• Today is: Thursday, August 5, 2021

ပြည်ထောင်စုနေ့

Federal Journal
June03/ 2019

Beizachhi (Chinland)

ဗားမာန် ပရိုပါ အပါအ၀င် သီးခြားနေထိုင်ခဲ့သော တိုင်းရင်းသား လူမျိုးများဖြစ်သ ည့် ကချင်၊ ချင်း၊ နှင့် ရှမ်းတို့ သမိုင်းဝင် လက်မှတ်ရေးထိုးခဲ့သော ပင်လုံ စာချုပ်မှတစ်ဆင့်  ပြည်ထောင်စု ပုံသဏ္ဍန်ကို ပုံဖော် ခဲ့သောနေ့ထူးနေ့မြတ်သည် ပုံပန်းသဏ္ဍန်အားဖြင့် ခိုင်မာနေစဲဖြစ်သော်လည်း ဆယ်စုနှစ်ပေါင်း များစွာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကျင့်သုံးခြင်း၊ ပင်လုံစိတ်ဓာတ်နှင့် ကတိကဝတ်များ၊ နိုင်ငံရေး အနှစ်သာရ ခေါ် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ပျောက်ကွယ်နေခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်နေခဲ့ပါပြီ။

ထို့ကြောင့် ဤစာရေးသူသည် တောင်ပေါ်ဒေသအတွင်းရှိ ထိုဖြစ်ရပ်များကို မေ့မရသည့် အဆိုးရွားဆုံး ဖြစ်ရပ်များနှင့် ပြည်ထောင်စုကြီးကို မြင်စေလိုသော အာမခံချက်များဟူ၍ မိမိကိုယ်ပိုင်အမြင်ကို ရေးသားဖော်ပြလိုက်ရပါသည်။

၁။       အလယ်တန်း ကျောင်းသားဘဝတွင်ဖြစ်ပြီး ချမ်းအေးတဲ့ရာသီ၌ မနက်စောစောထကာ ကျောင်းစိမ်း (ရိုးရာဝတ်စုံလည်းမဟုတ်သည့် ဗမာ့ရိုးရာ ပုဆိုး) ကျောင်းဖြူဝတ်ပြီး အခမ်း အနား ကျင်းပရာကွင်းပြင်သို့ တန်းစီသွားရင်း ပြည်ထောင်စုနေ့ကို ကျောင်းစာတွင်သာ ကျက်ပြီး  အနှစ်သာရ ရည်ရွယ်ချက်များကိုလည်း နားမလည်၊ ဘုမသိဘမသိဖြင့် နိုင်ငံတော် အလံကို အလေးပြုခဲ့သည်။ နားမလည်နိုင်သေးသည့် မိန့်ခွန်းများ အထူးသဖြင့် စစ်ဗိုလ် (တိုင်းမှူး) မိန့်ခွန်းများကိုလည်း နားတောသစဉ်ခဲ့ရသည်။

၂။       ထို့နောက် အခမ်းအနား အစဉ်အပြီးတွင် အစိုးရဌာနအလိုက်မှ ပြင်ဆင်သည့် ပြခန်းများကို ပြည်နယ်မြို့တော်ရှိ စစ်ဗိုလ်အကြီးအကဲများက လှည့်လယ် ကြည့်ရှုခြင်းနှင့် လိုအပ်သည်များ မှာကြားခြင်းအစီအစဉ်ဖြစ်သည်။ ပြခန်းတိုင်းသည် ၎င်းတို့ဌာနနှင့်သက်ဆိုင်သည့် အရာများကို ပြသကြသည်။ အကြီးအကဲများ ကြည့်ရှုခြင်းအပြီးတွင် ပြည်နယ်သူ ပြည်နယ်သားများ ကျောင်းသူ ကျောင်းသားများနှင့် ကလေးသူငယ်များက မိမိစိတ်ဝင်စားရာ ပြခန်းများကို တစ်ခုပြီးတစ်ခု ပတ်ချာလည်ကြည့်ရှုခဲ့ကြသည်။

