• Today is: Saturday, April 20, 2024

တော်လှန်ရေး ဒီရေမြင့်သစ်

Photo: Internet

29 – June – 2021

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့သော မြန်မာ့နွေဦးတော်လှန်ရေးသည် ငါးလတာ ကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုက သွေးအေးမသွားဘဲ တော်လှန်ရေး ဒီရေကို ဆက်လက် မြှင့်တင်နေကြသည်။

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် နေ့စဉ်ရက်ဆက် အကြမ်း မဖက်သည့် ဆန္ဒပြမှုများရှိနေပြီး အခြားဒေသရှိ မြို့နယ်များတွင်လည်း အခွင့်သာ သည်နှင့် ပုံစံ မျိုးစုံဖြင့် ဆန္ဒပြမှုများ ရှိနေသည်။ အကြမ်းဖက်စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူ ၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၄၀၀၀ ကျော်အထိ ဖမ်းဆီးထားသည့်တိုင် နိုင်ငံတော် အာဏာ ကို မထိန်းသိမ်းနိုင်သေးဘဲ ယိုင်နဲ့နဲ့ဖြင့် ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်၏။

အာဏာသိမ်းကာစက စစ်ကောင်စီ ဒုတိယအကြီးအကဲက မိတ်ဖက်နိုင်ငံ တစ်နိုင်ငံ၊ နှစ်နိုင်ငံ ရှိရင်တောင် နေလို့ရပါတယ်။ ဒါမျိုး တွေ့ကြုံပြီးခဲ့ပါပြီဟု ဆိုခဲ့သော်လည်း ထိုနှစ်နိုင်ငံ လောက်ပင် ၎င်းတို့အား ထောက်ခံရန် ခက်ခဲလာသောအခါ ခြေသလုံးပြေးဖက်နေရသည့် အခြေ အနေသို့ ရောက်လာပြီဖြစ်သည်။ ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပဏာ သင့်ခဲ့သော အာဆီယံအဖွဲ့မှလည်း စစ်ကောင်စီအစိုးရကို အစိုးရတစ်ရပ်အဖြစ် တရားဝင် အသိ အမှတ်ပြုရန် မဖြစ်နိုင်သေးဟု ထုတ်ဖော်ပြောဆိုမှုများ ရှိလာသည်။ အိမ်နီးချင်း နိုင်ငံ များဖြစ် သည့် ထိုင်း၊ လာအို၊ အိန္ဒိယနိုင်ငံတို့မှာလည်း စစ်ကောင်စီနှင့် မိတ်မပျက်သည့် ဆက်ဆံရေးမျိုး ကိုသာ ရည်မှန်းထားပုံရသည်။

တစ်ဖက်တွင် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH (လွှတ်တော်  ကိုယ် စားပြု ကော်မတီ)နှင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့)တို့ကလည်း နိုင်ငံတကာ တွင် အကြမ်းဖက် စစ်ကောင်စီအား အစိုးရအဖြစ် အသိအမှတ်မပြုရန်နှင့် ပြည်သူ့ကိုယ်စား ပြုသော NUG အစိုးရကိုသာ တရားဝင် အသိအမှတ်ပြုရန် ကြိုးပမ်းနေကြသည်။ ယခုနှစ် စက်တင်ဘာလ အတွင်း ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ ကိုယ်စားပြု NUG အစိုးရ တရားဝင် တက်ရောက်နိုင်ရေးမှာလည်း သေရေးရှင်ရေး အရေးကြီး နေသည်။ ထို့အတွက် NUG သည် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များဖြင့် တွေ့ဆုံကာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိရေးအတွက် ဆွေးနွေးနေကြသည်။

မကြာမီက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ လက်ချင်စတိန်းနိုင်ငံမှ အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး ထိုအဆိုအား မဲခွဲဆုံးဖြတ်ရာတွင် အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၁၁၉ နိုင်ငံမှ ထောက်ခံမဲ ရရှိခဲ့သည်။ ထောက်ခံမဲပေသူများထဲတွင် အာဆီယံမှ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် စသည့်နိုင်ငံများ ပါဝင်ခဲ့ပြီး မဲမပေးဘဲ ကြားနေသူများထဲတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် စစ်ကောင်စီ အားကိုးရသည့်နိုင်ငံများ ပါဝင်လာခဲ့သည်။ ကုလသမဂ္ဂတွင် မဲခွဲဆုံးဖြတ်ခဲ့သောအဆိုသည် မြန်မာနိုင်ငံအနေဖြင့် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ် မဟုတ်သော်လည်း နိုင်ငံရေးအရ NUG အစိုးရဘက်မှ အမြတ်ထွက် ခဲ့ပြီး စကစအနေ ဖြင့် အတော်အထိနာခဲ့သည်။

