• Today is: Monday, January 25, 2021

မြန်မာ့အနာဂတ် တရုတ်လက်ဝယ် (သို့) တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု

Federal Journal
December18/ 2018

မင်းရန်နိုင်

မျက်မှောက်ခေတ်ကာလတွင် နိုင်ငံအတော်တော်များများ၌ ပြောဆိုဆွေးနွေးလာရသည့် အကြောင်းအ ရာတစ်ခုရှိသည်။ ထိုအရာမှာ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု (One Belt One Road – OBOR) ဟူ၍ ဖြစ် သည်။ ထိုအကြောင်းအရာမှာ နိုင်ငံပေါင်းစုံ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပူးပေါင်းပါဝင်နိုင်မည့် နည်းလမ်းဖြစ် သောကြောင့် နိုင်ငံတကာက စိတ်ဝင်စားလာခြင်း ဖြစ်သည်။

          ရပ်ဝန်တစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်တွင် စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကို အာရှဒေသနှင့် ဥရောပဒေသအကြား ပူးပေါင်းဆောင် ရွက်ရန် ဖြစ်သည်။ တောင်တရုတ်ပင်လယ်၊ တောင်ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာများနှင့် တစ်ဆက်တည်း ရှိသည့် အရှေ့တောင်အာရှနိုင်ငံများ၊ ပင်လယ်သမုဒ္ဒရာကျွန်းနိုင်ငံများ၊ အရှေ့အာဖရိကနိုင်ငံများ၊ မြေထဲပင် လယ်မြောက်ပိုင်းနိုင်ငံများအကြားတွင်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

          အရှေ့အာဖရိကရှိ ကင်ညာနိုင်ငံသည် ပင်လယ်ရေကြောင်းလမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ ပြည် တွင်းဆိပ်ကမ်းများ အဆင့်မြှင့်တင်သွားရန်၊ နိုင်ရိုဘီမြို့နှင့် မွန်ဘာဆာမြို့အကြား မီးရထားလမ်း ဖောက်လုပ် သွားရန် ရည်ရွယ်ခြင်းဖြစ်သည်။ တောင်အာရှဒေသတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံတို့သည် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုနှင့် ဆက်စပ်နေသည်။

          မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုတွင် အရေးပါနေသည်။ ထို့ကြောင့် ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ပါဝင်စေလိုသည်။ ထိုသို့ ဆန္ဒ ရှိသည့်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်း အဝေးသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၍ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရန်အတွက် အဆိုပြုခဲ့သည်။

“အဆိုပြုချက်အပေါ် မြန်မာနိုင်ငံ အဆင့်မြှင့်ခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို ရရှိခဲ့ပါတယ်” ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်းပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်ဂျန်ရှန်းက တရုတ်-မြန်မာစီးပွားရေးစင်္ကြံ နှစ်နိုင်ငံသတင်းမီဒီယာ ပူးပေါင်းရေးခရီးစဉ်တွင် ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ် တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ရှီကျင့်ဖျင်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည် ဆောက်ရေးအတွက် ထပ်မံအဆိုပြုခဲ့သည်။ ရလဒ်အဖြစ် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် စီးပွားရေးစင်္ကြံတစ်ခု တည်ဆောက်ရန် သဘောတူညီခဲ့ကြသည်။

စီးပွားရေးစင်္ကြံ တည်ဆောက်မှုအဖြစ် တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့၊ မူဆယ်မှ မန္တလေး၊ မန္တလေးမှ အရှေ့ဘက်တွင် ရန်ကုန်အထိ၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ဆက်သွယ်ရန်ဖြစ်သည်။ အဆိုပါ စီးပွားရေးစင်္ကြံလမ်းကို တရုတ်နိုင်ငံက အင်္ဂလိပ်အက္ခရာ “Y” ပြောင်းပြန် စီမံကိန်းအဖြစ် တင်စားထားသည်။ ထိုစီမံကိန်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင် အကောင်အထည်ဖော်နေသည့် (One Belt & One Road-OBOR) ၊ မြန်မာအခေါ် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု ပိုးလမ်းမကြီးစီမံကိန်း၏ တစ်စိတ်တစ်ဒေသဖြစ်သည်ဟု တရုတ်နိုင်ငံ တာဝန်ရှိသူများက ပြောဆိုသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရန် နှစ်နိုင်ငံအဖွဲ့အစည်းအသီးသီးတို့၏ ထောက်ခံမှုများစွာ ရရှိထားသောကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန် မျှော်လင့်နေကြောင်း တရုတ်ခေါင်းဆောင်များက သူတို့၏ သဘောထားများကို ဖွင့်ဟပြခဲ့သည်။ OBOR သည် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အလားအလာသစ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး နိုင်ငံရေးညှိနှိုင်းမှု၊ အခြေခံအဆောက် အအုံ ချိတ်ဆက်မှု၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေမှု၊ ငွေကြေးပေါင်းစည်းမှု၊ ပြည်သူချင်း စိတ်ချင်းဆက် နွယ်မှုဟူသည့် ချိတ်ဆက်မှုငါးခုဖြင့် နှစ်နိုင်ငံပြည်သူများအပေါ် အကျိုးသက်ရောက်မှုရှိစေမည်ဟု တရုတ်နိုင်ငံ ဘက်က သုံးသပ်သည်။

ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်မှ မြန်မာနိုင် ငံရှိ အစိုးရအဖွဲ့ဝင်များ၊ စီးပွာရေးလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများအစရှိသည့် အဖွဲ့အစည်းအသီးသီးတို့ကို တရုတ်နိုင်ငံသို့ မကြာခဏ ဖိတ်ခေါ်၍ ရှင်းလင်းခဲ့သည်။ ပြသခဲ့သည်။ တရုတ်နိုင်ငံ၏ ဖိတ်ခေါ်မှုတွင် အကြိမ် ကြိမ်သွားရောက်လေ့လာခွင့်ရရှိခဲ့သူ အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဌေးအောင်က “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း(One Belt One Road) တည်ဆောက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အနာ ဂတ် ဖွံ့ဖြိုးတိုးတက်မှုရှိမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တဲ့အချက် ဖြစ်ပါတယ်” ဟု သူ၏ ယုံကြည်ချက်ကို ထုတ်ဖော်ပြောကြားသည်။

OBOR စီမံကိန်းပါ လမ်းကြောင်းများအခြေအနေအရ မြန်မာနိုင်ငံသည် ကုန်းကြောင်း၊ ရေကြောင်းနှစ် ခုစလုံးတွင် အချက်အချာကျနေသည်။ ပထဝီနိုင်ငံရေးအနေအထားအရ မြန်မာနိုင်ငံ၏ အရေးပါမှုကို အခွင့်အ ရေးကောင်းဖြင့် မှတ်ယူကာ စီမံချက်ချဆောင်ရွက်သွားရမည်ဖြစ်သည်။ ပိုးလမ်းမကြီးကြောင့် လမ်းပန်းဆက် သွယ်ရေး သာလွန်ကောင်းမွန်ပြီး ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်။ ပညာရေး၊ ကျန်းမာရေး၊ ယဉ် ကျေးမှုဖလှယ်ရေးနှင့် အေးချမ်းသာယာသည့် လူ့အဖွဲ့အစည်း ထူထောင်တည်ဆောက်ရေးအတွက် အခွင့်အ လမ်းကောင်းများ ပေါ်ပေါက်လာမည်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံ၏ ကြီးမားသောဈေးကွက်ကြီးနှစ်ခု ကို အခြေခံပြီး စိုက်ပျိုးသီးနှံများ ပို့ဆောင်ဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ရေး၊ စက် မှုဇုန်များ၊ စိုက်ပျိုးရေးဇုန်များနှင့် ပြည်ပပို့ကုန်များ ပို့ဆောင်ရေးဇုန်များ တည်ဆောက်ရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း အထက်မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးဌေးအောင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့၌ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ဆွေးနွေးပွဲတွင် စာတမ်းဖတ်ကြားတင်သွင်း၍ ဆွေးနွေးခဲ့သည်။

တရုတ်နိုင်ငံဘက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံ သဘောတူညီပြီးကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သို့သော် မြန်မာနိုင်ငံဘက်ကမူ ထိုကိစ္စရပ် အပေါ် ဆွေးနွေးသည်ဟုသာ ပြောဆိုပြီး သဘောတူထားကြောင်း ထုတ်ဖော်ပြောကြားခြင်း အားနည်းခဲ့သည်။ သတင်းမီဒီယာများမှတစ်ဆင့် ပြည်သူသို့လည်း အသိပေးပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်မည့်အပေါ် အချို့လုပ်ငန်းရှင်များက သိရှိခြင်းမရှိကြောင်း လေ့လာအကဲခတ်သူများက ပြောဆိုကြသည်။

