• Today is: Saturday, April 24, 2021

မြန်မာတိုင်းရင်းသားလူနည်းစုများအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိကပြင်ဆင်ချက်

Federal Journal
July22/ 2019

ဒေးဗစ်စီဝီလျံ
ဆူဆန်အိတ်ခ်ျဝီလျံ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော ဒီမိုကရေစီအတွက် အဓိကအချက်များ

အောက်ဖော်ပြပါ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များသည် မြန်မာ့တိုင်းရင်းသား လူနည်းစုများအား မိမိတို့လိုလားသည့်အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးကောက်တင်မြှောက်ပိုင်ခွင့် ပိုမိုရရှိစေမည်ဖြစ်သည်။
၁။ ပြည်နယ်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ခြင်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ပြည်နယ်ဝန်ကြီးချုပ်များကို ခန့်အပ်ထားရာ ၄င်းတို့သည် သမ္မတအပေါ်တွင်သာ တာဝန်ခံမည်ဖြစ်သည်။ ထို့ကြောင့်ပြည်နယ်အတွင်းရှိ ပြည်သူများက မဲပေးရွေး ကောက်တင်မြှောက်မည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ်များသည် မဲဆန္ဒရှင်များအတွက် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်သည်။
၂။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အစိုးရအဖွဲ့၏ပုံစံကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ယင်းအ စားပြည်နယ်တစ်ခု၏ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်တစ်ခုစီရှိပြည်သူများသည် ၄င်းတို့လိုလားသည့် အစိုးရ ပုံစံကို ရွေးချယ်နိုင်သည့် အခွင့်အာဏာရှိသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ပိုင်အုပ်ချုပ်ရေးတွင် အစိုးရပုံစံကို ရွေးချယ်ခြင်းလည်းပါဝင်သည်။
၃။ ဥပဒေပြုဇယား (၂) အရ ပြည်နယ်အစိုးရ အခွင့်အာဏာအတွက် ဖြည့်စွက်ချက်များ
ပြည်နယ်တစ်ခုစီတွင် ပြည်နယ်အတွင်း ဘာသာစကားဆိုင်ရာပေါ်လစီ၊ တက္ကသိုလ်မတိုင်ခင် ပညာရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ လူမှုဖူလုံရေး၊ လူမှုဝန်ဆောင်မှုများနှင့် ဇယား(၁) သို့မဟုတ် (၂)တွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် အခြားသော ကြွင်းကျန်အာဏာအားလုံးနှင့်ပတ်သက်ပြီး သီးသန့်လုပ်ပိုင်ခွင့် ရှိသင့်သည်။
၎။ အခွန်နှင့်အရင်းအမြစ် ခွဲဝေသုံးစွဲခြင်း
ပြည်နယ်များသည် အခွန်၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းနှင့် အခြားအရင်းအမြစ်များမှ ပြည်ထောင်စုဘဏ္ဍာငွေ မှ မျှဝေခံစားခွင့်ရှိသင့်သည်။ ထို့ပြင် လျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များမှ ရရှိလာသည့် အရင်းအမြစ်များကိုလည်း ခွဲဝေခံစားခွင့် ရှိသင့်သည်။ ပြည်နယ်များတွင် (က) ၄င်းတို့နယ်မြေအ တွင်း စီမံကိန်းများ ဆောင်ရွက်သင့်-မသင့်နှင့် (ခ) အခြေအနေအရ ၄င်းတို့တာဝန်ယူ လက်ခံဆောင်ရွက် သင့်-မသင့် တို့ကို ဆုံးဖြတ်ပေးနိုင်သည့် အခွင့်အာဏာအချို့ရှိသင့်သည်။

