• Today is: Thursday, August 5, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ သဘောတရားနှင့်လက်တွေ့

Federal Journal
August23/ 2019

ကျွန်းသားငမန်း

စာရေးသူသည်၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကာလကိုသိမှီခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ရေးဆွဲခြင်း မပြုခဲ့ဘူးသော်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကိုလမ်းစဉ်ပါတီမှ ဦးဆောင်ပြီး တိုင်းရင်း သားပြည်သူများရှိရာ မြို့နယ်များသို့သွားရောက်ရှင်းပြခဲ့ရာ တက်ရောက်နားထောင်ခွင့်လေ့လာခွင့်ရခဲ့သည်။ တက် ရောက်လာကြသူများကလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးအကြံပေးခဲ့သည်များကိုလည်း တွေ့မြင်ခဲ့ရသည်။ စာရေးသူ မှာ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက် အုပ်ချုပ်မှုယန္တရားအောက်တွင် ပါဝင်လှုပ်ရှားခဲ့ရဘူးသည်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ ၁၉၇၄ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆိုရှယ်လစ်ဒီမိုကရေစီ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရာတွင် အုတ်တစ်ပွင့်သဲတစ်ချပ်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ရသည်ကို ၀န်ခံရပေမည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာတွင်မူ ပြည်သူများပါဝင်ခွင့်မရခဲ့ပေ။ အလွှာအသီးသီးမှ အသိ ပညာရှင်၊ အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းရေးဆွဲခဲ့သည်ဟုဆိုသော်လည်း ထိုစဉ်ကတပ်မတော်အစိုးရနှင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စိတ်တိုင်းကျရွေးချယ်ခဲ့သောပုဂ္ဂိုလ်များဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အငြိမ်းစား ၀န်ထမ်းများ၊ ၀န်ထမ်းများမှာအများစုဖြစ်ကြသည်။ ပြည်သူ့ကိုယ်စားလှယ်များဟုဆို၍မရ။ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရှိခဲ့သောနိုင်ငံရေးပါတီမှ ပုဂ္ဂိုလ်များအချိုးအလိုက်ပါဝင်ခွင့်ရရှိခဲ့သည်ဆိုသော်လည်း ပြောပလောက်အောင် မရှိခဲ့ ပေ။ ထိုအထဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င်တိုင်းရင်းသားပါတီများမှာ ဖျက်သိမ်းခြင်းခံခဲ့ရသဖြင့် ကိုယ်စား လှယ်အဖြစ်ပါဝင်ခွင့်ပင် မရှိခဲ့သည်ကိုတွေ့ရသည်။

စာရေးသူတင်ပြလိုရင်းမှာ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြည်သူများသို့ ချပြအကြံတောင်း ရေးဆွဲခဲ့ သည်ဆိုသော်လည်း မြန်မာ့ဆိုရှယ်လမ်းစဉ်ပါတီ၏ လမ်းညွှန်မှုအောက်တွင်ရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် ဆိုရှယ်လစ်အငွေ့ အသက်မကင်းသော အခြေခံဥပဒေတစ်ရပ်ဖြစ်ခဲ့သည်။ ၂၀၀၈ခုနှစ် ရေးဆွဲခဲ့သောဥပဒေမှာလည်း တပ်မတော်မှ ဦး ဆောင်ရေးဆွဲခဲ့သောဥပဒေဖြစ်ရာ တပ်၏အလိုကျရေးဆွဲခဲ့သော ဥပဒေတစ်ရပ်ပင်ဖြစ်သည်။

