• Today is: Friday, March 29, 2024

နေ့စဉ်တိုင်းရင်းသတင်းများစုဆောင်းတင်ပြခြင်း

(No. 127 , September 10, 2021)

 

၁။ လာရှိုးမြို့ ရှိ NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ အိမ် စစ်ကောင်စီလာရောက်စစ်ဆေး
September 9, 2021

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ ရှိ အမျိုးသားညီညွတ်ရေး အစိုးရ( NUG ) ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ နေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ လာရောက်ရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာ (၇) ရက်နေ့က ည (၁၁) နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့များ ကား(၅) စီးဖြင့် ဒူဝါလရှီးလ နေအိမ်ကို လာရောက်စစ်ဆေးခဲ့ကြောင်း လာရှိုးမြို့ ဒေသခံတဦးက ပြောသည်။ ထိုသို့ သွားရောက်စစ်ဆေးရာတွင် နေအိမ်တွင် တံခါးဖွင့်ပေးခြင်းမရှိသောကြောင့် ခြံခုန်ကျော်ပြီး အထဲသို့ ဝင်ရောက်သွားကြောင်းသိရသည်။ “ ည အချိန်မှာလာစစ်ကြတာ။ အိမ်းဝင်းတံခါးကို မဖွင့်ပေးလို့ ဘေးခြံနဲ့ နောက်ခြံကနေ ကျော်ဝင်သွားတယ်။ မေးမြန်နေတာတော့တွေ့ရတယ်။ ခေါ်သွား မသွားတော့ ကျနော်တို့ မသိရတော့ဘူး” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

ထိုသို့ လာရောက်စစ်ဆေးရာတွင် အိမ်စီးကား (၅) စီးနှင့် အတူ စစ်သားများ၊ ရဲများ၊ အုပ်ချုပ်ရေးမှူးများ အတူလာရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။“ ရဲတွေ၊ စစ်သားတွေကောပါတယ်။ သေနတ်တွေနဲ့ လည်းပါတယ်။ အိမ်ကတံခါးတွေ မဖွင့်ပေး လို့ ဘေးက ကျော်ဝင်သွားသေးတယ်။ အဲမှာ လူ ၂ ယောက်ထွက်လာတာ။ သူတို့မြို့တော်ခန်းမကို ခေါ်သွားမယ်ထင်တယ်။ သေချာတော့မသိရဘူးလေ။ ညအချိန်ဆိုတော့ မတွေ့ရဘူးလေ”ဟု မျက်မြင်တွေ့သူက ပြောသည်။ လာရှိုးမြို့ရှိ ဒူဝါလရှီးလ ၏အိမ်ကို လက်ရှိအချိန်မှာ အိမ်စောင့်အနေဖြင့် အမျိုးများက လာရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ထိုနေအိမ်တွင် လူနေထိုင်မှုရှိကြောင်း၊ မရှိကြောင်းကို မသိရှိရကြောင်း အိမ်နီးချင်နေထိုင်သူက ပြောသည်။ ထိုအပြင် ဒူဝါလရှီးလ ၏ အိမ်ပတ်ဝန်းကျင်တွင် အရပ်ဝတ်နှင့်သူများ ပတ်ပတ်လည်စောင့်ကြည့်နေမှုရှိကြောင်း သိရသည်။ စက်တင်ဘာ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ စစ်ကောင်စီတပ်ဖွဲ့ကို အပြီးတိုင်ချေမှုန့်ရန်အတွက် မိန့်ခွန် ပြောကြား ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက ဒူဝါလရှီးလ၏ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

၂။ KNLA တိုက်ပွဲသတင်းများ အွန်လိုင်းပေါ် အလျင်စလို မတင်ရန် ဗဟို ပြန်ကြားရေးက မေတ္တာရပ်ခံ
September 9, 2021

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် စစ်ကောင်စီ တပ်စခန်းများအား KNLA မှ တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက ပြည်သူများအနေဖြင့် online ပေါ်၌ အလျင်စလို မတင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ပြန်ကြားရေးဗဟိုမှ မေတ္တာရပ်ခံ စာတစ်စောင်ထုတ်ပြန် လိုက်သည်။ အဆိုပါ ထုတ်ပြန်စာအား ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဗဟိုဌာန page စာမျက်နှာမှာ မွန်းလွဲ ၂ နာရီ ခန့်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြည်သူသို့ မေတ္တာရပ်ခံစာတွင် ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်း သိမ်းယူပြီးသည့် နောက်၌ဖြစ်စေ စစ်ရေးအစီအစဉ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဆက်လက်လုပ်ဆောင် ရမည့်အရာများရှိနေသည့် အတွက်ကြောင့် ယခုလို မေတ္တာရပ်ခံခြင်းဖြစ်သည်။

