• Today is: Thursday, August 5, 2021

မြန်မာပြည်နိုင်ငံရေး နှင့် ရေစီးကြောင်း ၂ ခု

Federal Journal
September24/ 2018

မြန်မာပြည်နိုင်ငံရေးပြဿနာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြဿနာ သက်သက်သာမဟုတ်ဘဲ အမျိုးသားတန်းတူရေးပြဿနာဖြစ်သည်။ ထိုပြဿနာရပ် များသည် ပေါက်ဖွားသည့် ဇစ်မြစ်တူသော်လည်း ကိုယ်စားပြုသူများမတူကြ။ ရည်မှန်းချက်များမတူကြ။ ကိုယ်စားပြုမှုများမတူကြ။ ဖြတ်သန်းမှုများမတူကြသည့် ရေစီ ၂ ခုသဖွယ်ဖြစ်သည်။ ထိုရေစီကြောင်း ၂ ပေါင်းဆုံပါက အရှိန်အဟုန်ကြီးမား သည့် ရေစီးကြောင်းကြီးတစ်ခုဖြစ်လာဖွယ်ရှိသော်လည်း ကံကြောင်းမလှစွာပင် မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ထိုရေစီးကြောင်း ၂ခုသည် ပေါင်းဆုံနိုင်ခြင်းမရှိဘဲ မျဉ်ပြိုင်သဖွယ်ဖြစ်နေသည်ကို တွေ့ရပေသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေး

မြန်မာပြည် ပြည်မလူထုအများစု၏ အဓိက နိုင်ငံရေးရေစီးကြောင်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရကာလနှင့် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီနှင့် မဆလအစိုးရကာလတွင် ပြည်မရှိ နိုင်ငံရေး ရေစီကြောင်း သည် တစ်မျိုးတစ်ဖုံဖြစ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်ပိုင်း ပြည်မ၏ အဓိကနိုင်ငံရေးရေစီးကြောင်းမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဖြစ်ခဲ့သည်။

ဒီမိုကရေစီအခွင့်အရေးများရရှိရေး၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် အတူ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် တစ်ရပ်ဖော်ဆောင်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ် တင်မြှောက် နိုင်ရေးကို ရှေးရှုခဲ့သည်။ လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ် စွာရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာစည်းရုံးစုဝေးခွင့်များကို အလေးထားခဲ့သည်။

လက်ရှိအချိန်တွင် အကန့်အသတ် အချို့ရှိနေဆဲဖြစ်သော်လည်း တိတိကျကျ ပြောရလျှင် မြန်မာစစ်ဖက်နှင့် ပတ်သက်ယှက်နွှယ်သော အကြောင်းခြင်းများမှအပ ကျန်သည့်အပိုင်းများတွင် အတော်အတန်လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရသည့် အခြေအနေဖြစ်သည်။ နှစ် ၅၀ ခန့်ကြာခဲ့သညပ့် စစ်အုပ်ချုပ်ရေးကာလနှင့် ကွာခြား မှုတစ်စုံတစ်ရာရရှိခဲ့သည်။

ပြည်မအင်အားစုများ၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရည်မှန်းချက်များ အတွက် အဓိကပြဿနာမှာ တိုင်းပြည်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့တွင် မြန်မာစစ်ဘက်၏ ပါဝင်မှုကို လျှော့ချနိုင်ရေးဖြစ်သည်။ ထို့သို့ စစ်ဘက်ပါဝင်မှုအခန်းကို တရားဝင်ရေးဆွဲပြဋ္ဌာန်းထားသော ၂၀၀၈ အခြေံ ဥပဒေကို ပြင်ဆင်နိုင်ရေးဖြစ်သည်။ ဤအတွက် အဓိကလှုပ်ရှားမှုမှာ မြေပေါ်လူထုလှုပ်ရှားမှု နှင့် ၂၀၀၈ အခြေခံဥပဒေပါ အခွင့်အရေးနှင့်အညီ ပြုလုပ်သော ရွေးကောက်ပွဲများ တွင်ပါဝင်ပြီး လွှတ်တော်တွင်း လှုပ်ရှားမှုများကို အားပြုသည်။