အထူးသဖြင့် စကစနှင့် အလျဉ်းသင့်သည့် ရုရှားနှင့် တရုတ်နိုင်ငံတို့ကပါ အဆိုအပေါ် ကန့်ကွက်ခြင်း မရှိသည့်အခါ ရှေ့ဆက်ရမည့် ခြေလှမ်းများ တုံ့ဆိုင်းသွားပုံရသည်။ ထို့ကြောင့်ပင် စစ်ကောင်စီဥက္ကဋ္ဌသည် ရုရှားနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာလုံခြုံရေး အစည်းအဝေး ဖိတ်ကြားမှုနှင့် တိုက်ဆိုင်စွာပင် ရုရှားနိုင်ငံ၏ သဘောထားကို စနည်းနာရန် ထွက်ခွာသွားခဲ့ပုံ ရသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတကာတွင် လူရာဝင်ရန် ကြိုးစားနေရဆဲဖြစ်ပြီး ပြည်တွင်း၌ လည်း အုပ်ချုပ်ရေးကို မနိုင်မနင်း အုပ်ချုပ်နေရဆဲဖြစ်သည်။ နိုင်ငံအဝန်းတွင် အခြေခံအုပ်ချုပ် ရေးဖြစ်သော ရပ်/ကျေးအုပ်ချုပ်ရေးကို တည်ဆောက်ရာ၌ပင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အသတ်ခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်းများနှင့် ကြုံတွေ့နေရသည်။ အုပ်ချုပ် ရေးအတွက် ဒေါက်တိုင်သဖွယ် မွေးမြူထားသည့် ဒလန်ဆိုသူများမှာလည်း ခြိမ်းခြောက် သတ်ဖြတ်ခံရခြင်းများနှင့် ရင်ဆိုင်နေရသည်။ စစ်ကောင်စီသည် အုပ်ချုပ်ရေးမှူးများအား အကာ အကွယ်ပေးရန် ပျူစောထီးဆိုသည့် ၎င်းတို့အား ထောက်ခံအားပေးသူများအား လက်နက် တပ်ဆင်ပေးခြင်းများ ပြုလုပ်နေသော်လည်း ကိုယ့်တပ်ပေးသည့် သေနတ်ပြောင်း ကိုယ့်ဘက် လှည့်လာမည့်အရေး စိုးရိမ်နေကြရပြန်သည်။

ပြည်တွင်းတွင် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ မလည်ပတ်နိုင် သေးသည့် အဓိကအကြောင်းအရင်းမှာ မြို့ပြအာဏာဖီဆန်ရေး (CDM) အရင်းအမြစ်များ ကြောင့်ပင် ဖြစ် ၏။ CDM တွင် အများဆုံးပါဝင်ကြသည့် ပညာရေး၊ ကျန်းမာ ရေး၊ ဝန်ထမ်းများ ကြောင့် တိုင်းပြည် အခြေအနေမှာ ရှေ့ဆက်ရန် မဆိုနှင့် ချောက်ထဲမှ ဆွဲတင်ရန်ပင် ခက်ခဲနေ ပြီဖြစ်သည်။

မကြာမီ ပြန်လည်လည်ပတ်ပါတော့မည်ဟု ခဏခဏ ဆိုခဲ့သည့် ဘဏ်လုပ်ငန်းမှာလည်း ယခု အထိ ခေါင်းမထောင်နိုင်သေးပေ။ မကြာမီကပင် ဗဟိုဘဏ်မှ ကန်ဒေါ်လာ ၆ သန်းခန့် ထုတ်ရောင်းချခဲ့ရပြီး နိုင်ငံခြားငွေ ရှားပါးမှုကို ကယ်ဆယ်နေရသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုနောက်ဆက်တွဲဆိုးကျိုးကြောင့် စီးပွားရေး ကြပ်တည်းခြင်း၊ အလုပ် အကိုင်အခွင့်အရေး ရှားပါးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ထို့အပြင် တစ်ဖန် ပြန်ခေါင်းထောင်လာသည့် COVID-19 ကပ်ရောဂါ တတိယလှိုင်းအခြေ အနေကြောင့် အန္တရာယ်ပေါင်းစုံနှင့် ရင်ဆိုင်နေကြရသည်။ ထိုအန္တရာယ်များကြား၌ပင် စစ်ကောင်စီ၏ မတရား ဖမ်းဆီး နှိပ်စက်မှုမှလည်း ကင်းလွတ်ရန် ရှောင်ရှားနေကြရပြန်သည်။

ပြည်သူလူထုတစ်ရပ်လုံးကို ခြုံငုံကြည့်လျှင် မည်သို့ပင် အခက်အခဲပေါင်းစုံနှင့် ကြုံတွေ့ နေရ သော်လည်း မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းထားနိုင်သည်မှာ “ငါတို့နိုင်ရမယ်” ဆိုသော် ‘အောင်’ စိတ်ကလေးပင် ဖြစ်၏။ မြတ်စွာဘုရားရှင်က ဆန္ဒာဓိပတိ ဆန္ဒသာလျှင် အရေး ကြီး၏၊ ဆန္ဒရှိလျှင် ပန်းတိုင်သို့ မလွဲမသွေ ရောက်ရမည်ဟု ဟောကြားခဲ့၏။ မည်သို့သော စိန်ခေါ်မှုများရှိပါစေ၊ မည်သို့သော အတားအဆီးများ ရှိပါစေ၊ မည်သို့သော သွေးခွဲသပ်လျှို မှုများရှိပါစေ ‘အောင်’စိတ်ကလေးဖြင့် ရှေ့ဆက်သွားပါက တော်လှန်ရေး ဒီနေမြင့်သစ်နေဦး မည်ဖြစ်ပါသည်။

 

မောက်ဂ္ဂလိ

 

Federal Journal