• Today is: Friday, April 23, 2021

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် တိုင်းရင်းသားတို့၏ မြေ (၂)

Federal Journal
January19/ 2019

အပိုင်း (၂)

ဦးမောင်မောင်ညွန့်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အစိုးရသစ် ပေါ်ပေါက်လာပြီး ပြုပြင်ပြောင်းလဲမှုများစွာကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ကောင်းမွန်သောစီးပွားရေးဝန်းကျင်ကို စတင်နိုင်ရန်အတွက် စီးပွားရေးမူဝါဒ (၁၂)ရပ် ကို ချမှတ်ခဲ့ပြီး   ပြည်ထောင်စုလွှတ်တော်၏ ခွင့်ပြုချက်ဖြင့်  ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့် နည်းဥပဒေကို ထုတ်ပြန်ခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှုများ အားပေးရန်အလို့ငှာ နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပေးလျက်ရှိပြီး  အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊  ၀န်ဆောင်မှုလုပ်ငန်း နှင့် ဟိုတယ်လုပ်ငန်းများ စသည့် လုပ်ငန်းများပါဝင်ပါသည်။  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း သည်လည်း အရေးပါသည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးဆဲအခြေအနေတွင် ရှိနေသော်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံ အထိ အမြင့်ဆုံး တိုးတက်လာခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆.၆ ဘီလီယံသို့ ပြန်လည်ကျဆင်းခဲ့ပါ သည်။ လုပ်ထုံး လုပ်နည်းပိုင်းဆိုင်ရာ အသစ်ပြဌာန်းသည့် စနစ်များသည်  မြန်မာနိုင်ငံသို့  နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ အမြောက်အများ ၀င်ရောက်လာစေရန် ရည်ရွယ်နေပါသည်။

          နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတို့ အမြောက်အများ ဝင်ရောက်လာစေရန် ဖိတ်ခေါ်နေသည့် အခြေအနေတွင် ဒေသခံ တိုင်းရင်းသားတို့၏ မိရိုးဖလာ လုပ်ကိုင်နေသော လယ်ယာမြေများ အတွက် ခိုင်မာသည့် အာမခံချက် မရှိသည့် အနေအထားနှင့် ဆက်စပ်၍ စဉ်းစားရန် လိုအပ်လာပါသည်။ ဤနေရာတွင် နိုင်ငံတကာတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်းနှင့်အတူ ပေါက်ဖွား ပေါ်ထွက်ခဲ့သည့် Land Grabbing ဟူသည့် မြေသိမ်းပိုက်ခြင်း အကြောင်းကို မဖြစ်မနေ စဉ်းစားရန်လိုအပ်လာပါသည်။ ယင်းသို့သော မြေသိမ်းပိုက်ခြင်း ဟူသည့် ဝေါဟာရ စကားရပ်၏ အဓိပ္ပါယ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဝယ်ယူခြင်းဖြင့်ဖြစ်စေ၊ အငှားရယူခြင်းဖြင့်ဖြစ်စေ မြေအမြောက်အများကို ရယူခြင်း ဟု ယေဘုယျဖွင့်ဆိုကြပါသည်။ ယင်းဝေါဟာရ စကားရပ်သည် အယ်လ်ဘေးနီးယာနိုင်ငံ၊ တီရာနာ ကြေညာချက် အရ နိုင်ငံတကာတွင် ကျယ်ပြန့်စွာသိမြင်လာကြခြင်းဖြစ်ပါသည်။ ယင်းသို့မြေအမြောက်အများကို ကုမ္ပဏီများ နှင့် လူပုဂ္ဂိုလ် တို့က ရင်းနှီးမြှုပ်နှံမှုအကြောင်းပြချက်များ အမျိုးမျိုးဖြင့် ဝယ်ယူခြင်း၊ အငှားရယူခြင်းတို့သည် မြေဧကအနည်းငယ်မျှတွင် မိရိုးဖလာစိုက်ပျိုးလုပ်ကိုင်နေသည့် လုပ်ကွက်ငယ်တောင်သူလယ်သမားတို့ မြေမဲ့ယာမဲ့ ဘဝရောက်ရှိစေကာ၊ တိုသို့ မြေအမြောက်အများ ရယူထားသူတို့ထံတွင် လုပ်ခစားအလုပ်သမားဘဝသို့ ကူးပြောင်းစေခဲ့ပါသည်။ ယင်းသို့သော မြေသိမ်းပိုက်မှုများကို ရင်ဆိုင်နေရသည့် အာဖရိက၊ လက်တင်အမေရိက၊ မြောက်အမေရိက နှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်တို့မှ အပြည်ပြည်ဆိုင်ရာ မြေနှင့်ဆိုင်သည့် ညွန့်ပေါင်းအဖွဲ့ International Land Coalition (ILC) ၏ မိတ်ဘက်များနှင့် အစိုးရအဖွဲ့များ၊ွှ၇က်ဘက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့များ၊ အခြေခံလူတန်းစားအဖွဲ့များ နှင့် နိုင်ငံတကာဧဂျင်စီ တို့ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော်တို့ ၂၀၁၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ စုဝေးကျင်းခဲ့သည့် ကွန်ဖရင့်တွင် “သဘာဝအရင်းအမြစ်များ ကို အပြင်းအထန် ယှဉ်ပြိုင်ရယူနေသည့် ကာလတွင် ဆင်းရဲနွမ်းပါးသူများအတွက် မြေယာသုံးစွဲမှု လုံခြုံစေရေး” ကို အဓိကထား၍ ဆွေးနွေးကာ၊ မြေသိမ်းပိုက်ခြင်းများအတွက် တီရာနာ ကြေညာချက် ကို သဘောတူထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းသို့ဆွေးနွေး ကြေညာချက်ထုတ်ပြန်ရသည့် အကြောင်းရင်းခံ အချက်တို့ကို လေ့လာပါက နိုင်ငံအချို့တွင် မြေကိုခွဲဝေပိုင်ဆိုင်နေမှု အချိုးအစားကို အောက်ပါတင်ပြချက်တွင် တွေ့နိုင်ပါသည်-