မဟာဗမာလူမျိုးကြီးဝါဒ

        ၁၉၇၄ခုနှစ် အခြေခံဥပဒေကိုရေးဆွဲခဲ့စဉ်က အခြေခံဥပဒေမူကြမ်းအားချပြရာတွင် ပြည်နယ်နှင့်တိုင်းများအား ဖွဲ့ စည်းရာတွင် လူမျိုးအမည်ကိုမသုံးပဲ ဖွဲ့စည်းရန်အဆိုပြုတင်ပြခဲ့သည်ကို မှတ်သားခဲ့ရသည်။ ရခိုင်ပြည်နယ်အား ဓည ၀တီတိုင်း၊ မွန်ပြည်နယ်အား ရာမညတိုင်း၊ ရှမ်းပြည်နယ်အား ကမ္ဘောဇတိုင်း၊ ကယားပြည်နယ်အား ကန္တာရ၀တီတိုင်း စသည်ဖြင့်ဖွဲ့စည်းရန် အဆိုပြုလာခဲ့သည်ကိုတွေ့ရသည်။ ထိုစဉ်ကအမြင့်ဆုံးအဖွဲ့အစည်းဖြစ်သော ဒေသပါတီကော်မတီ အမည်များအားလည်း လူမျိုးအမည်ပါသော တိုင်းဒေသကြီးအဖြစ်ဖွဲ့စည်းခေါ်ဝေါ်ခြင်းမပြုဘဲ တိုင်းခွဲ ၁၊ တိုင်းခွဲ ၂—–၃၊၄– စသည်ြဖင့်ဖွဲ့စည်းခေါ်ဝေါ်ခဲ့သည်ကိုတွေ့ရသည်။ ရခိုင်တိုင်းဒေသပါတီကော်မတီမှာ တိုင်းခွဲ ၁၃ ဖြစ်သည်။

၁၉၈၈ခုနှစ် လူထုအုံကြွမှုဖြင့် လမ်းစဉ်ပါတီအစိုးရအားဖြုတ်ချခဲ့သည်။ တပ်မတော်အစိုးရအာဏာရယူခဲ့ပြီး၊  ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖျက်သိမ်းခြင်းခံလိုက်ရသည်။ သို့ဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေး ဆွဲရန်ဖြစ်လာခဲ့သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရာတွင်လည်း ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်ပြင်ဆင်ထည့်သွင်းရန်အကြံပြုခဲ့သည့်အတိုင်း လူမျိုးကိုအခြေခံသောပြည်နယ်များ၏ ဖြစ်တည်မှုကိုမလို လားဘဲ လူမျိုးအမည်ပြုအမည်နာမများကို ပြင်ဆင်ရန်ထည့်သွင်းဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။ သို့ရာတွင် တပ်မ တော်အလိုကျ ရွေးချယ်ခြင်းခံထားရသော အခြေခံဥပဒေရေးဆွဲရေးတွင် ပါဝင်ခွင့်ရသည့် ကိုယ်စားလှယ်များ၏ ကန့် ကွက်မှုကြောင့် လူမျိုးကိုအခြေခံသောတိုင်းအမည်များဖြင့် ပြင်ဆင်ရန်ဆောင်ရွက်မှုမှာ အောင်မြင်ခြင်းမရှိခဲ့ပေ။ သို့ရာ တွင် လူမျိုး ၁၃၅ မျိုး၏ အမည်စာရင်းတစ်ခုထွက်ပေါ်လာခဲ့သည်ကိုတွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့်ပြည်သူများအကြား ချုပ်နှောင်ထားသောစည်းမျဉ်းဖြစ်သည်။ အခြေခံ ဥပဒေတွင် လူမျိုးကိုအခြေခံသောပြည်နယ်များပါရှိခြင်းမရှိခြင်းမှာ တိုင်းရင်းသားလူမျိုးအားလုံး၏ အမည်နာမကိုပယ် ဖျောက်ပြီး တစ်ခုတည်းသောဗမာပြည်ထောင်စုကို တည်ဆောက်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သည်။ ဤဆောင်ရွက် ချက်သည်အုပ်ချုပ်သူဗမာလူမျိုးများ၏ မရိုးဖြောင့်မှုကိုတွေ့မြင်ရပေသည်။ ကံအကြောင်းအားလျော်စွာ ၁၉၇၄ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း လူမျိုးကိုအခြေခံသော ပြည်နယ်များအဖြစ်တည်ရှိခွင့်ရရှိနေခြင်းမှာ အားရဖွယ်ဖြစ်သလို၊ ပြည်ထောင်စုဖွားတိုင်း ရင်းသားလူမျိုးများ၏ ချစ်ကြည် စည်းနှောင်မှုကိုလည်း အထောက်အကူပြုနေသည်ဟုဆိုရမည်ဖြစ်သည်။

၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

သို့ရာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ်စလုံး၌ပင် ဤပြည်ထောင်စုအစိုးရနှင့် ပြည်နယ်များအကြားအာဏာ ခွဲ ဝေသုံ စွဲမှု မညီမမျှမှုများရှိနေသည်ကို တွေ့ရမည်ပင်ဖြစ်သည်။ ၁၉၇၄ခုနှစ် ဥပဒေသည် တစ်ပါတီစနစ်၊ ဆိုရှယ် လစ်စီး ပွားရေးစနစ်ကိုအခြေခံထားသည်ဖြစ်ရာ ဗဟိုချုပ်ကိုင်မှုများလွန်းသည်။ ၁၉၇၄ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်အစိုးရ နှင့် ပြည်နယ်လွှတ်တော်ဟုခေါ်ဆိုနိုင်သည့် ပြည်သူ့ကောင်စီများကိုဖွဲ့စည်းခွင့်ရခဲ့သည်။ ဒေသအစိုးရဟုဆိုနိုင်သော ရပ်ကွက်၊ ကျေးရွာအုပ်စုပြည်သူကောင်စီ၊ မြို့နယ်ပြည်သူ့ကောင်စီများကိုဖွဲ့စည်းကာ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အာဏာများကို ပြည်သူ့ကိုယ်စားလှယ်များကိုင်တွယ်ကျင့်သုံးခွင့်ရခဲ့သည်။ ပြည်နယ်ပြည်သူ့ကောင်စီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ဖြင့် ပြည်နယ်၊ တိုင်းများ၏ စီမံခန့်ခွဲခွင့်ကို ကျင့်သုံးနိုင်ခဲ့သည်။ သို့ရာ တွင် နိုင်ငံတော်၏ဦးဆောင်ပါတီဖြစ်သော ဒေသပါတီကော်မတီများ(တိုင်းမှူးများ)၏ ချုပ်ကိုင်မှုနှင့်လွတ်ကင်းခြင်းမရှိခဲ့။ တရားစီရင်ရေးတွင်လည်း ပြည်သူ့ကိုယ်စားလှယ်များပါဝင်သောတရားသူကြီး အဖွဲ့များဖြင့် စီရင်ဆုံးဖြတ်ခွင့်ရခဲ့သည်။ သို့ရာတွင် ဒေသဆိုင်ရာအစိုးရဖြစ်သော ပြည်သူ့ကောင်စီများသည် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲပိုင်ခွင့်မရှိခဲ့။ ဗဟိုမှချမှတ် ပေးသည့်အတိုင်းသာလုပ်ဆောင်ခဲ့ရသည်။ ဆိုလိုသည်မှာကျောင်းတစ်ကျောင်း၊ ဆေးရုံ၊ဆေးပေးခန်းတစ်ခု၊ လမ်းတစ် လမ်းဖေါက်လုပ်ရန် ဘဏ္ဍာငွေသုံးခွဲခွင့်မရှိခဲ့။ ဘဏ္ဍာငွေစီမံခန့်ခွဲမှုမှာ ဗဟိုမှချုပ်ကိုင်ထားခြင်းဖြစ်သည်။ ၀န်ထမ်းရေးရာ စီမံခန့်ခွဲပိုင်ခွင့် အနည်းအကျဉ်းအားဖြင့်ရှိခဲ့သည်။