ထိုလှုပ်ရှားမှုများတွင် မြေပေါ်နိုင်ငံရေးပါတီများစွာ ပါဝင်လှုပ်ရှားနေကြသော် လည်း လူထုအများစုထောက်ခံမှုရရှိသည်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ပြတ်သားစွာအနိုင်ရပြီးနောက် အခြေ အနေတစ်မျိုးပြောင်းသွားည်။ မူလက လွှတ်တော်တွင်း၌ အတိုက်အခံအဖြစ် သာရှိ နေသာ NLD သည် အစိုးရဖွဲ့နိုင်သွားသည်။ မြန်မာစစ်ဘက်၏ ကျော်ထောက်နောက် ခံရယူထားသော ကြံ့ခိုင်ရေးပါတီမှာ လွှတ်တော်ထဲတွင် သေးငယ်သော အင်အားစု ဖြစ်ကာ လုံလောက်သည့် ကန့်ကွက်မဲပေးနိုင်သည့် အခြေအနေမရှိတော့ပေ။

လက်ရှိလွှတ်တော်အတွင်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အတိုက်အခံနေရာ သို့မဟုတ် ပုဒ်မ ၄၃၆ အရ ဥပဒေပြင်ရန် လိုအပ်သည့်ထောက်ခံ မှုကို မြန်မာစစ်ဘက် ကိုယ်စားလှယ်များ၏ သဘောတူညီနိုင်ရန်သာ အဓိကဖြစ်လာ သည်။

၂၀၀၅ ရွေးကောက်ပွဲအပြီး အစိုးရလည်းဖွဲ့နိုင်၊ လွှတ်တော်တွင်လည်း အများစု ဖြစ်လာသော NLD ၏ လက်ရှိဆောင်ပုဒ်မှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်သည်။ အစိုးရလုပ်ငန်းဆောင်တာများတွင်းလည်းကောင်း၊ လွှတ်တော်တွင်လည်း မြန်မာ စစ်ဘက်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်ဟူသော သဘောဖြစ်သည်။ ၂၀၁၃/၂၀၁၄ အခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှုများကဲသို့ NLD ၏ လူထု လှုပ်ရှားမှုများတွေ့နိုင်ရန် ခဲယဉ်းသွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် NLD အစိုးရအ နေဖြင့် မြန်မာစစ်ဖက်နှင့် ညှိနှိုင်းပြီးအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနတို့ကို လုပ်ဆောင်ကာ တည်ငြိမ်သည့် ကာလတစ်ခုအဖြစ်ပုံဖော်ရန် ကြိုးပမ်းသွားဖွယ်ရှိ သည်။

ယနေ့အများပြောနေကြသည့် “အရပ်ဘက် စစ်ဘက်ဆက်ဆံရေး” အသစ်တစ်ရပ် တည်ထောင်ရန် ကြိုးပမ်းဖွယ်ရှိသည်။ ထိပ်တိုက်ရင်ဆိုင်ရေးထက် စေ့စပ်ညှိနိုင်းရေးကို အလေးတင်မည့် အလားအလာဖြစ်သည်။ ထို့ကြောင့် လက်ရှိ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအပိုင်းများတွင် NLD နှင့် မြန်မာစစ်ဘက်သည် ညွှန့်ပေါင်းအစိုးရသဖွယ် ဖြစ်နေဖွယ်ရာရှိပေသည်။ သို့ဖြစ်ရာ ပြည်မ၏ အဓိကနိုင်ငံ ရေးရေစီးကြောင်းဖြစ်သည့် ဒီမိုကရေစီရေး လူ့အခွင့်အရေး ရည်မှန်းချက်လမ်းကြေင်းသည် အမျိုးသားရင်ကြားစေံရေးလမးကြောင်းပေါ်တွင် ရှိသည်။ ထို့ကြောင့် ၄င်းရေစီကြောင်းအား ကိုယ်စားပြုနေသည့် NLD အတွက် မြန်မာစစ်ဘက်နှင့် ရင်ကြားစေ့ရေးသည် အဓိက ဦးစားပေးဖြစ်၍ နေသည်ဟုဆိုရပါ မည်။

ပြည်မနိုင်ငံရေးတွင် NLD နှင့်မတူသော နိုင်ငံရေးအင်အားစုအချို့နှင့် နိုင်ငံရေးအယူအဆ လှုပ်ရှားမှုအချို့တွေ့ရှိရသော်လည်း လူထုအများစု ထောက်ခံမှု မရရှိနိုင်သေး၍ NLD ၏ ပင်မရေးစီးကို ကျော်လွှားနိုင်ခြင်းမရှိသေးပေ။