  ရိုမေးနီးယား ပိုလန် ပြင်သစ် ဗြိတိန်
မြေအများအပြားပိုင်ဆိုင်သူများ နှင့် ယင်းတို့ပိုင်ဆိုင်သည့် တိုင်းပြည်ရှိ မြေ ၏ ရာခိုင်နှုန်း လူဦးရေ ၁% ထက် နည်းသူတို့ က မြေ အားလုံး ၏ ၅၇% လူဦးရေ ၈% သော သူတို့ က မြေအားလုံး ၏ ၄၉% လူဦးရေ ၁၈% သော သူတို့ က မြေအားလုံး ၏ ၅၉% လူဦးရေ ၂၁% သော သူတို့ က မြေအားလုံး ၏ ၇၂%
မြေအနည်းအကျဉ်းသာပိုင်သူများ နှင့် ယင်းတို့ပိုင်ဆိုင်သည့် တိုင်းပြည်ရှိ မြေ ၏ ရာခိုင်နှုန်း လူဦးရေ ၇၄% သော သူတို့ က မြေအားလုံး ၏ ၁၃% လူဦးရေ ၂၄% သော သူတို့ က မြေအားလုံး ၏ ၃% လူဦးရေ ၂၇% သော သူတို့ က မြေအားလုံး ၏ ၁% လူဦးရေ ၂၂% သော သူတို့ က မြေအားလုံး ၏ ၁%

အဆိုပါ လူတစ်ဦး၊လူတစ်စု၊ လူတစ်ဖွဲ့တည်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကြောင်းပြ၍ ဝယ်ယူခြင်းဖြင့်ဖြစ်စေ၊ အငှားရယူခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ မြေအမြောက်အများကို ရယူခြင်းသည် အဆိုပါနိုင်ငံများသာမက၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် အိန္ဒိယ တို့တွင်လည်း ပေါ်ပေါက်နေကြောင်း လေ့လာသိရှိရပါသည်။ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒတ်ရှ် ပြည်နယ်တွင် မြေသိမ်းပိုက်မှုတားမြစ်ခြင်း အက်ဥပဒေ Andhra Pradesh Land Grabbing (Prohibition) Act, 1982 ဟုပင် ထုတ်ပြန် ပြဌာန်းရသည်အထိ ရှိခဲ့ပါသည်။