တရုတ်နိုင်ငံဘက်က ထိုစီမံကိန်းကို မြန်မာနိုင်ငံနှင့် သဘောတူထားကြောင်း မည်သို့ပင် ထုတ်ဖော် ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် တရားဝင်အသိပေးမှုကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၉ ရက်ရောက် မှသာ ပြည်သူသို့ အသိပေးသည့်သဘောမျိုးဖြစ်သည်ဟု လေ့လာအကဲခတ်သူများက ပြောသည်။ စက်တင်ဘာ ၉ ရက်နေ့က တရုတ်-မြန်မာ စီးပွာရေးစင်္ကြံ ပူးတွဲတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်နိုင်ငံ ဘက်မှ တရုတ်အစိုးရကိုယ်စား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟယ်လီဖုန်းက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီမံကိန်းတွင် ပါဝင်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည်။ မြန်မာ နိုင်ငံဘက်မှ ကျောက်ဖြူအထူးစီးပွာရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က လက်မှတ်ရေးထိုးခဲ့သည်။ တရုတ်နိုင်ငံဘက်မှ CITIC Group ဥက္ကဋ္ဌ မစ္စတာ ချောင်ဇန်မီက လက်မှတ်ရေးထိုးခဲ့သည်။

OBOR စီမံကိန်းသည် ကမ္ဘာ့နံပါတ်တစ်ဖြစ်သည့် အမေရိကန်နိုင်ငံကို ကျော်တက်ရန် တရုတ်နိုင်ငံက လမ်းစရှာဖွေနေသည့်စီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး(GDP)နှင့် ငွေကြေးလည် ပတ်မှုများက မြင့်တက်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံမှ စီးပွားရေးပညာရှင်များက သုံးသပ်ပြသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုများ စွတ်ဝင်လာမည်ဆိုပါက  မြစ်ဆုံကိစ္စကဲ့သို့ ဖြစ်လာ လျှင် အနည်းငယ်ထိတ်လန့်စရာကောင်းပြီး လုပ်ပုံလုပ်နည်းများကို မကြိုက်သည့်အတွက် လက်မခံချင်ကြပေ။ သို့သော် မလွှဲမရှောင်သာ ကမ္ဘာနှင့်ဖြန့်ပြီး လက်တံရှည်ရှည်ဖြင့် ရင်းနှီးမြုပ်နှံလိုက်လျှင် မြန်မာနိုင်ငံက ကျန်ခဲ့ မည်ကိုလည်း စိုးရိမ်စရာကောင်းသည်။ ထို့ကြောင့် ပထမအဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

“ကျောက်ဖြူ အထူးစီးပွားရေးဇုန် လုပ်ရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက်များစွာ အလားအလာ ကောင်းပါတယ်။ အဲဒီကနေ ရေနံပိုက်လိုင်း၊ ဂတ်စ်ပိုက်လိုင်း သွယ်ပြီးနေပြီ။ အဲဒီတော့ ရထားလမ်းနဲ့ ကားလမ်း ဖောက်လာရင် ဘယ်လောက်ရာခိုင်နှုန်းရမလဲ။ အခုက ၃၀ ရာခိုင်နှုန်းလို့ ပြောတယ်။ မနည်းပါဘူး” ဟု စီးပွား ရေးပညာရှင် ဦးလှမောင်က သုံးသပ်ပြောဆိုသည်။

          ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းသည် အကျိုးစီးပွားနှင့်အတူ စိတ်ပူပန်စရာများလည်း ပါဝင် လာကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက သူ၏ စိုးရိမ်ချက်ကို ဖွင့်ဟပြောဆိုသည်။ နိုင်ငံတကာ နှင့်ဆက်ဆံသည့်အခါ ကိုယ့်တိုင်းပြည်ကို ကာကွယ်ရန်နှင့် ကိုယ့်အကျိုးစီးပွားကို ကာကွယ်ရန်၊  ဘယ်လောက် အဆင်သင့်ဖြစ်သလဲ။ ဥပဒေရှိပြီလားဆိုသည့်အချက်ကို ဦးသိန်းသန်းဦးက အတော်လေးစိတ်ပူနေသည်။ ထိုကြောင့် ယခု မြန်မာနိုင်ငံနှင့်ချိတ်ဆက်မည့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းကို ၎င်းအနေဖြင့် မယုံ ကြည်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောသည်။

          တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး စိတ်ပူမည်ဆိုပါက စိတ်ပူစရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် တရုတ်နိုင်ငံ၏ စီမံကိန်းများမှာ ပွင်းလင်းမြင်သာမှု အားနည်းခဲ့သည်။ စီမံကိန်းလုပ်မည့် ဧရိယာတွင် နေထိုင်သည့် ဒေသခံလူထုအတွက် မည်သည့်အကျိုးစီးပွားမျှမဖြစ်ခဲ့ဘဲ ကောင်းကျိုးထက် ဆိုးကျိုး များသာ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံလူထုနှင့် မြန်မာလူထုက စိုးရိမ်ကြခြင်းဖြစ်သည်။ ဥပမာ-စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်ကြေးနီစီမံကိန်းကို မြန်မာလူထုက မမေ့နိုင်သေးပေ။ တခြား စီမံကိန်းများတွင်လည်း အလားတူပင်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမည့် စီမံ ကိန်းများကို စိုးရိမ်နေကြခြင်းဖြစ်သည်။

          ထိုစိုးရိမ်မှုများကို တိုင်းရင်းသားပြည်သူလည်းဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များလည်းဖြစ်သူ ဦးဦးလှစောနှင့် နန်းခမ်းအေးတို့ကလည်း ထုတ်ဖော်ပြောဆိုသည်။

          ရှမ်းပြည်နယ် နမ္မတူမဲဆန္ဒနယ်မှ ဒေသခံလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် နန်းခမ်းအေးက သုံးသပ်ရာတွင် တရုတ်နိုင်ငံက အကောင်အထည်ဖော်ရန် ကြိုးစားနေသည့် OBOR စီမံကိန်း သည် ရှမ်းပြည်နယ်အတွက် ခေတ်သစ်ကိုလိုနီလက်နက်တစ်ခုသာ ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ကာလများက တရုတ်နိုင်ငံ၏ ကျောက်ဖြူ-ကူမင်း ဂတ်စ်ပိုက်လိုင်းစီမံကိန်းတွင် ဖြတ်သန်း သွားမည့် ဒေသတွင် မြေယာအား ကွင်းဆင်းစစ်ဆေးရာ အားနည်းချက်များရှိခြင်း၊ ရှိပြီးသား ဥပဒေအား အကောင်အထည်ဖော်ရာတွင် အားနည်းချက်များရှိခြင်းတို့ကြောင့် ပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း၊ မြေတိုင်း ရာတွင် မြေပိုင်ရှင်များ ပါဝင်သော်လည်း ပညာမတတ်သည့်အတွက် ရှိရင်းစွဲ မြေဧကများအတိုင်းဖော်ပြမခံရ ခြင်း၊ မြေယာလျှော်ကြေးပေးရာတွင် ၂၀ ရာခိုင်နှုန်း ခေါင်းပုံဖြတ်ခံရခြင်းများကြောင့် နောက်ဆက်တွဲ အကျိုး ဆက်အဖြစ် ထိုဒေသရှိ လူထုမှာ နေရပ်မပြန်နိုင်ဘဲ ရှောင်နေရခြင်းများ ရှိနေသည်ဟု နန်းခမ်းအေးက ဥပမာ များပေး၍ ရှင်းပြသည်။ ထို့ပြင် စီမံကိန်းပြုလုပ်ရာ ဒေသတစ်လျှောက် ဒေသခံလူထု၏ အလုပ်ရရှိမှုမှာ အင်မ တန် နည်းပါးပြီး အလုပ်ရရှိခဲ့လျှင်လည်း အကျိုးခံစားခွင့် နည်းပါးသည်။ ထို့ကြောင့် စီမံကိန်းပြီးသွားသည်နှင့် ထိုဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။

“ဒီစီမံကိန်းအတွက် ကျွန်မတို့က နယ်နိမိတ်ထိစပ်နေတာကို မြန်မာနိုင်ငံအနေနဲ့ အားသာချက်အဖြစ် အသုံးပြုရမယ်ဆိုပေမယ့် ကျွန်မတို့က နယ်နိမိတ်ထိစပ်တာနဲ့ ပေးဆပ်ရတာတွေက ပိုများနေပါတယ်”ဟု နန်း ခမ်းအေးက ပြောသည်။

