• Today is: Thursday, April 22, 2021

နိုင်ငံသားအသိပညာပေးရေးသင်တန်းဆရာ မခင်စန္ဒာထွန်း နှင့် တွေ့ဆုံမေးမြန်း ခြင်း

Federal Journal
August07/ 2019

ပြည်ထောင်စုလွှတ်တော်တွင်၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းပြီးအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်သည်။လက်ရှိအခြေခံဥပဒေနှင့် ပြင်ဆင်မည့် အခြေခံဥပဒေတွင် တိုင်းရင်းသား အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ပြင်ဆင်သင့်သည့်အချက်များနှင့် ထည့်တွင်းစဉ်းစားသင့်သည့် အချက်များကို သိရှိရန် အတွက် ၂၀၁၈မေလ ငြိမ်းချမ်းရေးလူထုလုပ်ရှားမူတွင် ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် ငြိမ်းစုစီပုဒ်မ (၂၀)ဖြင့် ဗဟန်းတရားရုံးတွင်အမူရင်ဆိုင်နေရသူ နိုင်ငံသားအသိပညာပေးရေးသင်တန်းဆရာ မခင်စန္ဒာထွန်း နှင့် တွေ့ဆုံမေးမြန်း ထား သည်များကိုပြန်လည်ဖော်ပြလိုက်ပါသည်။

လက်ရှိ၂၀ဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို တိုင်းရင်းသားတွေဘက်ကရော၊အစိုးရဘက်ကရော၊အားလုံးလုပ် နေကြတယ်ပေါ့နော်။ အဲဒီထဲမှာတိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အဓိကပြင်သင့်တယ်လို့ ယူဆရတဲ့အချက်တွေကိုပြောပေးပါအုံး။

အချက်တွေထက် အနှစ်သာရနဲ့မူဝါဒက ပိုအရေးပါမယ်လို့ထင်တယ်။ အနှစ်သာရအနေနဲ့ကတော့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေနဲ့ နိုင်ငံသားတိုင်းရဲ့အခွင့်အရေး၊ လွတ်လပ်မှုတွေကို အာမခံပေးနိုင်ရမယ်။ မူဝါဒအနေနဲ့က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံရမယ်။ ပင်လုံကိုအခြေခံတဲ့မူဖြစ်ဖို့လည်းလိုတယ်။  ဖက်ဒရယ်မူနဲ့သွားမယ်ဆိုရင် ပြည်ထောင်စုဖွဲ့စည်းပုံနဲ့ ပြည်နယ်ဖွဲ့စည်းပုံတွေဆိုပြီး ၂ မျိုးဖြစ်လာမယ်။ အရေးအကြီးဆုံးကတော့ ဖွဲ့စည်းပုံတွေဟာ ပြည်သူတွေအတွက် အကာအရံနှစ်ထပ်ဖြစ်ဖို့လိုပါမယ်။ ပြည်နယ်က အခွင့်အရေးချိုးဖောက်ရင် ပြည်ထောင်စုက ကာကွယ်ပေးပြီး ပြည်ထောင်စုကချိုးဖောက်ရင် ပြည်နယ်က ကာကွယ်ပေးတဲ့ အပြန်အလှန်ချိတ်ဆက်ထားတဲ့ ဖွဲ့စည်းပုံတွေဖြစ်ဖို့အရေးကြီးပါတယ်။ နောက်ပြီး ဒီမိုကရေစံချိန်စံညွှန်းနဲ့ ညီဖို့လည်းလိုတယ်။ တပ်မတော်ရဲ့ပါဝင်မှုတွေကိုလျော့ချဖို့လိုမယ်။

အပေါ်က ၂၀၀၈ပြင်မယ်ဆိုရင် ဘယ်လိုအချက်တွေကိုပြင်ရမလဲဆိုတော့ အခြေခံမူကနေစပြင်ရမယ် ပေါ့နော်။ ပုဒ်မ ‘၆’မှာဖော်ပြထားတဲ့ နိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မူကို တပ်မတော်ကဆောင်ရွက်ခွင့် ရှိတယ် ဆိုတဲ့ဟာမျိုး။ အဲဒါတွေက ဒီမိုကရေစီစနစ်နဲ့မညီဘူးဖြစ်နေတယ်။ ဖွဲ့စည်ပုံပြင်ရင် တပ်မတော်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးမဖြစ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေးမှာ ကာချုပ်ကဝန်ကြီးချုပ် ၃ယောက်ခန့်လို့ရတဲ့ဟာမျိုး။ ဥပဒေပြုရေးမှာလည်း လွှတ်တော်မှာ (၂၅%)ပါနေတဲ့ကိစ္စ။ တရားစီရင်ရေးမှာ စစ်ဘက်ဆိုင်ရာခုံရုံးရှိနေတာမျိုးတွေက ဒီမိုကရေနဲ့မညီဘူးဖြစ်နေတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကလည်း ကြီးနေတယ်။ သူ့ကို check and balance လုပ်လို့မရဘူး။ သူကသမ္မတလက်အောက်မှာလဲမဟုတ်ဘူး။ စင်ပြိုင်လိုဖြစ်နေတယ်။

