• Today is: Friday, April 19, 2024

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 113 , July 26, 2021)

 

၁။ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ တိုက်ပွဲရပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ကြရန် SNLD တိုက်တွန်း
26 July, 2021

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ကြား တိုက်ပွဲရပ်တံ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းတိုက်ဖျက်ကြဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က တိုက်တွန်းလိုက်ပါတယ်။ လတ်တလော ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့ နယ်ထဲမှာ ရှမ်းပြည်တပ်မတော် RCSS နဲ့ SSPP တို့ကြား နယ်မြေစိုးမိုးရေးကိစ္စနဲ့ ပါတ်သက်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် ရွာသားတွေ ရာနဲ့ချီထွက်ပြေးနေရပါတယ်။

ဒေသခံပြည်သူတွေဟာ ကိုဗစ် ၁၉ ကပ်ရောဂါဘေးအပြင် စစ်ဘေးဒဏ်ရဲ့ ဆင်းရဲဒုက္ခတွေပါ ခံစားနေရတာကြောင့် ရှမ်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ SSPP/RCSS နဲ့ RCSS/ SSA တို့ကြား ဖြစ်ပွားနေတဲ့ ပဌိပက္ခတွေ တိုက်ပွဲတွေ ရပ်တံ့နိုင်ရေး အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဒီကနေ့ ဇွန်လိုင် ၂၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။ အဆိုပါ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက စတင်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ပဋိပက္ခချုပ်ငြိမ်းဖို့ SNLD ပါတီအနေနဲ့ နှစ်ဘက်တပ်သဘောတူမှုနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ ကြောင်း၊ ဒါပေမယ့် တဘက်နဲ့တဘက် အငြင်းပွားမှု၊ ပစ်ခတ်မှုတွေ ရပ်မသွားဘူးလို့ ဆိုပါတယ်။

၂။ မကွီအိမ်နူးရှေ့တန်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း
26 July, 2021

ချင်းပြည်နယ် မင်းတပ်မြို့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ မကွီအိမ်နူး ရှေ့တန်း စခန်းတစ်ခုက စခန်း တာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ဟာ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းသွားခဲ့ပါတယ်။

အဲဒီစခန်းက တပ်ဖွဲ့ဝင်တစ်ချို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သူတွေလည်း ရှိနေသလို ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေက အဲဒီစခန်းကို သိမ်းပိုက်ဖို့အတွက် ဇူလိုင်လ ၂၄ ရက်နေ့က သွားခဲ့တာဖြစ်ပါတယ်။ စခန်းတာဝန်ရှိသူကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က လက်နက်မချရင် တိုက်ခိုက်ရလိမ့်မယ်လို့ ပြောဆိုခဲ့တဲ့အချိန်မှာ စခန်းတာဝန်ရှိ သူက တိုက်ခိုက်မှုမလုပ်ခဲ့ဘဲ လက်နက်ချပြီး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

မကွီအိမ်နူးရဲစခန်းဟာ စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေဖြစ်တဲ့ စစ်သားနဲ့ရဲနဲ့ ပူးပေါင်းထားတဲ့ စခန်းဖြစ်ပြီး ဒေသခံပြည်သူတွေနဲ့ ခင်မင်ရင်းနှီးမှုရှိပြီး အာဏာသိမ်းပြီး အခုကာလအထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိနေတဲ့စခန်းဖြစ်တယ်လို့ သိရပါတယ်။

၃။ နမ့်လန်မြို့နယ် သျှမ်းတပ် ၂ တပ် တိုက်ပွဲ ပြန်လည်ဖြစ်ပွား
July 26, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့နယ် ဝမ်းစိမ်းကျေးရွာ (ဇူလိုင် ၂၆) မနက် ၅ နာရီ တွင် RCSS/SSA နှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့မနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးသံဖြစ်ပြီး နမ့်လန်မြို့ပတ်ဝန်းကျင်ထိ အသံကြားရကြောင်း နမ့်လန့်မြို့ ဒေသခံ အမျိုးသားတဦး ကပြောသည်။“ လက်နက်ကြီးသံတွေ ပဲအများဆုံးကြာရတာ။ မနက် ၅ ခွဲကတည်းက ဖြစ်တာ။ ၉ နာရီ ကျော်လောက်မှငြိမ်သွားတယ်။ ဘယ်နားဖြစ်မလဲတော့သေချာမသိရသေးဘူး။ တချို့တော့လည်း ရေဖြူကျေးရွာဘက်လို့ ပြောတယ်”ဟု နမ့်လန်မြို့ဒေသခံအမျိုးသားတဦး ကပြောသည်။“ကျနော်တို့နမ့်လန်မှာကိုဗစ် ဖြစ်နေတယ်။ ဘယ်နေရာဖြစ် လဲဆိုတာ ကျနော်တို့အရင်လိုသွားကြည့်မရဘူး။ အိမ်ပြင်ထွက်လို့မရဘူး” ဟု နမ့်လန့်မြို့ ဒေသခံတဦးက ပြောသည်။

တိုက်ပွဲနှင့်ပတ်သတ်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံက “ အရင်က တော့သီပေါမြို့နယ်ဘက်ဖြစ်တယ်။ ခုတော့နမ့်လန်ဘက် ရောက်လာတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်သွားနိုင်တယ်။ ဝမ်းစိမ်း ကျေးရွာအုပ်စုဘက်ဖြစ်တယ်”ဟု ပြောသည်။ သို့သော် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းဖုန်းဟန် ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။ တိုက်ပွဲကြောင့် ပြည်သူများတစ်ချို့ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းသိရသည်။

၄။ စစ်ကောင်စီ တင့်ကားတင် သင်္ဘောများ ရွှေကူမြို့အနီး ပစ်ခတ်တိုက်ခိုက်ခံရ
26 July 2021

စစ်ကိုင်း ကသာမြို့နယ်ဘက်မှ ယနေ့ နံနက် တင့်ကားများတင်ဆောင်လာသော စစ်ကောင်စီ၏ သင်္ဘော ၇ စီးသည် မွန်းလွဲ ၂ နာရီခန့် ရွှေကူမြို့အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ရွှေကူမြို့မရောက်မှီ ၃ မိုင်ခန့်ဝေးသည့် ရွှေဘုံသာကျေးရွာ သင်္ချိုင်းရှေ့တွင် ပစ်ခတ်ခံရကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။“သင်္ဘောက ၇ စီးစလုံး ရွှေကူဘက်ကို ဆန်တက်လာတာဖြစ်တယ်။ ရွှေကူမြို့ မရောက်ခင် ပစ်ခတ်တဲ့အဖွဲ့က ရွှေဘုံသာကျေးရွာက နေလှမ်းပစ်လိုက်တယ်တဲ့။ ရှေ့က တစ်စီးက မှန်သွားတယ်လို့သိရတယ်။ ၇ စီးလုံးကို ပစ်ဖို့တော့ မလွယ်ဘူးလို့ပြောတယ်။ ကျန်တာအသေးစိတ်က မသိရဘူး”ဟု ပြောဆိုသည်။ ပစ်ခတ်သည့် အဖွဲ့ အစည်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောဆိုနေကြသည်။

အဆိုပါ တင့်ကားတင် သင်္ဘောများသည် ပြီးခဲ့သည့် ၂ ရက်ခန့်က မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ကြောင်း မြစ်ကြောင်း တစ်လျှောက်ဒေသခံများက KNG ကို သတင်းပေးပို့မှုများ ရှိခဲ့သည်။ စစ်ကိုင်း ကချင် နယ်စပ် ကသာမြို့နယ်နှင့် ရွှေကူမြို့နယ် သည် ကချင်ပြည်နယ်သို့ အာဏာသိမ်းစစ် အင်အားတိုးချဲ့လာရာတွင် ရေကြောင်းနှင့် ကားလမ်းအသုံးပြုကာ ဖြတ်သန်းသွား သော နေရာဖြစ်သဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားနေသော နယ်မြေ ဖြစ်သည်။

၅။ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းတဲ့ စစ်ကောင်စီလုပ်ရပ်ကို နိုင်ငံရေးပါတီကြီးတွေ လက်မခံ
July 26, 2021