ထို့အပြင် စစ်ရေးလှုပ်ရှားမှု အကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာ သက်ရောက်ပြီး စစ်မြေပြင်၌ ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဉ်ကို ထိခိုက်မှုရှိနိုင်ကြောင်း ဗဟိုပြန်ကြားရေးက ပြောသည်။ ပုံမှန်အားဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်အုပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဉ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်းနှင့် စစ်ကူတပ်ဖွဲ့များ စေလွတ်ခြင်း များကို ပြုလုပ်လျက် ရှိသည်ဟု မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချ သော နေရာသို့ ပြန်လည်ရောက်ရှိသောအချိန်မှသာလျင် online ပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံကြောင်း KNU ဗဟိုမှ ပြည်သူများသို့ မေတ္တာရပ်ခံလိုက်ခြင်းဖြစ်သည်။

၃။ တနိုင်း ရှင်ဗွေယန်လမ်းမပေါ် စစ်ကောင်စီ မိုင်းခွဲတိုက်ခိုက်ခံရ
8 September 2021

တနိုင်း-ရှင်ဗွေယန်သွားလမ် လဂျားဘွမ့်အနီးတွင်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံ ရပြီး သေဆုံးသူရှိကြောင်း သိရသည်။ ရှိန်လုံကျေးရွားတွင်ရောက်ရှိနေသော စစ်ကောင်စီ တပ်သည် လဂျာဘွမ့် ဘက်သို့ ထွက် လာစဉ် ၈ နာရီခန့်တွင် အဝေးထိန်း မိုင်းဖြင့် တစ်ကြိမ်တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“အပြန်လှန်တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဗမာစစ်သားတွေက လဂျာဘွမ့်ဘက်ကို တက်လာတယ်။ KIA က စောင့်ပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်မှုတွေက အသေးစိတ်မသိရသေးဘူး။ ထိခိုက်မှုကရှိနိုင်တယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေက အပြန်အလှန်တိုက်ပွဲပြင်းထန်ဖို့ရှိတယ်။ အပြန်အလှန်စောင့်ကြည့်နေတဲ့အနေအထားမှာရှိတယ်”ဟု ပြောဆို သည်။ လက်ရှိတွင် အာဏာသိမ်းစစ်တပ်အဖွဲ့နှင့် KIA တို့ လဂျားဘွမ့်အနီးတဝိုက် မီတာ ၁ ထောင်ခန့်အကွာတွင် အပြန်အ လှန် စောင့်ကြည့်နေသည့် အခြေအနေဖြစ်နေပြီး နေ့လည် ၁၂ နာရီ အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း သူက ဆိုသည်။

လဂျာဘွမ့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးရန် ပြင်ဆင်နေ ကြောင်း သိရသည်။

၄။ တိုက်ပွဲကြောင့် ဒီးမော့ဆိုမှ အရပ်သားနေအိမ် ၆ လုံး ပျက်စီး
8 September 2021

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် စံပြ ၆ မိုင် ကျေးရွာနှင့် ၅ မိုင်ကျေးရွာ အတွင်းမှ ဒေသခံများ၏ နေအိမ် ၆ လုံး ပျက်စီးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာ ကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သည် စက်တင်ဘာ ၇ ရက် နေ့လယ် ၃ နာရီမှ စတင်၍ ဒီးမော့ဆိုမြို့နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ပျက်စီးသွားသည့် နေအိမ် ၆ လုံးအနက် စံပြ ၆ မိုင် ကျေးရွာမှ အိမ် ၄ လုံးသည် မီးလောင် ပျက်စီးသွားခြင်းဖြစ်ပြီး ၅ မိုင် ကျေးရွာမှ အိမ် ၂ လုံးသည် လက်နက်ကြီးကျည်များ ထိမှန်ကာ ပျက်စီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စံပြ ၆ မိုင် ကျေးရွာအနီး နေထိုင်သည့် ဒေသခံတဦးက “မနေ့က တိုက်ပွဲ တော်တော်ဖြစ်ပါတယ်။ ၄၂၇ နဲ့ ၁၀၂ တပ် က လက်နက် ကြီးတွေနဲ့ထုလို့ ဒီးမော့ဆိုက ပြည်သူတွေ ထွက်ပြေးရတာပါ။ ထွက်ပြေးတဲ့ထဲမှာ ဆိုင်ကယ်နဲ့ ကားနဲ့ ချိတ်မိပြီး ၈ နှစ် သမီး တဦး သေဆုံးပါတယ်။ ၆ မိုင်ရွာမှာလည်း မီးလောင်ပါတယ်။ မနက်ကထိ လောင်နေတာ အခုတော့ ငြိမ်းသွားပါပြီ။ ဒေါပိုးစီ ဘုန်းကြီးကျောင်းမှာ တပ်က တပ်စွဲထားတယ်။ လက်နက်ကြီး၊ လက်နက်ငယ် လှမ်း ထုတော့ ၆ မိုင် အိမ်တွေပေါ် ကျတယ်။ မီးက တော်တော်လောင်နေတာပါ။ အခုကတော့ ရွာမှာ ကျန်တဲ့သူတွေ ငြှိမ်းလို့ ငြိမ်းသွားပါပြီ” ဟု ပြောသည်။

