• Today is: Friday, April 23, 2021

ပြည်သူလူထု ပါဝင်မှုမြင့်မားလာအောင် ခြေဥပြင်ဆင်ခြင်း

Federal Journal
February25/ 2019

ကို မှုန်း

                အခုဆောင်းပါး၏ ရည်ရွယ်ချက်မှာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အများပြည်သူပါဝင်မှု မြင့်မား လာရေးမ ဟုတ်ဘဲ နိုင်ငံရေး (အစိုးရ)တွင် ပြည်သူလူထုပါဝင်မှုမြင့်မားလာအောင် အခြေခံဥပဒေ ပြင်ဆင်ခြင်းကို ရည်ရွယ်ထားပါ သည်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေရ တပ်မတော်၏ သဘောတူညီမှုမရှိဘဲ အနှစ်သာရရှိသော အခြေခံဥပဒေပြင်ဆင်ခြင်းအပါအဝင် မည်သည့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမျိုးကိုမှ မဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေသည်။ အထူးသဖြင့် အခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်ထဲတွင်ရှိသည့် ကိုယ်စားလှယ်ပေါင်း ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံမှသာလျှင် ပြင်ဆင်မှု အထမြောက်နိုင်မည်။ ယင်း ၇၅ ရာခိုင်နှုန်း ပြည့်ရန်အတွက်လည်း လွှတ်တော်ထဲတွင်ရှိသည့် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုမရှိလျှင် မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် လက်တွေ့ကျကျဖြင့် အခြေခံဥပေဒ ပြင်ဆင်မှုလုပ်ငန်း ချဉ်းကပ်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် အကျိုး ပိုရှိလိမ့်မယ်ဟု မျော်လင့်ရသည်။

                ဒီမိုကရေစီစနစ်၏ မရှိမဖြစ်လိုအပ်သည့်အနှစ်သာရတစ်ခုအရာမှာ people participation ဟုခေါ်သည့်  ပြည်သူလူထုပါ ဝင်မှုဖြစ်သည်။ အမေရိကန်သမ္မတဟောင်း လင်ကွန်းစကားဖြစ်သည့် ပြည်သူ့အတွက် ပြည်သူ့အစိုးရ ဆိုသည့် စကားလည်း ယနေ့ထက်တိုင် မှန်ကန်မှုရှိနေခြင်းသည် သက်သေသာဓကကောင်း တစ်ခုဖြစ်ပါသည်။ ဒီမိုကရေစနစ်တွင် နိုင်ငံသားများ နိုင်ငံရေးတွင် ပါဝင်မှုမြင့်မားလာအောင် ဖန်တီးရသည်။ ပြည်သူလူထု ပါဝင်မှုကို အဟန့်အတား သို့မဟုတ် အခက်အခဲဖြစ် စေသော ဥပဒေများ နှင့် လုပ်ထုံးလုပ်နည်းများကို ပယ်ဖျက်ကာ နိုင်ငံသားများ နိုင်ငံရေးတွင် ပါဝင်မှုမြင့်လာနိုင်စေရန် ဥပဒေများကို ပြဌာန်းရသည်။ ပြည်သူလူထု နိုင်ငံရေးတွင် ပါဝင်မှုဆိုသည်မှာ တစ်နည်းအားဖြင့် အစိုးရအဖွဲ့တွင် ပါဝင်မှုဟု ဆိုနိုင်သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်သူလူထု အစိုးရတွင်ပါဝင်မှုကို မဟန့်တားသည့်တိုင်အောင် ပူးပေါင်းပါဝင်မှု အခက်အခဲရှိစေသော ပုဒ်မ အချို့ရှိသည်ဟု သုံးသပ်နိုင်သည်။ ယင်းပုဒ်မများကို ပြင်ဆင်ခြင်းအားဖြင့် တပ်မတော်အပါဝင် အခြားအတိုက်ခံပါတီများနှင့် ထိပ်တိုက်တွေ့စရာမလိုဘဲ နိုင်ငံရေးတွင် ပြည်သူလူထုပါဝင်မှု မြှင့်တင် နိုင်သည်ဟု ဆိုနိုင်သည်။  ထို့ကဲ့သို့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ကာ အထက်ပိုင်းမှာရှိသည့် အာဏာကို ထိပါးခြင်းမရှိဘဲ အောက်ခြေ အာဏာပိုင်အဖွဲ့ သို့မဟုတ် နိုင်ငံရေးတွင် ပြည်သူလူထုပါဝင်မှု မြှင့်တင်လာနိုင်ရန် အောက်ဖော်ပြပါ အခြေခံ ဥပဒေထဲက ပုဒ်မများနှင့် ယင်းနှင့် ဆက်စပ်သည့် ပုဒ်မများကို ပြင်ဆင်နိုင်လျှင် မြန်မာ့ဒီမိုကရေစီသည် အတိုင်တာတစ်ခုထိ ခရီးရောက်နိုင်သည်ဟု ဆိုနိုင်ပါမည်။

               ပထမဆုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံအခန်းထဲက ပုဒ်မ (၅၁) နှင့် အခန်း(၅) အုပ်ချုပ်ရေးထဲက ပုဒ်မ (၂၈၈)သည် အောက်ခြေမှာရှိသည့် ပြည်သူလူထု အစိုးရတွင် ပါဝင်ခွင့်ကို အဟန့်အတား ဖြစ်စေသော ပုဒ်မဟုဆိုနိုင်သည်။ အခန်း (၂) ပုဒ်မခွဲ (ဃ) နှင့် (င) တွင် မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်ဟူ၍ လည်းကောင်း ခရိုင်များကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဖြစ် စုစည်းသည်ဟူ၍ လည်းကောင်း ပြဌာန်းထားသည်။ ခရိုင်ဖွဲစည်းရသည့်အကြောင်းကို စာရေးသူအနေဖြင့် မသိရှိသော်လည်း လိုအပ်မှုမရှိတော့ပြီးဟု ယူဆသည်။ လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးသာမက ဆက်သွယ်ရေး နည်းပညာသည်လည်း အလွန်ကောင်းမွန်လာသည့်အတွက် အစိုးရအချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင် ခရိုင်အဆင့်သည် ကြာခံသက်သက်ဖြစ်နေသည်။ ခရိုင်ကို ပေးထားသည့် လုပ်ပိုင်ခွင့်အားလုံးကို မြို့နယ်သို့ အပ်နှင်းထားခြင်းသည် ပြည်သူလူထုအတွက် အစိုးရနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်ဆင့်ဖြတ်ကျော်ရသည့် ဒုက္ခကိုလည်း မရှိနိုင်တော့သည့်အပြင် အစိုးရ၏ဝန်းထုပ်ဝန်းပိုး နှင့် လုပ်ငန်းဆောင်ရွက်မှု ကြန့်ကြားခြင်းကိုလည်း သက်သာစေမည်ဖြစ်ပါသည်။

            ထို့အပြင် ပုဒ်မ ၅၁၊ ပုဒ်မခွဲ (စ မှ ဆ) အထိသည် ကိုယ်ပို်င်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဖွဲ့အစည်းသည့် ပုဒ်မများဖြစ်ပါသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒအရ ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်သည် လူမျိုးစု တစ်စုကို အခြေသည့်အတွက်ကြောင့် လက်ရှိလူနေမှုပုံစံ (ရွေ့ပြောင်းသွားလာနေသည့် လူနေမှုစနစ်) နှင့် ကိုက်ညီမှု မရှိတော့ပါ။ ဥပမာအားဖြင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်မြို့နယ် နှင့် မန်တုံမြို့နယ်တွင် ပလောင်တိုင်းရင်း သားများသာနေထိုင်သည့် ဒေသမဟုတ်ဘဲ အခြားသော တိုင်းရင်းများဖြစ်သည့် ကချင်၊ ရှမ်း၊ဗမာစသည့် တိုင်းရင်းသား များလည်းနေထိုင်သည့် မြို့နယ်အား လူမျိုးစုတစ်မျိုး၏ အမည်နာမကို အခြခံ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခြင်းသည် အခြား တိုင်းရင်းသားများအတွက် မျှတမှုမရှိပေ။ ပလောင်လူမျိုး မဟုတ်သည့် ဒေသခံများ ထိုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဦးစီးအဖွဲ့တွင် ပါဝင်ခွင့်အတွက် အဟန့်အတားလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ခရိုင်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများကိုလည်း ဖျက်သိမ်းရန်သင့်လျော်ပါသည်။