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းလိုက်ပြီ လို့ စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဇူလိုင်လ ၂၆ ရက် မနေ့က ည ၈ နာရီမှာကြေညာ လိုက်ပါတယ်။ တနိုင်ငံလုံးမှာ မဲမသမာမှု ဆယ့်တစ်သန်းသုံးသိန်းကျော် တွေ့ရတဲ့အတွက် ဖျက်သိမ်းတာလို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီအပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကို NLD အစိုးရရဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီး ချုပ်တွေရဲ့ သဘောထားအတိုင်းခန့်ခဲ့တယ်လို့ စွပ်စွဲထားသလို၊ မှတ်ပုံတင်မရှိဘဲ မဲပေးထားတာ၊ မှတ်ပုံတင်တစ်ခုတည်းနဲ့ နှစ်မဲသုံးမဲ ပေးထားတာ၊ ကြိုတင်မဲတွေ ယူတဲ့နေရာမှာ NLD အောင်နိုင်ရေးအဖွဲ့တွေ ပါနေတာ စသဖြင့်အကြောင်းပြချက် ၁၁ ချက် ဖော်ပြထားပါတယ်။ ဒီကြေညာချက်ကို စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နာမည်နဲ့ တာဝန်ခံ ထုတ်ပြန်ထားသလို၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာလဲ အစအဆုံး ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ထိပ်ဆုံးကကိုယ်စားလှယ် အများစုရထားတဲ့ပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD လဲ ပါဝင်ပါတယ်။ ဒါကြောင့် SNLD ပါတီ ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် “ရွေးကောက်ပွဲရလဒ်ကြီး တခုလုံး ပယ်ဖျက် လိုက်တယ်ဆိုတဲ့အခါကျတော့ ကျန်တာတွေကျနော် မပြောတတ်ဘူးပေါ့ဗျာ။ ကျနော်တို့ပါတီအနေနဲ့ နေရာ ၄၂ ယောက်နိုင်ပါ တယ်။ အဲဒီ ၄၂ ယောက်လုံးဟာ ကျနော် တိတိကျကျပြောရဲတာကတော့ မတရားမှု ဘာမှမရှိခဲ့ဘူးလို့ ကျနော်ပြောရဲတယ်။ လိမ်တာလှည့်ဖျားတာတွေ ဘာမှမရှိခဲ့ဘူး။ ကျနော်တို့က ရိုးသားစွာပဲ ယှဉ်ပြိုင်ခဲ့ပြီးတော့ အနိုင်ရခဲ့တာဖြစ်တယ်ဆိုတာကို တိတိကျကျပေါ့နော်။ သမိုင်းဝင်ပြောချင်တယ်ဗျ။ အဲဒါကကျနော် ဘာကြောင့်ပြောနိုင်လဲဆိုရင် ကျနော်တို့က ကော်မရှင်နဲ့လဲ ရင်းနှီးတာမရှိဘူး။ ရပ်ကွက်မြို့နယ် စသဖြင့်ပေါ့နော်။ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထဲထဲဝင်ဝင် မရှိဘူးဗျ။ ပြီးတော့ မဲရုံ တွေမှာ စောင့်ရှောက်ကြတဲ့ပုဂ္ဂိုလ်တွေလဲ ကျနော်တို့က ဆက်သွယ်ဆောင်ရွက်မှုတွေ ဘာမှမရှိဘူး။ ကျနော်တို့ ဆက်သွယ် ဆောင်ရွက်ခဲ့တာ တခုပဲ ရှိတယ်။ အဲဒါကမဲပေးတဲ့ပြည်သူလူထုတွေပဲရှိတယ်။ မဲပေးတဲ့ ပြည်သူတွေကို ကျနော်တို့ စည်းရုံးပါ တယ်။ ကျနော်တို့ကို မကြိုက်တဲ့ သူတွေကတော့ တခြားပါတီတွေကို ထည့်ပါတယ်။ ကျနော်တို့ကိုကြိုက်တဲ့သူတွေကတော့ ကျနော်တို့ပါတီကိုမဲပေးပါတယ်။ အခုလို ပယ်ဖျက်ခံရတဲ့အခါကျတော့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ဟာ ရိုးရိုး သားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်။ နောက်ပြီးတော့ မြန်မာတပြည်လုံးမှာ ကျနော်တို့က တတိယနေ ရာမှာ အနိုင်ရခဲ့တဲ့ပါတီလဲ ဖြစ်တယ်။ ဆိုတော့ဒီလိုပယ်ဖျက်ခံရတယ်ဆိုတာ စိတ်ထဲမှာ တော့သိပ်မကောင်းဘူးပေါ့ဗျာ။ ကြိုက်လဲမကြိုက်ပါဘူး။ ”

ANP ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဖေသန်း သူ့သဘောထားကို အခုလိုပြောပါတယ်။“ပါတီနဲ့တော့ ကျနော် ကဝေးနေတယ်ဗျ။ ကျနော့် သဘောထားပဲပြောလို့ရမယ်။ ဒါကတော့ အာဏာစသိမ်းတယ်ဆိုကတည်းကပေါ့နော်။ ရွေးကောက် ပွဲဟာ မတရားဘူး၊ ရွေးကောက်ပွဲဟာ မဲခိုးမဲလိမ်ရှိတယ် ဆိုပြီးတော့ သူတို့က အစကတည်းက အစီအစဉ်ကျကျ လုပ်လာတဲ့ ကိစ္စလေ။ အဲတော့ ဒါဟာ မဲမသမာမှု ရှိတယ်။ မရိုးသားဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်လာတာပေါ့။ ဒါလဲ အစကတည်းက ကျနော်တို့ မှန်းဆလို့ ရတဲ့ ကိစ္စပါ။ အစီအစဉ် ကျကျပေါ့နော် သူတို့နောက်ပိုင်းမှာလဲ NLD ပါတီကို သူတို့ဘက်က ဖျက်သိမ်းဖို့ ပြောထားပြီးပြီ။ ကြိုးလဲ ကြိုးစားနေတယ် ဆိုတော့ ဒါတွေက သူ့ဟာနဲ့သူ လုပ်ဆောင်လာတဲ့ ကိစ္စပဲဖြစ်ပါတယ်။ တရားတယ် မတရားဘူး ဆိုတာတော့ သူတို့ရဲ့ အကြောင်းပြချက်ပေါ်မှာပဲ အခြေခံပြီး ပြောလို့ရမှာပေါ့နော်။ ဆိုတော့ ကြိုတင်ပြီးတော့ အစီအစဉ်ရှိတယ်ဆိုတော့ ကျနော့်အနေနဲ့ သိပ်ပြီးတော့ မအံ့သြပါဘူးဗျာ။ ရွေးကောက်ပွဲတခုလုံး တနိုင်ငံလုံးကို ဖျက်သိမ်း တယ် ဆိုတာတော့ သိပ်ပြီးတော့ သဘာဝမကျဘူး ဖြစ်နေတယ်။ မဲဆန္ဒနယ် အလိုက်ပေါ့။ အဲလိုသူတို့သက် သေပြနိုင်ရင်တော့ အဲဒီမဲဆန္ဒနယ်ကို ဖျက်သိမ်းပေါ့။ ဘာမှမဆိုင်တဲ့ ရွေးကောက်ပွဲမှာ ရိုးရိုးသားသား လုပ်ခဲ့တဲ့နေရာတွေလဲ အများကြီးရှိမှာပေါ့။ တနိုင်လုံးကို ဖျက်သိမ်းတာတော့ သဘာဝမကျဘူးလို့ ပြောချင်တယ်ပေါ့နော်”ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တချို့ရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ သဘောထားကို သိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို RFA က တယ်လီ ဖုန်းနဲ့ရော ဖေ့စ်ဘွတ်မက်ဆင်ဂျာကပါ မနေ့ညဦးပိုင်းက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာမရှိလို့ စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းလိုက်တဲ့အပေါ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ သဘောထားကို မသိရသေးပါဘူး။

၆။ သောင်ရင်းမြစ်ရေ လျှံမှုကြောင့် မြဝတီမြို့တွင် အိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခ ခံနေရ
July 26, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် သောင်ရင်းမြစ်ရေလျှံမှုကြောင့် အိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခ ခံနေရ ကြောင်း သိရသည်။

မိုးရက်ဆက်မပြတ် ရွာသွန်းမှုနှင့်အတူ သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် ထက် ၁ ပေဝန်းကျင်ခန့် ကျော်လွန်နေပြီး ယခု ည ၉ နာရီအထိ ဆက်လက်မြင့် တက်လျက် ရှိနေဆဲဖြစ်သည်။ မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းအနီးရှိ လူနေအိမ်ခြေ ၅၀၀ ကျော်မှာ ရေဘေး ဒုက္ခခံနေရပြီး နီးစပ်ရာနေအိမ်များနှင့် ယာယီ ရေဘေးကယ်ဆယ်ရေးစခန်း များတွင် ခိုလှုံနေရသည်ဟု သိရသည်။ လက်ရှိအချိန်ထိ မြဝတီမြို့တွင် အမှတ် ၅ ရပ်ကွက်ရှိ အထက ခွဲ ၃ ကျောင်းနှင့် ဝါးတောစာသင်ကျောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ ဓိဌာန်အောင်ဘုရားဓမ္မာရုံတို့တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားသည်။ လက်ရှိတွင် ရေဘေး ကယ်ဆယ်ရေးစခန်း ၃ ခုတွင် လာရောက်နေထိုင်သူ အိမ်ထောင်စု ၁၀၀ ဝန်းကျင်ခန့် ရောက်ရှိနေပြီး ဆက်လက်၍ရွှေ့ပြောင်း လာသူများလည်း ရှိနေသည် ဟု မြို့နယ်ရေဘေးကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကိုဗစ်ရောဂါကူးစက်မှု နှင့် သေဆုံးမှု မြင့်မားနေ၍ Stay at Home အဖြစ်နေထိုင်ရန် ကြေညာထားသည့် မြဝတီမြို့တွင် ယခုအခါ ရေဘေးဒုက္ခပါ ထပ်မံခံစားနေရ၍ ရောဂါကူးစက်မှုနှင့်အတူ အခြေခံလူတန်းစားအများစုမှာ စားနပ်ရိက္ခာ အခက် အခဲနှင့်ပါ ကြုံတွေ့နေရကြောင်း သိရသည်။

၇။ တောင်ကျချောင်းရေကြောင့် လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်အချို့ ရေနစ်မြှုပ်
July 26, 2021

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာသည့်အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ယနေ့(ဇူလိုင်လ ၂၆ရက်)နံနက်ပိုင်းက ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီဝန်းကျင်ခန့်က လှိုင်းဘွဲချောင်းတွင် တောင်ကျချောင်းရေကြောင့် ရေလျှံလာပြီး လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် (က၊ ခ၊ ဂ၊ ဃ) အားလုံးနီးပါး ရေဝင်ရောက်သည့်အပြင် မြေနိမ့်ပိုင်းရှိ နေအိမ်အချို့လည်း ရေနစ်မြှုပ်ခဲ့သည်ဟု လှိုင်းဘွဲမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ပြောသည်။ လှိုင်းဘွဲမြို့ရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “ရေကြီးတော့ တချို့အိမ်တွေကို ကျနော်တို့ အရေးပေါ်သွားပြီး ကယ်ထုတ်ပေးရတာတွေရှိတယ်။ ပြီးတော့ ဒီမနက်လည်း သေဆုံးသွားတဲ့ ကိုဗစ်လူနာတစ်ဦး မီးသင်္ဂြိုဟ်ဖို့ ရေကြီးတာနဲ့တော်တော်ခက်ခဲသွားတယ်။ နေ့လည်အထိ ရေကမကျသေးဘူး။ တဖြည်းဖြည်းရေဆက်တက်တယ်” ဟုကေအိုင်စီသို့ပြောသည်။