နောက်ဆုံးပြည်သူ့ကောင်စီအဆင့်ဆင့်သည် အပေါ်မှခိုင်းတာကိုသာ လုပ်ကိုင်အကောင်အထည်ဖော်ပေးခဲ့ရ သော အဆင့်တွင်သာရှိခဲ့သည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခွင့်မရသော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုရာတွင်မှု ထောက်ခံမဲပေးခြင်းဖြင့် တစ်တပ်တစ်အားပါဝင်ခဲ့သည်။ နီးစပ်သူများကိုလည်းထောက်ခံကြရန် စည်းရုံးဆော်သြပေးခဲ့သည်။ ကြိုက်နှစ်သက်လို့တော့မဟုတ်။ အထူးသဖြင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်း ခြင်းကိစ္စရပ်များ၊ နိုင်ငံတော်အုပ်ချုပ်ရာတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါဝင်သည့်ကိစ္စရပ်များကို ဘ၀င် မကျခဲ့။ သို့ရာတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတည်ပြုခြင်း မပြုနိုင်င်ခဲ့လျှင် စစ်အာဏာရှင်တို့ လက် အောက်တွင် ဆက်လက်ရှင်သန်နေသွားကြရဦးမည်။ အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲဖို့ အချိန်တွေဘယ် လောက်ကြာ မည်လည်းမသိနိုင်။ ထိုကြောင့် စစ်အစိုးရ၏စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ခုနှစ် အခြေခံဥပဒေ အတည်ဖြစ်ရေးကို ထောက်ခံခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ဖြစ်ပြီး ဥပဒေနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဖြစ်ပေါ်လာသည့်တိုင် ပြည်သူများလိုလားသောဒီမိုကရေစီအုပ်ချုပ်ရေး ပီပီပြင်ပြင်ရရှိလာနိုင်ဦးမည်ဟုကား စာရေးသူတို့မျှော်လင့်ထားခြင်းမရှိခဲ့။ အနည်းဆုံးအုပ်ချုပ်မှု ၅နှစ်သက်တမ်း၊ ၂ကြိမ်၊ ၃ကြိမ်ခန့်မှသာ ရရှိနိုင်မည်ဟူ၍ မျှော်လင့်ထားခဲ့ကြသည်။ စာရေးသူတို့ထောက်ခံမဲပေးခဲ့သော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တစ်စချင်း ပြင်ဆင်နိုင်မည်ဟု မျှော်လင်ခဲ့သည်။ လက်ရှိတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအား တပ်မတော်မှ မူအား ဖြင့်လက်ခံထားသလို၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အဓိကပါဝင်ခဲ့သည့်ပုဂ္ဂိုလ်များကလည်း ပြင်ဆင်ရန်မူအား ဖြင့် လက်ခံထားကြသည်ကိုတွေ့ရသည်။ လက်ရှိအာဏာရပါတီကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည်ကိုတွေ့ရသည်။

လက်တွေ့အနေအထား

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကျွမ်းကျင်သူဥပဒေပညာရှင်များက ဤဥပဒေတွင် ဖက်ဒ ရယ်စနစ်၊ သဘောတရားများပါဝင်နေကြောင်း ထောက်ပြနေကြသည်များကိုတွေ့ရသည်။ အခြေခံသဘော တရားအား ဖြင့်မှန်ချင်မှန်မည်။ သို့ရာတွင်လက်တွေ့ဆောင်ရွက်ရာတွင်မည်သို့ရှိပါသနည်း။ အထူးသဖြင့်အောက်ခြေအဆင့် (တိုင်း ဒေသကြီးများနှင့်ပြည်နယ်အဆင့်)တွင် ဆောင်ရွက်ချက်များကိုလက်တွေ့အားဖြင့် လေ့လာဆန်း စစ်ကြည့်နိုင်ရန်လို သည်။ ယေဘုယျကျကျ ကြည့်မြင်တတ်ရန်လိုသည်။

