• Today is: Saturday, April 20, 2024

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 124 , August 31, 2021)

 

၁။ ဖားအံမြို့နယ်တွင် KNLA တပ်မဟာ (၁) နှင့် စစ်ကောင်စီတပ် ပစ်ခတ်မှုဖြစ်ပွား၍ စစ်ကောင်စီတပ်ဘက် ၃ ဦးကျဆုံးပြီး ၂ ဦးဒဏ်ရာရ
August 29, 2021

ကေအဲန်ယူ-သထုံခရိုင် ၊ (တပ်မဟာ ၁)၊ ဖားအံမြို့နယ်၊ တကောင်ဘိုး ကျေးရွာအုပ်စုတွင် ယနေ နံနက်အစောပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၁ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးပြီး ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ယနေ့ နံနက် ၇နာရီကျော်တွင် တကောင်ဘိုးကျေးရွာအုပ်စု မီးပုံးကျေးရွာ အနီး တွင် တက်လာသည့် တပ်ဖွဲ့အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ် ခမရ ၂၀၈ တပ်ဖွဲ့ဝင်များကို KNLA တပ်မဟာ ၁ မှ တပ်ရင်း ၁ နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ ( KNDO) တို့ ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ကေအဲန်ယူ သထုံခရိုင်၊ ဖားအံမြို့နယ် ဥက္ကဌ စောစန္ဒာသိန်းက ပြေ ာသည်။ ၎င်းက “ဒီမနက် ၇ ကျော်ကျော်လောက်မှာ မီးပုံးရွာနဲ့ ကုလားကုန်းကြားမှာ ကျနော်တို့ လူတွေ စောင့်ပစ်တယ်။ အဲဒီမှာ ရန်သူဘက်က ၃ ဦးကျတယ်။ ၂ ဦးဒဏ်ရတယ်။ ပစ်ခတ်မှုကတော့ မိနစ်အနည်းငယ်ပဲ ဖြစ်တယ်။ ကျနော်တို့ ဘက် ကတော့ ထိခိုက်မှုမရှိဘူး။“ ဟု ကေအိုင်စီသို့ ပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များသည် ပြန်လည်ဆုတ်ခွာ သွားပြီး ကျဆုံးစစ်သည်နှင့် ဒဏ်ရာရ စစ်သည် များကို ရွှေဂွန်းဘက်သို့ပြန်လည် ပို့ဆောင်သွားခဲ့သည်ဟု ပဒိုစောစန္ဒာသိန်းက ဆက်ပြောသည်။

၂။ တိုက်ပွဲကြောင့် ကောင်းလုံနှင့် နမ်ဟာရွာသား ၆၀၀ ကျော် မုံးကိုးမြို့သို့ တိုက်ပွဲရှောင်
30 August, 2021

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်၊ ကောင်းလုံရွာနဲ့ နမ်ဟာရွာတို့ဘက်မှာ စစ်ကောင်စီနဲ့ MNDAA တပ်တို့ အကြားတိုက်ပွဲ ပြင်းထန်လာတာကြောင့် နမ်ဟာရွာနဲ့ ကောင်းလုံ ရွာခံ ၆၀၀ ကျော် ဩဂုတ် ၂၉ ရက်နေ့က မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ စစ်ပြေးဒုက္ခသည်တွေနဲ့ မုံးကိုးမြို့ခံ တွေက ပြောပါတယ်။

“နမ်ဟာရွာဘက်မှာက မနက် ၆ နာရီကတည်းက တိုက်ပွဲဖြစ်တာ မွန်းလွဲ ၂ နာရီလောက်မှ ငြိမ်သွားတယ်။ ၃ နာရီလောက်မှာ အသံထပ် ကြားသေးတယ်။ ခဏလောက်ပဲ။ ခုတော့ ငြိမ်သွားပြီ” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပြတယ်။ ဩဂုတ်လ ၂၉ ရက် ညနေပိုင်း ပစ်ခတ်မှု ငြိမ်သွားပြီးတဲ့အခါကျမှ နမ်ဟာ ရွာသားတချို့ ရွာပြန်ပြီး အလောင်းတွေ ပြန်သွားကောက်ကာ သင်္ဂြိုဟ်ခဲ့ရတာဖြစ်ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေ၊ မီးလောင်တာတွေနဲ့ ရွာထဲမှာ ဘာတွေဖြစ်သေးလဲဆိုတာ ဘာမှမသိရ သေးဘူး။ လိုက်လည်း မကြည့်ရသေးဘူးလို့ ဒေသခံကပြောပါတယ်။ ကောင်းလုံရွာခံတွေက မုံးကိုး ကချင်ဘုရားကျောင်းဝင်း မှာ၊ နမ်ဟာ ရွာခံတွေက မုံးကိုးက ဆွေမျိုး အသိအိမ်နဲ့ ဘုန်းကြီးကျောင်းမှာ လောလောဆယ် ခိုလှုံနေကြရတယ်လို့ဆိုပါတယ်။

ကောင်းလုံမှာ အိမ်ခြေ ၂၇ အိမ်ရှိပြီး လူဦးရေ ၆၀ ကျော်နဲ့ နမ့်ဟာမှာ အိမ်ခြေ ၁၀၃ အိမ်နဲ့ လူဦးရေ ၅၅၈ ဦးရှိကာ ၅ မိုင်ခန့် လမ်းလျှောက် သွားလာဖို့ မလွယ်တဲ့ သက်ကြီးပိုင်းတွေသာ အိမ်မှာ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင်လဆန်း၏ကတည်းက မုံးကိုး ဒေသမှာ စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ထောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ ရွာတို့က ဒေသခံ ၁၉၀ ကျော် တရုတ်နယ်စပ်လောက်တဲန့် ဘက် တိုက်ပွဲ ရှောင်နေရဆဲ ဖြစ်ပြီး စစ်ကောင်စီ ဘက်က စားနပ်ရိက္ခာ လမ်းကြောင်း ပိတ်ဆို့ဖြတ်တောက် ထားတာကြောင့် ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ မုံးကိုးမြို့နယ် အတွင်း တချို့နေရာတွေမှာ သြဂုတ် ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲ ပိုမိုပြင်းထန်လာတာ ဖြစ်ပါတယ်။

၃။ စစ်ကောင်စီ စစ်ကြောင်း ပြန်ဝင်လာမည့်သတင်းကြောင့် ဒေသခံရွာသားများ တိမ်းရှောင်နေရ
August 29, 2021

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိတ်ကျေးရွာ၏ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီစစ်ကြောင်း ပြန်လည် ဝင်ရောက်မည့်သတင်းကြောင့် (ဩဂုတ်လ ၂၈ ရက်)တွင် ကျိတ်ကျေးရွာဒေသခံများမှာ တိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီမှ ၎င်းတို့ စွန့်ခွာထားသည့် ကျိတ်စခန်းတွင် ပြန်လည်ဝင်ရောက်အခြေချမည့်သတင်းကြောင့် နယ်မြေခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ကြသည့်အတွက် စခန်း အနီးရှိ ဒေသခံရွာသားများမှာ ၎င်းတို့နေအိမ်တွင် မနေရဲတော့ဘဲ စခန်းနှင့်ဝေးရာ ဆွေမျိုးနှင့် အသိမိတ်ဆွေများအိမ်တွင် သွားရောက်တိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။“ရှောင်အိပ်ရတာတော့ ၃ ခေါက်ရှိပြီး။ ပြန်လာလိုက် အခြေအနေမကောင်းဘူးကြားရင် ရှောင်အိပ်လိုက်နဲ့ လုပ်နေရတယ်။ နေမှမရဲတော့တာ၊ စခန်းမှာ လည်း ဘယ်သူမှမရှိတော့ဘူး။ ပြန်လာပစ်မှာလည်း ကြောက်ရတယ်။ နောက်ရောက်လာရင် ငါတို့ကို ဘယ်လိုလုပ်မလဲ ဘာလုပ်မယ်မသိရဘူး။ ကြောက်နေရတယ်ပေါ့။ ကျင်းပုန်းတွေလည်း ဘာမှမလုပ်ထားရဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ကျိတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များမှ စွန့်ခွာသွားခဲ့ခြင်းဖြစ်ပြီး ၎င်းစွန့်ခွာသွားသည့် စခန်းကို နယ်မြေခံ KNLA တပ်မဟာ ၆ ၊ တပ်ရင်း ၁၈မှ တပ်ဖွဲ့ဝင်များက ၂ ကြိမ်တိုင်တိုင် ဝင်ရောက်မီးရှို့ရှင်းလင်းမှု လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးရရှိသည့်သတင်းအရ တပ်အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်တို့သည် လက်ရှိတွင် ကျိတ်ကျေးရွာအနီးရှိ ကွင်းကလေး ကျေးရွာဘုန်းကြီး ကျောင်းဝင်းထဲတွင် ဝင်ရောက် တပ်စွဲထားကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