“ ရေဘေးအတွက် အရေးပေါ်နေထိုင်ဖို့ သက်ဆိုင်ရာဘက်က နေရာကြိုတင်လုပ်ထား တာမရှိဘူးထင်တယ်။ အချို့က အသိ အိမ်မှာ သွားနေရတယ်။ ဒီကာလက ကူးဗစ်ကူးစက်တာများတော့ ရင်းနှီးတဲ့ မိတ်ဆွေတောင်မှ သူတို့ လက်မခံချင်ဘူး။ ကိုဗစ် ကာလမှာရေကြီးတာ အဲဒီအခက်အခဲတွေတော့ ကြုံရတယ်”ဟု လှိုင်းဘွဲမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြော သည်။ တောင်ကျ ချောင်းရေကြောင့် လှိုင်းဘွဲမြို့ရှိ မြေနိမ့်ပိုင်းအချို့တွင် နှစ်စဉ်ရေကြီးမှုနှင့်ကြုံတွေ့ခဲ့ရပြီး ယခင်နှစ်များ တွင် ရေ (၆) ပေအထိ တက်လာသည့်အတွက် ရေဘေးရှောင် အိမ်ထောင်စု အမြောက်အများရှိခဲ့သည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းသည့် အတွက် ကရင်ပြည်နယ်ရှိ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ဇမိမြစ်နှင့် ဂျိုင်းမြစ်အပြင် မြစ်ချောင်းအချို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သလို မြေနိမ့်ပိုင်းတွင်ရှိသည့် ကျေးရွာအချို့တွင်လည်း ရေကြီးမှုများ ရှိသည်ဟု သိရသည်။

၈။ ဖရူဆိုမြို့ အနောက်ဖက်ခြမ်းမှ အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာ
July 26, 2021

ဇူလိုင်လ ၂၂ ရက်နေ့မှာ ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ ဟိုယာ၊ ဘီယာဒေသဖက်မှာ အကြမ်းဖက်စစ်ကောင်စီ တပ်က အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျေးရွာအတွင်း ဝင်ရောက်အခြေချခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း ဒေသခံဆီကနေ သိရပါတယ်။

“ဒီနေ့ သူတို့ပြန်ပြီးတော့ ထွက်ခွာသွားပြီ သူတို့လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်သွားပြီ ဒီနေ့ ၈ နာရီကျော် ၉နာရီလောက်မှာ စထွက်သွားတယ်။ စစ်ကြောင်းနှစ်ကြောင်းလာတယ် စစ်ကြောင်းတစ်ကြောင်းကို ၁၂၀ လောက်ပါတယ်။ ဘုရားကျောင်း တို့ စာသင်ကျောင်းတို့ ဓာတ်ပုံမှတ်တမ်းလေးတွေ ယူသွားတယ်။ သူတို့ (စစ်ကောင်စီ) မရှိရင်တော့ ငြိမ်းချမ်းပါတယ်၊ အေးဆေး ပါပဲ၊ အခု သူတို့ထွက်သွားတော့ ပုံမှန်အတိုင်းပဲ ပြန်ပြီးဖြစ်မှာပါ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်က ဟိုယာ၊ ဘီယာဒေသသို့ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှစ သွားလာလှုပ်ရှားခဲ့ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်အခြေချမှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီတူကျေးရွာမှတဆင့် ဖရူဆိုမြို့နယ်အတွင်း ဘီယာကျေးရွာနဲ့ ဒိုမိုခိုကျေးရွာမှာလည်း စစ်ကြောင်းများ တပ်ဖြန့်ထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ရဲ့ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန် ထားပါတယ်။ ကရင်နီတပ်မတော် (KA)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တို့ ဘောလခဲမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား နန်းဖဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေ ရသလို ဖရူဆိုမြို့နယ်အနောက်ဖက်မှာလည်း စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်နေပြီး သွားလာ လှုပ်ရှားမှုတွေလည်းရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

၉။ စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်ပစ်ခတ်ခံထိ မော်လမြိုင်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထား

July 26, 2021

ရေးမြို့နယ် စုံနံ့သာကျေးရွာခွဲ အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးဝင်း အသက် (၄၂) နှစ်သည် (ဇူလိုင်-၂၅) နံနက် (၁) နာရီ ဝန်းကျင်ခန့်တွင် သေနတ်ပစ်ခတ်ခံရပြီး ဒဏ်ရာစိုးရိမ်ရသဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကုသ ခံနေရကြောင်း၊ ပစ်ခတ်သူမှာ လူသတ်မှုဖြင့် ရဲကအလိုရှိနေသူဖြစ်ကြောင်း သတင်းရရှိသည်။ “သူတို့ရွာ အသုဘအိမ်က နေပြန်လာတယ်။ လမ်းမှာ ပစ်ခတ်ခံရတယ်။ ရန်ငြိုးရန်စရှိတဲ့သူပဲ လာပစ်သွားတယ်” ဟု ရေးမြို့မရဲစခန်း အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

ပြီးခဲ့သည့်ည သန်းခေါင်းကျော် နံနက်ပိုင်းအကူး နာရေးအိမ်တစ်ခုမှ ဟွန်ဒါဖစ်အမျိုးအစား ကိုပိုင်မော်တော်ယာဉ်ဖြင့် ဦးမျိုးဝင်း နေအိမ်သို့ပြန်လာစဉ် ဟွန်ဒါဖစ်အဖြူရောင် မော်တော်ယာဉ်တစ်စီးဖြင့် စောင့်ဆိုင်းနေသည့် ဝမ်းချိုင်း (ခ) အချိုင် ၂၀ နှစ်၊ (ဘ) ဘိုရွှေ၊ ပုပ္ဖဝတီကျေးရွာ၊ တူးမြောင်းကျေးရွာအုပ်စု၊ ရေးမြို့နယ်နေသူပါ (၄) ဦးတို့မှ ယာဉ်အား ရပ်တန့်စေပြီး ယာဉ်ပေါ်မှဆင်းခိုင်းကာ ဝမ်းချိုင်း (ခ) အချိုင်မှ ၎င်းကိုင်ဆောင်ထားသည့် ကာဘိုင်သေနတ်ဟုယူဆရသည့် သေနတ်အရှည် ဖြင့် ၃ ချက်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း ရဲစခန်း၏ တိုင်ကြားစာအရ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေးမြို့မရဲစခန်းတွင် အမှုတွဲအမှတ် ပ-၈၁ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၀၇) ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။“အချိုင်က တရားခံပြေးပဲလေ၊ မနှစ် ဇူလိုင်လထဲကပဲ စုံနံ့သာရွာ ရာဘာခြံထဲမှာ မူးယစ်ဆေးသွားဖမ်းတဲ့ တပ်ကြပ်ကြီးတစ်ယောက် သူ့လက်ချက်နဲ့ ပစ်ခံထိပြီးသေ သွားတယ်၊ မူးယစ်ဆေးဝါးရောင်းတဲ့ သူ့ညီအပါအဝင် ၃ ဦးကိုဖမ်းမိတယ်၊ အဲဒီကတည်းက အချိုင်တိမ်းရှောင်နေတယ်၊ ဖမ်း မမိခဲ့ဘူး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဆီရောက်နေတယ်လို့ကြားတယ်”ဟု ၎င်းဖြစ်စဉ်သိရှိနေသူတစ်ဦးက ပြောသည်။

၁၀။ မိုင်းနင်းမိ ထိခိုက်ခဲ့သော စစ်ကောင်စီတပ်က KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်
24 July 2021

KIO ဗဟိုဌာနချုပ်အနီးသို့ စစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်များသည် KIA ထောင်ထားသော မိုင်းနင်းမိ ထိခိုက်ခဲ့ သောကြောင့် ယမန်နေ့ညက KIA တပ်ရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ဇူလိုင် ၂၃ ရက်နေ့က မိုင်းနှင်းမိပြီး ထိခိုက်မှုရှိသောကြောင့် ယမန်နေ့ည ၈ နာရီခန့်တွင် KIA ရှိရာတပ်များသို့ လက်နက်ကြီး ၁၂၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ်ခဲ့သည်ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။“မနေ့က နေ့လယ်လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ မိုင်းကို သူတို့ဘက်က လာနင်းမိလို့ ထိခိုက်တာရှိမှာပေါ့။ ဒါကြောင့် Hangkai Bum နဲ့ Hpun Pyen Bum က စစ်တပ်တွေက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ကျနော်တို့ တပ်ရင်း ၂၄၊ ၁၉ နဲ့ ၂၅ ဘက်ကို ဒီအတိုင်း ပစ်ထည့်တာ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ ဒေါ့ဖုန်းယန် (Daw Hpum Yang) တပ်စခန်း၊ ဖွန်းပန်ဘွမ့် (Hpun Pyen Bum) စခန်းနှင့် ခယာဘွမ့် (Hkaya Bum) တို့မှ လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်နက်ကြီး ပေါက်ကွဲသံ ၅ ကြိမ် ၆ ကြိမ်ခန့်ကို လိုင်ဇာမြို့မှ ရှင်းလင်းစွာ ကြားခဲ့ရကြောင်း လိုင်ဇာမြို့ခံ များပြောသည်။ သို့သော် ထိုလက်နက်ကြီး ပစ်ခတ်မှုများကြောင့် ထိခိုက်မှု တစ်စုံ တစ်ရာ မရှိခဲ့ကြောင်း ထပ်မံ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား ယခု အပတ်တွင်း ပြင်းထန်သော တိုက်ပွဲမရှိကြောင်းသိရသည်။

၁၁။ EAO အဖွဲ့တွေစုပေါင်းထားတဲ့ Covid 19 ထိန်းချုပ်ရေးကော်မတီ ဖွဲ့စည်း
July 25, 2021