နောက်ပြီး အုပ်ချုပ်ရေးစနစ်ကို ဘယ်လိုပုံစံနဲ့လုပ်မှာလဲ။ presidential system ( သမ္မတအုပ်ချုပ်ရေး စနစ်) လား။ parliamentary system (လွှတ်တော်အုပ်ချုပ်ရေးစနစ်) လား။ ဒါမှမဟုတ် အခု ၂၀၀၈ လို hybrid (နှစ်ခုရောတဲ့စနစ်) နဲ့သွားမှာလား။ ဒါတွေကလည်းထည့်သွင်းစဉ်းစားရမယ့်ဟာတွေပါ။

လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေမှာတိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ထင်ပါသလား။ တကယ်လို့ပါဝင်တယ်ဆိုရင် အခုလက်ရှိပါဝင်နေတာနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။

၂၀၀၈ မှာ တချို့ဟာတွေပါတာရှိတယ်ပေါ့။ ဥပမာ အခန်း(၈) မှာဆိုရင် နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးတာဝန် တွေမှာ တိုင်းရင်းသားဆိုပြီး ထပ် mention လုပ်တာရှိတယ်။ ပုဒ်မ(၃၄၈) ဆိုလို့ရှိလျှင် နိုင်ငံတော်မှာဘယ်သူကိုမှ ခွဲခြားဆက်ဆံလို့မရဘူး။ ဘာတိုင်းရင်းသားဖြစ်လို့၊ ဘယ်လူမျိုးဘာသာဖြစ်လို့ဆိုပြီး ပေါ့။ အဲလိုမျိုးပြဌာန်းထားတာရှိတယ်။ ပုဒ်မ (၃၆၈) မှာလည်း တိုင်းရင်းသားတွေကိုဖော်ပြထားတာရှိတယ်။ (၃၆၈)က နိုင်ငံတော်ဟာ ဘယ်သူဖြစ်မူပေါ် မမူတည်ဘဲ ထူးချွန်တယ်ဆိုမြောက်စားရမယ်။ အဲဒါ စာမှာသာ ရှိတယ်၊ တကယ့်လက်တွေ့ အကောင်အထည်ဖော်တဲ့အပိုင်းမှာကျတော့အားနည်းတယ်ပေါနော်။ နောက်ထပ်ပုဒ်မ (၂၂) မှာလည်းဖော်ပြထားတာတွေ့တယ်။ အဓိက က တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတာတွေကို နိုင်ငံတော်က လုပ်ပေးတာ။ ဒါပေမယ့် တကယ့်လက်တွေ့အပိုင်းမှာကျတော့သိတဲ့အတိုင်းပဲလေ။ အဲဒါတွေကိုနိုင်ငံတော် က ဖွဲ့စည်းပုံထဲမှာပါရုံနဲ့မဟုတ်ဘဲ လက်တွေ့မှာ အကောင်အထည် ဖော်ဖို့ကလည်းအရေးကြီးတယ်ပေါ့နော်။

၂၀ဝ၈ အခြေခံဥပဒေ ပြင်မယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးအဖြစ် မဖြစ်မနေစဉ်းစားထည့် သွင်းရ မယ့်အချက်တွေဆိုရင် ဘယ်အချက်တွေကို ထည့်သွင်းသင့်တယ်လို ယူဆပါလဲ။

တိုင်းရင်းသား အခွင့်အရေးနဲ့ပတ်သက်ရင် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချဖို့လိုတယ်။ ပြည်နယ်တိုင်းတွေကို အာဏာသုံးစွဲခွင့်ပေးဖို့လိုတယ်။ အဲလိုလုပ်ဖို့ဆိုရင် ဝန်ကြီးချုပ်ခန့်အပ်တဲ့အပိုင်းတွေဆိုပြင်ရတော့မယ်။ အစိုးရဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်တွေက Nominate လုပ်၊ နိုင်ငံတော်သမ္မတကပြန်ပြီး ရွေးကောက်တာမျိုးဖြစ်နေတယ်။ အဲလိုမဟုတ်ဘဲ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကနေဘဲ သူတို့ဝန်ကြီးတွေကို ရွေးလို့ရတာမျိုး၊ အဲလိုအာဏာကို ပြည်နယ်တိုင်းကိုခွဲဝေပေးတဲ့စနစ်တွေ ဖွဲ့စည်းပုံထဲမှာ ပါဖို့လိုတယ်။

