပြုစုရမည်ဖြစ်သည့်အတွက (၁၀၀%)ပြည့်စုံမှုမရှိသည်ကိုအကြောင်းပြပြီး စာရင်းဖုံးကွယ်ခြင်း မလုပ်သင့်ပေ။

          နိဂုံး (အခုရှုပ်မှနောင်ရှင်းမည်)

          အစိုးရအနေဖြင့် တပ်မတော်မျက်နှာထောက်နေရသည့်အပြင် ကျက်ခါနီးအနာဟောင်းကို ပြန်ဆွသလိုဖြစ်နေမည်ကို မလိုလား၍ဖြစ်မည်ထင်ပါသည်။ တိုင်းရင်းသားများကမူ အခုရှုပ်မှနောင်ရှင်းမည် ဟု ယုံကြည်နေကြသည်။ “လူ”ကဲ့သို့ အခုခင်ပြီး နောင်ရန်ဖြစ်တတ်သည်ထက် “ခွေး”ကဲ့သို့ အခုကိုက်ပြီး နောင်ခင်မင်သွားတတ်သည်ကို ပိုသဘောကျကြသည်။

          ကျွန်တော်တို့တိုင်းပြည်တွင် စစ်အာဏာရှင်အစိုးရအဆက်ဆက်ကတည်းက ယနေ့အထိ တိုင်းရင်းသားညီအစ်ကိုများ ဥမကွဲသိုက်မပျက်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ ကျောသားရင်သားမခွဲခြား . . . စသည်ဖြင့် ရန်မဖြစ်ဖူးသယောင်ယောင်၊ အလွန်ညီညွှတ်နေသယောင် ယောင် ဟန်ဆောင်လိမ်လည်သောနည်းလမ်းဖြင့် စည်းလုံးညီညွှတ်မှုတည်ဆောက်နေခြင်းထက် နာကြည်းမှု၊ မကျေနပ်မှု၊ မှားယွင်းမှုနှင့ကျူးလွန်မှုများကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ရင်ဖွင့်ပြီး ထိုအချက် များကို မည်ကဲ့သို့ ပြန်လည်ကုစားသင့်သည်ဆိုသည့် ပြဿနာဖြေရှင်းခြင်းနည်းလမ်းဖြင့် တိုင်းပြည်တည် ဆောက်သင့်ပါပြီ။

          ဒဏ်ရာကိုဖုံးကွယ် ပိတ်လှောင်ထားပါက ပိုဆိုးမည်သာဖြစ်သည်။ ပြည်နယ်နယ်နိမိတ်အမှန် အတွက် မြေပုံဟောင်းနှင့် စာရွက်စာတမ်းအမှန်များဖြင့် ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းပြန်လည်တိုင်းတာရဲ ရပါမည်။ အလားတူ အစ်ကိုဖြစ်သူလူမျိုးကြီးက ညီငယ်(လူမျိုးငယ်)များကို “မင်းတို့စာပေ၊ ရိုးရာဝတ်စုံတွေ ထားခဲ့။ င့ါစာပေပံသင်၊ ငါ့ဝတ်စုံပဲဝတ်ကြ”ဆိုသည့် အတင်းအဓမ္မနည်းဖြင့် စည်းလုံးညီညွှတ်မှုတည်ဆောက် သည့်လမ်းစဉ်၊ အတွေးအခေါ်ဟောင်းများကို စွန့်လွှတ်ရပါမည်။ အတင်းလွှမ်းမိုးမှု(Assimilation)မျိုးဖြင့် စည်းလုံးညီညွှတ်မှုနှင့် ယုံကြည်မှုတည်ဆောက်၍မရသည်ကို နှစ်ပေါင်း(၇၀)သင်ခန်းစာအရ နားလည်သင့် ပြီးတန်းတူအခွင့်အရေးပေးခြင်းဖြင့်သာ တိုင်းပြည်ပြန်လည်တည်ဆောက်သင့်ပါပြီ။

ဆလိုင်းကျဲ ဘိခ်ထောင်း