တိုင်းဒေသကြီးများနှင့်ပြည်နယ်အဆင့်တွင် ဗဟိုမှာကဲ့သို့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီ ရင်ရေးမဏ္ဍိုင်များထားရှိကာ မဏ္ဍိုင် ၃ရပ် အပြန်အလှန်ထိန်းကျောင်းသည်ဟုဆိုသော်လည်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းစဉ်ကပင်လျှင် လွှဲမှားနေသည်ကိုတွေ့မြင်ရသည်။ ၀န်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်အတည်ပြုသည်ဆိုသော်လည်း ၀န်ကြီးချုပ်မှာပြည်နယ်လွှတ်တော်မှ ရွေးချယ်ပေးသူ မဟုတ်သလို၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများကိုလည်း ပြည်နယ်လွှတ်တော်မှရွေးချယ်ခွင့်မရခဲ့ပေ။ ၀န်ကြီးချုပ်ကိုသမ္မတမှရွေးချယ်ပေးသူအား (သတ်မှတ်အရည်အချင်းပျက်ယွင်းသူမဟုတ်လျှင်) ပြည်နယ်လွှတ်တော်မှကန့်ကွက်နိုင်ခြင်းမရှိ၊ အတည်ပြုပေးရသည်။ ထို့အတူ ၀န်ကြီးချုပ်မှရွေးချယ်တင်ပြလာသောသူများအား ၀န်ကြီးအဖြစ်ပြည်နယ်လွှတ်တော်မှ အတည်ပြုပေးရသည်မှာ ပြည်သူများ၏ဆန္ဒကိုလုံးဝဆန့်ကျင်နေခြင်းပင်ဖြစ်သည်။ ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည်လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်လည်းကောင်း မိမိတို့အားအတည်ပြုခန့်အပ်ပေးလိုက်သည့် လွှတ်တော်အား တာဝန်ခံ ခြင်းမရှိဘဲ နိုင်ငံတော်သမ္မတအားသာ တာဝန်ခံရသဖြင့် ပြည်နယ်အစိုးရအဖွဲ့သည် သမ္မတ၏အုပ်ချုပ်မှုအောက်တွင် လုံးလုံးလျားလျားကြီး ကျရောက်လျက်ရှိနေပေသည်။ သို့ဖြင့်ပြည်နယ်၏အမြင့်ဆုံးစီမံခန့်ခွဲရသည့်အစိုးရအဖွဲ့မှာ ဗဟို၏ ချုပ်ကိုင်မှုအောက်တွင် ရောက်ရှိနေသည့်ကိုတွေ့ရပေသည်။

ထို့အတူဘဏ္ဍာငွေစီမံခန့်ခွဲပိုင်ခွင့်ကို အထိုက်အလျောက်ခွဲဝေပေးထားသည်ဆိုသော်လည်း ပြည်နယ် တိုင်းဒေ သ အစိုးရအဖွဲ့သည် မိမိပြည်နယ်တွင်တာဝန်ယူဆောင်ရွက်နေသော ဌာနအားလုံး၏ဘဏ္ဍာငွေများကို ကြီးကြပ်စီမံနိုင် ခွင့်မရှိပေ။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်တွင် ၀န်ကြီးဌာနအသီးသီးမှ တာဝန်ထမ်းဆောင်နေကြသော ဦးစီးဌာန အဖွဲ့ အစည်းပေါင်း ၈၀ခန့်ရှိသော်လည်း ယင်းတို့အနက် ဌာန ၂၀၀န်းကျင်ခန့်ကိုသာ စီမံခန့်ခွဲခွင့် ရရှိနေပေသည်။ ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်း၊ သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနကြီးများ၏ ဘဏ္ဍာငွေသုံးစွဲမှုများ၊ ၀န်ထမ်းရေးရာကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဗဟိုအစိုးရအဖွဲ့ လက်အောက် ဦးစီးဌာနများက တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိသည်ကိုတွေ့ရပေသည်။ ဤသို့ဖြင့်အများပြည်သူနှင့်သက်ဆိုင်သော ပညာ ရေး၊ ကျန်းမာရေး၊ ဆည်မြောင်းလုပ်ငန်းများတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုက်ရိုက်ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိ ဘဲ ဗဟိုအစိုးရအဖွဲ့(ဦးစီးဌာနများ)သို့ တင်ပြခွင့်ပြုချက်တောင်းခံဆောင်ရွက်နေရခြင်းမှာ ဖက်ဒရယ်စနစ်နှင့် အံမ၀င် လွဲချော်နေသည်ကို တွေ့ရမည်ဖြစ်သည်။

နိုင်ငံရေးတွင်တပ်မတော်မှပါဝင်မှု

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါဝင်စေလျက်ရှိသည်။ ဤသို့ပါဝင်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတွင် အလွယ်တကူပြင်ခြင်းမပြုနိုင်ရန်ဖြစ်ပြီး၊ လွှတ်တော်တွင်းတင်သွင်းသည့်အဆိုများ မေး ခွန်းများမဲခွဲဆုံးဖြတ်ရာတွင် ထိန်းညှိပေးနိုင်ရန်ဖြစ်သည်။ တပ်မတော်သား ၂၅% ပါဝင်နေခြင်းသည် မတူကွဲပြားသော နိုင်ငံရေးပါတီများရှိနေသည့်လွှတ်တော်များတွင် အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရသည်။ ဤအချက်ကိုဒုတိယ အကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၌ တွေ့ရှိခဲ့ရသည်။