ဒါ့အပြင် မြေယာစီမံခန့်ခွဲခွင့်၊ သယံဇာတစီမံခန့်ခွဲခွင့်၊ အခွန်အခကောက်ခံမှုကို မျှဝေသုံးစွဲခွင့်၊ အဲဒါတွေကို ပြည်နယ်နဲ့ပြည်ထောင်စုက ဘယ်လိုခွဲဝေကြမလဲအရေးပါပါတယ်။ အဲဒါတွေက ဖွဲ့စည်းပုံထဲမှာ မဖြစ်မနေ ထည့်သွင်းရမယ့်ဟာမျိုး။ အဲလိုမှ လက်ရှိပြဿနာကို ဖြေရှင်းနိုင်မယ်။ အဲဒါတွေမပါဘူးဆိုရင် အဲဒါတွေ ကြောင့် ပြန်ပြီးပြဿနာ ဖြစ်တာမျိုးဖြစ်လာနိုင်တယ်။

လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိက အခက်အခဲက ဘာတွေဖြစ်မယ်ထင်လဲ။

အခက်အခဲထက် စိန်ခေါ်မှုတွေလို့ပြောရမယ်ထင်တယ်။ ပြင်မယ်လို့အားလုံးက သဘောတူကြတယ်။ လက်ရှိအစိုးရရော၊ တပ်မတော်ရော၊ ပြည်သူတွေရောက ပြင်ရမယ်လို့တစ်သံတည်းထွက်တယ်။ အဲဒါစိန်ခေါ်မှု က ဘယ်လိုပြင်မှာလဲဆိုတဲ့ process ( လုပ်ငန်းစဉ်) ပါ။ လွှတ်တော်ထဲကပြင်မှာလား။ ငြိမ်းချမ်းရေးဆွေးနွေးဝိုင်း (peace dialogue)လုပ်ပြီး နိုင်ငံရေးဆွေးနွေးဝိုင်း (political dialogue)ကနေပြင်မှာလား။ ဒါမှမဟုတ်  ၂၀၀၈ အတိုင်း လွှတ်တော်မှာမဲခွဲဆုံးဖြတ်ပြီး ပြည်လုံးကျွှတ်ဆန္ဒခံယူပွဲလုပ်ပြီး ပြင်မှာလား ဆိုတာ စိန်ခေါ်မှု ဖြစ်နေတယ် လို့မြင်တယ်။

နောက်စိန်ခေါ်မှုက တပ်မတော်ပါ။ ပြင်ဖို့သဘောတူပေမယ့် အနှစ်သာရမထိခိုက်စေနဲ့ဆိုတော့ စကားလုံးတွေလောက်ပြောင်းပြီးဘာလုပ်မှာလဲ။ နောက်ဟိုပုဒ်မမပြင်နဲ့ဒီပုဒ်မ မပြင်နဲ့ဆိုတဲ့ကန့်ကွက်ပွဲတွေလုပ် လာတယ် ဆိုတော့ သူတို့ရဲ့ဒီမိုကရေစီစံချိန်စံညွှန်းအပေါ်လက်ခံနိုင်မှုကလည်း စိန်ခေါ်မှုဖြစ်မယ်ထင်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေးမှာ၂၀ဝ၈ က အဓိက အဟန့်အတားဖြစ် နေတယ်လို့ ထင် သလား။

ငြိမ်းချမ်းရေးမှာ ၂၀၀၈ က သိသာမြင်သာတဲ့အဟန့်အတားထဲကတစ်ခုဖြစ်တယ်လို့ထင်ပါတယ်။ တစ်ခြားသိပ်မသိသာ၊ မမြင်သာတဲ့အဟန့်အတားတွေလည်းရှိပါတယ်။ ဥပမာ burmanization ( ဗမာမှုပြုခြင်း) ကပိုပြီးသိသာမြင်သာရှိလာတာတွေပါ။ ကယားက ဗိုလ်ချုပ်ရုပ်တုကိစ္စလိုဟာမျိုးတွေကသိသာမြင်သာပိုဖြစ်စေ ပါတယ်။ နောက်တစ်ခုက militarilization (စစ်ဘောင်ချဲ့ခြင်း) ပါ။ စစ်တပ်အရေးပါမှုကိုပြချင်လို့ ထိုးစစ်ဆင်တာတွေ၊ နယ်မြေချဲ့ထွင်တာတွေကလည်း သိသာမြင်သာမရှိတဲ့ အဟန့်အတားတွေလို့မြင်ပါတယ်။

