• Today is: Monday, August 2, 2021

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှင့် တိုင်းရင်းသားတို့၏ မြေ

Federal Journal
January17/ 2019

အပိုင်း ( ၁ )

(ဦးမောင်မောင်ညွန့်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ကို ပြဌာန်း၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်မှုအတွက် ဥပဒေတွင် ပုဒ်မ ၃ ၌ ရည်ရွယ်ချက် (၉) ရပ်ဖြင့် ပြဌာန်းကြောင်း ဖေါ်ပြထားပါသည်။ ထိုသို့သောရည်ရွယ်ချက်များအနက် ပထမဦးဆုံး ရည်ရွယ်ချက်ဖြစ် သည့် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား အလို့ငှာ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊” ဟူသည့်အချက်တွင် နိုင်ငံသားတို့ ဓလေ့ထုံးတမ်းများနှင့်အညီ ဘိုးစဉ်ဘောင်ဆက် အသုံးပြုနေသည့် မြေယာများအတွက် မည်မျှထည့်သွင်း စဉ်စားရန် လိုအပ်သည်ကို တင်ပြလိုပါသည်။ ဤနေရာတွင် အထူးသဖြင့် တောင်တန်းဒေသနေ တိုင်းရင်းသားတို့ ဓလေ့ထုံးစံအတိုင်း ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးခဲ့သည့် မြေယာတို့ အတွက် အထူးပြု၍ မြေယာဥပဒေများနှင့် ဆက်စပ် တင်ပြလိုပါသည်။

          ဗြိတိသျှတို့အနေဖြင့် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် အထက်မြန်မာပြည်ရှိ မြေယာများကို စီမံခန့်ခွဲရန် နှင့် မြေခွန်ကောက်ခံရေးအတွက် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာပြည် မြေ နှင့် အခွန်တော် စည်းမျဉ်း ကို ပြဌာန်းခဲ့ပါသည်။ ယင်းစည်းမျဉ်းသည် ပြည်မတွင်သာ သက်ရောက်ပြီး ပြည်နယ်များတွင် ၁၈၈၈ ခုနှစ်၊ ရှမ်းပြည်နယ်များဆိုင်ရာအက်ဥပဒေ၊ ၁၈၉၅ ခုနှစ်၊ ကချင်တောင်တန်း မျိုးတူစုများ စည်းမျဉ်း၊ ၁၈၉၆ ခုနှစ်၊ ချင်းတောင်ဒေသ စည်းမျဉ်းတို့အရဗြိတိသျှအစိုးရ အသိအမှတ်ပြု ဒေသခံတိုင်းရင်းသားအကြီးအကဲများ က ဒေသ၏ဓလေ့ထုံးတမ်းနှင့်အညီ မြေယာကိစ္စ များကို စီမံခန့်ခွဲခဲ့ပါသည်။ ဗြိတိသျှအစိုးရ၏ မြေခွန်ကောက်ခံမှုသည် ကွင်းကိုအခြေခံ၍ ကြေးတိုင်စိုက်ကာ၊ သတ်မှတ်စည်းကြပ်သည့် စနစ်ဖြစ်သည့်အလျှောက် အထက်မြန်မာ ပြည် မြေနှင့်အခွန်တော် စည်းမျဉ်း အာဏာသက်ရောက်သည့် အပိုင်းတွင်သာ ကွင်းတိုင်း တာမြေပုံထုတ်ခြင်း၊ ကြေးတိုင်စိုက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။ ပြည်နယ် များတွင် တိုင်းရင်းသားအကြီးအကဲတို့၏ ဒေသဓလေ့အတိုင်း အခွန်ကောက်ခံခဲ့ပါသည်။ သို့ဖြစ်၍ ကွင်းမြေပုံတိုင်းတာထုတ်လုပ်ခြင်း၊ ကြေးတိုင်စိုက်ခြင်း မရှိခဲ့ပါ။ ထိုစနစ်ကို လွတ် လပ်ရေးရရှိသည့် ကာလအထိ ကျင့်သုံးခဲ့ပါသည်။