              ထို့အပြင် အခန်း(၅) အုပ်ချုပ်ရေးထဲက ပုဒ်မ (၂၈၈) တွင် ခရိုင် နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများ အား တာဝန်ပေးဆောင်ရွက်စေရမည်ဟု ဖော်ပြထားသည်။ ဤပြဌာန်းချက်သည် အောက်ခြေ ပြည်သူလူထုများ အစိုးရတွင် ပါဝင်ခွင့်ရရှိရန် အဆိုးဆုံးသော အဟန့်အတားပုဒ်မဟုလည်း ဆိုနိုင်ပြန်သည်။ ဤနေရာတွင် ခရိုင်အဆင့်ကို ဖျက်သိမ်းသင့် ကြောင်း ဖော်ပြထားပြီးသည့်အတွက် မြို့နယ်အဆင့် အုပ်ချုပ်ရေးအကြောင်းသာ ဖော်ပြရမည်။  မြို့နယ်အဆင့်အုပ်ချုပ်ရေး ကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေခြင်းသည် သက်ဆိုင်ရာဒေသခံ များ၏ သဘောဆန္ဒကို မလေးစားရာ ရောက်ပါသည်။ ထို့အပြင် နိုင်ငံဝန်ထမ်းများသည် ဒေသခံပြည်သူလူထုအား တာဝန်ခံရန် တာဝန်မရှိပဲ အစိုးရကိုသာ တာဝန်ခံနေရသည့် အတွက် ပြည်သူလူထု၏ဆန္ဒ နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းထက် အစိုးရမှ ပေးအပ်လာ သည့် တာဝန်ကိုသာ ကျေပွန်အောင် အလုပ်သဘောဖြင့် ထမ်းဆောင်ဖို့ စိတ်အားထက်သန်တတ်သည်။ ဆိုလိုရင်းကတော့ အစိုးရ ဝန်ထမ်းတစ်ယောက်အတွက် ဒေသခံပြည်သူလူထုက ထောက်ခံခြင်း မထောက်ခံခြင်း ဆိုသည်မှာ အဓိကမကျ တော့ဘဲ အထက်က ညွန်ကြားလာသည့် ကိစ္စရပ်သည်သာ တာဝန်ကျေအောင် ထမ်းဆောင်ဖို့ ဖြစ်လာသည်။ နိုင်ငံ့ဝန်ထမ်း အတွက် ပြည်သူလူထု ထောက်ခံမှုသည် မက်လုံး (incentive) ဖြစ်သင့်သလောက် မဖြစ်တော့ဘဲ အထက်က လာသည့် တာဝန်ကိုသာ အလေးပေးဆောင်ရွက်ရသည့်အတွက် ပြည်သူ့ဝန်ဆောင်မှုကောင်းလည်း ဖြစ်မလာနိုင်ခြင်း ဖြစ်ပါသည်။