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ တစ်ပြည်လုံး မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ Covid 19 ထိန်းချုပ်ရေးကော်မတီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဇူလိုင် ၁၇ ရက်နေ့မှာ ဖွဲ့စည်း လိုက်တာဖြစ်ကြောင်း ဇူလိုင် ၂၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအနေခြအနေက အရေးပေါ်ဖြစ်နေတဲ့အတွက် နိုင်ငံရေးပြဿနာကို အခြေမခံဘဲ ကျန်းမာရေးပြဿနာ တွေကို ဖြေရှင်းဖို့အတွက် အားလုံးပါဝင် အဖြေရှာနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းလိုက် တာလို့ PPST အဖွဲ့ဝင် ABSDF က ရဲဘော်မျိုးဝင်း က RFA ကို ပြောပါတယ်။“ဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြေရှင်းလို့ မရဘူး။ စစ်ကောင်စီမှ တာဝန်ရှိတာတော့မှန်တယ်။ အရေးကြီးတာက ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင် တော်တော်လေးကို ခက်ခဲမယ်လို့ ဒီလိုပဲ ရိုးရိုးသားသားမြင်တယ်။ ပြည်သူလူထု ယုံကြည်တဲ့သူ လက်ခံနိုင်တဲ့ အခြေအနေ တစ်ခုကိုတော့ ကျွန်တော်တို့ ဖန်တီးဖို့လိုမယ်ဆိုတဲ့ အခြေအနေမျိုးပေါ့နော်။ အဲအနေအထားပေါ်မှာ မူတည်ပြီး ပြည်သူလူထုက မယုံကြည်ဘူးဆိုရင် ကုသရေးမှာပဲဖြစ်ဖြစ် ကာကွယ်ဆေး ထိုးနှံတဲ့အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် တော်တော်လေးကို အခက် အခဲရှိလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်း ပြည်မှာရှိနေတဲ့ ဆေးပညာရှင်တွေပါဝင်မှု၊ သူတို့ရဲ့ လုပ်အားတွေ ရယူနိုင်ရေးမှာလည်း အခက်အခဲရှိနေတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးပြဿနာဆိုတာကို ခဏထားပြီး အမြန်ဆုံးပါဝင်သင့်တဲ့ အင်အားစုတွေ အားလုံးပါဝင်တွေ့ဆုံပြီး အဖြေရှာသင့်တယ်လို့ တိုက်တွန်းလိုတယ်“ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ကိုဗစ်နိုင်တင်းထိန်းချုပ်ရေး ကော်မတီမှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ရဲဘော် မျိုးဝင်း၊ ပဒို စောတောနီး၊ စောမြရာဇာလင်း၊ ရဲဘော်ဆန်နီ၊ ဒေါက်တာ စိုင်းဦး၊ နိုင်အောင်မငေး၊ နန်းယဉ်ယဉ်စိုး၊ ဗိုလ်မှူး စောဟဲစေး၊ ဗိုလ်မှူး စောမှူးအယ်ဝါး တို့ပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်ကပ်ရောဂါထိန်းချုပ်မှုတွေက ရောဂါစစ်ဆေးနိုင်တဲ့အပိုင်းမှာ အားနည်းတာ၊ ကုသရေး အပိုင်းမှာ အခက်ခဲ ရှိနေတာ၊ ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း စနစ်တကျလုပ်နိုင်ဖို့တွေ အများကြီးလိုနေ တဲ့အကြောင်း၊ PPST ကိုဗစ်ထိန်း ချုပ်ရေးအဖွဲ့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးနဲ့တွေ့ဆုံဆွေးနွေးပြီး အားလုံးလက်ခံမယ့် နည်း တွေ ဖော်ထုတ်ဖို့၊ နိုင်ငံတကာ အကူညီတွေနဲ့ အင်အားစုတွေ၊ တတိယနိုင်ငံက အလှူရှင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ရဲဘော် မျိုးဝင်းက ပြောပါတယ်။ ပြည်သူတွေပါဝင်ဖို့ဆိုတာ အဓိကမှန်ပေမယ့် တဖက်သတ်ဖိနှိပ်နေ မယ်ဆိုရင်တော့ ပြည်သူက ပူးပေါင်းပါဝင်မှာ မဟုတ်သလို ကိုဗစ်ထိန်းချုပ်ရေးကလည်း ဘယ်လိုမှအောင်မြင်မှာ မဟုတ်ဘူးလို့ ကိုဗစ်ရောဂါ ကူးစက်ခံနေရသူတွေကို ကုသပေးနေတဲ့ လုံခြုံရေးအရ နာမည်မဖော်ချင်တဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

၁၂။ ရခိုင်မှာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ ကိုယ်ထူကိုယ်ထ ကြိုးစားနေ
July 26, 2021

ရခိုင်ပြည်နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်လို့ သေဆုံးမှုတွေ တစ်နေ့ တခြား များနေတဲ့အတွက် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စတဲ့မြို့နယ်တွေက အရပ် ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်ရဲ့ အကူအညီနဲ့ အောက်ဆီဂျင်စက်ရုံ တွေ ထူထောင်ဖို့ကြိုးစားနေကြပါတယ်။ Covid-19 တတိယလှိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကလည်း အောက်ဆီဂျင် လုံလုံလောက်လောက် ထုတ်မပေး နိုင်တဲ့အတွက် အခုလိုကိုယ်ထူကိုယ်ထ ကြိုးစားလာကြတာလို့ စစ်တွေမြို့မှာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ဖို့ ကြိုးစားနေတဲ့ ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။

“အောက်ဆီဂျင်က ဒီတတိယလှိုင်းမှာ ပိုပြီးလိုအပ်ချက်တွေ များလာတယ်။ အောက်ဆီပြတ်လို့လည်း အသက်ဆုံးရှုံးမှုတွေ များလာတယ်။ အာဏာပိုင်တွေဘက်ကလည်း လုံလောက်မှုမရှိတဲ့ အနေအထားကို တွေ့ရတယ်ပေါ့။ ကိုဗစ်ကူးစက်မှုကလည်း ပိုပြီးတော့များလာလို့ရှိရင် အသက်ဆုံးရှုံးမှုတွေများမယ်။ အဲဒီအခါမှ ကျွန်တော်တို့က ပြည်သူတွေရဲ့ ပူးပေါင်းအားနဲ့ အများ ပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်”မောင်တောမြို့မှာဆိုရင်လည်း ရခိုင်၊ မွတ်စလင်၊ ဟိန္ဒူ အပါအဝင် ဘာသာပေါင်းစုံက လူတွေစုပေါင်းပြီး အောက်ဆီဂျင်စက်ရုံ ထူထောင်ဖို့ကြိုးစား နေကြပါ တယ်။ ဘာသာပေါင်းစုံကလူတွေ အတူတကွ ပူးပေါင်းလုပ်မယ်ဆိုရင် ကပ်ရောဂါကိုအောင်မြင်နိုင်မှာဖြစ်လို့ အခုလို လုပ်ဆောင် တာလို့ မောင်တောမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။

“ကိုယ့်မြို့မှာ ဘာသာသုံးဘာသာရှိတယ်။ ဗုဒ္ဓဘာသာရယ်၊ မွတ်စလင်ရယ်၊ ဟိန္ဒူ ဘာသာရယ်ပေါ့။ သူတို့လည်း ပူပေါင်း ပါဝင်မှပဲ ပိုပြီးတော့ အောင်မြင်သွားမယ်။ အဲဒီလို ယုံကြည်ချက်နဲ့ သူတို့ကိုလည်း ကိုယ်တိုင်စည်းရုံးပြီးတော့ သူတို့ကလည်း ထဲထဲဝင်ဝင်နဲ့အကုန်လုံး ပါဝင်တော့ အခုအောင်မြင်မှု အတိုင်းအတာတစ်ခုကိုတော့ ရောက်နေပါပြီ။ ဆေးရုံတွေဆိုတော့ ဘာသာပေါင်းစုံနဲ့ဆိုင်တယ်။ ဘာသာပေါင်းစုံကလည်း ဆေးလာကုကြတယ်လေ။ အဲဒါကြောင့် ဒီလူတွေပါမှပဲ ပိုပြီးတော့ အဆင်ပြေ နိုင်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အိုင်ဒီယာနဲ့ ကိုယ်တိုင်စည်းရုံးပြီးတော့ ဒီအဆင့်အထိရောက်အောင် ဖန်တီး ခဲ့တာပါ”မောင်တောမြို့က အောက်ဆီဂျင်စက်ရုံကို လေးဆယ်ငါးရက်အတွင်း အပြီးစီးတည်ဆောက်မှာဖြစ်ပြီး ဒီစက်ရုံကနေ တစ်ရက် ကို အောက်ဆီဂျင် လေးဆယ်လီတာ အလုံး ၈၀ ကနေ အလုံး ၁၂၀ အထိ ထုတ်နိုင်မယ်လို့လည်း ဆိုပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ကိုယ်ထူ ကိုယ်ထဆောက်လုပ်နေတဲ့ အောက်ဆီဂျင်စက်ရုံ ဆယ်ခုနီးပါးရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါ တယ်။

၁၃။ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရသည့် ပလက်ဝလူငယ် ၅ ဦးကို သြဂုတ် ၂ ရက်နေ့ ရုံးပြန်ချိန်း
July 26, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အာဏာသိမ်းစစ်ကောင်စီမှ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားသည့် ချင်းလူငယ် ၅ ဦးကို ယနေ့ရုံးမထုတ်ဘဲ ဩဂုတ်လ ၂ ရက်နေ့သို့ ရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။ “ကျမတို့ ၂၆ ရက်နေ့မှာ ရုံးချိန်းဆိုတော့ ကျမတို့အကုန် လာရမှာလားဆိုပြီး ကျမတို့မေးကြည့်တယ်၊ ၂၆ ရက်နေ့မှာ သူတို့က ရုံးပိတ်တာဆိုတော့ ရုံးကိုလာလို့မရပါဘူး၊ ဒီနေ့ ရုံးမထုတ်ရပါဘူးတဲ့၊ သူတို့က ရုံးပိတ်ထားတယ်၊ သြဂုတ် ၂ ရက်နေ့မှပဲ ရုံးပြန်ထုတ်ပေးပါမယ်လို့ အကြောင်းကြားလာ ပါတယ်” ဟု ၎င်းတို့နှင့်နီးစပ်သည့် ပလက်ဝမြို့ဒေသခံက ပြောသည်။ ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရသည့် လူငယ် ၅ ဦးမှာ