          လွတ်လပ်ရေး ရရှိပြီးနောက် အထက်မြန်မာနိုင် မြေနှင့်အခွန်တော် စည်းမျဉ်း ကို ပြည်နယ်များတွင် အာဏာသက်ရောက် ကျင့်သုံးရေး ဆောင်ရွက်မှုများပေါ်လာပါသည်။ ချင်းပြည်နယ်အတွက် ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်း အက်ဥပဒေ ကို ပြဌာန်းလိုက် ပြီးနောက်၊ ၁၉၄၈ ခုနှစ်၊ ချင်းဝိသေသတိုင်း (ဥပဒေများဖြန့်ခြင်း) အက်ဥပဒေ ဖြင့် ချင်းပြည်နယ်သို့ အာဏာ သက်ရောက်စေခဲ့ပါသည်။ ရှမ်းပြည်နယ်အတွက်မူ အထက် မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း (ကျင့်သုံးခြင်း) အက်ဥပဒေ (၁၉၆၀ ပြည့်နှစ်၊ ရှမ်း ပြည်နယ် အက်ဥပဒေအမှတ် ၁) ကို ပြဌာန်း၍ ပြင်ဆင်ချက်များဖြင့် အာဏာသက် ရောက်စေခဲ့ပါသည်။ ယခင်က ရှမ်းပြည်နယ်များ အက်ဥပဒေအရ ကယားပြည်နယ်ကို ရှမ်းနယ်များအတွင်းရှိ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သော်လည်း၊ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်နယ်တစ်ခုအဖြစ် သီးခြားရပ်တည်လာသည့်အခါ ကယားပြည်နယ် မြေနှင့်အခွန်တော်အက်ဥပဒေ (၁၉၆၀ ပြည့်နှစ်၊ ကယားပြည်နယ် အက်ဥပဒေ အမှတ် ၁) အရ ပြင်ဆင်ချက်များဖြင့် အာဏာသက်ရောက်စေခဲ့ပါသည်။ ကချင်တောင်တန်းမျိုးတူစု စည်းမျဉ်းသက်ရောက်သည့် ဒေသများအတွက်မူ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် စည်းမျဉ်း အာဏာသက်ရောက်စေသည့် ပြဌာန်းချက်မျိုးမတွေ့မိပါ။ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် စည်းမျဉ်း အာဏာသက်ရောက်သည့်အခါ ကြေးတိုင်နှင့် မြေစာရင်း လုပ်ငန်းများ လုပ်ကိုင်၍ ကွင်းဖွဲ့တိုင်းတာရန်အတွက် ၁၉၅၃ ခုနှစ်တွင် စတင်၍ ရှမ်းပြည် နယ် မြေစာရင်းဌာန ကို သီးခြားဖွဲ့စည်းခဲ့ပါသည်။ကယားပြည်နယ်တွင် ၁၉၆၀ ပြည်နှစ်၌ ဖွဲ့စည်းခဲ့ပါသည်။ သို့ရာတွင် ထိုကာလများ၌ နယ်မြေဒေသ လုံခြုံရေးအခြေအနေကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လည်းကောင်း ကွင်းဖွဲ့တိုင်း တာရေးလုပ်ငန်းများ မအောင်မြင်ခဲ့ပါ။ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ကြေးတိုင်စိုက်၍ မြေခွန်သတ်မှတ်ရေးအတွက် ကြေးတိုင်ဝန်တစ်ဦးကို ခန့်အပ်ရန် လျာထားခဲ့သော်လည်း၊ တော်လှန်ရေးကောင်စီ က အာဏာသိမ်းလိုက်သဖြင့် လုပ်ငန်း အကောင်အထည် မပေါ် ခဲ့ပါ။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီ က အာဏာသိမ်းခဲ့ပြီး၊ ၁၉၆၃ ခုနှစ်၊ သီးစားချ ထားရေး ဥပဒေကို ပြဌာန်း၍ ကျင့်သုံးသည့်အခါ၊ ကွင်းမြေပုံများထက် စိုက်ပျိုးသည့် လယ်ယာမြေများက အဓိကကျလာပါသည်။ ထိုသီးစားချထားရေးဥပဒေတွင် ပုဒ်မ ၂ (၁) (ခ) ၌ လယ်ယာမြေ ဟူသည်ကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆို ဖေါ်ပြသတ်မှတ် ထားပါသည်-

လယ်ယာမြေ ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့်၊ သို့တည်းမဟုတ် လက်ရှိထားသည့်မြေကို ဆိုလိုသည်။

ရှင်းလင်းချက် ၁။ ထိုစကားရပ်တွင် လူအများအခေါ်ဝေါ်အားဖြင့်၊ လယ်၊ ယာ၊ ကိုင်းမြေ ဟုသော်၎င်း၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံ ဟုသော်၎င်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမာလ်စိုက်ပျိုးသည့် ခြံမြေ ဟုသော်၎င်း၊ ကျွန်း၊ မြေနုကျွန်းပေါ် ဟုသော်၎င်း၊ သတ်မှတ်သည့် မြေများ ပါဝင်သည်။”