၄။ ဝိုင်းမော်ဒေသခံတစ်ဦး ခလရ ၅၈ တပ်ရင်းအနီး ပစ်သတ်ခံထားရ

28 August 2021

ဝိုင်းမော် ခလရ ၅၈ တပ်ရင်းအနီးတွင် ယနေ့ နံနက်ပိုင်းက မဒိန့်ဒေသခံတစ်ဦး ပစ်သတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

” မဒိန့်၊ ခကွမ် ဒီအနားတစ်ဝိုက်ကပြည်သူတွေ နောင်းချူးဘက်ကို လယ်လုပ်ကြတာဟုတ်တယ်။ အဲလယ်ဘက်ကိုသွားဖို့ ဆိုရင် (၅၈) တပ်ကို ဖြတ်ပြီး သွားရတယ်။ အဲဒါဒီမနက်တော့ (၅၈) နောက်ဘက်နားမှာ သေနတ်ထိမှန်ပြီး သေဆုံးနေတာ တွေ့ရတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောသည်။ မဒိန့်ရွာမှ ဦးလုံဘန်ခေါဇုံး ဆိုသူသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ကောင်စီ ခလရ (၅၈) တပ်ရင်းနား ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယမန်နေ့ညက ပစ်သတ်ခံရခြင်း ဖြစ်နိုင် ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။

ခလရ (၅၈) တပ်ရင်းတွင် ဇူလိုင်လ ၂၉ ရက်ည ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အဆိုပါစစ်တပ်သည် တိုက်ပွဲမဖြစ်သော်လည်း ပုံမှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မူများ ပြုလုပ်လျှက်ရှိသည်။ ထို့သို့ ကျေးရွာအတွင်း လက်နက်ကြီးများကျမှန်ခဲ့သောကြောင့် ဒေသခံတစ်ချို့မှာ ဝိုင်းမော်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေရ ဆဲဖြစ်သည်။ ထို့ပြင် ဩဂုတ်လ ၇ ရက်ညကလည်း ခလရ (၅၈)တပ်၏ ပစ်ခတ်မူကြောင့် ဝူယန်ကျေးရွာမှ အမျိုးသမီးသေဆုံး ခဲ့ကာ ပြည်သူများ၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးမူများရှိခဲ့သည်။

၅။ မိုင်းရယ်မြို့နယ် ရွာသားတစ်ဦး ပစ်သတ်ခံရ

August 29, 2021

သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ နားငူးကျေးရွာမှ ရွာသားတစ်ဦး ကို SSPP/SSA မှ မှားယွင်းပစ်သတ်ခဲ့ ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်တွင် ကင်းစောင့်ရန်အတွက် သွားသည့် နားငူးရွာသား စိုင်းစံအွန် ဆိုသူသည် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့က မှားယွင်း ပစ်ခတ် မှုကြောင့် သေဆုံးသွားရကြောင်းသိရသည်။

“ကျနော်တို့ရွာမှာက တစ်နေ့(၂၄ နာရီ)ကို ရွာသားတစ်ယောက် အလှည့်ကျ ကင်းစောင့်ရတာမျိုးရှိတယ်၊ စိုင်းစံအွန်ကလည်း အဲ့နေ့က သူ့ကင်းအလှည့်ကျလို့ပါ၊ နေ့ပိုင်းမှာ သူစောင့်ပြီးပြီ ညနေဖက်ရောက်တော့ သူ့သားသမီးတွေအတွက် ထမင်းဟင်း ချက်ပြန်ပြီး ညဖက်ပြန်အလာ SSPP/SSA နဲ့ တိုးမိပြီး သေနတ်နဲ့ပစ်ခတ်ခံရတာ”ဟု ဒေသခံရွာသားတစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။ စိုင်းစံအွန်ကို သေနတ်ဖြင့် ပစ်ခဲ့သည့် SSPP/SSA စစ်သားများ အဖွဲ့သည် စုစုပေါင်း ၄ ယောက်ရှိပြီး သေနတ်ဒဏ်ရာ နှစ်ချက်အပြင် ခါးနောက်ဖက်မှ ချက်အောက်ဖက် သေနတ်ကျည်ဆန်ဖောက်ဝင်သွားတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားရကြောင်း သိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် စိုင်းစံအွန်တွင် သားသမီး ၄ ဦး၊ အမေအိုကြီးတစ်ဦးနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ ကြောင်း နှင့် အဆိုပါ စိုင်းစံအွန်ကို မှားယွင်းပစ်ခတ်မိကြောင့် မိုင်းရယ်မြို့နယ် ကော်လျန်ကျေးရွာမှာ ရုံးစိုက် SSPP ဘက်က ငွေ (၁၀)သိန်းနဲ့ ဆန် (၁၀)တင်း လျော်ကြေးပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးတော့ SSPP တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က ၎င်းတို့ တပ်ဖွဲ့ မူးယစ်ဆေးဝါး ရှာဖွေတိုက်ဖျက်ရေးအဖွဲ့၏ စစ်ဆေးမှု မေးမြန်းမှုကို လက်မခံသည့်အပြင် ဆဲဆိုကြိမ်းမောင်းပြီး ထွက်ပြေးရန်ပါ ပြုလုပ်သည့်အတွက် ပစ်ခတ်ရခြင်းဟု ၎င်းသိရှိ ထားရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

၆။ မတူပီမြို့ ခလရတပ်ရှိ ဗိုလ်ကြီးကို စစ်သားကပစ်သတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်မှုဖြစ်ပွား
August 30, 2021

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၄၀ တပ်တွင် သြဂုတ်လ ၂၉ ရက် ညနေ ၆ နာရီဝန်းကျင်၌ CDM ပြုလုပ်ရန်ရှိသော စစ်သားများကို ဗိုလ်ကြီးတစ်ဦးမှ တပ်တွင်းဝါဒဖြန့်ကြေးနန်းစာ ဖတ်ပြနေစဉ် စစ်သားတယောက်မှ သေနတ်နှင့်ပစ်သတ်ခဲ့ပြီး မိမိကိုယ်တိုင်လည်း အဆုံးစီရင်သွားကြောင်း သိရသည်။

“လူလွတ်တွေထဲပဲ စစ်တပ်ထဲမှာ CDM ဝင်ဖို့က အနည်းဆုံး ၅ ယောက်လောက်ရှိတယ်ထယ်၊ အဲ့လိုမျိုးရှိတယ်ဆိုတော့ ဗိုလ်မှူးတွေက CDM မဝင်ဖို့ အခု အောင်ဆန်းစုကြည်ကိုလည်း ပြန်လွတ်ပေးတော့မယ် ရွေးကောက်ပွဲလည်း ပြန်လုပ်မှာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ပေါ့ CDM လည်း ဝင်စရာမလိုဘူးပေါ့ပြောတာ သူတို့ကြားထဲမှာ ပဋ္ဋိပက္ခဖြစ်တယ်ထင်တယ်။ စစ်သား တယောက်က ထပြီးတော့ M1 သေနတ်နဲ့ တခါတည်း ဗိုလ်းမှုးကိုပစ်ပြီးတော့ သူ့ကိုယ်သူလည်း အဆုံးစီရင်လိုက်တယ်’ ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ယခုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး သေဆုံးသွားသည်ဟုသိရပြီး ၁၄၀ တပ်သည် မြို့နှင့် အနည်း ငယ်ကွာဝေးသည့်အပြင် တပ်ထဲတွင် ဝင်ထွက်သွားလာခွင့်မရှိသောကြောင့် ဘာမှမသိရှိရသော်လည်း ယနေ့ မတူပီမြို့တွင်း လမ်းဆုံဖက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသွားလာလုပ်ရှားမှုများရှိနေကြောင်းလည်း သိရသည်။