ယခုလက်ရှိ ပလက်ဝမြို့ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံထားရပြီး ရာသီတုတ်ကွေးမိကာ ဖျားနာနေကြသည့်အတွက် မိသားစု ဝင်များက စိုးရိမ်နေကြသည်။ အမည်မဖော်လိုသည့် ပလက်ဝ ဒေသခံ တစ်ဦးက “သူတို့ကိုလည်း စစ်ဆေးပြီးပြီ၊ စစ်ဆေးသင့် သလောက်ကို အများကြီးစစ်ဆေးပြီးပြီ၊ အပြစ်မရှိဘူးဆိုတာလည်း သိပြီ၊ မြန်မြန်လေးကို လွှတ်ပေးစေချင်ပြီ၊ ဘာပဲဖြစ်ဖြစ် ကလေးတွေက သူတို့က ပလက်ဝမှာလည်း စစ်ဆေးပြီးပြီ၊ နောက်ပြီးတော့ စစ်တွေကိုလည်းခေါ်သွားပြီ၊ အပြစ်မရှိ ဘူးဆိုတာ လည်း သိပြီးပြီ၊ ရုံးချိန်းတွေလည်း ရုံးတွေမြန်မြန်ဖွင့်ပြီးတော့ မြန်မြန် လေးပဲလွှတ်စေချင်ပြီ၊ ကလေးတွေ ရဲ့ စိတ်ဓာတ်ရေး ရာကိုလည်း ရိုက်သတ်သလို ရိုက်ချိုးသလိုမျိုးတွေကို မဖြစ်စေချင်ဘူး၊ ဒီကလေးတွေအတွက် အနာဂတ်မှာလည်း သူတို့ လုပ်ငန်းတွေ အများကြီးရှိမှာပဲ၊ ပညာတတ်ကလေးတွေဆိုတော့ ဘာပဲဖြစ်ဖြစ် အပြစ်ကြီလည်းမရှိဘူး ဆိုတော့ ယုံကြည်ထား တဲ့အတွက် မြန်မြန်လေးလွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် ချင်းလူငယ် (၅) ဦးမှာ ကိုအိုက်မင်း (အဆိုတော်)၊ အိုက်ထွန်းမင်း (ကုမ္ပဏီ)၊ အိုက်ထွန်းမင်း (သစ်တော)၊ ကိုအောင်ထွန်းစိုး (ခ) အာလူးနှင့် အဂ္ဂပေလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးရာကျော် တို့ဖြစ်ကြသည်။ ၎င်းတို့ ၅ ဦး သည် မင်းတပ်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအားကူညီထောက်ပံ့ရန်အတွက် အလှူငွေကောက်ခံသည့်ကိစ္စနှင့် ပတ်သက် ၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်။

၁၄။ ဘီလူးကျွန်းမြစ်ကူးတံတား အဆိုတင်သွင်းသူ လွှတ်တော်အမတ်ဟောင်း နိုင်လှမောင် အသက် (၈၁) နှစ် ကွယ်လွန်
July 26, 2021

ဘီလူးကျွန်းနှင့် မော်လမြိုင် သံလွင်မြစ်ကူးတံတားတည်ဆောက်ရေး ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းသူ လွှတ်တော် အမတ်ဟောင်း နိုင်လှမောင် အသက် (၈၁) နှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိနေအိမ်၌ ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သတင်းရရှိသည်။

သားဖြစ်သူ ကိုကျော်ဆန်းနိုင်က “ဒီနေ့ ၂ နာရီ ၂၀ လောက်မှာ အဖေဆုံးသွားတယ်၊ ဒီနေ့ နေလို့ကောင်းတယ်ဆိုပြီးတော့ ပျော် နေသေးတယ်၊ ကိုဗစ်လည်း ၁၁ ရက်လောက်ထိသွားတယ် နှလုံးရောဂါအခံလည်းရှိတော့ ရုတ်တရက်အမောဖောက်သွားတာ အေးအေးချမ်းချမ်းပဲ ထွက်သွားတယ်”ဟု ပြောသည်။ နိုင်မောင်လှ၏ ကြွင်းကျန်ရုပ်အလောင်းကို ရေဝေးသုသာန် ရေခဲတိုက် တွင်ထားရှိထားပြီး ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီတွင် မီးသင်္ဂြိုလ်ရန် ကျန်ရစ်သူမိသားစုဝင်များမှ သိရသည်။ ဒေါက်တာအောင်နိုင်ဦးက “ချောင်းဆုံဒေသဇာတိတစ်ဦးလည်းဖြစ်တယ် ပါတီဝင်အချင်းချင်းဖြစ်တဲ့အတွက် အရမ်းလေးစားရ တဲ့သူတစ်ဦးပါ ချောင်းဆုံမြို့နယ်အတွက် သမိုင်းလှအောင်လည်း ရေးသားနိုင်ခဲ့တဲ့အပေါ်မှာလည်း ဂုဏ်ယူမိသလို မွန်လူမျိုး အတွက် အကျိုးပြုနေသူတစ်ဦး ဆုံးရှုံးလိုက်ရတဲ့အပေါ် ဝမ်းနည်းတယ်” ဟု ဆိုသည်။

ဆရာနိုင်လှမောင်သည် သမ္မတဦးသိန်းစိန်လက်ထက်တွင် ချောင်းဆုံတံတားတည်ဆောက်နိုင်ရေး ပြည်သူ့လွှတ်တော်သို့ အဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး မိမိအဆို အထမြောက်အောင်မြင်နိုင်ရန် ထိုစဉ်က သမ္မတဦးသိန်းစိန်အား လူကိုယ်တိုင် တိုက်ရိုက် တွေ့ဆုံတောင်းဆိုခြင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားတောင်းဆိုခြင်းတို့ကို စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရသည်။ ရန်ကုန်တိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အမှုဆောင်တစ်ဦးဖြစ် သည့်အပြင် ဘီလူးကျွန်းဒေသအကြောင်းနှင့် မွန်လူမျိုးရေးဆိုင်ရာတို့ကို သမိန်ဘဆာန်း ကလောင်အမည်ဖြင့် ဆောင်းပါး များရေးသားခဲ့သည်။

၁၅။ မြိုနှင့်ခမီလူမျိုးများနေထိုင်ရာ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်းဖြစ်၊ ရိက္ခာလည်းပြတ်လပ်နေဟုဆို
July 26, 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ မြိုနှင့် ခမီတိုင်းရင်းသားများနေထိုင်ရာ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်တချို့ နာမကျန်းဖြစ်နေပြီး စခန်းတစ်ခုလုံး စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သတင်းရရှိသည်။

၄င်းစစ်ဘေးရှောင်စခန်းတွင် ယခုဇူလိုင်လ အတွင်း ကလေးငယ်တချို့မှာ ဝမ်းပျက်၊ ဝမ်းလျော၊ ဆီးအောင့်သည့် ဝေဒနာခံစား နေရကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ် စောင့်ရှောက်ရေးတာဝန်ခံ ဒေါ်မအေးခင် က နိရဉ္စရာ သတင်းဌာနကို ပြောသည်။“ကလေးတွေတချို့ လေးငါးယောက်လောက် နေမကောင်းဖြစ်နေကြပါတယ်။ ဝမ်း သွားကြတယ်။ အပေါ့သွားရင် ကျောက်ပါတဲ့ကလေးတစ်ယောက်ကိုတော့ စစ်တွေဆေးရုံကို ပို့နိုင်ဖို့စီစဉ်နေပါတယ်။ လွန်ခဲ့တဲ့ အပတ်ထဲကတော့ ကျန်းမာရေးကရောက်ပါတယ်။ ဒီအပတ်မှာ ရွာတွေကို လော့ဒေါင်းချထားတော့ မရောက်ကြတော့ဘူး။ စခန်းမှာ စားနပ်ရိက္ခာတွေလည်း ဒီလထဲမှာ လုံးဝမရသေးတော့ အဟာရများ ချို့တဲ့နေကြလို့လားမသိဘူး”ဟု ပြောသည်။ ၄င်းတို့စခန်းတွင် လူဦးရေ ၅ဝဝ ကျော်နေထိုင်ပြီး ခမီလူမျိုး မိသားစုအနည်းငယ်နှင့် မြိုလူမျိုးအများစု နေထိုင်ခြင်းဖြစ် ကြောင်း ဒေါ်မအေးခင်က ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါက်တာသန်းထွန်းဦးအားမေးမြန်းရာ ၄င်းအား ကျန်းမာရေးမှူးများမှ တင်ပြလာခြင်းမရှိသေးကြောင်း ပြောသည်။“အဲဒါကျွန်တော့ဆီကိုတော့ စာရင်းတက်မလာသေးဘူး။ စစ်ဘေးရှောင်စခန်းကတော့ ဖွင့်လို့ရှိပါတယ်။ နေမကောင်းတာ ဘယ်ဟာ နေမကောင်းဘူးလို့ပြောပါလဲ။ ကျွန်တော်တို့ ကျန်းမာရေးဌာနကို အရင်အကြောင်းမကြားပဲ။ သူတို့က သတင်းဌာနကို အရင်အကြောင်းကြားတာဖြစ်မယ်။ ကျွန်တော်မေး ပြီးမှ အတည်ပြုပေးပါမယ်နော်” ဟု ပြောသည်။

၁၆။ မြဝတီမြို့တွင် တစ်လအတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ၁၀၀ ကျော်ရှိလာ
July 25, 2021

ကရင်ပြည်နယ် မြဝတီမြို့၌ ဇူလိုင် ၂၅ ရက်နေ့တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ယခု တစ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။ ဖားချောင်းရပ် ချမ်းမြေ့မေတ္တာကျောင်းမှ သက်တော် ၇၈နှစ်အရွယ် သံဃာတော်တစ်ပါး အပါအဝင် သေဆုံးသူ လူပုဂ္ဂိုလ်များဖြစ်သော အမှတ် ၅ ရပ်ကွက် ဝါးတောရပ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် အမှတ် ၅ ရပ်ကွက် ဝါးတောနေ အသက် ၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတို့အား မြဝတီသုသာန်တွင် သင်္ဂြိုဟ်ခဲ့ပြီး သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံမှ ကိုဗစ်ဖြင့် သေဆုံးလူနာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကိုမူ ညီနောင်သုသာန် တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