ယင်းသို့ ဖွင့်ဆိုပြဌာန်းချက်အရ ကွင်းမြေပုံများတွင် ပါရှိခြင်းထက်၊ ရပ်ရွာနေလူအများက လယ်ယာမြေဟု သတ်မှတ်သည့် စိုက်ပျိုးမြေများတွင်ကျေးရွာမြေယာကော်မတီကတစ်နှစ် ချင်း သီးစားမှတ်ပုံတင်ဖြင့် စာရင်းသွင်း သီးစားချထားခြင်း ပြုခဲ့ပါသည်။ ထိုခေတ်ကာလ မူဝါဒများအရ ဗြိတိသျှခေတ်ပြဌာန်းသည့် မြေခွန်ကောက်ခံရေးမူ များထက် တော်လှန်ရေး ကောင်စီအစိုးရ၏ မူအရ မြေခွန်ကောက်ခံခဲ့သဖြင့် အဆင်ပြေ ချောမွေ့နေခဲ့ပါသည်။ သို့ရာတွင် ၂၀၁၂ ခုနှစ်တွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ နှင့် လယ်ယာမြေ ဥပဒေ တို့ကို ပြဌာန်းလိုက်သည့်အခါ၊ တောင်တန်း ဒေသနေ တိုင်းရင်းသား တို့၏ ရိုးရာဓလေ့နှင့်အညီ လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများ အကြပ်အတည်းကြုံရ ပါတော့သည်။

          ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေ ဟူသည့် စကားရပ်အတွက် ပုဒ်မ ၃ (က) တွင် အောက်ပါအတိုင်း ဖွင့်ဆို ဖေါ်ပြထားပါသည်-

လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ ဟင်းသီး ဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟု သော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုသည်။”

ဤဖွင့်ဆိုချက်ပါ သတ်မှတ်သည့်မြေများ ဟူသည်က ပြဿနာဖြစ်ပေါ်စေခဲ့ပါသည်။ သတ်မှတ်သည့် ဟူသော စကားရပ်အရ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန က ကွင်းတိုင်း တာပုံထုတ်၍၊ ကြေးတိုင်စိုက်ကာ၊ လယ် ဖြစ်ပါက “R” ယာ ဖြစ်ပါက “Y” စသည်ဖြင့် ကြေးတိုင်မြေမျိုးကြီးများ သတ်မှတ်ထားသည့်မြေများသာ လယ်ယာမြေဟူသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် ပါဝင်ပြီး၊ ကွင်းတိုင်းတာ ပုံထုတ်ထားခြင်း မရှိသည့် ကြေးတိုင်ပြင်ကွင်း များမှ လယ်ယာမြေများသည် ဤဥပဒေအရ လယ်ယာမြေ ဟူသည့် သတ်မှတ်ချက်တွင် ပါဝင်လာခြင်း မရှိတော့ပါ။ ယခင် သီးစားချထားရေးဥပဒေအရ သီးစားမှတ်ပုံတင်စာရင်း တွင် အကျုံးဝင်သော်လည်း၊ ယခုအခါ လယ်ယာမြေ ဟု သတ်မှတ်ချက်တွင် မပါဝင်သည့် လယ်ယာမြေများ ပေါ်ပေါက်လာရပါတော့သည်။ အထူးသဖြင့် နယ်မြေလုံခြုံရေးအခြေအနေ နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောင်ပေါ်ဒေသမှ တိုင်းရင်းသားတို့ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာခဲ့သည့် လယ်ယာမြေများသည် ကွင်းမြေပုံမရှိသည့်အတွက် လယ်ယာမြေ ဥပဒေ၏ အကျိုးကို ခံစားခွင့်ရရေး အခက်အခဲများ ကြုံလာရပါတော့သည်။ ထိုသို့ မိမိတို့ လယ်ယာမြေအတွက် အခက်အခဲကြုံနေရသည့် အနေအထားတွင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ အရ ထပ်မံ၍ ဒုက္ခတွေ့စေပြန်ပါသည်။

          ၂၀၁၂ ခုနှစ်၊ မြေလွတ်မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပါ မြေလွတ်မြေလပ် ဟူသည်နှင့် မြေရိုင်း ဟူသည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကသည်ပင် တောင်တန်းဒေသနေ တောင်သူလယ်သမားများအား ဗူးပေါ်ဖရုံဆင့် ဒုက္ခတိုးစေခဲ့ပါသည်။ ယင်းဥပဒေတွင် မြေလွတ်မြေလပ် ဟူသည့် စကားရပ်အတွက် ပုဒ်မ ၂ (င) တွင် အောက်ပါအတိုင်း ဖွင့်ဆိုပြဌာန်းခဲ့ပါသည်-

