• Today is: Thursday, April 22, 2021

ရေစီးက သန် လှော်တက်က သေး မြန်မာ့စီးပွားရေး ရေဆန်ခရီးကို လှော်နိုင်ပါ့မလား

Federal Journal
December21/ 2018

အေးမွန်

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံစီးပွားရေးနှင့် ရင်းနှီး မြုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာ နိုင်ငံနှင့်အာဆီယံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု” ဆိုသောခေါင်းစဉ်ဖြင့် မိန်းခွန်းပြောကြားခဲ့ပါသည်။

ယင်းမိန့်ခွန်းတွင်  အခါအခွင့်သင့်ပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ အဓိကဦးစားပေး ကဏ္ဍများဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးမြင့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်ရေးစက်မှု လုပ်ငန်းများ၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ လျှပ်စစ်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေးနှင့် ကျန်းမာ ရေးဝန်ဆောင်မှုလုပ်ငန်းများ၊ တန်ဖိုးသင့်အိမ်ယာတည်ဆောက်ရေးနှင့် စက်မှုဇုန်များ တည်ထောင်ရေးလုပ်ငန်း များတွင် ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

         နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က စင်ကာပူခရီးစဉ်တွင် ထိုကဲ့သို့ ပြောကြားခဲ့သလို နိုဝင်ဘာ ၁၂ ရက်နေ့ က ကျင်းပသည့် ဒသမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ပထမနေ့တွင်လည်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ကို အသစ်ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များအား ပြည်ထောင်စုရှေ့နေ့ချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များတွင် ကမ္ဘာ့စီးပွားရေးအခြေအနေ ပြောင်းလဲနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ တိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ ယခု ၂၁ ရာစုတွင် နိုင်ငံရေးနှင့် စီးပွားရေးမှာ ခွဲခြား၍ မရတော့ဘဲ ပထ၀ီဘောဂဗေဒ၊ ပထ၀ီနိုင်ငံရေးများအရ အားသာချက်များကို ရယူရမည်ဖြစ်၍ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ မဲခေါင်ဒေသခွဲ၊ BIMSTEC တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည်များ အတွက် ပြည်ပအကူအညီဖြစ်သည့် ချေးငွေ၊ အထောက်အပံ့တို့ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် အရေးကြီး ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် ပိုမိုလိုအပ်လျက်ရှိခြင်း စသည့်အချက်ပေါင်း ၆ ချက် ပါဝင်သည်။

         အသစ်ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာနကို ကြိုဆိုမှုများရှိသကဲသို့ ကန့်ကွက်မှုများလည်းရှိနေသည်။ NLD အစိုးရတက်လာစဉ်က တိုင်းပြည်ဘဏ္ဍာငွေကို ချုံ့သည့်သဘောဖြင့် အချို့သောဝန်ကြီးဌာနများကို ပေါင်းစည်း ၍ ၀န်ကြီးဌာန ၂၁ ခု၊ ၀န်ကြီး ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ၀န်ကြီးဌာနအသစ်များ ထပ်မံပေါ်လာသော်အခါ ဘတ်ဂျက်များ ပိုမိုကုန်ကျမည်ဖြစ်၍ မလိုအပ်ပါဟု အချို့သော စီးပွားရေးပညာရှင်များက ထောက်ပြလေသည်။

“၀န်ကြီးဌာနတွေ တစ်ခုပြီးတစ်ခု တိုးနေတယ်။ ၀န်ကြီးတွေလည်း တစ်ယောက်ပြီး တစ်ယောက် ထပ်တိုးနေတယ်။ ဒုဝန်ကြီးတွေလည်း ထပ်တိုးနေတယ်။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ရှေ့နောက်မညီဘူး ဖြစ်နေတယ်။ ဘတ်ဂျက်လိုငွေ အမြဲပြနေတဲ့အတွက် ခြိုးခြံချွေတာရမယ့် အချိန်ရောက်နေပြီ။ လက်ရှိ မြန်မာ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက လုံးဝကို အလွန်နည်းနေတဲ့အတွက် တိုးချဲ့ဖို့မလိုပါဘူး”ဟု စီးပွားရေးပညာရှင် ဦးလှ မောင်က သုံးသပ်ပြောဆိုသည်။