မြဝတီမြို့၌ ကိုဗစ်ကူးစက်မှုများပြား လာခြင်းကြောင့် ဇူလိုင် ၁၃ ရက်နေ့ မှစ၍ Stay at Home နေထိုင်ရန် ကြေညာထားသလို နံနက် ၉ နာရီ နောက်ပိုင်း အပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။ ထိုအတောအတွင်း လက်လုပ်လက်စား အခြေခံ လူတန်းစား အများစုမှာ အလုပ်လက်မဲ့ဖြစ်ကာ စားနပ်ရိက္ခာအတွက် များစွာအခက်ကြုံနေကြသည်ဟုသိရသည်။ အဆိုပါ အခြေခံလူတန်းစားများအပေါ် ဒေသအာဏာပိုင်များဘက်မှ ယနေ့အထိ မည်သည့် ထောက်ပံ့မှုမျှ မရှိခဲ့ပါ။

ထို့ကြောင့် ဒေသတွင်းစေတနာရှင် ပြည်သူများမှ ဆန်နှင့် စားနပ်ရိက္ခာများ လှူပေးလျက်ရှိရာ ထိုသို့သော အလှူရှင်မျှော်၍ ဝမ်းရေးအတွက် ဖြေရှင်းနေကြရပြီး Stay Home ကာလ ရှည်ကြာလာသည်နှင့်အမျှ နောင်အခါ ရောဂါ ကပ်ဘေးတင်မက အငတ်ဘေးပါ ထပ်မံကြုံလာ ဖွယ်ရှိနိုင်ကြောင်း အခြေခံလူတန်းစားတစ်ဦးက ပြောသည်။

၁၇။ ကျောက်မဲခရိုင် သေနတ်ထောက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးခိုင်းနေသည့် သတင်းထွက်ပေါ်နေ
July 25, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်ရှိ ကျေးရွာတွင် လက်နက်ကိုင်တပ်ဖွဲ့တချို့က သေနတ်ဖြင့်ထောက် ခြိမ်းခြောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင်တချို့က ကျေးရွာပြည်သူများကို သေနတ် ဖြင့် ထောက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို လိုက်လံထိုးပေးနေပြီး၊ မထိုးပါက ပိုက်ဆံပေး နေရသည် သတင်းထွက်ရှိသဖြင့် ကျေးရွာသားများ ကြောက်လန့်ထွက်ပြေးနေရကြောင်း သိရသည်။

အဆိုပါ သတင်းကိစ္စသည် မည်သည့်မှ စတင်ထွက်ပေါ်လာသည်ကိုမသိရှိကာ ဒေသခံများကို သျှမ်းသံတော်ဆင့်ကလိုက်လံ မေးမြန်းသော်လည်း သတင်းအတိအကျမသိရှိကြောင်း၊ သို့သော်လူမှုကွန်ရက်စာမျက်နှာတွင် ရေးတင်ထားသည့်အတွက် စိုးရိမ်ထိတ်လန့်နေသဖြင့် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ထိုဒေသတွင်နေထိုင်သူများက ပြောသည်။“မနေ့က စစ်တပ်ကနေ ပြီး တအိမ်တက်တအိမ်ဆင်း ကိုဗစ်ကာကွယ်ဆေးလိုက်ထိုးပေးနေတာ၊ မထိုးမနေရ၊ သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တယ် လို့ကြားတာပဲ၊ မထိုးရင်ပိုက်ဆံပေးရမယ်လို့လည်းပြောတယ်”ဟု ကျောက်မဲမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြော သည်။ ထိုသတင်းကြောင့် ကျေးရွာသာများသည် မူလကျေးရွာတွင် မနေထိုင်ရဲတော့ဘဲတခြားကျေးရွာသို့ ပြောင်းရွှေ့နေရ ကြောင်း၊ တချို့မှာလည်း ရွာထဲတွင် တိတ်တဆိတ် မီးအမှောင်ချကာ နေနေရကြောင်း ဒေသခံ အမျိုးသား က ပြောပြသည်။

ထိုနည်းတူ သီပေါမြို့နယ် တွင်လည်း သေနတ်ထောက်ပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခိုင်းနေသည့် သတင်းကြောင့် ထိတ် လန့်ခဲ့ရကြောင်း သိရသည်။“မနေ့ နေ့လည်က Facebook သုံးရင်း တွေ့လိုက်တာ၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးတယ်ဆိုပြီး ရုတ်တရက်ဆိုတော့ ကောင်းတာပေါ့လို့တောင် စဉ်းစားမိလိုက်သေးတယ်၊ ဒါပေမယ့် ပိုစ့်တင်ထားတာက သေနတ် ထောက်ပြီး မထိုးမနေရ ထိုးရတယ်၊ ရွာသားတစ်ချို့ ထွက်ပြေးနေပြီဆိုတော့ အရမ်းကို ထိန့်လန့်သွားတယ်” ဟု သီပေါမြို့အနီးတွင် နေထိုင်သည့် ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ကိုဗစ်ကာကွယ်ဆေးက တရုတ်ပြည်က လာတဲ့ဆေးဖြစ် တယ်။ နောက် ကြားရတာ အဲ့ဆေးထိုးပြီး သေတဲ့သူရှိတယ်လေ။ ဒါကြောင့် ကျနော်တို့ ထိုးရမှာ တော့ ကြောက်တယ်” ဟု သီပေါ လူငယ်တစ်ဦးက ပြောသည်။

၁၈။ ရေထဲမျောပါသွားသည့် မိုင်းပျဉ်းလမ်းလုပ်သား (၄) ဦးထပ်မံတွေ့ရှိ၊ ၈ ဦးသေဆုံး
July 26, 2021

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေတိုက်စားပြီး လမ်းလုပ်သား ၁၂ ဦး ရေစီး ထဲမျောပါသွားပြီး လမ်းလုပ်သား (၄)ဦးကို ဇူလိုင် ၂၃ ရက် တွင် ထပ်မံတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ထိုပြန်လည်တွေ့ရှိသည့် လမ်းလုပ်သား (၃) ဦးသည် ကလေး (၂) ဦးနှင့် လူကြီး (၁) ဦးကိုသာပြန်လှည်တွေ့ရှိကြောင်း မိုင်းပျဉ်း မြို့ ဒေသခံအမျိုးသမီးတဦးက ပြောသည်။“ ၂၃ ရက်နေ့က ၃ ယောက်ထပ်တွေ့တယ်။ ကလေး ၂ ယောက်နဲ့ လူကြီး ၁ ယောက်ပြန်တွေ့တယ်။ ကလေးက တယောက်ခေါင်းပေါက်ပြီး၊ ကျန်တဲ့တယောက် လက်ကျိုးသွားတယ်။ ကျန်တဲ့သူတွေတော့ ဒီနေ့ထိပြန်မတွေ့သေးဘူး”ဟု မိုင်းပျဉ်းမြို့ဒေသခံအမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သတင်းဌာနကိုပြောသည်။ တောင်ကျ ရေ တိုက်စားမှုကြောင့် မိုင်းပျဉ်းမြို့နယ်တွင် လမ်းလုပ်သား (၆) ဦး သေဆုံးကာ လက်ရှိအချိန်ထိ အလောင်းမတွေ့သေး ကြောင်း၊ ထို့ပြင် ၊ လမ်းလုပ်သား (၄ )ဦးကို အသက်ရှင်လျက်ပြန်တွေ့ပြီး၊ တဦး သေဆုံးပြန်တွေ့ကြောင်းသိရသည်

“ လမ်းလုပ်သားအားလုံးတော့ ၁၂ ယောက်ရှိတာပေါ့။ အသက်ရှင်နေတာက ၄ ယောက်နဲ့ နှစ်ယောက်ကအလောင်းပဲ ပြန် တွေ့တာ။ ၆ ယောက်က ဒီနေ့ထိပြန်မတွေ့သေးဘူး။ အဲထဲမှာ အမျိုးသမီးတွေပဲထင်တယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တွေပါ တယ်။”ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ယခုရက်ပိုင်းတွင် မိုးသည်ထန်းစွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေ တွေ ကြောင့် သျှမ်းရှေ့၊ သျှမ်းတောင်ရှိ မြို့တချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

၁၉။ မိုင်းကိုင် အတွင်း တိုက်ပွဲငြိမ်သော်လည်း စစ်ရှောင်များနေရပ်မပြန်နိုင်သေး
July 26, 2021

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း တိုက်ပွဲငြိမ်သွားသော်လည်း လဲချားမြို့နယ်သို့ တိမ်းရှောင်လာသည့် စစ်ရှောင် (၆၀၀) နီးပါး နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ လဲချားမြို့နယ်ရှိ စစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် မိုင်းခွန် ကျေးရွာအုပ်စု နှင့် ကျေးသီးမြို့နယ် တို့ဘက်မှ ရောက်လာသည့် စစ်ရှောင်များဖြစ်ကြကြောင်းသိရသည်။