          မြေသိမ်းပိုက်ခြင်း ဟု သတ်မှတ်ရန် စံနှုန်းသတ်မှတ်ချက် တိကျစွာမရှိသော်လည်း၊ အများစု လက်ခံထားသည့် စံနှုန်းသတ်မှတ်ချက်များ အနေဖြင့် အောက်ပါအတိုင်း ဖြစ်ပါသည်-

          (က)    အကျယ်အဝန်း။ ဧက ၁၂၀ ကျော် တစ်ဆက်ဆစ်စပ်တည်း ရယူထားခြင်း၊

          (ခ)     ပိုင်ဆိုင်သူ။ လူတစ်ဦး၊ တစ်ဖွဲ့ သို့မဟုတ် ကုမ္ပဏီ တစ်ရပ်ရပ်ဖြစ်ခြင်း၊

          (ဂ)     ထိမ်းချုပ်ခြင်း။ ပိုင်ဆိုင်မှုရယူထားသူက နည်းလမ်းပေါင်းစုံဖြင့် မြေအသုံးချမှုကို ချုပ်ကိုင်ထားခြင်း၊

          (ဃ)    တရားဝင်မှု။ ဥပဒေနှင့်အညီဖြစ်စေ၊ ဥပဒေမဲ့ဖြစ်စေ ရယူခြင်း၊

          (င)     အသုံးပြုမှု။ မြေကိုရယူထားသူသည် မြေအသုံးချမှုအတွက် တားမြစ်ထားသည်များကို နည်းလမ်းပေါင်းစုံဖြင့် ချိုးဖျက်ခြင်း။

ယင်းသို့သော ယေဘုယျစံနှုန်းသတ်မှတ်ချက်များနှင့် အကျုံးဝင်ပါက မြေသိမ်းပိုက်ခြင်း ဟု ဆိုရမည်ဖြစ်ပါသည်။

          ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်ကို ပြဌာန်း၍၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ကမ်းလှမ်းနေသည်အချိန်တွင် အထက်ပါကဲ့သို့သော မြေသိမ်းပိုက်ခြင်းများပေါ်ပေါက်၍၊ မိရိုးဖလာလုပ်ကိုင်ခဲ့သည့် တောင်တန်းဒေသနေ လုပ်ကွက်ငယ် တောင်သူ တို့ကို မြေဆုံးရှုံးရမှုမှ ကာကွယ်ပေးနိုင်ရေးကိုလည်း တည့်သွင်းတွက်ချက်ရပေမည်။ ဥပဒေကို ပြဌာန်းသည့် ရည်ရွယ်ချက်များပါ ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊ စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတကာအသိုင်းအဝန်းနှင့် ယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ဟူသည့် ကောင်းမွန်သည့် အချက်များကို မက်လုံးပေးဖေါ်ပြကာ၊ လက်ရှိ ရှင်သန်နေထိုင်လျက်ရှိသည့်နိုင်ငံသားပြည်သူတစ်ရပ်လုံးသာမက အနာဂါတ်မျိုးဆက်များနှင့်ပါ သက်ဆိုင်သည့် နိုင်ငံတော်၏ မြေသယံဇာတများကို မြေသိမ်းပိုက်ခြင်း ပြုသွားမည့် နိုင်ငံခြားကုမ္ပဏီကြီးများ ၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးသည့် ဥပဒေများပေါ်ပေါက်လာရေးကိုလည်း ထည့်သွင်း စဉ်းစားကြရပေမည်။