အဆိုပါ တပ်တွင်း ဝါဒဖြန့်ကြေးနန်းစာကို စစ်ကောင်စီ၏ ကက (ကြည်း) မှတဆင့် စစ်ကောင်စီလက်အောက်ခံတပ်များအား လုံးထံကို ယမန်နေ့ သြဂုတ် ၂၉ ရက်က တပ်တွင်း အာဏာဖီဆန် CDM ပြုလုပ်သော စစ်သားများကို ထိန်းချုပ်ဖို့အတွက် ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။ ၎င်းကြေးနန်းစာထဲတွင် “လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည်လွတ်ပေးပြီး ရွေးကောက်ပွဲပြန်ကျင်းပမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးမှုအင်အား မပျက်ပြားအောင်ပြုလုပ်ရန်၊ CDM ပြုလုပ်ဖို့မလိုဘဲ ယခင်ပုံမှန်အခြေအနေကို ပြန်လည်ရောက်တော့မည်ဖြစ်ကြောင်း” ဟု သိရသည်။ မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ-၁၄၀ တပ်၊ ခလရ ၃၀၄ တပ်၊ စစ်ဗျူဟာတပ် (၃) ခုရှိပြီး ယင်းတပ်ဖွဲ့ထဲတွင်လည်း သဘောထားကွဲလွဲမှုတွေရှိနေသည်ကိုလည်း မတူပီမြို့ခံတွေထံမှ သိရသည်။

၇။ သဘောတူညီချက်များကို ကောင်စီမှဆောင်ရွက်ခြင်းမရှိသေးသဖြင့် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်မည် မဟုတ်သေး
Aug 30, 2021

ရွာလုံးကျွတ်စစ်ဘေးတိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများမှာ လာမည့် အောက်တိုဘာလတွင် နေရပ်သို့ပြန်နိုင်မည်မဟုတ်သေးကြောင်း ယင်းကျေးရွာသားများက ပြောဆိုသည်။ ပြည်နယ်ကောင်စီ နှင့် တင်းမကျေးရွာသားတို့ကြားတွင် နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့က သဘောတူညီမှုများရှိခဲ့ သော်လည်း လက်ရှိမှာ အဆိုပါသဘောတူညီချက်များကို ပြည်နယ်ကောင်စီမှ အကောင်အထည့်ဖော်ရန်နှောင့်နှေးနေကြောင်း ကျေးရွာသားများကဆိုသည်။ လာမည့်အောက်တိုဘာလတွင် တင်းမကျေးရွာသားများ နေရပ်ပြန်ရန်သဘောတူညီထားပြီး လက်ရှိမှာ အချိန်တစ်လသာ ကျန်တော့ကာ ပြည်နယ်ကောင်စီဘက်မှလုပ်ဆောင်ရမည့် ကျေးရွာအတွင်းမိုင်းရှင်းလင်းရေး၊ ပြည်လည်ထူထောင်ရေးကိစ္စ များကို တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

တင်းမကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကျော်က “အစကတော့ နေရပ်ပြန်ပို့ပေးမယ်ပေါ့နော်။ မိုင်းရှင်းလင်းရေး လုပ်ပေး မယ်ဆိုပြီးတော့ပြောခဲ့တယ်။ ဒါပေမဲ့ အခုချိန်ထိတစုံတရာ လုပ်ဆောင်တာတွေကို မတွေ့ရသေးဘူး”ဟုပြောသည်။ “တကယ်လို့ အောက်တိုဘာလမှာ ပြန်ရမယ်ဆိုရင်အခုကတည်း လုပ်သင့်တာတွေကိုလုပ်ဖို့လိုအပ်နေပြီ။ ဘာတစ်ခုမှ အကြောင်းကြားလာ တာမရှိသေးတော့ ကျနော်တို့အနေနဲ့ အောက်တိုဘာလမှာကော ပြန်နိုင်ဖို့မသေချာတော့ဘူး“ဟုလည်း တင်းမကျေးရွာအုပ် ချုပ်ရေးမှူးက ဆက်ပြောသည်။

“စစ်ရှောင်စခန်းမှာ နေနေရတော့ အစားကြပ်တည်း၊ အနေကြပ်တည်းနဲ့နေနေရတယ်။ ကျေးရွာသားတွေမှာပါလာတဲ့ ရွှေ၊ ငွေ တွေဆိုရင်လည်းကုန်နေပြီ။ နောက်တစ်နှစ်လောက်ဆိုရင် ပိုပြီးတော့ အခက်အခဲဖြစ်သွားမယ်” ဟု ဆရာတော်က မိန့်သည်။ “ရွာကိုဆက်ပြီးတော့ ပျက်စီးမခံနိုင်ဘူး။ တင်းမရွာဆိုတာ စံပြကျေးရွာတစ်ခုလည်းဖြစ်တယ်။ ကောင်စီအနေနဲ့ ရွာပြန်ဖို့ ဆောင်ရွက်မပေးဘူးဆိုရင်တော့ နယ်မြေဒေသတွေတည်ငြိမ်နေရင် ကိုယ့်အစီစဉ်နဲ့ကိုယ်သွားဖို့အတွက် ဆောင်ရွက်သွားမှာပါ“ ဟု မိန့်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမ ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြသည်။ ယင်းနောက်ကျေးရွာသားများမရှိခိုက် ရွာအတွင်းမှနေအိမ်များမှာ မီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

၈။ တောင်ကြီးတွင် စစ်ကောင်စီက ဖမ်းဆီးထားသူများထဲ သေဆုံးသူ ၃ ဦးထိရှိလာ

30 August, 2021

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေကို အကြမ်းဖက်စစ်ကောင်စီ ကဖမ်းဆီးပြီး ညောင်ရွှေအကျဉ်းထောင်မှာ ချုပ်နှောင်ထားစဉ် အသက်ဆုံးရှုံးရသူ ၃ ဦး ထိ ရှိလာပြီလို့ သိရပါတယ်။

မြို့ခံတစ်ဦးက “စစ်ကောင်စီကဖမ်းဆီးထားတဲ့ တောင်ကြီးကျောင်းကြီး စုရပ်ကွက်က ကိုမျိုးမင်းသန့်ဟာ တောင်လေးလုံး ထောင်မှာ ဩဂုတ်လ ၂၉ ရက်နေ့က သေဆုံးခဲ့တယ်” လို့ ပြောပါတယ်။ ကိုမျိုးမင်းသန့် (ခ)သားငယ်ဟာ မတ် (၂၇) ရက်က တောင်ကြီးမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ရာဇ သတ်ကြီးပုဒ်မ ၅၀၅-(က) နဲ့ အကြမ်းဖက်စစ်ကောင်စီ အမှုဖွင့်ထားတာဖြစ်ပြီး ညောင်ရွှေအကျဉ်း ထောင်ကနေ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေထဲက ဩဂုတ်လ ၂၂ ရက်နေ့မှာ မူလတန်းပြဆရာ ဦးစိုးလွင်လွင်၊ ဩဂုတ် ၂၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ် NLD ပါတီဝင် ခွန်ဗွာထိုသွေးတို့ သေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရစဉ် သေဆုံးသူ ၃ ဦးထိရှိလာပြီပါတယ်။

၉။ သင်္ကန်းညီနောင်ရဲတပ်ဖွဲ့မှ တရားခံဖမ်းရာတွင် ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့
August 29, 2021

ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင်မြို့သစ် ၇ လမ်းတွင် (ဩဂုတ် ၂၈) က မူးယစ်တရားခံ ဖမ်းဆီးရာတွင် ပြန်လည် ခုခံ၍ဟုဆိုကာ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဆိုပါ အမျိုးသားမှာ သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် နေရာ တွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” မနေ့ မနက် ၁၁ နာရီ ဝန်းကျင်က ဖြစ်သွားတာ။ သင်္ကန်းညီနောင်နယ်မြေ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့် ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီး ဖို့ကြိုးစားစဉ်မှာ ယင်းအမျိုးသားက ခုခံဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ ဝမ်းဗိုက်နဲ့ နောက်ကျော ထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ “ဟု ပြောသည်။

သေဆုံးသူ အမျိုးသားမှာ အသက် ၃၇ နှစ် အရွယ် ကိုအောင်သက်ထွန်း ဆိုသူဖြစ်ပြီး သူသည် နေအိမ်အတည်တကျမရှိဘဲ သင်္ကန်းညီနောင် ရွာတွင် ပျံကျနေထိုင်သူဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယခုလို တရားခံဖမ်းဆီးရာ တွင် လူသေသည့်အထိ သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်ဖမ်းဆီးမှုမှာ မဖြစ်သင့်သလို မဖြစ်မနေ ပစ်ခတ်ဖမ်းဆီးရမည် ဆိုပါက ခါးအောက်ပိုင်းကိုပင် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးသင့် ကြောင်း ဒေသခံများအကြား ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

၁၀။ မူဆယ်ဈေးသည်တဦး (၉ )လကျော်ကြာ ပျောက်ဆုံး၊ မိသားစုဝင်များ စားဝတ်နေရေး ခက်ခဲနေ

August 30, 2021

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကျေးရွာ ဘက်တွင် ဈေးသွားရောင်းသည့် အမျိုးသားတဦး (၉) လကျော် ပျောက်ဆုံးသွားပြီး ကျန်ရှိနေသည့် မိသားစုဝင်များက စားဝတ်နေရေး အခက်ခဲရှိနေကြောင်း စုံစမ်းသိရှိရသည်။