နေအိမ်များ ပျက်စီးရခြင်းမှာ စစ်ကောင်စီဘက်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာတွင်း ကျည် များ ကျပေါက်ကွဲကာ မီးလောင်ရခြင်းဖြစ်သည်ဟု ဒေသခံတချို့ကပြောပြီး တချို့ကလည်း စစ်ကောင်စီတပ်များ ရွာတွင်း ဝင်ရောက် ကာ မီးရှို့ခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။ KNDF ၏ သတင်းနှင့်ပြန်ကြားရေးက စံပြ ၆ မိုင်ကျေးရွာအတွင်း အရပ်သားနေအိမ်များ မီးလောင်ပျက်စီးရခြင်းမှာ စစ်ကောင်စီဘက်က ဝင်ရောက်မီးရှို့ခြင်းကြောင့် လောင်ရခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ၏ စာရင်းအရ မေလမှ ယခုအချိန်ထိ တိုက်ပွဲ များကြောင့် ကယားပြည်နယ်တွင်း အရပ်သားဦးရေ ၁ သိန်းခွဲခန့် စစ်ဘေးရှောင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။ ကယား ပြည်နယ်သည် ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းအရ လူဦးရေ ၂၈၀,၀၀၀ ဝန်းကျင်သာ ရှိသည့် ပြည်နယ်တခု ဖြစ်သည်။

၅။ စစ်တပ်လက်နက်ကြီးကြောင့် ဟားခါးက နေအိမ်အချို့ ပျက်စီး
September 9, 2021

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှာ စက်တင်ဘာလ ၉ ရက် မနက်အစော (၁) နာရီဝန်းကျင်ခန့် က အာဏာသိမ်းစစ် ကောင်စီဘက်မှ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကြောင့် လူနေအိမ်အချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ချင်းကာကွယ်ရေးအဖွဲ့ ဟားခါး (CDF) နဲ့ စစ်ကောင်စီတို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တာ ကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြော ပါတယ်။ ဒီနေ့ ဖြစ်ခဲ့ တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာ ၇ ရက်နေ့ ညပိုင်းကလည်း ဟားခါးမြို့ (CDF) အဖွဲ့နဲ့ စစ်ကောင်စီအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ခြောက်လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၄ ရက်နေ့ ညပိုင်းကလည်း ဟားခါးမြို့က စစ်ကောင်စီလက်အောက်ခံ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံးနားမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လူနေရပ်ကွက်တွေထဲကို လက်နက်ကြီးနဲပစ်ခတ်ခဲ့တဲ့ကိစ္စအပေါ် စစ်ကောင်စီဘက်က တစ်စုံတရာထုတ်ပြန်ကြေညာတာ မရှိ သေးသလို စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က နှစ်ကြိမ်တိုင် ဖုန်းခေါ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရပါဘူး။

၆။ မိုင်းရယ်မြို့နယ်တွင်း လူငယ်များထံ သေနတ် ၉ လက်နှင့် ကျည်များသိမ်းဆည်းရမိ
September 9, 2021

သျှမ်းပြည် မြောက်ပိုင်း လားရှိုးခရိုင် မိုးရယ်မြို့နယ်တွင် လူငယ်(၃)ဦးထံ သေနတ် ၉ လက်နှင့် ကျည်ဆန်များသိမ်းဆည်းရမိ ကြောင်း စုံစမ်းသိရသည်။