ထို့ကြောင့် နန်းခမ်းအေးက တရုတ်နိုင်ငံမှ ဆောင်ရွက်ခဲ့သည့် ဂတ်စ်ပိုက်လိုင်း စီမံကိန်းနှင့် ပတ်သက် ပြီး “လူသားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂတ်စ်ပိုက်လိုင်းဖြတ်တဲ့နေရာတွေ၊ အနစ်နာခံတဲ့ဒေသတွေမှာ ကြီးပွားချမ်းသာရမယ်ဆိုပေမယ့် ကျွန်မတို့ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက်ရှိနေပါတယ်”ဟု မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်ပြီး နောက်ထပ် ဝေဖန်ထောက်ပြသူတစ် ဦးမှာ ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ဖြစ်သည်။ ဦးဦးလှ စောက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် တရုတ်၏ စီမံကိန်းများနှင့်ပတ်သက်ပြီး သင်ခန်းစာ သုံးခု ထုတ်ယူ ထား ကြောင်းပြောသည်။ ထိုသင်ခန်းစာ သုံးရပ်မှာ (၁) တရုတ်တာဝန်ရှိသူများ၊ ကုမ္ပဏီများက ဒေသခံများ အပေါ်တွင် မလေးစားခြင်း၊ (၂) ပတ်ဝန်းကျင်သဘာဝတရားကို မလေးစားခြင်း၊ (၃) လူသားများ၊ အလုပ်သမား များ ခံစားခွင့်ခံစားထိုက်သည့် နိုင်ငံတကာစံနှုန်းများကို မလေးစားခြင်းတို့ ဖြစ်သည်။

          တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှ မြန်မာနိုင်ငံအနေဖြင့် မည်ကဲ့သို့ အကျိုးစီးပွားရရှိမည်ကို ရှင်းလင်းစွာ မသိရသေးလည်း ယခုစီမံကိန်းကို လုပ်သင့်သည်ဟု နိုင်ငံရေးသမားများ၊ စီးပွားရေးပညာရှင်များ၊ လေ့လာ စောင့်ကြည့်သူများ အစရှိသည့်အဖွဲ့အစည်းများက တစ်ညီတစ်ညွတ်တည်း သဘောထားရှိကြသည်။ သို့သော် ယင်းစီမံကိန်းမှ မည့်သည့်အကျိုးဆက်ဖြစ်လာမည်ကို မြန်မာနိုင်ငံ၏ ရေရှည်မျှော်မှန်းချက်များဖြင့် ချိတ်ဆက် ထားသင့်သည်ဟု တရုတ်-မြန်မာ ဆက်ဆံရေးကို အထူးပြုလေ့လာနေသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့ လာရေး အင်စတီကျု (ISP Myanmar) မှ တရုတ်နိုင်ငံဆိုင်ရာတာဝန်ခံ မခင်ခင်ကျော်ကြီးက ပြောသည်။

          တရုတ်နိုင်ငံမှာ တရုတ်အိမ်မက်(China Dream)ရှိနေပြီး ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခုသည် ၎င်း တို့၏ အိမ်မက်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရန်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေ ဖြင့်လည်း မြန်မာအိမ်မက်(Myanmar Dream) ရှိသင့်သည်ဟု မခင်ခင်ကျော်ကြီးက ပြောသည်။ သို့သော် နိုင်ငံ အတွက် အကျိုးခံစားခွင့် မည်မျှရှိမည်၊ ဒေသခံလူထုအတွက် အကျိုးခံစားခွင့်မည်မျှရှိမည်စသည်တို့ကိုလည်း ပွင့်ပွင့်လင်းလင်း သိထားသင့်သည်။ အစိုးရကလည်း ချပြရဲရမည်ဟု ဆိုသည်။