“ဘာကြောင့် သူတို့မပြန်သေးလဲဆိုတာ ကျနော်တို့လည်း မသိရဘူး။ တိုက်ပွဲဖြစ်တာမကြားတော့ဘူး။ ငြိမ်နေတယ်။ မပြန်ရဲ လို့ မပြန်တာလားဆိုတာ ကျနော်တို့လဲ မသိဘူး”ဟု စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။ လက်ရှိ စစ်ဘေးရှောင် (၆၀၀) ခန့်အတွက် စားနပ်ရိက္ခာများ အဆင်ပြေနေသော်လည်း ရေရှည်အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လာနိုင်ကြောင်း ၎င်း အမျိုးသားက ဆိုသည်။“ခုလက်ရှိက နေရာအခက်ခဲဖြစ်တယ်။ လူများတော့ အိပ်တဲ့နေရာတွေ ခက်ခဲတယ်။ ခုက အလှူရှင်တွေ ထောက်ပံ့ထားတဲ့ အစားအသောက်တွေရှိသေးလို့ အဆင်ပြေနေသေးတာ။ ရေရှည်တော့ ခက်ခဲလာမယ်” ဟု စစ်ရှောင်များကို ကူညီထောက်ပံ့ ပေးနေသည့် အမျိုးသား တစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ရောဂါ မြှင့်တက်နေချိန်မှာ စစ်ရှောင်များကို ကူညီထောက်ပံ့ရန်အတွက် ဇူလိုင် (၂၆) ရက်မှ စတင်ပြီး ခေတ္တရပ်နား ထားမည်ဖြစ်ကြောင်း ကျေးသီး၊ သီပေါ၊ မိုင်းကိုင်၊ လဲချား စသည့် စစ်ဘေးရှောင်များကို လိုက်လံ ကူညီထောက်ပံ့ပေးနေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ လဲချားမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ဝမ်ထီရွာ (၆၀) ကျော်၊ စလိုင်းခုံ ရွာ (၂၀) ကျော်၊ နမ့်လေရွာ (၄၀၀) ကျော် နှင့် တတ်မောက် ဟိုလုံးရွာ (၁၀၀) ကျော် စုစုပေါင်း (၆၀၀) ခန့်ရှိပြီး ၎င်းတို့သည် မိခင် နှင့်ကလေးများ ၊ သက်ကြီးရွယ်အိုများ ဖြစ်ကြကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ဇူလိုင် ဒုတိယအပတ်က (၁၀၀၀)ကျော် ရောက်ရှိလာပြီး တစ်ချို့ စစ်ရှောင်များသည် ဆွေမျိုးများ နေအိမ်သို့ လာရောက်နေထိုင်ကြောင်းသိရသည်။

၂၀။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ် ရေကြီးရေလျှံ
27 July, 2021

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဇူလိုင် ၂၅ ရက်နေ့ကစတင်ပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ရေကြီးရေလျှံကာ မြို့ပေါ်ရှိ ရပ်ကွက်တချို့မှာ နေအိမ်အောက်ထပ်တွေကို ရေဝင်ရောက်တာတွေနဲ့ လမ်းတွေကို ရေကျော်တာတွေရှိနေပါတယ်။

တောင်ကုတ်ချောင်းရေဟာလည်း တဖြည်းဖြည်းမြင့်တက်လာနေတဲ့အတွက် တောင်ကုတ်ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ တောင်ကုတ်မြို့ခံ တစ်ယောက်က ပြောပါတယ်။“မိုးက မနေ့ညကစပြီးတော့ တအားရွာပြီးတော့ ချောင်းရေဟာလည်း တက် လာနေတယ်၊ ကျနော်တို့ ချောင်းကောက်ရပ်ကွက်ဟာဆိုရင်လည်း ချောင်းရေကြီးမှ ရေဝင်တာတွေရှိတယ်။ အခုကတော့ ချောင်းရေကြီးလာတဲ့အတွက် တချို့နေရာတွေဆိုရင်မြုပ်နေပြီ။ ကံပိုင်တို့ တိမ်တောင်တို့ဆိုရင် တောင်ကျရေကြီးမှ ရေမြုပ်တာ၊ အခုကစည်ပင်ကလည်း အမှိုက်တွေလာမသိမ်းတော့ အိမ်နောက်ဖေးမှာရှိတဲ့ မြို့ဝင်ချောင်းမှာ စွန့်ပစ်ကျတာများတော့ မြို့ဝင် ချောင်းထဲကို တောင်ကျရေတွေဆင်းပြီးတော့ တောင်ကုတ်ချောင်းထဲဆင်းမဲ့ ရေစီးရေလာမရှိတော့ အဲဒီရပ်ကွက်ဆိုရင်လည်း မိုးရေကြီးတာနဲ့မြုပ်နေပြီ။”လို့ ဒေသခံက ပြောပါတယ်။

ပန်းတောင်း- တောင်ကုတ်ကားလမ်းမကြီးဆိုရင်လည်း ရေကျော်သွားပြီး မိုးရွာတာလည်း မရပ်တဲ့အတွက် တောင်ကုတ် ချောင်းရေဆက်တက်လာပါက အဲဒီနားမှာ ကွက်သစ်ချပေးထားတဲ့ လူနေအိမ်တွေ ရေကြီးရေမြုပ်မယ့်အန္တရာယ် စိုးရိမ်တယ် လို့လည်းပြောပါတယ်။ တောင်ကုတ်မြို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်ကျော်လောက်ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ တွေနဲ့ ချောင်းရေတွေမြင့်တက်ခဲ့တာကြောင့် မော်တော်ဆိပ်အနီးမှာရှိတဲ့ နေအိမ်တချို့နဲ့ စျေးဆိုင်ခန်းတချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး နေအိမ်တွေနဲ့ လမ်းတွေပေါ်မှာလည်း ရွှံ့နွံတွေဖုံးသွားခဲ့ဖူးပါတယ်။

၂၁။ ဟားခါးမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦးထပ်တွေ့၊ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၈၂ ဦးရှိပြီဖြစ်
July 26, 2021

ဟားခါးမြို့၊ ဟားခါးပြည်သူ့ဆေးရုံ၌ ဇူလိုင် ၂၃ ရက် ကိုဗစ်-၁၉ စစ်ဆေးမှုတွင် စစ်ဆေးခံရသူ ၁၅ ယောက်အနက် ၆ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်းနှင့် ဟားခါးမြို့၌ လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၂၈၂ ဦး ရှိပြီဖြစ်ကြောင်း ဟားခါးမြို့ သင်းအုပ်ဆရာတစ်ဦးထံမှ သိရသည်။

“ဒီနေ့ကတော့ ဆေးရုံမှာပဲစစ်တယ်၊ စစ်ဆေးခံရသူက ၁၅ ယောက်ရှိတယ်၊ ကိုဗစ်ပိုးတွေ့လူနာက ၆ ဦး တွေ့ရတယ်။ ရာခိုင်နှုန်းနဲ့ဆိုရင်တော့ ၄၀% ပေါ့လေ။ ပြီးရင် အောက်ဆီဂျင်ကိစ္စကဆိုရင် ကျွန်တော်တို့က ဘာသာရေးအဖွဲ့စည်း အနေနဲ့ တော့ ကြိုးစားနေပါတယ်၊ ဆေးရုံမှာ သူတို့ အောက်ဆီဂျင် ဘယ်လိုပေးကြသလဲဆိုတာကတော့ မသိဘူးပေါ့နော်။ ကျွန်တော်တို့ ကလည်း အဲ့ထိတော့ မဝင်ဘူး၊ သူတို့ရဲ့ ကုသရေးပိုင်းလုပ်ငန်း ကျွန်တော်တို့က ဝင်ရောက်စွပ်ဖက်မှု မလုပ်ဘူး။ ပြီးရင် ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ပေါ့နော် ကျွန်တော်တို့ကတော့ စီမံထားတာမရှိပါဘူး၊ အဲ့ဒါကတော့ ကျန်းမာရေး ဝန်ကြီးဌာနလုပ်ငန်းဆိုတော့လေနော်” ဟု ပြောသည်။

၂၂။ Lockdown ချထားသည့် မိုင်းနား KBC စစ်ရှောင်စခန်းတွင် အစားအသောက်ထောက်ပံ့မှုလိုအပ်နေ
26 July 2021

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရှိ KBC စစ်ရှောင်စခန်းတွင် Covid-19 ပိုးတွေ့လူနာ ၄ ဦးအထိရှိလာပြီး စခန်းကို Lockdown ချထားသောကြောင့် အစားအသောက်ထောက်ပံ့မှု လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

“အစားအသောက်ထောက်ပံ့တာတွေက နည်းနည်းပါးပါးတော့ လာကြတယ်။ ဒါပေမယ့် စစ်ရှောင်က အရမ်းများတဲ့ချိန်ကျ တော့ ဘယ်လိုမှ မလောက်ဘူး ခုဆိုရင် ရောဂါကြောင့် တစ်လတိတိ စခန်းကို Lockdown ချထားတယ်” ဟု စခန်းတာဝန်ခံ တစ်ဦးက ပြောသည်။ မိုင်းနား KBC စစ်ရှောင်စခန်းသည် ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းများအနက် လူဦးရေအများ ဆုံးဖြစ်ကာ အိမ်ထောင်စုအားဖြင့် (၅၃၂) အိမ်ထောင်စုရှိပြီး၊လူဦးရေ (၂၉၁၆)ဦးရှိသည်။ ယခင်က စစ်ရှောင်စခန်းမှ ပြည်သူ တစ်ဦးလျှင် တစ်လ တစ်သောင်းခွဲ ရရှိနေသော်လည်း ဇူလိုင်လအတွက် ထောက်ပံ့စရိတ် မရရှိသေးကြောင်း သိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ပိုးတွေ့လူနာ ၂ ဦး၊ ၂၅ ရက်နေ့တွင် ၂ ဦး ပိုးတွေ့ခဲ့သောကြောင့် လက်ရှိ မိုင်းနား KBC စစ်ရှောင် စခန်း တွင် ပိုးတွေ့လူနာ ၄ ဦး ရှိလာပြီ ဖြစ်သည်။ ” ပိုးတွေ့လူနာရဲ့ အဆောင်နဲ့ နီးတဲ့အဆောင်တွေ ဥပမာ အဆောင် ၃၁ မှာ တွေ့ ရင် အဆောင် ၃၀၊ ၃၂၊ ၃၃ ကပ်ရပ်အဆောင်တွေရော စခန်းတွင်း အပေါ့အပါးသွားရုံကလွှဲပြီး အပြင်မထွက်ဖို့ ထပ်ပြီးကန့် သတ်ထားတယ်။ ဘာလို့လဲဆိုရင် စခန်းမှာက လူများတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဌာနက ညွှန်ကြားချက် အတိုင်း လုပ်ထားပါတယ်”ဟု စခန်းတာဝန်ခံက ပြောသည်။

၂၃။ ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ
July 26, 2021

သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြား မှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို တွေ့ခဲ့တာပါ”ဟု အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေး စင်တာမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောသည်။ ထို အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေး စင်တာ တွင် စုစုပေါင်း (၁၅)ဦးရှိရာ (၁၄)ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း၊ အုပ်ချုပ်နေသည့်သူတစ်ဦးလည်းပါကြောင်း အထက် ပါ တာဝန်ရှိသူ က ပြောသည်။