          လက်ရှိပြဌာန်းထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုခြင်း နှင့် မြေအသုံးချခွင့်ပြုခြင်း တို့ကို သီးခြားစီ ပြဌာန်းထားချက်ကို သတိပြုမိသူ နည်းပါးလှပါသည်။ ရင်းနှီးမြှုပ်နှံ လုပ်ငန်းလုပ်ကိုင်သူအနေဖြင့် ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသည့် လုပ်ငန်းများ၌ လုပ်ကိုင်လိုပါက သတ်မှတ်သည့်ပုံစံဖြင့် လိုအပ်သည့် စာချုပ်၊ စာရွက်စာတမ်း အထောက်အထားများ ပူးတွဲလျှက် ကော်မရှင်သို့ ခွင့်ပြုမိန့်ပေးရန် လျှောက်လွှာတင်သွင်းရပါသည်။ ပုဒ်မ ၃၆ ပါ လုပ်ငန်းများမှာ အောက်ပါလုပ်ငန်းများဖြစ်ပါသည်-

(က)    နိုင်ငံတော်အတွက် မဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများ၊

(ခ)     မတည်ငွေရင်းကြီးမားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးအစားများ၊

(ဂ)     သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားသော သက်ရောက်မှု ဖြစ်စေနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(ဃ)    နိုင်ငံပိုင် မြေနှင့် အဆောက်အအုံများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၊

(င)     ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

ထိုအဆိုပြုချက်နှင့် စပ်လျှဉ်း၍ ကော်မရှင်က သဘောတူခွင့်ပြုကြောင်း ဖေါ်ပြသည့် ခွင့်ပြုမိန့် ရရှိပါက ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လုပ်ကိုင်ခွင့် ရှိပါသည်။ ဤသို့ ခွင့်ပြုမိန့်ပေးခြင်းသည် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်မည့်သူ လုပ်ကိုင်လိုကြောင်း အဆိုပြုသည့် လုပ်ငန်းအား လုပ်ကိုင်ခွင့်ပြုကြောင်း ခွင့်ပြုချက်ပေးခြင်းသာ ဖြစ်ပါသည်။ တနည်းဆိုရသော် လုပ်ငန်းလုပ်ခွင့်ပေးခြင်းသာ ဖြစ်ပါသည်။ အဆိုပြုလွှာတွင် ဖေါ်ပြပါရှိသည့် မြေနေရာကို အသုံးပြုခွင့်ပေးခြင်း မဟုတ်သည်ကို သတိပြုကြရပါမည်။ လျာထားသည့် မြေနေရာကို အသုံးပြုနိုင်ရန်အတွက် သတ်မှတ်သည့် ပုံစံဖြင့် လိုအပ်သည့် အထောက်အထားများတွဲ၍ မြေအသုံးပြုခွင့် ရရှိရန် သီးခြား လျှောက်လွှာတင်ရမည်ဖြစ်ပါသည်။ ယင်းသို့ တင်ပြလာချက်အပေါ် ကော်မရှင်က အတည်ပြုချက်အဖြစ် ထုတ်ပေးသည့် အတည်ပြုမိန့် ရရှိမှသာ မြေကို အသုံးချခွင့်ရရှိမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့် ခွင့်ပြုမိန့် နှင့် အတည်ပြုမိန့် တို့ မတူ ကွဲပြားခြားနားကြောင်း သိနားလည်ရန် လိုအပ်ပါသည်။

          ဥပဒေ၏ အခန်း (၁၂) တွင် မြေအသုံးပြုခွင့်နှင့် စပ်လျှဉ်းသည့် ပြဌာန်းချက်များကို ဖေါ်ပြထားပါသည်။ ဤအခန်းပါ ပြဌာန်းချက်များအနက် အရေးကြီးသည့် ပြဌာန်းချက်မှာ ပုဒ်မ ၅၀၊ ပုဒ်မခွဲ (က) နှင့် (ခ) ပါ အောက်ပါ ပြဌာန်းချက် ဖြစ်ပါသည်-