              ထို့အပြင် နိုင်ငံဝန်ထမ်းဆိုသည်မှာ ရွေ့ပြောင်းရသည့်သဘောသဘာဝရှိသည့်အတွက် ရွေ့ပြောင်းခန့်အပ်သည့်ဒေသ အခြေအနေနှင့် လိုအပ်ချက်များကို သိရှိနားလည်ခြင်းမရှိဘဲ အုပ်ချုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်တတ်လေ့ရှိသည်။  မြို့နယ်အဆင့် အုပ်ချုပ်ရေး အာဏာပိုင်များသည် သက်ဆိုင်ရာ ဒေသခံများနှင့် အနီးကပ်နေထိုင်ရသည့် အုပ်ချုပ်ရေးအဖွဲ့ ဖြစ်သောကြောင့် သက်ဆိုင်ရာဒေသခံများ၏ လူနေမှုအဆင့်အတန်း၊ ဓလေ့ထုံးတမ်း နှင့် ယဉ်ကျေး မှုကို သဘောပေါက်နားလည်သောသူများသာလျှင် ဖြစ်သင့်သည်။ ထို့ကြောင့် ဤပြဌာန်းချက် ဖြစ်သည့် မြို့နယ်အဆင့် အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား ဆောင်ရွက်စေမည့်အစား သက်ဆိုင်ရာ မြို့နယ်မှာ နေထိုင်သည့် ဒေသခံများကိုယ်တိုင် တိုက်ရိုက်ရွေးချယ်တင်မြှောက်သည့် သူသာလျှင် အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင် သင့်သည်။ ထိုကဲ့သို့ သက်ဆိုင်ရာ မြို့နယ်ဒေသခံများ ကိုယ်တိုင် အုပ်ချုပ်ရေးအဖွဲ့ကို ရွေးချယ်စေခြင်းသည် ဒီမိုကရေစီနည်းလမ်းလည်းကျသကဲ့သို့ ဒီမိုကရေစီစနစ်သို့ သွားရာတွင် လိုအပ်သည့် ပြည်သူလူထုပါဝင်မှုကိုလည်း အလိုလို မြှင့်တင်ရာရောက်သည်။ နောက်ပိုင်းတွင် ဒေသခံပြည်သူများသည် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲထက် ဒေသအုပ်ချုပ်ရေးအာဏာပိုင် ရွေးကောက်ပွဲကိုတောင် ပိုမိုစိတ်ဝင်စားလာမည်ဖြစ်သည်။ အကြောင်းကတော့ နိစ္စဓူဝ ကြုံတွေ့နေရသည့် ပြသနာဆိုတာ အနီစပ်ဆုံးမှာရှိသည့် လူတွေသာ အသိဆုံးဖြစ်တာနှင့်အညီ ကိုယ့်အသိုင်းဝိုင်းမှာ ရှိသည့် ပြသနာကို ဖြေရှင်းမည့် အစိုးရအဖွဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်သူ့မှ စိတ်မဝင်စားဘဲ နေနိုင်မှာမဟုတ်ပေ။မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ယူမည့် အဖွဲ့အစည်းအား ရွေးကောက်ပွဲစနစ်ဖြင့် တက်စေခြင်းသည်  ဒေသခံတိုင်းရင်း သားများအား လေးစားမှုဖြင့် နေရာပေးတာလည်း သက်ရောက်သည်။

              ဤနေရာတွင် အလေးနက် မေးစရာရှိလာသည်မှာ  အထက်မှာ အာဏာလုနေတာ ဘယ်တိုင်းရင်းသားတွေလဲ။ ကိုယ်လိုချင်တဲ့ နိုင်ငံရေးပုံစံအတိုင်း တိုင်းပြည်မသွားနိုင်သည့် အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြစ်ပုံချ စွပ်စွဲတတ်သည့်အကျင့်ကိုလည်း  ပြင်ရန်လိုအပ်ပါမည်။ လက်ရှိအချိန်မှာ နယ်စပ်မြို့က အုပ်ချုပ်ရေးမှူးသည်ပင်လျှင် ထိုဒေသတွင် နေထိုင်ခြင်းမရှိဖူးသည့် မြေပြန့်က လူဖြစ်နေ သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် တိုင်းရင်းသားတွေအတွက် အခြားလူမျိုးများက ကိုလိုနီဆန်ဆန် ဖြင့် မိမိတို့ဒေသ တွင် လာအုပ်ချုပ်ခြင်းဟု ခံယူကြသည်။ မြန်မာ့ရုပ်ရှင်ဇာတ်ကားထဲ နယ်ချဲ့အင်္ဂလိပ် နှင့် ဂျပန်ကို မလိုလားသည့် ပုံစံအတွင် ထိုဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများက လာအုပ်ချုပ်သူများကို အလိုမရှိကြောင်း သိသင့်ပေသည်။ မြို့နယ်အုပ်ချုပ်ရေး ပုံစံကို ဖော်ဆောင်ရန် ၂၀၀၈ အခြေခံဥပဒေအရ အလွန်လွယ်ကူသည်ဟု ဆိုနိုင်သည်။ ခရိုင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကို ပယ်ဖျက်၍ ယင်းမှာ အပ်နှင်းထားသည့် အာဏာအရပ်အရပ်ကို မြို့နယ်သို့ လွှဲအပ်ခြင်းပင် ဖြစ်ပါသည်။