ငယ်စဉ်ကာလ အရွယ်ဖြစ်သောကြောင့် အခြားပြခန်းများထက် ပြည်သူ့ဆောက်လုပ်ရေး ပြခန်းကို အလေးပေးကြည့်ရှုခဲ့ပါသည်။ နိုင်ငံ့ ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများက ဒီဇိုင်းများပြုလုပ်ရေးဆွဲသည့် လမ်း – တံတားများ၊ အဆောက်အအုံ ဒီဇိုင်းများကို သေသေ ခြာခြာကြည့်ရှုခဲ့သည်။ ၎င်းတို့ရေးဆွဲခဲ့သော ဒီဇိုင်းပုံစံများသည် ပုံအားဖြင့်သာ အမှတ်တရ ကျန်ရှိနေပြီး လက်တွေ့ကြုံတွေ့ရသည်မှာ မိုးဒဏ်ကြောင့် ကတ်တရာလမ်းများ၊ တံတားများ ပျက်စီးယိုယွင်းခြင်းက ပို၍များပြားနေပါသည်။ စင်စစ် ဖွံ့ဖြိုးရေးကဏ္ဍအတွက်  ဘတ်ဂျက် လည်းရှိသည်ဟုယုံကြည်ပါသည်။ ရှိလည်းရှိပါသည်။ သို့သော် ၎င်းဖွံ့ဖြိုးရေးနှင့် စီမံကိန်း ဘတ်ဂျက်များသည် လူအုပ်စု တစ်စု ကြီးပွားချမ်းသာရေးအတွက်သာ ဖြစ်နေသည်ကို လက်တွေ့တွင် မြင်တွေ့ နေရပါသည်။

၃။       ပထမ အခမ်းအနားအပြီးတွင် ပြည်ထောင်စုနေ့ အနှစ်သာရကိုပေါ်လွင်စေသည်ဟု ကျောင်း စာတွင်ကျက်ခဲ့ရသည့် မိမိဒေသနဲ့လုံးဝမသက်ဆိုင်သော ထမနဲကို ဌာနအလိုက် အပြိုင် အဆိုင် တက်ကြွစွာထိုးရန်ပြင်ဆင်ကြသည်။ ထမနဲထိုးပွဲကြီး စတင်နိုင်ရန်အတွက် ဌာန အလိုက် အားလုံးအဆင်သင့်ရှိနေလျက် စစ်ဗိုလ် တစ်ဦးက ၎င်း၏လက်ဝယ်တွင် ကိုင်ဆောင် ထားသော ပစ်စတိုသေနတ်ကို မိုးပေါ်သို့ တစ်ချပ်ဖောက်ပစ်ပြီး ဌာနအားလုံး ထမနဲအိုးကြီး နှင့်တကွ စတင်ကာချက်ပြုထိုးကြပါတော့သည်။

ဌာနအကြီးကဲများသည် လပ်ပေးလပ်ယူမှုနှင့် အခြားပြသာနာကိစ္စရပ်များကြောင့် ဒဏ်ခပ် ရွှေ့ပြောင်းခံရသည့် မြေပြန့် ဗမာလူမျိုးအများစုလည်းဖြစ်ကြသည်။ ထို့နောက် ပထမဆုံး ထမနဲထိုးပြီးသည့် ဌာနသည် ၎င်းတို့ပြုစုထားသော ထမနဲကို ပန်းကန်တွင် ထည့်ထားပြီး မီတာ ၁၀၀ အပြေးပြိုင်ပွဲဆန်ဆန် သက်ဆိုင်ရာဌာနမှ ကိုယ်စားပြုတစ်ဦးက တိုင်းမှူးနှင့် စစ်ဗိုလ် အကြီးအကဲများရှိရာ တည်းဇရပ်သို့ ခပ်မြန်မြန်ပြေးလွှားကာ ပြုစုထားသည့် ထမနဲကို လှမ်းပေး လိုက်ပါတော့သည်။ အကောင်းဆုံးထမနဲအတွက် ပထမဆု၊ ဒုတိယဆု စသည်များကိုလည်း ပြင်ဆင်ဟန်လည်းရှိသည်။

၎။       မိမိတို့ တွေ့သမျှ ကြည့်ရှုခဲ့ရသမျှသည် တိုင်းရင်းသားများ သီးခြားနယ်မြေစီမှ စုပေါင်း နထိုင်  လာကြသည့် ပြည်ထောင်စု ပုံစံမျိုးမဟုတ်ဘဲ အနှစ်သာရကင်းမဲ့သည့် ပြည်ထောင်စုခေါ် ဗမာနိုင်ရေးရှင်း မစ်ရှင်က လွှမ်းမိုးနေသည်ကို သတိပြုမိသည်။