၎င်းသည် မူဆယ်မြို့ ကောင်းမှုလွယ်ရပ်ကွက်တွင် နေထိုင်သည့် မောင်ငြိမ်းချမ်း (၂၇) နှစ်သည် လွန်ခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် နမ့်ခမ်းမြို့ ကျေးရွာဘက် ဈေးသွားရောင်းစဉ် ပျောက်ဆုံးသွားကြောင်းသိရသည်။“ သူအဲနေ့က မနက် (၈) နာရီလောက်အိမ်ကနေထွက်သွားတာ။ အဲ့နောက် ဆက်သွယ်လို့မရတော့ဘူး။ နမ့်ခမ်းဖက်ဈေးသွား ရောင်းမယ်ဆို ပြီးသွားတာ။ ဆိုင်ကယ်နဲ့ ကျေးရွာဖက်တွေကို ဈေးသွားရောင်းတာပါ။ ခုချိန်ထိ သူနဲ့ပတ်သတ်နဲ့သတင်း ဘာမှမကြားရ သေးဘူး။” ဟု မောင်ငြိမ်းချမ်း၏ ဇနီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ငြိမ်းချမ်းသည် မွေးကင်းစ (၁) နှစ်ကျော် သားငယ်လေးရှိပြီး ဇနီးဖြစ်သူနှင့်သားက မောင်ငြိမ်းချမ်းကို အားကိုးနေထိုင် နေရကြောင်းသိရသည်။“ ကျမတို့ခက်ခဲတာပေါ့။ သူပျောက်သွားတဲ့ချိန်ဆို ကျမနဲ့ သားလေးပဲ ရှိတာ။ အခုက ရွာက အမေကို ခေါ်ထားတယ်။ သားကလည်း အဲချိန်က (၇) လဘဲရှိသေးတယ်။ ကိုဗစ်လည်းဖြစ်တော့ ကျမတို့ဘာလုပ် စားရမလဲမသိ ဘူး။ အရင်ကသူ့ကိုဘဲအားကိုးနေရလေ။ ကလေးရှိတော့ အလုပ်တောင်သိပ်မလုပ်ဖြစ်ဘူး”ဟု ဇနီးဖြစ်သူက ပြောသည်။

၁၁။ ကရင်မှာ BGF တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတယ်ဆိုတဲ့သတင်းကို တာဝန်ရှိသူငြင်းဆို
30 August, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီးဟူသံကျေးရွာအခြေစိုက် နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်း က တပ်သားတွေ ထွက်ပြေးနေတယ်ဆိုတဲ့သတင်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြောဆိုနေကြတာဟာ မဟုတ်မှန်ဘူးလို့ BGF တပ်နယ် (၂) ဗိုလ်မှူး စောတင်ဝင်းက RFA ကို ဒီနေ့ညနေက ပြောပါတယ်။

“သတင်းတွေကတော့ ပေါက်ကရတွေတင်နေကြတာပဲ။ တချို့ကလည်း ပြည်ပမှာနေပြီးတော့ ဘာမှလည်း သတင်းအတိ အကျလည်း မလိုက်နိုင်ဘူး။ အမှန်တော့ သေးသေးမွှားမွှား ထိခိုက်မှုရှိတဲ့ဟာလေးတွေက လွဲလို့ BGF တွေပြေးတာတို့၊ တစ်ဖွဲ့ လုံးပြေးတာတို့ မရှိပါဘူး လတ်တလော အခြေအနေမှာ”နယ်ခြားစောင့်တပ် (BGF) အမှတ် (၁၀၂၁) တပ်ရင်းက တပ်သား အချို့ဟာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တိုက်ပွဲတွေမှာ တိုက်ခိုက်လိုစိတ်မရှိဘဲ တပ်ရင်း ကနေ ထွက်ပြေးသွားကြတယ်လို့ BGF နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဒေသဆိုင်ရာသတင်းတွေကို ဖော်ပြနေတဲ့ ဆိုရှယ် မီဒီယာသတင်းတွေမှာ ရေးသားထားတာပါ။

တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးမှုတွေရှိပြီး တပ်အင်အားနည်းလာတဲ့ တစ်ချို့တပ်ရင်းတွေထံကို ရွှေကုက္ကိုလ်ဒေသ တောအုပ်အခြေ စိုက် နယ်ခြားစောင့်တပ် (၁၀၁၉) တပ်ရင်းက လာရောက်အင်အားဖြည့်တင်းနေတယ် လို့လည်း ပြောဆိုနေကြတာပါ။ လက်ရှိ မှာ BGF တပ်ဖွဲ့ဝင်အချို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေ ကော့ကရိတ်မြို့နယ် အတွင်း ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ဝင်ရောက်လာတာတွေ ရှိနေတာကြောင့် နယ်မြေ ကျော်လာရင် တိုက်ပွဲတွေ ဖြစ်လာနိုင် တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၁၂။ ပလက်ဝတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့ မထွက်ရန် ကန့်သတ်
Aug 28, 2021

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုး ရောဂါကူးစက်ခံရသူများလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပသို့မထွက်ကြရန် ကန့်သတ်လိုက်ကြောင်း သိရသည်။

စျေးဝယ်ယူရန်အတွက် နံနက် ၅ နာရီမှ နေ့လည် ၁၁ နာရီထိသာ တစ်အိမ်မှလူတစ်ဦးကျ ထွက်ခွင့်ရမည်ဖြစ်ပြီး ကန့်သတ် ထားချိန်နောက်ပိုင်းတွင် တာဝန်၊ ကျန်းမာရေး၊ သာရေးနာရေး ကိစ္စဖြင့်ထွက်လိုပါက သက်ဆိုင်ရာထောက်ခံစာဖြင့် သွားလာ ခွင့်ရမည်ဖြစ်ကြောင်း ပလက်ဝရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။“ကိုဗစ်ပိုးတွေ့ရှိတဲ့သူတွေ အရင်တစ်ရက်နှစ်ရက် လောက်နည်းသွားပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ပြည်သူလူထုတွေ မလိုက်နာကြတဲ့အတွက် ပြန်ပြီးတော့များလာတဲ့သဘော ဖြစ်သွားတယ်။ အဲ့ဒါကို stay at home နေဖို့အတွက်ရယ် မြို့အတွင်းအထွက်မရှိရဘူး။ တစ်အိမ်ကတစ်ယောက်ပဲ စျေးဝယ်ခွင့် ထွက်ရမယ်။ အဲ့ဒါလည်း မနက် ၅ နာရီမှ ၁၁ နာရီထိပဲဖြစ်တယ်။ နောက်ပိုင်းထွက်တဲ့သူတွေက အရေးကြီးတဲ့သူတွေနဲ့ မဖြစ်မ နေထွက်ရမဲ့ သူတွေပဲဖြစ်တယ်“ ဟု ဆိုသည်။

ပလက်ဝမြို့တွင်နေ့လယ် ၁၁ နာရီနောက်ပိုင်း အရေးပေါ်အပြင်ထွက်လိုပါက သက်ဆိုင်ရာ ရက်ကွက်ထောက်ခံစာယူရမည် ဖြစ်ပြီး သတ်မှတ်ထားသည့် ကိုဗစ်စည်းကမ်းချက်များကိုမလိုက်နာပါက ပထမအဆင့် အနေဖြင့် ဒဏ်ငွေတစ်ထောင် ဆောင်ရ မည်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းပြင် ပလက်ဝမြို့မှ မြို့မရပ်ကွက်တွင်ရှိသည့် ရိုမန်ကက်သလစ် စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်းစစ်ရှောင်စခန်းတို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိသည့်အတွက် စခန်းနှစ်ခုလုံးကို သြဂုတ် ၂၇ ရက်နေ့က lockdown ချထားသည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။ “ဒီလိုမျိုး အသွားအလာကန့်သတ်လိုက်တော့ ကုန်စျေးနှုန်း တွေ လည်းတက်လာနိုင်တယ်။ ကုန်ပစ္စည်းတွေလည်း ပြတ်လာနိုင်တယ်။ တစ်ရက်လုပ်မှတစ်ရက်စားနေကြတဲ့ လက်လုပ် လက်စားတွေဆိုရင် ပိုပြီးတော့အခက်အခဲဖြစ်လာနိုင်တယ်“ ဟုဆိုသည်။

၁၃။ ဂွမြို့တွင် ဒေသန္တရအမိန့်ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဖြင့်အမှုဖွင့်ရန် စီစဉ်နေ