“အောက်ဆီဂျင်ပေးထားရတဲ့ ဘိုးဘွား (၃)ဦးရှိတယ်၊ နောက်ထပ် အောက်ဆီဂျင် အရေးပေါ်လိုအပ်လာရင်လည်း အသုံးပြု နိုင်ဖို့ ပြင်ဆင်ထားတယ်။ ကျန်းမာရေးဌာနနဲ့လည်း ချိတ်ဆက်ထားတယ်၊ ကျန်တဲ့ဘိုးဘွားတွေကတော့ ကျန်းမာရေးအခြေနေ ကောင်းနေကြသေးတယ်၊ ဒါပေမယ့် သက်ကြီးဘိုးဘွားတွေ၊ ရောဂါအခံရှိတဲ့ ဘိုးဘွားတွေဆိုတော့ စိုးရိမ်ရတာပေါ့”ဟု တာဝန်ရှိသူက ဆိုသည်။ အဆိုပါ စင်တာတွင်ရှိသော ဘိုးဘွားများသည် အသက် (၆၂)နှစ်မှ အသက်အကြီးဆုံး (၉၂)နှစ် အရွယ် ထိရှိကြောင်း၊ ဘိုးဘွားများအား ကျန်းမာရေးပြုစုစောင့်ရှောက်ပေးနေသူ (၂)ဦးနှင့် အထွေထွေလုပ်သား (၃)ဦးရှိပြီး ၎င်းတို့ တွင် ကိုဗစ်ကူးစက်ခံရမှု မရှိသေးကြောင်း သိရသည်။

၂၄။ မြိုင်ကြီးငူအထူးဒေသတွင် သံဃာတော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်
July 26, 2021

ကိုဗစ်ကူးစက်ပြန့်ပွားမှု မြှင့်တက်နေစဉ်ကာလအတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသတွင် သံဃာ တော်အပါး(၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲတစ်ခုကို မြိုင်ကြီးငူကျောက်စာကွင်း၌ ယနေ့(ဇူလိုင် ၂၆)ရက်နေ့ တွင် ပြုလုပ်ခဲ့သည်ဟု ဒေသခံများ ထံမှ သိရှိရသည်။

လက်ရှိမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိကနှင့် ဒေသခံရွာလူကြီးများ၏ ဦးဆောင်မှုဖြင့် ယခင် မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တသုဇန၏ (၇၃) နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာကို ရည်စူး၍ ပြုလုပ်ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသည့် ဒေသခံ တစ်ဦးက ယခုလို ပြောသည်။ ၎င်းက ” ဒီမနက်ပဲ လုပ်တာ။ ကျောက်စာကွင်းမှာပဲ။ အဝေးကနေလာတဲ့သူတွေတော့ မရှိဘူး။ ဘာလို့ဆို အဝင် လမ်းကို ပိတ်ထားတာ။ ဒီထဲက လူတွေပဲ သွားကြတာများတယ်။ ဆရာတော်ဘုရားရဲ့ နှစ်ပတ်လည် ဆိုပေမဲ့ ပွဲသေးသေးလုပ်ရင် ရတာပဲ။ ခုက အများကြီး လူကြီးတွေက ပြောမရဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ဆွမ်းကပ်လှူဒါန်းပွဲကို ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ပြုလုပ်သွားမည်ဟု ကြေညာထားမှုရှိပြီး ၎င်းဆွမ်းကပ် လှူဒါန်းပွဲသို့ ဒေသခံရာနှင့်ချီ၍ တက်ရောက်ခဲ့ကြသလို အချို့ဒေသခံများက ယခုလို လူစုလူဝေး ပြုလုပ်ခြင်းကို လိုလားခြင်း မရှိကြောင်း သိရှိရသည်။ လက်ရှိ မြိုင်ကြီးငူအထူးဒေသတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၀ ဦးခန့်ရှိပြီး ဆေးရုံရှိ ဆရာမများ လည်း home quarantine အကုန်ဝင်ရကြောင်း အဆိုပါ ဒေသခံ တစ်ဦးက ဆက်ပြောသည်။ လတ်တလော ကိုဗစ်ရောဂါ ကူးစက်မှုနှုန်း မြှင့်တက်လာသည့်အတွက် မြဝတီ၊ ကော့ကရိတ်နှင့် ဖားအံမြို့တွင် နေအိမ်ထွက်ခွာခွင့် လက်မှတ်၊ ကဒ်ဖြင့် အိမ်အပြင်ထွက်ခွာရခြင်းရှိသော်လည်း ကျေးရွာများတွင် ထိုသို့ သက်ရောက်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။

၂၅။ ဂျေယန်စစ်ရှောင်စခန်းနှင့် ဝေကျိုင် စစ်ရှောင်စခန်းကို lockdown ချမှတ်
27 July 2021

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိခဲ့ပြီး နောက် ဂျေယန်စစ်ရှောင်စခန်းနဲ့ ဝှေကျိုင်စစ်ရှောင်စခန်းကို ဇူလိုင်လ ၂၇ရက်နေ့မှစကာ Lockdown ချမှတ်လိုက်ပြီဖြစ် ကြောင်း သိရသည်။

“ခုပိုးတွေ့တဲ့သူက ၁၇ ရက်နေ့ တောင်ယာသွားလက်မှတ်နဲ့ ခိုးပြီးထွက်သွားတာ တောင်ယာမရောက်ဘဲနဲ့ ရွာထဲလျှာက် သွားခဲ့ပြီးမှ ပေါက်ဆယ်ရွာထဲကိုသွားတယ်။ ပြီးတော့ Camp ထဲတောင်ယာသွားတဲ့ပုံစံနဲ့ ပြန်ခိုးဝင်လာတယ်။ နောက် ၂၅ ရက် နေ့ ဝေကျိုင်စစ်ရှောင်စခန်းထဲပြန်ရောက်လာတယ်။ ၂၆ရက်နေ့က ဂျေယန် Camp ပြန်ခိုးဝင်လာတဲ့အတွက် အဲက လူတွေက ပြန်အကြောင်းကြားလာတဲ့အတွက် သွားခေါ်ယူပြီး စစ်ကြည့်တော့ ကိုဗစ် Positive ဖြစ်နေတယ်”ဟု KIO ဗဟိုဌာနချုပ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ် ပြောသည်။ လက်ရှိ ပိုးတွေ့လူနာသည် ဂျေယန်စစ် ရှောင်စခန်းမှဖြစ်သော်လည်း ဝှေကျိုင်စစ်ရှောင်စခန်းသို့ သွားရောက်လည်ပတ်ခဲ့သည့်အတွက် Camp နှစ်ခုစလုံး Lockdown ချမှတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် လိုင်ဇာမြို့တွင်း ပထမဆုံးပိုးတွေ့ရှိသူဖြစ်သည့်အတွက် ပိုးတွေ့လူနာနဲ့ ဆက်စပ်သူများကိုလည်း ဆက်လက်စုံစမ်းကာ ကျန်းမာရေးညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“သူက မြို့ထဲမှာလည်း ဈေးသွားဝယ်တာတွေလည်း ရှိတယ်လို့ သိရတယ်။ အဲကြောင့် ကျနော်တို့က သူနဲ့ဆက်စပ်သူတွေအားလုံးလည်း စုံစမ်းနေ တယ်။ ဆက်စပ်သူတွေကိုလည်း ကွာရန်တင်းဝင်ခိုင်းပြီး ကျန်းမာရေးစစ်ဆေးမူလုပ်သွားမယ်။ အားလုံးကို ဆေးစစ်ဖို့တော့ မဖြစ်နိုင်သေးဘူး”ဟု လိုင်ဇာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က ပြောသည်။ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ယခု ပိုးတွေ့သူပေါ်လာခြင်း ဖြစ်ပြီး မိုင်ဂျာယန်မြို့တွင်မူ ပိုးတွေ့ လူနာ ၈၀၀ ကျော်လာပြီ ဖြစ်သည်။

၂၆။ ဘားအံ CDM ကျန်းမာရေးဝန်ထမ်းများ ရှိနေသည့်နေရာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် စုံစမ်းနေ
27 July, 2021

ဘားအံခရိုင်ထဲက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေ ရှိတဲ့နေရာကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တဆင့် စုံစမ်းနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၅ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဘားအံခရိုင်တွေထဲက မြို့နယ်တွေအလိုက် ပူးတွဲပါ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အမည်စာရင်းနဲ့တကွ ညွှန်ကြားချက်ပေးပို့ထားပြီး သက်ဆိုင် ရာ နေရပ်လိပ်စာတွေမှာ ရှိမရှိ၊ ဒါမှမဟုတ် ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာတွေကို စိစစ်ပြီး အမြန်ဆုံးတင်ပြပေးဖို့ တောင်းဆိုထားတာပါ။ ကရင်ပြည်နယ် ဘားအံမြို့ပြည်သူ့ဆေးရုံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတဲ့ အတွက် ကုသရေးဆရာဝန် လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က စတင်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာပြီး နေရာလုံလောက်မှုမရှိတဲ့အတွက် ဘားအံတိုင်းရင်းဆေးရုံကြီး ဆေးကုသဆောင်မှာ ပြောင်းရွှေ့ဆေးကုသခံယူနေရတဲ့ လူနာတွေလည်း ရှိနေပါတယ်။ ကိုဗစ် အတည်ပြုလူနာတွေ ခုထက်ပိုများပြားလာရင်တော့ နေရာအခက်အခဲအပြင် ဆေးဝါးနဲ့ အောက်စီဂျင် မလုံလောက်မှုတွေ ရှိလာ နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစပြီး အာဏာသိမ်းစစ်တပ်ဟာ ဆရာဝန် တွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို ပစ်မှတ်ထား ဖမ်းဆီးနေပြီး ဆရာ ဝန်တွေ ရာနဲ့ချီ အဖမ်းခံထားရပါတယ်။ ဆရာဝန် တွေနဲ့ သူနာပြုတွေ အပါအ၀င် ကျန်းမာရေး၀န်ထမ်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လူထုရဲ့ အာဏာဖီဆန်တဲ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖမ်းဆီးနေတာပါ။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

Federal Journal