၅။       မိမိသည် ပင်လုံစာချုပ်အအကြောင်းနှင့် ပြည်ထောင်စုအကြောင်းကိုလည်း သိရှိနားလည်ခြင်း မရှိသေးသည့်အရွယ်ဖြစ်နေခြင်းကတစ်ပိုင်း၊ ကျောင်းစာကို နားမလည်ဘဲ စာကျက်နည်းဖြင့် သာသိရှိနေရသည်ကတစ်ပိုင်း၊ ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့သည့် မိမိတို့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများကို သိရှိရန်အလို့ဌာ အလှမ်းဝေးနေခဲ့ရသည်။

သိတတ် နားလည်တတ်သည့် အရွယ်တွင်မူ အရာရာဟာ ဆိုးရွားသည့် နိုင်ငံရေးကံကြမ္မာ ရိုက်ခတ်မှုနှင့် ပြောင်းလဲသွားကြပြီဖြစ်သည်။

၆။       ယနေ့တွင်မူ မိမိတို့ တိုင်းရင်းသားများကို အာမခံချက်ပေးနိုင်မည့် ပင်လုံ စိတ်ဓာတ်နှင့် ကတိ ကဝတ်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်ဆုံးရှုံး။ ယုံကြည်မှု အပြည့်အ၀ဖြင့် လက်မှတ် ရေးထိုးခဲ့ကြသော တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့် ဗမာခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းတို့ ယနေ့တိုင် ရှိနေခဲ့ပါက ဆိုးရွားသည့် နိုင်ငံရေးကံကြမ္မာ ရိုက်ခတ်မှုက ဆက်ရှိ နေဦးမည်လော ဟူ၍ မျှော်မှန်းစဉ်းစား။

၇။       ပင်လုံမှသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို ခွဲထွက်ရေးဟူ၍ ဆယ်စုနှစ်များစွာ ကျွမ်းကျင်ပညာရှင်များက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှ တိုင်းရင်း သားလူမျိုးများကို စာပေအရ သော်လည်းကောင်း၊ လူမျိုးအရသော် လည်းကောင်း၊ ယာဉ်ကျေး မှုအရသော်လည်းကောင်း၊ ကိုယ်းကွယ်ယုံကြည်မှုအရသော်လည်း နည်းမျိုးစုံဖျက်ဆီး နှိုပ်ဆက်ခြင်းဖြင့် စတင်ခံစားလာခဲ့ ရ။

၈။       တိုင်းရင်းသားများ ရသင့်ရထိုက်သည့် နိုင်ငံရေးအခွင့်အရေးများ၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြ။ ပြည်ထောင်စုဟု ဆိုသော်လည်း လက်တွေ့တွင် မိမိကြမ္မာမိမိဖော်ဆောင်ခွင့်မရသည့် အခြေအနေသို့ ယိမ်းယိုင် နေပါသည်။

၉။       တိုင်းရင်းသားများအဖို့ လွတ်လပ်စွာ သီးခြားနေထိုင်လာသည်ကို မျက်ကွယ်ပြုကာ  “ စည်းလုံး ညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီးအချုပ်အခြာပိုင် လွတ်လပ်သော နိုင်ငံအဖြစ် ထူထောင်” ဟူ၍ ပြင်ဆင်ရ ခက်ခဲနေစဲဖြစ်သော အစိမ်းရောင် စာအုပ်ကြီးတွင် နိဒါန်းတင် မိတ်ဆက်ခြင်းခံရ။

နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်ဟု ဆိုသော်လည်း နိုင်ငံရေးအရသော်လည်းကောင်း၊ နိုင်ငံသား ဖြစ်တည်နေမှုအရ သော်လည်းကောင်း အချုပ်အခြာအာဏာ၏ မဏ္ဍိုင်များ ကျင့်သုံးရာတွင် ခွဲခြားဆက်ဆံခြင်းခံနေရသည်ကို တိုင်းရင်းသားများသာမကဘဲ၊ နိုင်ငံသားများအားလုံးက ကိုယ်တွေ့ လက်တွေ့ ခံစားနေရပါသည်။

 

ထိုသို့ တိုင်းရင်းသားလူမျိုးများနှင့်တကွ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံကို အသစ်တဖန် ပြန်လည်တည်ထောင်နိုင်ရန်အတွက် –

တိုင်းရင်းသားများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို ပြန်လည် အသက်ဝင်စေရန်လိုအပ်ပါသည်။  ပင်လုံ စိတ်ဓာတ်၊ ပင်လုံကတိကဝတ်များနှင့်တကွ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုအဖြစ် ပြန်လည်တည်ဆောက်ရန်ဖြစ်သည်။ အာမခံချက်ရှိသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ပြဌာန်းပေးရန် ဟူ၍ မိမိအမြင်ကို ရေးသားပြုစုပါသည်။