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ကို ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က ရခိုင်အမျိုးသားပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၂၂ဦး၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ၉ ဦး၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၃ ဦး၊ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် ၁၂ ဦးပါဝင်ကာ ရခိုင်အမျိုးသားပါတီမှကိုယ်စားလှယ် အများဆုံးဖြစ်သည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်မှာနောင်တွင် ရခိုင်အမျိုးသားပါတီသို့ပူးပေါင်းပါဝင်ခဲ့သဖြင့် ရခိုင်အမျိုးသားပါတီသည် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ဦးဖြင့် အင်အားအများဆုံးဖြစ်သည်။ သို့ရာတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့အကွဲတွင်တစ်ချို့မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သို့ပါဝင်သွားခဲ့သည်။

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီး ဒုတိယဥက္ကဋ္ဌအား ရွေးချယ်တင်မြှောက်ရန်ဖြစ်လာခဲ့သည်။ ရခိုင်အမျိုးသားပါတီသည် လွှတ်တော်တွင်းအင်အားအများဆုံး ဖြစ်သဖြင့် မိမိပါ တီမှကိုယ်စားလှယ်တစ်ဦးကို ဒုတိယဥက္ကဋ္ဌအဖြစ်လျာထားပေးခဲ့သော်လည်း ပါတီစည်းကမ်း ဖေါက်ဖျက်ကာ ပါတီတွင်း မှ ပုဂ္ဂိုလ်တစ်ဦးကအပြိုင်အရွေးခံခဲ့သည်။ ဤရွေးချယ်ပွဲကိုမဲအနည်း၊အများဖြင့်ဆုံးဖြတ်ခဲ့ရာ၊ ပါတီမှလျာထားသူနှင့် အပြိုင် အရွေးခံသူမှာ တပ်မတော်သားကိုယ်စားလှယ်များမဲ၊ ပါတီဘက်ပြောင်းသူများ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲများဖြင့် ထက်ဝက်ကျော်မဲများဖြင့် အနိုင်ရသွားခဲ့သည်။ ဤရွေးချယ်ပွဲတွင် တပ်မတော်သားကိုယ်စားလှယ်များမဲ၏အ ရေးပါမှုကို တွေ့မြင်နိုင်သည်။

ဒုတိယတစ်ကြိမ်တွင်လည်း တပ်မတော်သားကိုယ်စားလှယ်များ၏ဆန္ဒမဲရလာဒ်ကြောင့် ရခိုင်ပြည်နယ် လွှတ် တော်၏ အခြေမလှမှုကိုကြုံကြိုက်ခဲ့ရသေးသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်စီမံဘဏ္ဍာဝန်ကြီးအား ရခိုင်ပြည်နယ် လွှတ်တော်မှဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃တွင် ပြဌာန်းထားသည့်ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန် စွာ မဆောင်ရွက်ကြောင်း စွပ်စွဲပြစ်တင်မှုပြုလုပ်ခဲ့သည်။ စွပ်စွဲပြစ်တင်မှုအားလွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရာတွင် ထောက် ခံမဲသုံးပုံနှစ်ပုံရရှိမှသာ စွပ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း လွှတ်တော်မှဆုံးဖြတ်နိုင်မည်ဖြစ်သော်လည်း အမှန်တကယ်မဲခွဲ သောအခါတပ်မတော်သားများ၏ ထောက်ခံမဲကိုမရသဖြင့် ၀န်ကြီးအားလွှတ်တော်မှ စွပ်စွဲပြစ်တင်မှုအဆိုရှုံးနိမ့်ခဲ့သည်။

ဤအခြေအနေကိုကြည့်ပါက တိုင်းရင်းသားပါတီများကြီးစိုးသည့်ပြည်နယ်ဒေသများတွင် တပ်မတော်သားပါဝင် မှုကိုနှစ်လိုကြမည်မဟုတ်သည်မှာသေချာသည်။ သို့မဟုတ်အတိုင်းအတာတစ်ခုထိလျှော့ပေါ့ရန်လိုလားကြ မည်သာဖြစ် သည်။