Aug 28, 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်ကို ဖျောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးထားသူ ၃ ဦးကို ဘေးစီမံဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း သိရသည်။ ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသေးသဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်အပြင်သို့ မထွက်ရဟု သြဂုတ်လ ၂၅ ရက်နေ့က အမိန့်ထုတ်ပြန်ထားသည်။

ယင်းအမိန့်ကိုဖောက်ဖျက်ကျူးလွန်မှုဖြင့် လူ ၃ ဦးကိုဖမ်းဆီးထိန်သိမ်းခဲ့ကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် အရေး ယူရန်ဆောင်ရွက်နေကြောင်း ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြော သည်။ “သူတို့က အမိန့်ကိုမလိုက်နာဘဲ အပြင်ကိုထွက်တော့ ဖမ်းပြီး အရေးယူဆောင်ရွက်ဖို့လုပ်ဆောင်နေတယ်” ဟု ၎င်းက ပြောသည်။ ယင်းသို့ဖမ်းဆီးခံထားရသူ ၃ ဦးမှာ ဂွမြို့နယ်၊ ရဟိုင်းကူးတို့ကျေးရွာမှ ဒေသခံတစ်ဦးနှင့် ဧရာဝတီတိုင်းမှ ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာသို့ရောက်ရှိနေသည့် အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ၊ နာရေးကိစ္စအပြင် အရေးပေါ်အပြင်ထွက်သွားလာရေးအတွက် အပြင် ထွက်ကဒ်များကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အုပ်စုအလိုက်၊ ရပ်ကွက်အလိုက် လုပ်ဆောင်ပေးနေခြင်းရှိကြောင်း လည်း သိရသည်။ ယင်းအမိန့်ထုတ်ပြန်ချက်ကြောင့် ဒေသခံလက်လုပ်လက်စားများ အနေဖြင့် အခက်အခဲရှိလာနိုင်ကြောင်း ဂွမြို့နယ် လူမှုကူညီရေးအသင်းများက ပြောဆိုကြသည်။

၁၄။ ကျောက်မဲ စစ်ဘေးရှောင်ရာနေရာအနီး တိုက်ပွဲဖြစ်၍ အခြားတနေရာသို့ ထပ်မံတိမ်းရှောင်
31 August, 2021

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ပန်စလော့ရွာအနီးမှာ မနေ့ မနက်ပိုင်းက တပ်ပေါင်းစု SSPP + TNLA နဲ့ RCSS တို့ကြား ထိတွေ့ပစ်ခတ်မှုရှိတာကြောင့် ပန်စလော့မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေဟာ ကျောက်မဲမြို့အနီး မန်ခါကျေးရွာကို ထပ်မံတိမ်း ရှောင်ခဲ့ကြရပါတယ်။

သူတို့တွေဟာ လွယ်ကုံ နဲ့ မောက်ငါးစန့် ရွာကဖြစ်ပြီး ပန်စလော့ရွာသားအချို့လည်ပါဝင်ကာ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေရာချထားပေးသူ ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ “အရင်ပတ်က သူတို့ရွာထဲမှာ တိုက်ပွဲဖြစ်လို့ ပန်စလော့ဘုန်းကြီးကျောင်းမှာ လာခိုလှုံ နေတာပါခင်ဗျ။ မနေ့မနက်ကတော့ ပန်စလော့ရွာအဝင်လမ်းနားမှာ ပစ်ခတ်သံတွေကြားရလို့ ကြောက်လန့်ပြီး မန်ခါရွာကို ရှောင်လာတယ်။ ပန်စလော့ နဲ့ မန်ခါက မိုင် ၂၀ လောက်ရှိမယ်ထင် တယ်။ မနက် ၁၁ နာရီထိုးခါနီးရောက်လာပြီး မန်ခါကျောင်းတိုက်မှာ နေရာချပေးပါတယ်။” မန်ခါရွာမှာ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ က ပန်ဟုန်းရွာက စစ်ဘေးရှောင် ၅၀ ကျော် ရောက်နှင့်နေလို့ စုစုပေါင်း ၂၅၀ ကျော်တယ်လို့ သူက ဆက်ပြောပါတယ်။

ကျောက်မဲခရိုင် ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဇူလိုင်လဆန်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကြား နယ်မြေစိုးမိုးမှုပြဿနာနဲ့ တိုက်ပွဲဖြစ်နေရာမှာ လက်နက်ကိုင်တွေက ရွာထဲ အပြန်အလှန် ဝင်ရောက်နေရာယူလို့ နေအိမ်တွေ ထိခိုက်ပျက်စီးသလို ရွာသားတွေလည်း ကျည်ထိ မှန်ဒဏ်ရာရတာ သေဆုံးတာတွေ ရှိနေပါတယ်။ လက်ရှိကျောက်မဲ နဲ့ သီပေါ မြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ရှိပြီး ကျောက်မဲ မိုင်းတင်း၊ မိုင်းငေါ့၊ မန်ခါ စတဲ့ အုပ်စုထဲက ကျေးရွာ ဘုန်းကြီး ကျောင်း စာသင်ကျောင်းတွေမှာရော၊ သီပေါမြို့နယ် ဆွန်လုံအုပ်စုထဲမှာပါ ရောက်ရှိခိုလှုံလျက်ရှိပါတယ်၊ တချို့က မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ ဝင်ရောက်ခိုလှုံပြီး အချို့ကမိုင်းကိုင်တုံလောရွာဘက် တိမ်းရှောင်သွားကြပါတယ်။ ကျောက်မဲစစ် ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ကူညီလိုပါက ကျောက်မဲရှမ်းစာပေ နဲ့ယ ဉ်ကျေးမှုအသင်း ဖုံးနံပါတ် ၀၉ ၉၇၆၃၀၁၉၆၆ / ၀၉၆၈၇၆၆၉၃၅၂ / ၀၉၂၅၉၂၅၂၀၄၂ ကို ဆ က်သွယ်လှူဒါန်းနိုင်ပါတယ်။

၁၅။ ထားဝယ် PDF စခန်း ဝင်စီးခံရ လက်နက်နှင့် ဆက်စပ်ပစ္စည်း သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံး
30 August 2021

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်းအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းကြောင့် ငွေကျပ်တန်ဖိုး သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်က “စစ်ကောင်စီက မီးရှို့သွားတဲ့အချိန်မှာ စက်လှေတွေ ကုန်ကြမ်းတွေ လက်နက်တွေ သိန်း ၁ ထောင်ဖိုးလောက်ရှိတယ်။ စက်လှေအကြီးတွေ ရိက္ခာခြောက်တွေ၊ သေနတ်တွေ၊ စခန်းတွေ အကုန် မီးရှို့ခံရ တယ်” ဟု ပြောသည်။ ထို့ပြင် စစ်ကောင်စီမှ ဝင်ရောက်စီးနင်းသည့် ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်၏ စခန်းတည်ရှိရာ ထားဝယ်မြို့နယ် ကြက်စားပြင် တဖက်ကမ်းတွင်ရှိသည့် ဓနိတောရှိ တဲများအား မီးရှို့ဖျက်ဆီးပြီးနောက် ရွာသားအယောက် ၂၀ ကျော်အား ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။“သတင်းပေးတဲ့ သူတယောက်က နေရာကို ညွှန်လိုက်တာ။ နေရာက ခပ်ကြီးကြီးဆိုတော့ သူတို့လည်း အဆင်မပြေဘူး ထင်တယ် ရှာရတာ။ လာကြတော့ အင်အား ၇၀၀ လောက်ရှိတယ်။ ကျနော်တို့ကို ရှာမတွေ့ဘူးဆိုတာနဲ့ စက်လှေတွေရယ် တဲ ၇ လုံးရယ်ကို မီးရှို့သွားတယ်။ ကျွန်းတောက်လျှောက် တဲတွေ အကုန်လုံးကို မီးရှို့သွားတယ်။ ကျနော်တို့ PDF တွေ ကတော့ အဖမ်းမခံရဘူး။ ရွာသားတွေကို ဖမ်းသွားတာ။ အယောက် ၂၀ ကျော်ပါသွားတယ်။ ဒီထဲမှာ မိန်းကလေး ၄ ယောက်ပါ သွားတယ်” ဟု ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်က ပြောသည်။

Dawei People Defense Force အဖွဲ့ စခန်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၀၀ ကျော်မှ သြဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းမှ စတင်၍ ရှာဖွေမှုများပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ ၎င်းတို့၏ စခန်းအား စီးနင်းပြီးနောက် Dawei People Defense Force စာမျက်နှာအား ထိန်းချုပ်ထားသည့် သတင်းမှာလည်း မဟုတ်မှန်ကြောင်း သိရသည်။ က်ရှိတွင် Dawei People Defense Force အဖွဲ့ဝင်များမှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ၉ ဖွဲ့နှင့် မဟာမိတ် အဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။