လက်ရှိ NLD အစိုးရရဲ့ ၂၀ဝ၈ ပြင်ဆင်ရေး သွား နေတဲ့ပုံစံမျိုးဆို ၂၀၂၀ မတိုင်မီ ပြင်ဆင်နိုင်မယ်လို့ထင်လား။

၂၀၂၀ ကတော့ မပြင်နိုင်လောက်ဘူးထင်တယ်။ ပြင်မယ်ဆိုလဲ ကတိုက်ကရိုက်နဲ့ သူကအဆင့်ဆင့်သွားရ မယ်ဆိုတော့ မူဝါဒတွေချမှတ်ရမယ်။ ပြင်မယ့်အချက်တွေကို ပြည်သူတွေကိုချပြရမယ်။ ပြည်သူတွေရဲ့ ပါဝင်မှုက ဘယ်လိုဖြစ်မလဲ။  အခုပဲ ၂၀၁၉ ဖြစ်နေပြီ တစ်နှစ်ဘဲ ကျန်တော့တယ်။ ဘယ်အချက်တွေကိုပြင်မလဲ၊ တန်းပြီးပြင်မှာလား၊ အချိန်ကအရမ်းတိုလွန်းတယ်ထင်တယ်။ ၂၀၂၀ အတွင်းတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးထင်တယ်။ ဖြစ်တယ်ဆိုရင်လည်း ကတိုက်ကရိုက် ၂၀ဝ၈ တုန်းကလိုဘဲ ဘယ်သူမှမသိလိုက် ဘဲ ဘယ်အချက်တွေ၊ ဘယ်လိုဟာတွေ ဘာမှမသိလိုက်ဘဲ ပြန်ဖြစ်နေမယ်။ ၂၀ဝ၈ တုန်းကလည်း ဘယ်သူမှမသိလိုက်ပဲ စာအုပ်ကြီးထွက်လာမှ “ဖွဲ့စည်းပုံထွက်လာပြီ” ဆိုတာမျိုးဖြစ်နေတယ်။

၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးရယ်အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးရယ်နဲ့ပတ်သက်ပြီး လက်ရှိအစိုးရကို ပြောချင်တာများရှိရင် ပြောပါအုံး။

၂၀၀၈ ပြင်ဆင်ရေးမှာ လူထုကိုဗဟိုပြုသင့်ပါတယ်။ အခုဖွဲ့ထားတဲ့ ကော်မတီရဲ့လုပ်ဆောင်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိအောင်လုပ်သင့်တယ်။ လူထုဆီကအကြံပြုချက်တောင်းခံတာတွေ၊ တိုင်းနဲ့ပြည်နယ် အလိုက် အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံပြီး သူတို့အသံနားထောင်တာတွေ လုပ်သင့်တယ်လို့မြင်ပါတယ်။

နောက်ပြီး ပြည်နယ်ဖွဲ့စည်းပုံတွေရေးဆွဲတာကိုလည်း အားပေးသင့်တယ်။ အဲတော့မှ ပြည်နယ်တွေရဲ့ လိုလားချက်တွေ၊ တိုင်းရင်းသာတွေရဲ့လိုလားချက်တွေက ဘာတွေလဲဆိုတာသိပြီး၊ အဲဒါတွေကို ပြည်ထောင်စု ဖွဲ့စည်းပုံမှာထည့်သွင်းရေးဆွဲဖို့ စဉ်းစားသင့်တယ်။

နောက်ထပ်ဖြည့်စွက်ပြီး ပြောချင်တာများရှိရင် ပြောပါဦး။

ဖွဲ့စည်းပုံဟာနိုင်ငံတစ်နိုင်ငံရဲ့ Supreme law ဖြစ်တဲ့အတွက် အနှစ်သာရပိုင်း၊ မူဝါဒပိုင်းပါ သေသေချာချာ အချိန်ယူပြီးလုပ်သင့်ပါတယ်။ ပြည်သူလူထုတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာတွေလုပ်မှ အများ ပြည်သူလက်ခံနိုင်လောက်တဲ့ ဖွဲ့စည်းပုံအသစ်ဖြစ်မယ်လို့ထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။