OBOR စီမံကိန်းအပေါ် စီးပွားရေးပညာရှင် ဦးလှမောင်က “တစ်ကယ်တမ်း ကြီးမားတဲ့စီမံကိန်းကြီးတွေ ကိုယ်ဘာမှမလုပ်နိုင်တာကို တိုးတက်နေပြီဖြစ်တဲ့ အိမ်နီးချင်းတရုတ်က လုပ်တယ်ဆိုတာ ကိုယ့်အတွက် အကျိုး ရှိတယ်။ လူတွေကအစ သူတို့လူတွေကို ခေါ်လာပြီးလုပ်တာရှိတယ်။ အဲဒါလေးတွေတော့ သူကညှိနှိုင်းပြီး ဒီက အလုပ်သမားကို ခန့်ဖို့၊ နည်းနည်းဆက်ဆံတာတွေ၊ မောက်မာတာတွေ၊ ပြန်ညှိရင်တော့ အခြေအနေကောင်း မှာပါ။ ကျောက်ဖြူစီမံကိန်းက ပိုးလမ်းမစီမံကိန်းရဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်ပါတယ်”ဟု သုံးသပ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေး ထိုးခြင်းမှာ ကနဦး စတင်နိုင်ရန်အတွက်ဖြစ်သည်။ တရုတ်-မြန်မာစင်္ကြံနှင့်ပတ်သက်၍ ဆက်လုပ်မည့်အပိုင်းများ မှာ မြန်မာနိုင်ငံဘက်မှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ် နိုင်ငံဘက်မှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ် သည်။ နှစ်နိုင်ငံဝန်ကြီးများအောက်တွင် ပူးပေါင်းကော်မတီဖွဲ့ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် အတွင်းရေးမှူးနှင့် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်အောင်ဦးက ရှင်းပြသည်။

ထိုစီမံကိန်းကို အဆောတလျင်လုပ်ဆောင်မည်မဟုတ်ဘဲ ရေရှည်လုပ်ရမည့် စီမံကိန်းကြီးဖြစ်ပြီး အကောင်အထည်ဖော်မှုအတွက် လိုအပ်သည်များကို သေချာသုံးသပ်သွားမည်ဟု ဦးအောင်နိုင်ဦးကပြောသည်။ ထို့ပြင် စီမံကိန်းအတွက် စတင်ညှိနှိုင်းစဉ်က နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်ကြပြီး နှစ်ဖက်သဘောတူသည့် စီမံကိန်းများကိုသာ ထည့်သွင်းဆောင်ရွက်ရန် သဘောတူထားသည်ဟု ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်အောင်ဦးက ထိုစီမံကိန်းနှင့်ပတ်သက်၍ “တရုတ်နိုင်ငံက  ကမကထ လုပ်မယ့် စီမံကိန်းဆိုပေမယ့် တရုတ်နိုင်ငံအလိုကျ ကျွန်တော်တို့ လုပ်မယ့်စီမံကိန်းတော့ မဟုတ်ပါဘူး”ဟု ပြော ဆိုပြီး “ကျွန်တော်တို့က ကိုယ့်ရှေ့မှာလုပ်ခဲ့တဲ့သူတွေရဲ့ အမှားတွေကို သင်ခန်းစာယူပြီး ဒါမျိုးထပ်မမှားရ အောင် ပြင်ဆင်ပြီး လုံလောက်တဲ့ လေ့လာဆောင်ရွက်မှုတွေ လေ့လာပြီးပါပြီ”ဟု အစိုးရဘက်က ဆောင်ရွက် ထားသည်များကို ပြောပြသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းဆိုသည်နှင့်ပတ်သက်ပြီး ရွေးချယ်ပိုင်ခွင့်မရှိဘဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဆက်ဆံရမည် ဖြစ်သည်။ သို့သော် ယခု အကောင်အထည်ဖော်မည့် စီမံကိန်းတွင် OBOR မှာ မည်သည့် အပိုင်းကို သတ်မှတ်၍ မည်သည့်အပိုင်းက  OBOR မဟုတ်သည်ကို ရှင်းလင်းတိကျစွာ သတ်မှတ်ရန် လိုသည်။

ယခု OBOR သည် စီးပွားရေးအစီအစဉ်သာဖြစ်သည်ဟု တရုတ်နိုင်ငံက ကြွေးကြော်နေသော်လည်း အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည်ကိုလည်း မေ့ထား၍မရပေ။ အင်အားကြီးနိုင်ငံအနေဖြင့် အကျိုးစီးပွားတစ်ခု တည်းကို စဉ်းစားမည်မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများပါ ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ ရေး၊ လုံခြုံရေးစသည့် အကြောင်းအရာများကိုလည်း စဉ်းစားပေလိမ့်မည်။ ထိုအချက်ကို မြန်မာနိုင်ငံက နား လည်သဘောပေါက်ထားရန် လိုသည်။ ထိုအချက်ကို နားလည်သဘောပေါက်မထားပါက မြန်မာနိုင်ငံအတွက် နစ်နာစရာများရှိသည်ဟု မခင်ခင်ကျော်ကြီးက ပြောသည်။

          တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း မြန်မာလူထုအနေဖြင့် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ခါးသီးသည့် အတွေ့အကြုံများ ရှိသော်လည်း ယခုစီမံကိန်းကို လုပ်ဆောင်ရမည် ကောက်ချက်ချသည်။

“ကျွန်တော်တို့ဘက်က တော်တော်ဂရုစိုက်ရမယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်နဲ့ ပတ်သက်တဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ ကျွန်တော်တို့ ရှိတယ်။ သို့သော် နိုင်ငံရေး၊ စီးပွားရေးလုပ်တယ်ဆိုတာ စိတ်ခံစားချက်နဲ့ လုပ်လို့မရတဲ့အတွက် ကျော်ကြည့်လိုက်တော့ OBOR က ကျွန်တော်တို့အတွက် အခွင့်အလမ်း ပဲ။ ဒါသိပ်ကြီးကျယ်တယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်တို့လုပ်ရမယ်။ လုပ်မယ်ဆိုတဲ့နေရာမှာ တွဲဖက် လုပ်ရမယ့်သူကို ကြည့်တော့ ကျွန်တော်ကြောက်တယ်”ဟု ဦးသိန်းသန်းဦးက ပြောသည်။

          တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းကြီးအတွက် အာရှအခြေခံအဆောက် အအုံ ရင်းနှီးမြုပ်နှံမှုဘဏ် (Asia Infrastructure Investment Bank-AIIB) ကို တည်ထောင်ထားသည်။ ထိုဘဏ်မှ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်တွင် ပါဝင်မည့် နိုင်ငံတစ်ခုချင်းစီအား ဖွံ့ဖြိုးတိုးတက် ရေးမဟာဗျူဟာများနှင့်အညီ ပေါင်းစပ်လုပ်ကိုင်သွားမည်ဟု မျှော်မှန်းရသည်။ တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံ များနှင့် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း၊ အဝေးပြေးလမ်းမများ တိုးချဲ့ဖောက်လုပ်ခြင်း၊ ရထားလမ်းများ တိုးချဲ့ဖောက်လုပ်ခြင်း၊ လေကြောင်းပို့ဆောင်ရေးနှင့် ဖိုက်ဘာဆက် ကြောင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ခြင်းစသည့်ကဏ္ဍများတွင် ငွေကြေးထောက်ပံ့ပေးသွားမည်ဟု မျှော်မှန်းရသည်။

          မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထု၏ အိမ်မက်ဖြစ်သော စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒ ရယ်ပြည်ထောင်စုစနစ် တည်ထောင်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနိုင်ရေးအတွက် တရုတ်နိုင်ငံက အဟန့်အတားဖြစ်စေခဲ့သည့် အကြောင်းအတရားများကိုလည်း မေ့ထား၍ မရနိုင်ပေ။  သို့သော် ယခု တရုတ်-မြန်မာစီးပွာရေးစင်္ကြံက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းဖြစ်လာလိမ့်မည်ဟု မျှော်မှန်းသူများ လည်းရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ယခင်ကနေ ယခုအထိ နှစ်ပေါင်းများစွာ ခံခဲ့ရပြီး ရုန်းမထွက်နိုင်ဖြစ်မည်ကို စိုးရိမ်နေသူများလည်း ရှိသည်။

မည်သူတွေ မည်သို့ပင် ပြောဆိုထောက်ပြနေပါစေ။ စီမံကိန်းကြီးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ အခြေအနေက ရုန်းထွက်၍လည်း မရနိုင်သေးပေ။ ထိုအခြေအနေကြောင့်ပင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို လက်ခံခဲ့ဟန်တူပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုစီမံကိန်းကြီးတွင် မြန်မာက ပါဝင်ပတ်သက်ရပေတော့မည်။ တရုတ်နိုင်ငံ ကြွေးကြော်သ လို ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါစေဟုသာ ဆုတောင်းရုံမှလွဲ၍ မြန်မာ့အနာဂတ် တရုတ် လက်ဝယ်တွင် ရှိနေသည်မှာ ငြင်း၍ မရနိုင်သည့် အကြောင်းတရားတစ်ခုဖြစ်ပေတော့သည်။

ကိုးကား –

Manadalay Today မဂ္ဂဇင်း၊

ယောမင်းကြီးဇရပ်စကားဝိုင်းဆွေးနွေးပွဲ(စတုတ္ထအကြိမ်)၊

နေ့စဉ်ထုတ်သတင်းစာများ။   ။