         စီးပွားရေးပညာရှင် ဦးလှမောင်က ထိုသို့ သုံးသပ်သော်လည်း နောက်ထပ်စီးပွာရေးပညာရှင်ဖြစ်သူ ဦးဇေယျသူက ယခု အခြေအနေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရအောင်လုပ်ဆောင်လိုသည့် ရည်ရွယ်ချက် ပါဝင်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခက်ခက်ခဲခဲ ယူရမည့်အနေအထားဖြစ်နေ၍ ဦးစီးဌာနအဆင့်မှ ၀န်ကြီးဌာန အဆင့်သို့ ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်လိမ့်မည်ဟု သုံးသပ်ပြောဆိုသည်။

 “၀န်ကြီးဌာနအသစ်ဖြစ်လာရင် သွက်သွက်လက်လက် လုပ်ရင်တော့ ကောင်းပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က ပို့ဆွမ်းပဲစားနေတဲ့ သဘောပေါ့။ အမှန်က အပြင်ထွက်ပြီး ရှာရမယ်။ ထိထိ ရောက်ရောက် လုပ်နိုင်မယ်ဆိုရင် ၀န်ကြီးဌာနအသစ်ဖွဲ့လိုက်တာ ကြိုဆိုပါတယ်။ ၀န်ကြီးဌာနဖွဲ့ပြီးသွားရင် ရလဒ် ပြဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ၀န်ကြီးဌာနတွေ ဖောင်းပွသွားမှာ စိုးရတယ်။ စလုပ်ပြီးဆိုတာနဲ့ ခြောက်လအတွင်း ဘယ် လောက်ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတယ်။ တစ်နှစ်အတွင်း ဘယ်လောက်ရင်းနှီးမြုပ်နှံမှုတွေ တိုးလာတယ်။ တစ်နှစ်အတွင်း ဘယ်လောက်တိုးလာတယ်။ ဒါမျိုးတွေနဲ့ စနစ်တကျပြနိုင်ဖိုတော့ လိုပါတယ်” ဟု ဦးဇေယျသူ က ပြောသည်။

            NLD ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် စီးပွားရေးမူဝါဒ (၁၂) ချက်ကို ထုတ်ပြန်ခဲ့သည်။ ယင်းမူဝါဒ ၁၂ ချက်ထဲတွင် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင် ခွင့် ရရှိစေရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင်ရွက်ရန်၊ မူပိုင်ခွင့်များ နှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန်ဟူသော အချက်များလည်း ပါဝင်လေသည်။

          ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ယခင်ကရှိပြီးသား ဥပဒေများဖြစ်သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမြှုပ်နှံမှုဥပဒေနှစ်ရပ်ကို ပေါင်းစည်းကာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် နည်းဥပဒေကို ဆက်လက်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ် မေလတွင် ဥပဒေအသစ်က အသက်ဝင်လာသည်။ ထို့အပြင် နှစ်တစ်ရာကျော်သက်တမ်းရှိခဲ့သည့် ကုမ္ပဏီအက်ဥပဒေကိုလည်း ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။ ထို ဥပဒေက ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်နေ့က  အသက်ဝင် ခဲ့သည်။

           ထိုကဲ့သို့ ဥပဒေပိုင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့်မူဝါဒများကိုလည်း ထုတ်ပြန်ခဲ့ကြသည်။ နိုင်ငံတော်မှ အဓိက ဦးစားပေးလုပ်ငန်းများကို ထုတ်ပြန်ခဲ့ပြီး ယင်းဦးစားပေးလုပ်ငန်းများတွင် လုပ်ကိုင်သူများကို အကောက် ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များလည်း ပေးခဲ့သည်။ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသများတွင် ရင်းနှီးမြှုပ်နှံပါက အများဆုံး ၇ နှစ်တာကာလအထိ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရရှိကြမည်ဖြစ်သည်။

ထို့ပြင် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)သို့ ကုမ္ပဏီမှတ်ပုံတင်စရာ မလိုတော့ ဘဲ အွန်လိုင်းမှ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဖြင့်လည်း လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်သည်။

         လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများတွင် စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အရှိန်အဟုန်ကောင်းစွာဖြင့် ဆောင်ရွက်နေသော် လည်း ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်စဉ်နှင့်ပတ်သက်၍ အနောက်ဥရောပနိုင်ငံများ၏ အမြင်စောင်းမှုများက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အဓိက ထိခိုက်ခဲ့သည်။ ထိုအခြေအနေကြောင့်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို အထိုက်အလျောက် စိန်ခေါ်မှု ရှိခဲ့သည်။ ထပ်မံ၍ ကမ္ဘာ့နိုင်ငံများတွင်လည်း အကျိုးသက်ရောက်မှုရှိခဲ့သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲအခြေအနေကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို အဟန့်အတားများ ဖြစ်ပေါ်စေခဲ့ သည်။