အမျိုးသားတန်းတူရေး

တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်သည့်လှုပ်ရှား မှုသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်ဟုဆိုရမည်။ တိုင်းရင်း သားများ၏ လှုပ်ရှားမှုမှာ ၂ ပိုင်းရှိသည်။ တစ်ပိုင်က မြို့ပေါ်ဥပဒေတွင်း နိုင်ငံရေးပါ တီများ၏ လှုပ်ရှားမှုများဖြစ်သည်။ တစ်ပိုင်းကတော့ လက်နက်ကိုင်တိုက်ပွဲဝင်နေ သောလက်နက်ကိုင်အဖွဲ့များဖြစ်သည်။

မြို့ပေါ်တိုင်းရင်းသားပါတီများကတော့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ဖဆပလ အစိုးရလက်ထက်တွင် ၁၉၄၈ ခုနှစ်အခြေခံဥပဒေတွင်ပါရှိသည့် ၁၀ နှစ်ကြာတွင် ခွဲထွက်နိုင်သော အခွင့်အရေးအားလည်းကောင်း၊ ဖက်ဒရယ်မူအားလည်းကောင်း၊ ကိုင်စွဲခဲ့ကြသည်။ သို့သော် ဥပဒေတွင်း တိုင်းရင်းသားစာပေး ယဉ်ကျေးမှုအဖွဲ့များအ နေဖြင့် ရပ်တည်လှုပ်ရှားခဲ့သော်လည်း လွန်ခဲ့သော နှစ်များက မြို့ပေါ်နိုင်ငံရေးလှုပ်ရှား စည်းရုံးရန်မဆိုထားနှင့် တိုင်းရင်းသားစာပေသင်ကြားရန်ပင် များစွာ ဖိနှိပ်ချုပ်ချယ်ခံရပြီး တရုတ်စာသင်ရသည်လောက်ပင် လွယ်ကူလွတ်လပ်ခြင်းမရှိခဲ့ပေ။

၁၉၄၈ ခုနှစ် နောက်ပိုင်းမှစ၍ တိုင်းရင်းသားလူမျိုး တစ်မျိုးပြီးတစ်မျိုး၊ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ဗဟိုအစိုးရအားလက်နက်ကိုင် တိုက်ခိုက်လာခဲ့ကြသည်။ ၁၉၄၈ မှစ၍ ယနေ့ထိ နှစ် ၇၀ နီးပါးကြာသည့် တိုင်းရင်းသားများလက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် သမိုင်းတွင် စဖွဲ့ကတည်းက ရေရှည်ရပ်လာနိုင်သောအဖွဲ့များလည်း ရှိသည်။ အဖွဲ့များ ကွဲ၍ အင်အားချိနဲ့သွားသော အဖွဲ့များလည်းရှိသည်။ အင်အားတောင့်တင်းလာသော အဖွဲ့လည်းရှိသည်။ အဖွဲ့များပျက်သွားလိုက် ပြန်ဖွဲ့လိုက်နှင့် လှုပ်ရှားရုန်းကန်နေရ သည့် တိုင်းရင်းသားများလည်းရှိသည်။ မြန်မာစစ်ဘက်နှင့်ပူးပေါင်းသွားသည့် အဖွဲ့ များလည်း ရှိသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် မြန်မာပြည်၌ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ၂၀ ဝန်ကျင်းခန့်နှင့် လက်နက်ကိုင်အင်အား တစ်သိန်းခန့်ရှိ နေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကနဦးနိုင်ငံရေးရည်မှန်ချက်မှာ သီးခြားသမ္မတနိုင်ငံထူထောင်ရေးဖြစ်သည်။ ခွဲထွက်ရေးဖြစ်သည်။ ယခုနောက်ပိုင် တွင် သီးခြားနိုင်ငံထူထောင်ရေးကို မတောင်းဆိုတော့။ ဖက်ဒရယ်ကိုတောင်းဆို သည်။ သို့သော် ၄င်းတို့၊ တောင်းဆိုသည့် ဖက်ဒရယ်ပြည်နယ်ဆိုသည်မှာ ဥပဒေပြု အာဏာအုပ်ချုပ်ခွင့်အာဏာ တရားစီရင်ရေးအာဏာ ၃ ရပ် ရှိသည့် ဖက်ဒရယ်ပြည် နယ်ဖြစ်သည်။ အဆိုပါဖက်ဒရယ်ကို လက်ရှိနိုင်ငံရေးအခြေအနေအရ ပြောင်းလဲ တောင်းဆိုသည့်တိုင် ခွဲထွက်ခွင့်ကို လုံးဝစွန့်လွှတ်လိုက်သည်ဟု အဓိပ္ပါယ်မရချေ။ တိုင်းရင်းသားများကြား မြင့်တက်လာသည့် နိုင်ငံရေးအသိစိတ်၊ အမျိုးသားစိတ်တို့ သည်။ တစ်နေ့တခြား မြင့်တက်နေသည်ဆိုသည်ကိုတော့ သတိပြုရန်လိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်။ မတရားသင်းအက်ဥပဒေနှင့် ငြိနေသဖြင့် မြို့ပေါ်ရှိ ၄င်းတို့ တိုင်းရင်းသားကိုယ်စားပြုပါတီများနှင့် တရားဝင်လက် တွဲခြင်းမရှိကြသော်လည်း ၄င်းတို့ တိုင်းရင်းသားပြည်နယ်များအရေးနှင့်ပတ်သက်၍ ၄င်းတို့ကြားကွဲလွဲမှုလည်းရှိကြသကဲ့သို့ အခြေခံတူညီမှုများလည်း ရှိကြသည်။

တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ၄င်းတို့ ဦးတည်ချက်အတွက် ဦးတည်တိုက်ပွဲဝင်နေသည်မှာ ဗဟိုအစိုးရအား ဖြစ်သည်။ ယခင်ဖဆပလ အစိုးရနောက်ပိုင်းတွင်  စစ်အစိုးရဖြစ်ခဲ့သော်လည်း လက်ရှိကာလတွင်တော့ NLD အစိုးရနှင့် မြန်မာစစ်ဘက်တို့ပူးတွဲထိန်းကျောင်းနေ သည့်ဗဟိုအစိုးရ ဖြစ်နေသည်။

ကွဲလွဲချက်များ

သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အတွက်ရည်မှန်း ချက်ထားသည့် ပြည်မအင်အားစုများနှင့် အမျိုးသားတန်းတူရေးကို ဦးတည်သည့် တိုင်းရင်းသားအင်းအားစုများ၏ ဦးတည်ရာသည် အနည်းငယ်ကွဲလွဲချက်ရှိသည်ဟု ဆိုရမည်။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် ဦးတည်ချက်သည် မြန်မာစစ်ဘက် အားဦးတည်သည်။ သို့သော် အမျိုးသားတန်းတူရေး ဦးတည်ချက်သည် ဗဟိုအစိုါ်ရဖြစ်ပေရာ မြန်မာစစ်ဘက်သာမက NLD အစိုးရပါ ပါဝင်နေသည်။

တစ်ဖန် ၁၉၄၈ နောက်ပိုင်းမှစခဲ့သော တိုင်းရင်းသား လက်နက်ကိုက်တိုက် ခိုက်မှုများသည် ၁၉၈၉ မှစ၍ မြန်မာစစ်ဘက်နှင့်အပစ်ရပ် ငြိမ်းချမ်းရေးယူထားကြ သည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ထားချိန်တွင် ပြည်တွင်း ဒီမိုကရေစီရေးလှုပ်ရှားမှုကမြင့်တက်ပြင်းထန်းနေသည်။ ပြည်တွင်းပြဿ နာကို ဖြေရှင်းရန် မြန်မာစစ်ဘက်ခေါင်းဆောင်များက တိုင်းရင်းသားများနှင့် လက်နက်ကိုင်တိုက်ခိုက်နေမှုအား လျှော့ချအချိုသပ်ထားသည်ဟု အများကသုံးသပ် ကြသည်။

သို့သော် ဤပြဿနာကို တစ်ဖက်တည်းကြည့်၍မရ တစ်ဖက်တွင်လည်း နှစ်ပေါင်းဆယ်အချို့ စစ်တိုက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော တိုင်းရင်းသားဒေသများပါစစ်ပန်းနေပြီဖြစ်၍ ခေတ္တစစ်ရပ်နားလိုကြပြီဖြစ်သည်။ ဥပမာ ‘ဝ’ နယ်၌ ရွာတိုင်းတွင် ခြေပြတ်လက်ပြတ် ဒုက္ခိတရဲဘော် မရှိသည့်ရွာမရှိ သလောက်ဖြစ်နေသည်။ ထိုရဲဘော်များ၊ မိသားစုဝင်များအား ထောက်ပံ့ ပံ့ပိုးရန်လို အပ်သကဲ့သို့ စစ်ဒဏ်ပိနေသော ဒေသခံတိုင်းရင်းသားဘဝများသည်လည်း ခက်ခဲ ပေရာ စစ်ပွဲကြိုရပ်နားပြီး ငြိမ်းချမ်းသော နည်းဖြင့်ပြဿနာဖြေရှင်းကြည့်လိုကြသည်။