၁၆။ KNU သိမ်းထားသည့် တပ်စခန်းအချို့ပြန်ပေးရန် စစ်ကောင်စီတောင်း
30 August 2021

ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းထားသည့် တပ်စခန်းအချို့ကို ပြန်ပေးရန် စစ်ကောင်စီဘက်က တောင်းဆိုမှုရှိနေ ကြောင်း သိရသည်။ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ က သိမ်းထားသည့် စခန်း ၂ ခုကို ပြန်တောင်းနေခြင်း ဖြစ်ကြောင်း KNU မှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ယင်းစခန်းများမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ခုတ်ခွားတောင်ရှိ ကာလိခီး စခန်းနှင့် ကော့ကရိတ်မြို့နယ်ရှိ ကြိတ်စခန်းတို့ဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ဖက်ထားရှိထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှ တဆင့် ဆက်သွယ်ကာ ပြန်တောင်းနေခြင်းဖြစ်သည်။ ကာလိခီးစခန်းကို တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၇ က ဩဂုတ်လ ၂၆ ရက်တွင် အင်အားပြ ခြိမ်းခြောက်ပြီး သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ကြိတ်စခန်းသည်လည်း စစ်ကောင်စီဘက်က ဩဂုတ် ၂၁ ရက်တွင် စွန့်ခွာသွားသည့် စခန်းဖြစ်ပြီး ယင်းစခန်းကို KNLA တပ်ရင်း ၁၈ က သိမ်းယူထားသည်။

စစ်ကောင်စီဘက်က တောင်းထားသည့် စခန်း ၂ ခုအနက် ကာလိခီးစခန်းကိုမူ KNU ဘက်က စစ်ကောင်စီအား မကြာသေး မီက ပြန်လည်တပ်စွဲခွင့်ပြုလိုက်ပြီဖြစ်ပြီး တပ်ရင်း ၁၈ သိမ်းထားသည့် ကြိတ်စခန်း ကိစ္စနှင့် ပတ်သက်၍မူ ၂ ဖက်ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း KNU မှ အဆင့်မြင့် အရာရှိတဦးက ဆိုသည်။“KNU တပ်ရင်း ၁၇ က သိမ်းထားတဲ့ စခန်းကတော့ ပြန်နေခွင့် ပေးလိုက်ပြီ။ ကျနော်တို့ဘက်က ပြန်ဖွင့်ပေးလိုက်ပြီ။ အခုက တပ်ရင်း ၁၈ က သိမ်းထားတဲ့ စခန်းကိုလည်း သူတို့က ပြန်လိုချင် တယ်ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။ “ကာလိခီးစခန်းက အရင်ကတည်းက ရှိတဲ့နေရာတွေပေါ့။ ရပ်ရွာထဲမှာလည်း မဟုတ်တော့ နေချင်လည်း လာနေဆိုပြီး ပေးလိုက်တာပေါ့။ ကြိတ်စခန်းကတော့ ရွာထဲမှာလည်း ဖြစ်တယ်။ ရွာသူရွာသားတွေ ဘက်ကလည်း တပ်ဘက်က လာနေမှာကို မကြိုက်ကြဘူး။ အခုကပြန်ပေး မပေးကတော့ ဆုံးဖြတ်ချက်မကျသေးဘူး။ လောလောဆယ်တော့ ၂ ဖက်ညှိနှိုင်းနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။

၁၇။ သျှမ်တောင် တောင်သူများ အကြွေးသောကဖြင့် ရင်ဆိုင်နေရ

August 30, 2021

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ခရမ်းချဉ်၊ ကော်ဖီထုပ် စိုက်ပျိုးသည့် တောင်သူများ သီးနှံပေါ်ချိန်ဖြစ်သော်လည်း အရင်းပြန်မရသည့်အပြင် အကြွေးများပါတင်နေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် တီကျစ်မြို့တွင် သီးနှံများအား ဝယ်ယူသူမရှိသည့်အတွက် ဈေးနှုန်းအဆမတန်ကျဆင်းပြီး စီးပွားရေးခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်ရွာလုံး အရှုံးပေါ်နေကြတာ၊ ကိုဗစ်ကြောင့် ဈေးလည်းပိတ်ထားရတော့ သွားရောင်းလို့လည်း မရ၊ အရင်နှစ်တွေဆို ပွဲစားတွေ ခြံထိ လာဝယ်တယ်၊ ခုက ဘယ်သူမှ လာမဝယ်ကြတော့ဘူး”ဟု တီကျစ်မြို့ ဟိုကျောင်းကျေးရွာမှ တောင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ တီကျစ်ဒေသတွင် ကိုဗစ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ဈေးများကို ပိတ်ထားတာဖြစ်ပြီး တချို့ကျေးရွာအဝင်အထွက်လမ်းများကိုလည်း ပိတ်ထားကြောင်း သိရသည်။ ထိုဒေသတွင် ခရမ်းချဉ်သီး (၁)ပိဿာလျင် (၁၀၀)ကျပ်ဝန်းကျင်သာဈေးရှိကြောင်း၊ ဂေါ်ဖီထုပ်များလည်း ဝယ်ယူသူ အလွန်နည်းပါးသည့် အတွက် ခြံတွင်းမှာသာ ပုပ်သိုးအောင် ထားလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနှစ် ခရမ်းချဉ်၊ ဂေါ်ဖီထုပ်တွေကို စိုက်ပျိုးတာများတယ်၊ ဈေးလည်းမရတော့ ခြံထဲမှာ ဒီအတိုင်းပဲ ပုပ်သိုးအောင် ပစ်ထားရတယ် ။ ခရမ်းချဉ်သီးဆိုရင် စဉ်လိုက်ကို မှည့်ပြီး ပုပ်သိုးကုန်တယ်” ဟု အဆိုပါ တောင်သူက ဆက်ပြောသည်။ တီကျစ်၊ ပင်လောင်းမြို့များအပြင် ညောင်ရွှေ အင်းလေးဒေသထွက် ခရမ်းချဉ်သီးများလည်း ဈေးနှုန်းကျဆင်းနေသည့် အတွက် တောင်သူများ အရှုံးပေါ်နေကြကြောင်း၊ ထို့အပြင် ယခင်က မျိုးစေ့ဝယ်ယူထားမှုအတွက်ပါ ကြွေးမှီများ တင်နေကြောင်း၊ ကြက်သွန်ဖြူ စိုက်ပျိုးချိန် ဖြစ်သော်လည်း အရင်းအနှီးမရှိသည့်အတွက် စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

၁၈။ ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရသူ ၂၀၀ ကျော်၏ မိသားစုဝင်များကို ထောက်ပံ့
31 August, 2021

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ခံနေရတဲ့ လူ ၂၀၀ ကျော်ရဲ့ မိသားစုဝင်တွေကို ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအထောက်အပံ့ဖြစ်စေဖို့ ဝေဟင်အောင်ဖောင်ဒေးရှင်း ငွေကျပ်သိန်းတစ်ရာကျော် ထောက်ပံ့ပေးနေတယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။ ရခိုင်မှာ အေအေနဲ့ ဆက်စပ်တယ်ဟုဆိုကာ စစ်တပ်က သံသယနဲ့ဖမ်းဆီး ပြီးနောက် အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုခံထားရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးနေတာပါ။