၅။ တိုင်းဒေသကြီးများ လျှော့ချခြင်း
တိုင်းဒေသကြီးများအရေအတွက်ကို လျှော့ချသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့လျှော့ချခြင်းဖြင့် ပြည်နယ်များ၏အင်အားလည်း အခြားသူများနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာနိုင်မည်ဖြစ်သည်။ တိုင်းဒေသကြီးများကို ပြည်နယ်အဖြစ် ပေါင်းစည်းရန်မှာ အလွန်ခက်ခဲနိုင်သော်လည်း သုံးလေးခုခန့်ဖြင့် လျှော့ချနိုင်ဖို့မှာ ဖြစ်နိုင်ချေရှိသည်။
၆။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ပြည်နယ်လွှတ်တော်များက ရွေးကောက်တင်မြှောက်ခြင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်လူထုမှ တိုက်ရိုက်ရွေးကောက်ခြင်းအစား ပြည်နယ် လွှတ်တော်များက ရွေးကောက်တင်မြှောက်ရန် အခွင့်အာဏာရှိသင့်သည်။ ထို့အပြင်အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များကို ပြန်လည်ရုပ်သိမ်းနိုင်သည့် အခွင့်အာဏာလည်းရှိသင့်သည်။ သို့မှသာအမျိုးသားလွှတ်တော်ကိုယ်စား လှယ်များသည် ပြည်နယ်အစိုးရ၏ အခွင့်အာဏာများကို ကာကွယ်ပေးရန် ကြိုးစားမည်ဖြစ်သည်။
၇။ လွှတ်တော်နှစ်ရပ်ဖြင့် မဲခွဲဆုံးဖြတ်ခြင်း
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်က သဘောထား မတိုက်ဆိုင်သည့်အခါ ပြည်ထောင်စု လွှတ်တော်တွင် အစည်းအဝေးထိုင်ပြီး မဲခွဲဆုံးဖြတ်ကြသည်။ ပြည်သူ့လွှတ်တော် အမတ်အရေအတွက်က အမျိုးသား လွှတ်တော် အမတ်အရေအတွက်ထက် ပိုများသည့်အတွက် ၄င်းတို့သာလျှင် အမြဲတမ်းအနိုင်ရမည်ဖြစ်သည်။ ယင်းအ စား ဥပဒေပြုလွှတ်တော်တွင် အမှန်တကယ် လွှတ်တော်နှစ်ရပ်သာရှိသင့်သည်။ သို့မှသာ သီးခြားစီမဲပေးခြင်းအားဖြင့် လွှတ်တော်တစ်ခုစီ၏ ထောက်ခံမဲမရလျှင် မည်သည့် ဥပဒေကြမ်းမှ ဥပဒေ မဖြစ်လာနိုင်တော့ချေ။
၈။ အာဏာခွဲဝေ စီမံခန့်ခွဲခြင်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရုံးသည် အာဏာအများအပြားရှိပြီး အုပ်ချုပ်ရေးအာဏာကို အများအားဖြင့် အလွန်အမင်း ဇောက်ချထားသည်။ အဆိုပါ အခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် အကောင်းဆုံးနည်း လမ်းမှာ (က) ပြည်တွင်းဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး အာဏာရှိသည့် ဝန်ကြီးချုပ်နှင့် (ခ) စစ်ဦးစီးချုပ် နှင့် နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး နိုင်ငံခြားရေးကိစ္စများတွင် အခွင့်အာဏာရှိသည့် သမ္မတတို့နှစ်ဦးကြားတွင် စီရင်ဆုံးဖြတ် ခွင့် အာဏာကို ခွဲဝေပေးရန်ဖြစ်သည်။
၉။ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခြင်း
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်သည် သမ္မတ၏ ထိန်းချုပ်မှုအောက်တွင် ရှိပြီး လွတ်တော်အမတ်ကို မလိုလားသည့်သူ မဲတစ်ရာခိုင်နှုန်းရှိပါက ယင်းလွှတ်တော်အမတ်ကို သမ္မတက ပြန်လည် ရုပ်သိမ်းနိုင်သည်။ ယင်းအစားရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးအရ ထိန်းချုပ်မှုမှ လွတ်ကင်းသင့်ပြီး မဲဆန္ဒရှင် အများစုက နှုတ်ထွက်စေလိုမှသာလျှင် လွှတ်တော်အမတ်ကို ပြန်လည်ရုပ်သိမ်းသင့်သည်။
၁၀။ ဥပဒေကြီးစိုးမှု
လက်ရှိကာလတွင် ပြည်ထောင်စုဥပဒေနှင့် ပြည်နယ်ဥပဒေတစ်ခုခု အငြင်းပွားရသည့်အခါတိုင်း ပြည်ထောင် စုဥပဒေက အသာရနေသည်။ ယင်းအစားအငြင်းပွားမှု ဖြစ်သည့်အခါတွင် ပြည်နယ်ဥပဒေဖြင့် ဖြေရှင်းသင့်သည်အခါ မျိုးတွင် ပြည်နယ်ဥပဒေကို လုပ်ပိုင်ခွင့်ပေးသည့် မူဝါဒကို ကျင့်သုံးသည်ဟု အခြေခံဥပဒေတွင် ပြင်ဆင်သင့်သည်။
၁၁။ ဘာသာရေးလွတ်လပ်ခွင့်
၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ယေဘုယျအားဖြင့် မွေးရာပါအခွင့်အရေးကို အကာအကွယ် အနည်းငယ်သာ ပေးထားပြီး အထူးသဖြင့်ဘာသာရေးလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ကာကွယ်မှုတွင် ကန့်သတ်ထားသည်။ လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ယုံကြည်ခွင့်တို့အတွက် အကာအကွယ်ပေးမှုမှာ ပိုမိုခိုင်မာသင့်ပြီး ဘာသာရေးလွတ်လပ် ခွင့်နှင့် ပတ်သက်နေသည့် ကန့်သတ်ချက်များကိုလည်း ဖယ်ရှားသင့်သည်။
၁၂။ လူ့အခွင့်အရေးကော်မရှင်
မြန်မာနိုင်ငံရှိ တရားရုံးများသည် တရားစီရင်ရေးတွင် အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ တရားရုံးများ၏ ဆောင်ရွက်နိုင်စွမ်းမှာ အကန့်အသတ်ဖြင့်သာရှိပြီး အစိုးရက ထိန်းချုပ်ထားသည်။ ထို့ကြောင့်တရားရုံးများသည် နိုင်ငံ သားများ၏ အခွင့်အရေးကို အပြည့်အဝ မကာကွယ်ပေးနိုင်ချေ။ နိုင်ငံသားများ၏ အခွင့်အရေးအတွက် အကျိုးသက် ရောက်မှုဖြစ်စေမည့် ယန္တရားတစ်ခု ပေးနိုင်ရန်အတွက် အခြေခံဥပဒေသည် လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းပေး သင့်သည်။ အဆိုပါကော်မရှင်ကို ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင်ခန့်ထားခြင်း၊ ဖယ်ရှားခြင်းနှင့်လစာ စသည့်ကိစ္စများ နှင့်ပတ်သက်ပြီး အစိုးရ၏ အချုပ်အချယ်မရှိဘဲ ဖွဲ့စည်းခွင့်ရှိရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံသားများကို ထိထိရောက် ရောက် ကာကွယ်မှုပေးနိုင်စေရန် လိုအပ်သည့် အခွင့်အာဏာများလည်း ရှိသင့်သည်။
၁၃။ ဒေသခံတိုင်းရင်းသားများ၏ ပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးခြင်း
လူနည်းစုတိုင်းရင်းသားများ၏ မြေများကို အကာအကွယ်ပေးရန် လက်ရှိအခြေခံဥပဒေတွင် အချက်သုံးချက် ပြုပြင်သင့်သည်။ ပထမတစ်ချက်မှာ မြေယာပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးရာတွင် ထုံးစံဖြစ်နေသည့် ဥပဒေစနစ် အရ ပေးထားသည့် အခွင့်အရေးများကိုလည်း ထည့်သွင်းပေးထားရမည် ဖြစ်သည်။ ဒုတိယအချက်မှာ အစိုးရသည် ခရိုနီအနည်းငယ်အတွက် မဟုတ်ဘဲ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် စီမံကိန်းများအတွက်သာ မြေယာများကို သိမ်းယူနိုင်ပြီး အဆိုပါမြေသိမ်းမှုများ ပြုလုပ်ရာတွင်လည်း ပြည်သူလူထုနှင့် ယဉ်ကျေးမှုကို ထိခိုက်မှု ရှိ-မရှိ ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ တတိယအချက်မှာ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့ပူး ပေါင်းပြီး စီမံကိန်းအကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်ပြီး စည်းမျဉ်းများ ပြဋ္ဌာန်းရာတွင် ယင်းစီမံကိန်းများအပေါ် ဒေသခံပြည်သူများ၏ သဘောထားလည်း ပါရှိရမည် ဆိုသည့်အချက်လည်း ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။
၁၄။ အရေးပေါ်အခြေအနေ
အရေးပေါ်အခြေအနေနှင့်ပတ်သက်ပြီး လက်ရှိအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်သည် အလွန်အန္တရာယ်များပြီး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်လည်း မကိုက်ညီချေ။ အရေးပေါ်အခြေအနေကြေညာခြင်းနှင့်ပတ်သက်ပြီး ဥပဒေပြုရန်၊ အရေးပေါ်ကာလ သတ်မှတ်ရန်၊ အရေးပေါ်အခြေအနေအတွင်း မူလအခွင့်အရေးများကို ကာကွယ်ပေးရန်နှင့် မည် သည့်အရေးပေါ် အခွင့်အာဏာကို ကျင့်သုံးနေပါစေ။ တရားရေးအရ ကြီးကြပ်မှုများပေးရန် စသည့်အချက်များ အပါ အဝင် ပြောင်းလဲရမည့်အချက်များ အမြောက်အမြားရှိသည်။

သီရိမင်းထွန်းဘာသာပြန်သည်