၂၀၁၂ နောက်ပိုင်းတွင် ပြည်မရှိ ဒီမိုကရေစီရေး လူ့အခွင့်အရေးလှုပ်ရှားသူ များအတွက် ရွေးကောက်ပွဲလမ်းကြောင်းပွင့်သည်။ အယူအဆကွဲပြားမှုများရှိသော် လည်း လူထုထောက်ခံမှုအများစုရထားသည့ NLD ကရွေးကောက်ပွဲလမ်းကြောင်းကို ရွေးသည်။ NLD အဖို့ လူထုတိုက်ပွဲလမ်းကြောင်းထက်ပို၍ လူထုထိခိုက်နာကျင်မှု နည်းသည့် လမ်းကိုရွေးမည်ဟု ဆုံးဖြတ်သည်ဟုဆိုခဲ့သည်။ ပြည်မရှိ ဒီမိုကရေစီရေး လူ့အခွင့်အရေးလှုပ်ရှားသူများ အတွက်လက်နက်ကိုင်တိုက်ပွဲဝင်ရန် အခြေအနေ အချက်အလက်လည်း မရှိပေ။

ထို့အချိန်တွင် အနှစ် ၂၀ နီးပါး ငြိမ်းချမ်းနေသော တိုင်းရင်းသားဒေသများတွင် တိုက်ပွဲမျာပြန်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မြန်မာစစ် ဘက်၏ တိုင်းရင်းသားများနှင့်ပတ်သက်သည့် တိုင်းရင်းသားလကနက်ကိုင်တပ်များ နှင့်ပတ်သက်သည့် သဘောထားကို လက်မခံရာမှ တိုင်းရင်းသားအဖွဲ့များနှင့် တပ်မတော် ပြန်လည်တင်းမာမှုဖြစ်ပွားသည်။ တိုင်းရင်းသားများအနေဖြင့် ငြိမ်းချမ်း သည့် ကာလထက် တိုင်းရင်းသားအခွင့်အရေးကပို၍ အရေးကြီးသွားသည်ဟုဆိုရ မည်။ သို့အတွက် လက်နက်ကိုင် တိုက်ခိုက်သည့်ဘက်သို့ ပြန်လည်ဦးတည်သွား သည်။

သို့ဖြစ်ရာ ဒီမိုကရေစီရေး လူ့အခွင့်အရေးလှုပ်ရှားသများအတွက် အဓိကဦး တည်ချက်မှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ တိုင်းရင်းသားများအတွက်ကတော့ စစ်အာဏာရှင်သက်သက်မဟုတ် ဗမာလူမျိုးကြီးဝါဒ လည်းပါဝင်သည်။ ၁၉၆၀ ဝန်းကျင်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည်မှာ မြန်မာစစ်ဘက် ခေါင်းဆောင်များမဟုတ် ဖဆပလ ဦးနုအစိုးရဖြစ်သည်။ သို့ဖြစ်ရာမည်သည့် အုပ်ချုပ်သူကဖြစ်စေ သူတို့၏အခွင့်အရေးပးသည်ဆိုပါက သူတို့ပူးပေါင်းမည်ဖြစ် သည်။ သူတို့အတွက် လိုအပ်သည်မှာ သူတို့တိုင်းရင်းသား ဒေသကို သူတို့စီမံအုပ် ချုပ်ပိုင်ခွင့်သာဖြစ်သည်။ အကယ်၍ မရရှိပါကမည်သည့် အစိုးရဖြစ်စ သူတို့ဆန့် ကျင်မည်သာဖြစ်သည်။

ဤအချက်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာများစွာရှိသည်။ သို့သော် ဂရုပြုမိ ကြရန်လိုသည်။ ယခုတစ်လော တိုင်းရင်းသားပြည်နယ်များတွင် ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ပြေဆိုငြင်းခုံနေကြ ခြင်းသည် ထိုဦးတည်ချက် ၂ ခုကွာခြားမှုပေါ်မှ မတူသည့်အမြင်များထွက်ပေါ် လာခြင်းဖြစ်သည်။