စာရေးဆရာကိုဝေဟင်အောင် “လက်ရှိကတော့ ရခိုင်ပြည်နယ်အနှံ့ပေါ့နော် အကြမ်းဖက်ဥပဒေနဲ့ အစွဲဆိုခံထားရတဲ့လူကတော့ အကုန်လုံးစုစုပေါင်း ၂၀၁ ဦးထိ ကျနော်တို့စာရင်းကောက်ယူရရှိထားတာပေါ့၊ ဒီလူတွေရဲ့မိသားစုတွေကို ကျနော်တို့က တစ် မိသားစုကို ပိုက်ဆံ ၅ သောင်းနှုန်းနဲ့ ကူညီထောက်ပံတာဖြစ်တယ်၊ ဒီကာလက ကိုဗစ်ကာလဆိုတော့ သူတို့ရဲ့မိသားစု တွေအနေ နဲ့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးတွေမှာ အခက်အခဲရှိမယ်ဆိုတာကို ကျနော်တို့သုံးသပ်ပြီးတော့ ကူညီထောက်ပံ့ရတာ ဖြစ်ပါတယ်။ ကျနော်က ပရဟိတလုပ်နေတဲ့အချိန်မှာ ဒီကာလမှာ ပြည်တွင်းပြည်ပက အလှူရှင်တွေဆီက လှူဒါန်းထားတဲ့ အလှူငွေတွေထဲက တချို့တဝက်ကိုဆွဲထုတ်ပြီးတော့ သူတို့ကို ပြန်လည်ကူညီထောက်ပံ့ပေးတာ”လို့ ပြောပါတယ်။ ရခိုင်ပြည် နယ်မှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံရပြီး အကျဥ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေဟာ သံတွဲထောင် ၉ ဦး၊ ကျောက်ဖြူထောင် ၇၆ ဦး၊ မြောက်ဦးထောင် ၄၇ ဦး၊ စစ်တွေထောင် ၆၄ ဦးနဲ့ ဘူးသီးတောင်ထောင်မှာ ၅ ဦး စုစုပေါင်း ၂၀၁ ဦးရဲ့ မိသားစုဝင်တွေကို ငါးသောင်းကျပ်စီ ထောက်ပံ့ပေးနေကာ တချို့တဝက်ကိုတော့ ပေးထားပြီး ဖြစ်တယ်လို့ ဆိုပါ တယ်။

ရခိုင်မှာ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံနေရသူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့နိုင်ဖို့ စာရင်းကောက်ယူရာမှာ လက်ရှိ အချိန်ထိ မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ ၂၁ ဦးထိရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါပျောက်ဆုံးနေသူ ၂၁ ဦးရဲ့ မိသားစုဝင်တွေကိုလည်း ငါးသောင်းကျပ်စီ ထောက်ပံ့ပေးသွားမှာဖြစ်ကာ စုစုပေါင်း သိန်း ၁၁၀ ကျော် လှူဒါန်းသွား မယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။

၁၉။ တနိုင်းမြို့နယ်တွင် ကျွဲများ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်သေဆုံး
30 August, 2021

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့နယ်ရှိ တခက်ကျေးရွာမှာ လယ်ယာ လုပ်ငန်းခွင်အသုံးပြုတဲ့ ကျွဲတွေ ရောဂါ လက္ခဏာမပြဘဲ ရုတ်တရက်သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၅ ရက်ကစတင်ပြီး အခု တပတ်အတွင်း ရောဂါလက္ခဏာ မပြဘဲ ရုတ်တရက် သေဆုံးတာ ကျွဲ ၈ ကောင်ရှိပြီဖြစ်လို့ ရောဂါဆက်လက်ကူးစက်ပြီး ထပ်မံသေဆုံးမှာ စိုးရိမ်နေရကြောင်း ဒေသခံတွေကပြောပါတယ်။“၂၅ ရက်နေ့က ကျွဲတစ် ကောင် စသေတယ်၊ ရိုးရိုးသေတာပဲ ဆိုပြီး စားလိုက်တယ်။ အဲ့ဒီကျွဲကို စားလိုက်တဲ့ ပတ်ဝန်းကျင်မှာပဲ တစ်ရက်ခြားပြီး ရောဂါ လက္ခဏာမပြဘဲ ကျွဲနှစ်ကောင် ထပ်သေတယ်။ အဲ့ကျွဲနှစ်ကောက်ကိုတော့ မြေမြုပ်လိုက်တယ်၊ ကျွဲကနေ လူကို ရောဂါကူးစက် မှာ စိုးရိမ်နေကြရတယ်”လို့ ဒေသခံ ဦးကမ်းဝမ်းကပြောပါတယ်။

ရောဂါလက္ခဏာမပြဘဲ ကျွဲသေဆုံးတာဟာ မြို့နယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မနေ့ကအထိ ကျွဲ ၈ ကောင်သေဆုံးကာ တချို့ကျွဲတွေလည်း သေဆုံးခဲ့တဲ့ ကျွဲတွေပုံစံအတိုင်း သေဆုံးမယ့် လက္ခဏာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။ ကျွဲသေ ဆုံးတာတွေနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာဌာန အသီးသီးနဲ့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ထံ အကြောင်းကြား ထားပေမယ့်လည်း အခု အချိန်ထိလာရောက် စစ်ဆေး ကြည့်ရှုသူမရှိဘူးလို့လည်း သိရပါတယ်။

၂၀။ ဈေးကွက်ပျက်၍ ရှမ်းပြည်က တောင်သူများ သီးနှံများကို လမ်းဘေးတွင် လွှင့်ပစ်နေရ

30 August 2021

ရှမ်းပြည်နယ်တောင်းပိုင်းရှိ တောင်သူများသည် သီးနှံပေါ်ချိန်တွင် ဈေးနှုန်းထိုးကျဆင်းပြီး ဈေးကွက်ပျက်သွား၍ ခရမ်းချဉ် သီးအပါအဝင် ရာသီပေါ်သီးနှံများကို လမ်းဘေးတွင် လွှင့်ပစ်နေရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်သူများက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှ စတင်ကာ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၀၀ ဝန်းကျင်၊ မုန်ညှင်းထုတ် ၁ ပိဿာလျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ ဝန်းကျင်၊ ဂေါ်ဖီထုတ် တထုတ်လျှင် ၃၅ ကျပ်ဝန်းကျင် (အလုံးရေ ၁ ထောင်လျှင် ကျပ် ၄သိန်း) နှင့် အခြားသော ခရမ်းသီး၊ အားလူး၊ ငရုတ်သီစိမ်း အစရှိသည့် ဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်းသည် အရင်းပင် မကျေသည့် အခြေအနေ ရောက်ရှိသွားကြောင်း ရှမ်းပြည်တောင်ပိုင်းက ဒေသခံတောင်သူတဦး ပြောသည်။“ဂေါ်ဖီထုတ်တို့ မုန့်ညှင်း တို့ဆိုရင် ကျနော်တို့ ခြံတွေထဲမှာ အလကား ပေးတယ်။ ကျနော်တို့က ၅၀၀ လောက်ရရင်ကို ကျေနပ်ပါတယ်။ အခုက အရင်း မပြောနဲ့ ကုန်တန်ဆာခ ဖိုးတောင် မရလောက် အခုလို လမ်းဘေးမှာပဲ လွှင့်ပစ်ထား နေရတာ” ဟု ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့် ကိုဗစ်ကာလအတွင်း၌ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ကျပ် ၁၃၀၀ မှ ၁၅၀၀ ဝန်းကျင်အထိ ရရှိခဲ့ပြီး ဂေါ်ဖီ တထုတ် လျှင် ကျပ် ၅၀၀ မှ ၇၀၀ အထိရှိခဲ့သလို အခြားသော အားလူး၊ မုန်ညှင်းထုတ် အစရှိသည့် ဒေသထွက် စိုက်ပျိုး ထွက်ကုန်များ သည်လည်း ၁ ပိဿာလျှင် ကျပ် ၇၀၀ မှ ၁၀၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။ ကုန် သည်နှင့် ပွဲရုံပိုင်ရှင်များက ယခုလို ဈေးနှုန်းများ ကျဆင်းသွားသည်ကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့် နိုင်ငံရေး အခြေ အနေများကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ အဆင်မပြေဟုဆိုကာ အကြောင်းပြချက်ပေးကြောင်း ၎င်းက ဆိုသည်။ အောင်ပန်းဒေသခံ မဖူးငုံကျော်က “ကျမတယောက်တည်းတောင် ခရမ်းချဉ်သီးအမှည့်တွေ လွှင့်ပစ်ရတာဆိုရင် ပိဿာ ကုန် ချိန် ၁ ထောင်လောက်ရှိပြီ။ ကိုဗစ်ကာလ စစတုန်းကမှ သူ့ဈေးလေးနဲ့ သူရောင်း ရသေးတယ်။ အခုကကျတော့ လာဝယ်တဲ့ သူကို မရှိတာ” ဟု ဧရာဝတီသို့ ပြောသည်။

၂၁။ ဒေသတွင်း စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ BGF ၊ DKBA ခေါင်းဆောင်များကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် သွားရောက်တွေ့ဆုံ