“၅၀။    (က)    ဤဥပဒေအရ ခွင့်ပြုမိန့် ရရှိထားသော သို့မဟုတ် အတည်ပြုမိန့် ရရှိထားသော ရင်းနှီးမြှုပ်နှံသူသည် ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံဖြစ်ပါက ပိုင်ရှင်ထံမှလည်းကောင်း၊ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ နိုင်ငံတော်ပိုင်မြေ သို့မဟုတ် အဆောက်အအုံ ဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ လည်းကောင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အလို့ငှာ သတ်မှတ်ချက်များနှင့်အညီ နှစ်ရှည် မြေ သို့မဟုတ် အဆောက်အအမုံ ငှားရမ်းခွင့် ရှိသည်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူသည် မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံတွင် တည်ဆဲဥပဒေများနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်သည်။

          (ခ)     နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူသည် အစိုးရ သို့မဟုတ် အစိုးရအဖွဲ့အစည်းထံမှ ဖြစ်စေ၊ ပုဂ္ဂလိက မြေ သို့မဟုတ် အဆောက်အအုံပိုင်ရှင်ထံမှဖြစ်စေ ကော်မရှင်ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိသည့်နေ့မှ စ၍ ကနဦး နှစ် ၅၀ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံ ငှားရမ်းနိုင်သည်။”

ဤပုဒ်ပြဌာန်းချက်များပါ ပုဂ္ဂလိကပိုင်မြေ၊ အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများတွင် ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့် ရရှိလျှင်ပင်၊ မြေကို တိုက်ရိုက်သုံးစွဲခွင့် ပေးသည် မဟုတ်ဘဲ၊ ငှားရမ်းယူရန် သတ်မှတ်ပြဌာန်းထားသည်ကို သတိပြုကြရပါမည်။ ဤအပိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ပုဂ္ဂလိကပိုင်မြေ၊ အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေများတွင် မဟုတ်ဘဲ၊ မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ထံမှ မြေကို အသုံးပြုခွင့် တောင်းခံရယူသွားခြင်း သည် လက်တွေ့မြေပြင်တွင် အများအပြားရှိနေပြီး၊ ယင်းမြေများတွင် ဒေသခံ တိုင်းရင်းသား တောင်သူလယ်သမားတို့ မိရိုးဖလာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးလုပ်ကိုင်နေသည့် မြေများ ပါဝင်သွားခြင်းသည် နိုင်ငံအနှံ ဖြစ်ပေါ်နေပါသည်။ ယင်း၏ နောက်ဆက်တွဲ ပြဿနာများကိုလည်း ယနေ့တိုင် ဖြေရှင်း၍ ပြီးပြတ်မှု မရှိသေးပါ။ ထိုမြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ အရ အသုံးပြုခွင့်ပေးသည့်မြေများကို သတ်မှတ်သည့်ကာလအတွင်း အပြည့်အဝအသုံးပြုခြင်း မရှိပါက ထိုဥပဒေအရ ပြန်လည်းသိမ်းယူခြင်း ပြုနိုင်သည် မှန်သော်လည်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၅၂ ပါ အာမခံချက်နှင့် သဟဇာတ မဖြစ်သည်ကို သတိပြုကြရန် လိုအပ်ပါသည်-

“၅၂။    အစိုးရအဖွဲ့သည် ဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံပိုင်ပြုလုပ်ခြင်း မပြုဟု အာမခံသည်။ အောက်ပါအခြေအနေများနှင့်အညီ ဆောင်ရွက်ခြင်းမှအပ ရင်းနှီးမြှုပ်နှံမှုကို သိမ်းယူခြင်းကိုဖြစ်စေ၊ သွယ်ဝိုက်သိမ်းယူခြင်းကိုဖြစ်စေ၊ ရပ်ဆိုင်းစေခြင်း သဘောသက်ရောက်သော ဆောင်ရွက်မှုများကိုဖြစ်စေ မပြုလုပ်ဟု အာမခံသည်-

          (က)    နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် အမှန်တကယ် လိုအပ်ခြင်း၊