ဥပဒေပြုရေး

ဥပဒေပြုရေးနှင့်ပတ်သက်၍ပြည်နယ်လွှတ်တော်အား အာဏာများခွဲဝေအပ်နှင်းထားသည်ကိုတွေ့ရသော်လည်း နည်းပါးလှသေးသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအရ ဥပဒေပြုရေးအ ခွင့်အာဏာ များကိုတိုးချဲ့ရရှိလာသော်လည်း ပြည်ထောင်စုမှပြဌာန်းထားသောဥပဒေများကို မဆန့်ကျင်စေရဟူသော ထိန်းချုပ်ချက် များ ပါရှိနေသဖြင့် ပြည်နယ်လွှတ်တော်များကသွားလိုသည့်အတိုင်းခရီးမပေါက်သေးသည်ကိုလည်း လက်တွေ့အားဖြင့် တွေ့မြင်နေရပေသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်၂၀၂၀ အခင်းအကျင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအားတစ်စုံတစ်ခုထိပြင်ဆင်ရေးအား စာရေးသူအနေဖြင့် ထောက်ခံရမည် ဖြစ်သည်။ ဗဟိုမှချုပ်ကိုင်ထားသော အခြေခံဥပဒေပါအချက်အလက်များအားပြင်ဆင်ရန်လည်း လိုအပ်မည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဥပဒေဘောင်အတွင်းဆောင်ရွက်ရာတွင် ပြည်နယ်များ၊ တိုင်းဒေသကြီးများတွင် ဆောင်ရွက်ရာ၌ အံမ၀င် ဂွင်မကျသည်များရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများခန့်အပ်တာဝန်ပေးရာတွင် သက်ဆိုင် ရာလွှတ်တော်မှ ပြည်နယ်ဝန်ကြီးချုပ်များ၊ ပြည်နယ်ဝန်ကြီးများကို ရွေးချယ်နိုင်သည်ထားဦး။ တပ်မတော်သားကိုယ်စား လှယ် ၂၅% ပါဝင်နေပါက အဟန့်အတားများဖြစ်နေဦးမည်ဖြစ်သည်။ ဒေသတွင်းနိုင်ငံရေးပါတီတစ်ခုတည်းက လွှမ်းမိုး နိုင်ခြင်းမရှိဘဲ အခြားပါတီများမှ ကိုယ်စားလှယ်များပါဝင်ရွေးချယ်ခြင်းခံရမည်ဆိုပါက လွှတ်တော်တွင်းလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအ၀င် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများရွေးချယ်ရာတွင်ပင် တပ်မတော်သား ကိုယ် စားလှယ်များ၏ပါဝင်မှုက အကျိုးသက်ရောက်မှုများစွာရှိလာမည်ဖြစ်သည်။ ထိုကြောင့် တပ်မတော်သားကိုယ်စားလှယ် ၂၅% ပါဝင်မှုကို တိုင်းရင်းသားနိုင်ငံရေးပါတီများက လက်ခံနိုင်မည်မဟုတ်သည်မှာ သေချာပေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပထမအကြိမ်နှင့်ဒုတိယအကြိမ်သက်တမ်းကာလများ၌ အသုံးပြု ဆောင်ရွက်လျက်ရှိသည်။ တစ်ချို့ကိစ္စရပ်များတွင် လက်တွေ့၌လုပ်ကိုင်ရာတွင် ထိရောက်ခြင်းမရှိသည်များ၊ အံမ၀င် ဂွင်မကျသည်များရှိနေသည်ကို လုပ်ကိုင်ဆောင်ရွက်နေသူများသာသိကြသည်။ သို့ဖြစ်လေရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအား လက်တွေ့နှင့်ကိုက်ညီသည့်အနေအထားသို့ရောက်အောင် ပြင်ဆင်နိုင်ရေးမှာ ပြည်သူများအတွက်၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏မျှော်လင့်ချက်များလည်းဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီစံနှင့်ညီသော အခြေခံ ဥပဒေဖြစ်ပေါ်လာရေးမှာ တိုင်းရင်းသားပြည်သူများ၏မျှော်မှန်းချက်လည်းဖြစ်သည်။