                နောက်ဆုံးအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီး ခန့်အပ်ခြင်းကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ( ၂၄၈၊ ၂၆၀ နှင့် ၂၆၁)  နှင့် ၎င်းနှင် သက်ဆိုင်သည့် အခြေခံဥပဒေ ပြဌာန်းချက်များကိုလည်း ပြင်ဆင်ရန် လိုအပ်သည်။ ဤ ပုဒ်မသုံးခု (ပုဒ်မခွဲ နှင့် အပိုဒ်ခွဲများစွာပါဝင်) သည် ပြည်နယ်အစိုးရရုံး နှင့် ပြည်နယ်ဝန်ကြီးချုပ် ကိစ္စနှင့် သက်ဆိုင်သည့် ပုဒ်မများ ဖြစ်သောကြောင့် ဖက်ဒရယ်စနစ်သွားရာတွင် မဖြစ်မနေ ပြင်ရမည့် ပုဒ်မတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ပုဒ်မ (၂၆၀)အရ ပြည်နယ်အစိုးရအဖွဲ့ရုံးသည် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ရုံးဖြစ်သည်ဟု ၂၀၀၈ အခြေခံ ဥပေဒေတွင် ဖော်ပြထားသည်။ တစ်နည်းပြောရလျှင် ပြည်နယ်အစိုးရသည် ရုံးတောင် မရှိသည့် သူများအိမ်ခန်းကို ငှားပြီး ရုံးဖွင့်သည့် အစိုးရအဆင့်မှာရှိနေသည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေတွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်ဟု ဖော်ပြထားပြန်သည်။ ထွေအုပ်ကို သမ္မတရုံး ဝန်ကြီးဌာန လက်အောက်မရောက်ခင်မှာ ပြည်ထဲရေးဌာန တုန်းကအတိုင်း ဆိုရလျှင် တပ်မတော်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့မှာ နယ်စပ်ရေးရာဝန်ကြီး အပါအဝင် နှစ် နေရာတောင် ယူထားသည်ဟု မှတ်ယူနိုင်သည်။ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြီးအမှူးကို တပ်မတော်ကို နှစ်သိမ့်သည့်အနေဖြင့် ပြည်နယ်အတိုင်ပင်ခံဆိုသည့် အာဏာမရှိသည့် ရာထူးနေရာမျိုးကို ဖန်တီးပေးသင့်သည်။ အကြောင်းကတော့ စစ်တပ်ကို ဖယ်ရှားသည့် လုပ်ရပ်မှန်သမျှကို လက်ရှိ နိုင်ငံရေးအခြေအနေအရ ကန့်ကွက်မှာ ဖြစ်သည့်အတွက်ကြေင့် နယ်လုံဝန်ကြီးဌာနကို လောလောဆယ် ဖျက်သိမ်းရန် နိုင်ငံရေးအရ အခက်အခဲ ရှိနေသေးလို့ဖြစ်ပါသည်။ ဤကဲ့သို့ အခမ်းနာရာထူးပေးခြင်းသည် ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုနိုင်သည့် အပြင် အိန္ဒိယကဲ့သို့သော ဖက်ဒရယ် နိုင်ငံတွင်လည်း ကျင့်သုံးလျက်ရှိသည်။