August 30, 2021

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအခြေအနေနှင့် ပတ်သက်၍ နယ်ခြား စောင့်တပ်(BGF)နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ခေါင်းဆောင်များက ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် တွေ့ဆုံမှုတစ်ရပ်ကို ဩဂုတ်လ ၃၀ ရက်နေ့ ပြုလုပ်ခဲ့သည်။ BGF အနေဖြင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အချင်း ချင်းကြား လုပ်ဆောင်ရမည့် ပစ်ခတ်တိုက်ခိုက်မှုမျိုး မလုပ် ဆောင်လိုကြောင်းနှင့် ဒေသခံလူထုများအနေဖြင့် အကြောက်မ လွန်ရန် ပြည်သူများ အားရှင်းလင်းချပြရန် အတွက် ရည်ရွယ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာ ဘုန်းကြီးကျောင်း တွင်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတက်ရောက်သူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “BGF တွေ၊ DKBA တွေ၊ KNU တွေကော လက်နက် ကိုင်တယ်ဆိုတာက အမျိုးသားရေးအတွက် လက်နက်ကိုင်တဲ့အကြောင်းတွေကို ရှင်းပြတယ်။ ပြီးတော့ ဒီဒေသမှာ တိုက်ပွဲမ ဖြစ်ဘူးဆိုတာတော့ သူတို့ဘက်က အာမခံပြောတာတော့ မရှိဘူးပေါ့။ တစ်ဖက်ကပစ်ရင်တော့ သူတို့လည်း ပြန်ပစ်ရတာပေါ့။ အဲလိုတွေ ပြောသွားတာတော့ရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ထို့အပြင် BGF အဖွဲ့က ၎င်းတို့သည် ငြိမ်းချမ်းရေးကို သာ လိုချင်ကြောင်းနှင့် ၎င်းတို့အဖွဲ့၏ ဦးတည်ချက်များကို အဓိကထား ပြောဆိုသွားခဲ့သည်ဟုလည်း တွေ့ဆုံပွဲ တက် ရောက်ခဲ့ကြသူ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြောသည်။

ယင်းတွေ့ဆုံမှုတွင် BGF တပ်နယ်(၄)မှ ဗိုလ်မှူးစောမုတ်သုန်၊ BGF (၁၀၂၁)မှ ဗိုလ်မှူးစော ဘီလူး၊ ကျိုက်ဒုံ အခြေစိုက် BGF (၁၀၂၃)မှ ဗိုလ်မှူးစောမူးထူး၊ DKBA မှ ဗျူဟာမှူး ဗိုလ်မှူးဘငြိမ်း၊ DKBA (၉၀၆)မှ ဗိုလ်မှူးဘိဒါး၊ အဇင်းကျေးရွာ အခြေစိုက် ရဲစခန်းမှူးနှင့်အဖွဲ့၊ စစ်ကောင်စီတပ် ဘက်မှ ဗိုလ်မှူးအဆင့်ရှိသူများ အပါအဝင် အင်အား ၂၀၀ခန့်မှာ လက် နက်ကိုယ်စီဖြင့်လာရောက်ရှင်းပြခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၂၂။ ယုဇနကုမ္ပဏီဝင်းရှိ စက်ပစ္စည်း အပိုင်းအစများကို စစ်ကောင်စီ ပြန်လည်ရောင်းချ
30 August 2021

လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက် ထိုနေရာတွင် ကျန်ရှိခဲ့သော စက်ယန္တရားအပိုင်းအစများကို အာဏာသိမ်းစစ်တပ် က ငွေကျပ် သိန်းရာချီဖြင့် ရောင်းချ လိုက်ကြောင်း သိရသည်။ ယုဇနကုမ္ပဏီဝင်း ဖျက်ဆီးခံရပြီးနောက် အဆိုပါနေရာရှိ ပိုင်ဆိုင်မှုများကို ရယူခြင်းမပြုရန် KIO က သတိပေးထုတ်ပြန်ထားသည့်ကြား ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၂၉၇ တပ်ရင်းက သိန်း ၅၀၀ အထက်ဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းက လုပ်ငန်းရှင်တွေကို ရောင်းချလိုက်တယ်လို့သိရတယ်။ အခုဆိုရင် ယုဇနကုမ္ပဏီ ဝင်းမှာ ဘာမှမကျန်တော့ဘူး။ ကုမ္ပဏီဝင်းက မီးရှို့ပျက်စီးပြီး ကျန်ရှိနေသေး သံတိုသံစအကုန်လုံး လေလံယူတဲ့ လုပ်ငန်းရှင်တွေက အကုန်ဖြုတ်ပုံထားပြီး သယ်ယူနေကြတယ်။ အခုဆိုဘာမှ မကျန်တော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အမည်မဖော် လိုသော ဒေသခံတစ်ဦးပြောဆိုချက်အရ စက်ပစ္စည်းအပိုင်းအစ လာရောက်ဝယ်ယူသော လုပ်ငန်းရှင်များတွင် နေပြည်တော်မှ လာရောက်သူအချို့ပါဝင်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့်မေလက ယုဇနကုမ္ပဏီဝင်းကို KIA က မီးရှို့ဖျက်ဆီးလိုက်ပြီးနောက် ထိုနေရာတွင် သံတိုသံစ သွားကောက် သော ရှဒူးဇွပ်ဒေသခံပြည်သူများကို ခလရ ၂၉၇ တပ်ရင်းက ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် KIO က စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီကို ဖျက်ဆီး ရှင်းလင်းခဲ့သည်။

၂၃။ ခွင့်ပြုချက်မရသဖြင့် ဒါးလက်ချောင်းအုပ်စုတွင် စားနပ်ရိက္ခာများထောက်ပံ့မည့်အစီအစဉ်ကို ရပ်နားလိုက်ကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့ပြော

Aug 30, 2021

ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများကူညီထောက်ပံ့ပေးရန် ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့ပေးမည့် အစီအစဉ်အား ရက်အသန့်အသတ်မရှိ ရပ်နား လိုက်ရကြောင်း မေတ္တာရှင်ပရဟိတအဖွဲ့က ပြောသည်။ အဆိုပါပရဟိတအဖွဲ့သည် သြဂုတ်လ ၂၇ ရက်နေ့က ဒါးလက်ချောင်း အုပ်စုမှ စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် ချင်းတိုင်းရင်းသား အိမ်ထောင်စု(၂၀၀)ကျော်အတွက် ဆန်၊ ဆား၊ ငပိ၊ အချိုမုန့်များကိုကူညီထောက်ပံ့ရန်သွားရာတွင် အမ်းမြို့နယ်ရှိ ခမရ(၃၇၃)တပ်ရင်း စစ်ဆေးရေးဂိတ်၌ တားမြစ်ခံခဲ့ရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းဘေးတွင်ရှိသည့် (၃၇၃)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ရမှ သွားရမည်ဖြစ်ကြောင်း တားမြစ်စဉ်က ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းနေ့မှစပြီး မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ယနေ့သြဂုတ် ၃၀ ရက်နေ့အထိ ခွင့်ပြုချက်မရသဖြင့် ထောက်ပံ့မည့်အစီအစဉ်အား ရပ်နားလိုက်ရခြင်း ဖြစ်သည်ဟု မေတ္တာရှင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးဝင်းက DMG ကိုပြောသည်။ “ကျနော်တို့သွားပြီးတွေ့ပေမယ့် မြို့နယ် အုပ်ချုပ်ရေးမှူးဆီက ခွင့်ပြုချက်လုံးဝမရဘူး။ စာလည်းတင်ထားပြီးပြီဖြစ်တယ်။ နယ်လုံဝန်ကြီးခွင့်ပြုချက်လိုအပ်တယ်ပြော ပြီး လွှတ်လိုက်တယ်။ ကျနော်တို့မြင်တာက ဘော်လီဘောပုတ်နေတယ်လို့မြင်တယ်။ ဟိုဘက်ကလူက ဒီဘက်ကိုထိုးချတယ်၊ ဒီဘက်ကလူလည်း ဟိုဘက်ကိုထိုးချတယ်လို့မြင်တယ်” ဟု သူကဆိုသည်။

ကိုဗစ်ကာလတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် လက်လုပ်လက်စားဒေသခံများကို ကူညီထောက်ပံ့ရန်လာသည့် ပရဟိတအဖွဲ့များကို တားဆီးပိတ်ပင်ခြင်းများပြုလုပ်နေခြင်းသည် ဒေသခံများအတွက် စားဝတ်နေရေးအခက်အခဲ ပို၍ကြုံ တွေ့စေကြောင်း ဒါးလက်ချောင်းအုပ်စုမှ လုံခြုံရေးအရအမည်မဖာ်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ ဒါးလက်အုပ်စုမ ှဒေသခံများသည် တောတောင်များကို အဓိကမှီခိုပြီးလုပ်ကိုင်စားသောက်နေကြသော်လည်း လက်ရှိတွင် တိုက်ပွဲအကျိုးဆက် ကြောင့် မိုင်းထိမှန်မှုကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများရှိနေသည့်အတွက် တောတောင်များကိုမသွားရဲတော့ဘဲ စိုးရိမ်မှုများရှိနေ ကြခြင်းဖြစ်သည်။

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

 

** ပြီး **