          (ခ)     ခွဲခြားမှု မရှိဘဲ ဆောင်ရွက်ခြင်း၊

          (ဂ)     တည်ဆဲ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း၊

          (ဃ)    သိမ်းယူသည့် ရင်းနှီးမြှုပ်နှံမှုအားမျှတ၍ ပြည့်စုံလုံလောက်သောလျော်ကြေးကိုမြန်ဆန်စွာ ပေးချေခြင်း။”

ဤပုဒ်မ ပြဌာန်းချက်အပေါ် ဥပဒေနှင့်အညီဆောင်ရွက်သော ဟူသည့် စကားရပ်ကို ထောက်၍ တည်ဆဲ မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပါ ပြဌာန်းချက်ကို ဖေါက်ဖျက်သဖြင့် ပြန်လည်းသိမ်းယူခြင်း ပြုရန် အခွင့်အရေး ရှိသည် ဟု တွေးဖွယ်ရာ ရှိပါသည်။ ထိုအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၏ ပုဒ်မ ၉၄ ပါ အောက်ပါ ပြဌာန်းချက်က အသာစီးရနေသည်ကိုလည်း ပြန်လည် သတိထား ရမည်ဖြစ်ပါသည်-

“၉၄။    အခြားတည်ဆဲ ဥပဒေ တစ်ရပ်ရပ်တွင် မည်ကဲ့သို့ပါရှိစေကာမူ ဤဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်။”

ဤပြဌာန်းချက်အပေါ် ကျန်အခြားဥပဒေများက မည်သို့ဆောင်ရွက်ခွင့် ရရှိပါမည်နည်း။

          မည်သို့ပင်ဖြစ်စေ တိုင်းရင်းသား တောင်သူလယ်သမားတို့အတွက် မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ခုနှစ်) ဖြင့် ဖြည့်စွက်ပြဌာန်းလိုက်သည် ပုဒ်မ ၃၀-က ပါ အောက်ပါပြဌာန်းချက်ကို အထောက်အထားပြု၍ မိရိုးဖလာ လုပ်ကိုင်သည့် မြေများကို မြေလွတ်မြေလပ် နှင့် မြေရိုင်းအဖြစ်သတ်မှတ်ချထားခြင်းခံရမည့် အန္တရာယ်မှ ကင်းလွတ်ခွင့် ရလာမည် ဟု မျှော်မှန်းမိပါသည်-

          “၃၀-က။ အောက်ပါမြေအမျိုးအစားများကို စီမံခန့်ခွှဲခြင်း သည် ဤဥပဒေနှင့် သက်ဆိုင်ခြင်းမရှိစေရ-

(က)    တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ တောင်ယာလုပ်ပိုင်ခွင့် ပေးအပ်ထားသည့်မြေများ၊

(ခ)     ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သတ်မှတ်မြေများ၊

(ဂ)     အများပြည်သူနှင့် တိုင်းရင်းသားများ ဆိုင်ရာ ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် လမ်းပန်းဆက်သွယ်ရေး တို့ အတွက် လက်ရှိအသုံးပြုထားသည့်မြေများ။”

ဤသည်မှာလည်း ဥပဒေ ပြဌာန်းချက်အပေါ် အကောင်အထည်ဖေါ်ရန် ရေးဆွဲပြဌာန်းမည့် နည်းဥပဒေ ပြဌာန်းချက်တွင် ဖွင့်ဆိုဖေါ်ပြကာ ပြဌာန်းမည့် အရေးတွင် များစွာမူတည်နေပါသည်။ သို့ဖြစ်၍ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို များစွာ မျှော်လင့်မိသည်မှန်သော်လည်း၊ ဌာနေတိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်း မြေယာ လုပ်ပိုင်ခွင့်ကိုဖြင့် ချိန်ခွင်လျှာ ထိန်းညှိ ဆောင်ရွက်ရေးကိုလည်း အလေးထားဆောင်ရွက်မည်ဆိုပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟူသော ဦးတည်ချက်သည် မဝေး တော့ ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတော့သည်။  ။