မြေလွတ်မြေလပ် ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွတ်ထားသည့် သီးစားခံယူ လုပ်ကိုင်သူ မရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်သည့်မြေနှင့် နိုင်ငံတော် က သီးသန့် လျာထား သတ်မှတ်သည့် မြေ များကို ဆိုလိုသည်။”

ဤဖွင့်ဆိုချက်အရ မူလက ကွင်းဖွဲ့တိုင်းတာခဲ့သဖြင့် လယ်ယာမြေ ဟူသည့် စကားရပ်တွင် အကျုံးဝင်ခဲ့သည့် မြေများတွင် အကြောင်းအမျိုးမျိုးကြောင့် စွန့်လွတ်ထားသည့် ဟူသည့် စကားရပ်အရ နယ်မြေမအေးချမ်းမှုကြောင့် စစ်ဘေးရှောင်ကြရသည့်အခါ၊ ယင်းတို့၏ လယ်ယာမြေများသည် မြေလွတ်မြေလပ် ဟူသည့် စကားရပ်တွင်အကျုံးဝင်လျှက်၊ ရင်းနှီးမြှုပ်နှံသူများက လျှောက်ထားရယူသွားခြင်း ခံရပါတော့သည်။

          ထိုမှတဖန် မြေရိုင်းဟူသည်ကို ဥပဒေ၏ ပုဒ်မ ၂ (စ) တွင် အောက်ပါအတိုင်းဖွင့်ဆို ဖေါ်ပြခဲ့ပြန်ပါသည်-

မြေရိုင်း ဆိုသည်မှာ သစ်ပင်၊ ၀ါးပင် သို့မဟုတ် ခြုံနွယ်များ ပေါက်ရောက်လျှက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပထ၀ီမြေ အနေအထားအရ မြေမျက်နှာပြင်ညီညာမှု ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ် ကိုင်ခဲ့ခြင်း မရှိသော မြေသစ်ဖြစ်သည့် မြေရိုင်းနှင့် တောရိုင်းမြေများကို ဆိုသည်။”

ထိုသို့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည့်အခါ ရှေးယခင်က ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန အနေဖြင့် ကွင်းဆင်တိုင်းတာ မှတ်တမ်းတင်ကာ၊ ကွင်းမြေပုံ မပြုလုပ်နိုင်ခဲ့သည့် တောင်တန်းဒေသမှ တောင်သူများ၏ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့်မြေအများအပြားသည် မြေစာရင်းမှတ်တမ်းတွင် မပါရှိသည့်အတွက် မြေရိုင်း ဟူသည့် ဖွင့်ဆိုချက်တွင် ဆက်နွယ်ပတ်သက်သွားပါတော့သည်။ ထိုအခါ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်မည့် လုပ်ငန်းရှင်များ၏ လက်ဝယ်သို့ ရောက်ရှိစေရန် အကြောင်းများ ဖန်လာခဲ့ရပါတော့သည်။

အထက်ပါကဲ့သို့သော တောင်တန်းဒေသ တိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာ လုပ်ကိုင်လာသည့် လယ်ယာမြေများ အတွက် အာမခံချက် နည်းပါးနေသည့်အခြေအနေတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများကို ပြဌာန်းခဲ့ကြပါသည်။ ရှေးဦးပြဌာန်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၁၉၈၈ ခုနှစ်၊ ဥပဒေအမှတ် ၁၀)၊

(ခ)     မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၁၉၉၄ ခုနှစ်၊ ဥပဒေအမှတ် ၄)၊

(ဂ)     နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၂ ခုနှစ်၊ ဥပဒေအမှတ် ၂၁)၊

(ဃ)    မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၃ ခုနှစ်၊ ဥပဒေအမှတ် ၁၈)၊

(င)     မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ (၂၀၁၆ ခုနှစ်၊ ဥပဒေအမှတ် ၄၀)။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများပေါများကြွယ်ဝခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုများ နှင့် ရင်းနှီးမြှုပ်နှံရန်အတွက် အခွင့်အလမ်းအမြောက်အများရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး ကဲ့သို့သော ၀န်ဆောင်မှု လုပ်ငန်းများ နှင့် နိုင်ငံ၏ လိုအပ်ချက်အား ပြည့်မီစေနိုင်မည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများ စသည့် အခွင့်အလမ်းများ မြောက်များစွာရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အတူ ပြည့်စုံကောင်းမွန်သော စီးပွားရေး၊ လူမှုရေး  အလားအလာသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အနာဂါတ်ကာလတွင် အပြုသဘောဆောင်သည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား ယခုအခါ ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ် အရ ဖိတ်ခေါ်လျက်ရှိပါသည်။

အပိုင်း ( ၂ ) ဆက်မည်. . .