          သို့သော် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၃ ရက်နေ့က ကျင်းပသော ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်အဖွဲ့ ၀င်လည်းဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးဆက်အောင်က အစိုးရသစ် လက်ထက် နှစ်နှစ်တာကာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏသည် တိုးတက်လာသည်ဟု ပြောဆိုခဲ့သည်။ ၎င်းက ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ မေးမြန်းမှုအပေါ် လွှတ်တော်၌ လာရောက်ဖြေဆိုခြင်းဖြစ်ပြီး ယခင်နှစ်ပေါင်း ၃၀ အတွင်း ခွင့်ပြုခဲ့သော ပမာဏ စုစုပေါင်း၏ ၁၆ ဒသမ ၂၅ ရာခိုင်နှုန်းရှိသောကြောင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍတွင် တိုးတက်မှုရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

          ယင်းနှိုင်းယှဉ်ပြောကြားချက်မှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၆ ခုနှစ် မတ် ၃၁ ရက်အထိ ၂၈ နှစ်တာကာလအ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၁၀၀ ကို ခွင့်ပြုခဲ့ပြီး ရင်းနှီးမြုပ်နှံမှုပမာဏမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆၃ ဒသမ ၃၇ ဘီလီယံဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်နှစ်တာကာလအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှအပ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအစရှိသည့် လုပ်ငန်းကဏ္ဍ ၁၀ ခု တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၃၆၀ ခု ၀င်ရောက်ခဲ့ကာ ရင်းနှီး မြုပ်နှံမှုပမာဏ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၇ ဘီလီယံဖြစ်သောကြောင့် ရင်းနှီးမြုပ်နှံမှုကဏ္ဍမှာ တိုးတက်လာကြောင်း ဦးဆက်အောင်က ဖြေကြားခဲ့သည်။

            ကမ္ဘာ့ဘဏ်မှ သတ်မှတ်ထားသည့် စီးပွားရေးလုပ်ငန်းများ လုပ်ရကိုင်ရလွယ်ကူမှုစစ်တမ်း(Doing Business) တွင် မြန်မာနိုင်ငံသည် အဆင့် (၁၇၁) တွင် ရှိနေသည်။ ယခုကဲသို့  ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းလိုက်လျင် ပြည်ပရင်းနှီးမြုပ်နှံမှုများကို ယခုထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မလဲဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

               ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်း ကာလ  နည်းပါးနေချိန်တွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် အစွမ်းကုန်နှင်းမည့် မြင်းပမာ ဖြစ်သလို နောင်တက်လာမည့် အစိုးရသစ်သက်တမ်းကာလများအတွက် လမ်းစဖောက်ခြင်းဟူ၍ ပြောနိုင်မည် ဖြစ်သည်။

ထိုအခြေအနေနှင့်ပတ်သက်၍ “၀န်ကြီးဌာန အသစ်ဖွဲ့တာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ကယ်တန်း ဘယ်လောက်ရင်းနှီးမြုပ်နှံမှု တိုးလာအောင် ဆောင်ရွက်မလဲဆိုတာ ပိုပြီးအဓိက ကျတယ်”ဟု မြန်မာ့မော်တော် ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ် ပြောဆိုသည်။

          နိဂုံးချုပ်အားဖြင့် တင်ပြရပါမူ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် ပြောကြားခဲ့သည့် အတိုင်း အသစ်ပြဋ္ဌာန်းလိုက်သည့် ရင်နှီးမြုပ်နှံမှုဥပဒေသည် ရင်းနှီးမြုပ်နှံသူများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ သိမ်းပိုက်ခံရခြင်း မရှိစေရန် လိုအပ်ပေသည်။ ထိုသို့မဖြစ်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က အာမခံ ပါသည်ဟု  ပြောကြားခဲ့ကြောင်း ကြားသိခွင့်ရခဲ့သည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါမည်ဆိုသော ဆိုရိုးစကား အတိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်နှင့်အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနအသစ်၏ စွမ်းဆောင်ရည်များဖြင့် ရေစီးသန်သည့် မြန်မာ့စီးပွားရေး ရေဆန်ခရီးကို လှော်တက် နိုင်မည်လားဆိုသည်ကို စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်ရပေဦးတော့မည်။

အေးမွန်