              ပုဒ်မ (၂၄၈) ကတော့ သမ္မတ ကနေ ပြည်နယ်အစိုးရ ဝန်ကြီးဌာနကို တိုးခြင်းလျော့ခြင်းလုပ်နိုင်သည့် အာဏာဖြစ်ပါသည်။ ထို့ကြောင့် ပုဒ်မ ၂၆၀ ကို ပြင်ရင် အလိုအလျောက် ပြင်ဆင်သင့်သည့် ပုဒ်မဖြစ်ပါသည်။ ပုဒ်မ ၂၆၀ အရ ပြည်နယ်ဝန်ကြီး ချုပ်ကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်က ရွေးချယ်ပိုင်ခွင့်မပေးအပ်သည့် အတွက် ပြည်နယ် ဝန်ကြီးချုပ်ကိစ္စသည် ကံစမ်းမဲဖောက်ပြီး ကံထူးရင် ဝန်ကြီးချုပ်လုပ်လို့ရသည့် အခြေအနေဖြစ်နေသည်။ တိုင်းရင်းသားပြည်သူများသည် မိမိတို့ ပြည်နယ်မှာ ဘယ်သူဝန်ကြီးချုပ်လုပ်မလဲဆိုတာ ကြိုသိဖို့ ထိုက်တန်ကြပါသည်။ ဝန်ကြီးချုပ်ကို ကံစမ်းမဲဖောက်ပြီး ပေါက်သည့်လူ ဝန်ကြီးချုပ်လုပ်စတမ်း မလုပ်သင့်တော့ပြီး။ လက်ရှိပြဌာန်းချက်များသည် ဝန်ကြီးချုပ်လုပ်ရန် ရည်ရွယ်ထား သည့် မျိုးဆက်သစ်လူငယ်များ အတွက်အရော နိုင်ငံရေးပါတီများအတွက်ပါ ဝန်ကြီးချုပ်နှင့် ဝန်ကြီးလုပ်ရန် ကြိုတင်နိုင်ငံရေးမျော်မှန်းချက် သို့မဟုတ် ဖွံ့ဖြိုးရေး မျော်မှန်းချက် နှင့် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် အဟန့်အတားဖြစ်စေပါသည်။ ဤ ပုဒ်မတွေကို ပြင်ဆင်နိုင်မည်ဆိုလျှင် ဝန်ကြီးချုပ်ကံစမ်းမဲကိစ္စလည်း တိမ်ကောပျောက်ကွယ်သွားမည့်အပြင် နောင်မျိုး ဆက်သစ်လူငယ်များလည်း ကိုယ့်အစွမ်းအစနှင့် ဝန်ကြီးချုပ်လုပ်နိုင်ကြောင်း ယုံကြည်မှုရှိလာမည့်အပြင် ထိုသို့သော တာဝန်များကို ယူနိုင်ရန် ကြိုတင်ပြင်ဆင်မှုမျိုးလည်း လုပ်နိုင်မည်ဖြစ်ပါသည်။

အချုပ်ဆိုရလျှင် အထက်မှာဖော်ပြသည့် ပုဒ်မများကို ပြင်ဆင်နိုင်မည်ဆိုပါက စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ စနစ်သို့ မသွားနိုင်သေးသည့်ပင် ထိုသို့သွားရာလမ်းတွင်လိုအပ်သည့် ပြည်သူလူထုပါဝင်မှု (people participation) ကိုဖော်ဆောင်နိုင်မှာ ဖြစ်ပါသည်။ ဤကဲ့သို့ ပြောရာတွင် ကျန်ရှိနေသေးသည့် ပုဒ်မတွေရော ပြင်စရာမလိုအပ်တော့ဘူးလားဟု မေးစရာရှိလာသည်။ လက်ရှိနိုင်ငံရေးအရ ဘယ်သူ့ကိုမှ အထိမနာသည့် အားလုံးလက်ခံနိုင်သည့် ပြည်သူလူထု အစိုးရတွင် ပါဝင်မှုမြှင့်တင်လာနိုင်သည့်အချက်များကို ပြင်ဆင်ခြင်းသည် မြန်မာနိုင်ငံသားများအတွက် ပိုမိုအရေးပါပြီး အကျိုးပို ရှိလိမ့်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။