အချို့ကတော့ မြန်မာများလည်း တိုင်းရင်းသားတွေလိုပဲ ခံနေရတာဘဲဟု ယေဘုယျပြေဆိုကြသည်။ သို့သော် လက်တွေ့တွင် တိုင်းရင်းသားပြည်နယ်များနှင့် ပြည်မဒေသ၏ လမ်းပန်း လျှပ်စစ်မီးမှစ၍ ပညာရေး လူမှုရေး စီးပွာေးရးအစစအရာရာ ကွာခြားမှုများကို ဂရုပြုရန်လိုသကဲ့သို့ စစ်ပွဲအတွင်း စစ်ဘေးဒုက္ခနှင့် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုများကို နှစ်ပေါင်းများစွာ ခံခဲ့ရသည့် တိုင်းရင်းသားများကတော့ ထိုသို့မယူဆကြချေ။ ထို့ပြင် ကိုယ့်လူမျိုးကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲရှေ့ဆောင်လိုသည့် အမျိုးသားစိတ်ကို နားလည်ရန်လို အပ်သည်။

နိဂုံး

အဆိုပါ ရေစီးကြောင်း နှစ်ခု၌ မည်သို့ပင်ဖြစ်စေ တူညိချက်လည်းရှိသည်။ ၄င်းမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရးအတွက် အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရန် လိုအပ်နေသကဲသို့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်အရေးအတွက် အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲရန် လိုအပ်လျက်ရှိပေသည်။

လက်ရှိမြန်မာ့နိုင်ငံရေးတွင် အဆိုပါရေစီးကြောင်း နှစ်ခုပေါင်းဆုံမှ အားကောင်းမောင်းသန်ဖြင့် ပြဿနာများကို ဖြေရှင်းနိုင်ပေလိမ့်မည်။ သို့သော်ပြီးခဲ့ သော ကာလအတွေ့အကြုံ အများအရတော့ ထိုရေစီးကြောင်းနှစ်ခုသည် မျဉ်းပြိုင်နှစ် ခုသဖွယ်ဖြစ်နေသည်။ လှုပ်ရှားမှုများသည်လည်း နရီစည်းဝါးညီညာခြင်းမရှိပေး။ နရီစည်းဝါး ညီညာမှုရှိရန်အတွက် ထိုဦးတည်လှုပ်ရှားမှုများသည် အပြန်အလှန်နား လည်မှုရှိကြရန် လိုအပ်ပေမည်။ ပေါင်းစပ်နိုင်ကြရန်လိုအပ်ပေမည်။

ထို့အတွက် သမိုင်းတွင် အကြိမ်ကြိမ်ကြိုးစားခဲ့ကြပြီး အကြိမ်ကြိမ်ကျရှုံးခဲ့သည် များကို သင်ခန်းစာယူကြရန်လိုအပ်ပေမည်။ ထို့ပြင်အမြော်အမြင်ရှိသော၊ သြဇာရှိ သော အင်အားရှိသော ခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစု တစ်ရပ်လိုအပ်ပေ မည်။ မျဉ်းပြိုင် ၂ ခုသဖွယ်ဖြစ်နေသရွှေ့တော့ မြန်မာပြည်အနာဂတ်တောက်ပနိုင် မည်မဟုတ်ပါ။ ငြိမ်းချမ်းရေးမရှိလျှင် ဒီမိုကရေစီမရှိနိုင်သကဲ့သို့ ဒီမိုကရေစီ မရှိလျှင် လည်း ငြိမ်းချမ်းရေးမရှိနိုင်ပေ။

သို့သော်လည်း ဒီမိုကရေစီရေးကို ဦးစားပေးရှေးရှုသူများက “ဒီမိုကရေစီ ဖက်ဒရယ်ပြညထောင်စု”ဟုဆို၍ တိုင်းရင်းသားအရေးဦးစားပေးရှေးရှုသူများက “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု”ဆိုနေကြခြင်းကတော့ ရှောင်ဖယ်၍မရသော လက်တွေ့ကျသည့် မြန်မာပြည်နိုင်ငံရေးဟု ပင်ဆိုရပါမည်။

 

မောင်မောင်စိုး