(စက်တင်ဘာ ၈ ရက်) နေလယ် ၂ နာရီကျော် တွင် မိုင်းရယ်မြို့ရဲစခန်းမှ ရဲအုပ် အပါအဝင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (မိုင်းရယ်) နှင့် ပူးပေါင်းအဖွဲ့များသည် မိုင်းရယ်မြို့နယ်၊ ဟိုယ ကျေးရွာနှင့် နမ္မတုံးကျေးရွာကြား ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မိုင်းရယ်မြို့နယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ်၊ 1J-1547 (Crown Athlete) အဖြူ ရောင်ယာဉ်အား ရပ်တန်းစစ်ဆေးရာ ယာဉ် ၏ နောက်ခုံကျောမှီအတွင်း သိုဝှက်ထည့်သွင်းသယ်ဆောင်လာသည့် သေနတ် ၉ လက်နှင့် ကျည်မျိုးစုံ ၅၉ တောင့်အား ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းရယ်မြို့ ရဲစခန်းမှ စခန်းမှူး က သျှမ်းသံတော်ဆင့်ကို ပြော သည်။“ကျနော်တို့ မူးယစ်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့က မိုင်းရယ်မြို့နယ်နဲ့ ၁၁ မိုင်ခန့်ဝေးတဲ့နေရာမှာ စစ်ဆေးမှုတွေ ပြလုပ် နေတဲ့ချိန် တောင်ဖက်ကနေ မြောက်ဖက်ကို မောင်းနှင်လာတဲ့ ကားစတစ်စီးကို စစ်ဆေးမိတော့ သေနတ်တွေ တွေ့ရတောပေါ့၊ တရားခံကိုလည်း ဖမ်းဆီးရမိပါတယ်၊ ကျား ၂ယောက် မတစ်ယောက်ပါ” ဟု မိုင်းရယ်မြို့နယ် ရဲစခန်းမှ စခန်းမှူးက သျှမ်းသံ တော်ဆင့်ကို ပြောသည်။

အဆိုပါ ယာဉ်မောင်းနှင်လာသူသည် မူဆယ်မြိုနေ စိုင်းလင်းအောင်ခိုင် ဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူ နန်းမိုအေး နှင့် နမ့်ခမ်းမြို့နေ စိုင်းစိုးမိုးအောင်တို့က အတူလိုက်ပါလာကြောင်း နှင့် လက်ရှိတွင် တရားမဝင် လက်နက် ဥပဒေ သျှမ်းလက်နက် ပုဒ်မ (၁၂) အရ မိုင်းရယ်မြို့ မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထား ကြောင်းလည်း စခန်းမှူးက သျှမ်းသံတော်ဆင့်ကို ပြော သည်။“သူတို့စီက သေနတ်တို၊ သေနတ်ရှည် အမျိုးအစား မတူတဲ့ သေနတ် ၉ လက်နဲ့ ကျည်တောင့်မျိုးစုံ ၅၉ တောင့်ကို စစ်ဆေးဖမ်းမိပါတယ်၊ တရားမဝင် လက်နက်တွေကို သယ်ဆောင်တယ်၊ လက်ဝယ်ထားရှိတဲ့ အတွက်ကြောင့် သျှမ်းလက်နက် ပုဒ်မ (၁၂) အရ သူတို့ကို အမှုဖွင့် အရေးယူထားပါတယ်၊ မိုင်းရယ် မြို့မ ရဲစခန်းမှာပဲ” ဟု စခန်းမှူးက ပြောသည်။

၇။ စစ်တွေမှာ ဆရာတော် ဦးဥတ္တမ အခမ်းအနား အကန့်အသတ်နဲ့ ကျင်းပ
September 9, 2021

ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ ဆရာတော် ဦးဥတ္တမပျံလွန်တော်မူတဲ့ ၈၂ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် လူအကန့် အသတ်နဲ့ ကျင်းပနေပါတယ်။ ဒေသတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ၊ သေဆုံးမှုတွေ ရှိနေသေးတာကြောင့် လူစုလူဝေးတွေ မလုပ်ဖို့ ကိုဗစ်စည်းကမ်းချက်တွေ လည်း ရှိနေသေးတာပါ။ ဒါကြောင့် အောက်မေ့ဖွယ်အခမ်းအနားကို အရင်နှစ်တွေကလို စည်စည်ကားကား ကျင်းပလို့မရဘဲ တစ်ဦးတစ်ယောက်ချင်းအပြင် လူအစုအဖွဲ့ အနည်းငယ်စီနဲ့ လာရောက်ဂါရဝပြုနေကြရတယ်လို့ ပန်းခွေဆက်ကပ် ပူဇော်နေကြ တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဆရာတော်ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန် ဖို့ စတင်ကြိုးပမ်းခဲ့တဲ့ ပုဂ္ဂိုလ်အဖြစ် ထင်ရှားပါတယ်။ ဆရာတော်ဟာ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောကြားမှုကြောင့် အကြိမ်ကြိမ်ထောင်ချခံခဲ့ရပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့တာ ဒီနေ့ဆိုရင် ၈၂ နှစ်မြောက်ရှိခဲ့ပြီ လည်းဖြစ်ပါတယ်။

အရင်နှစ်တွေကဆိုရင် ဆရာတော်ဦးဥတ္တမ အောက်မေ့ဖွယ်အခမ်းအနားကို ရခိုင်ပြည်နယ်နဲ့ ရန်ကုန်မြို့တွေမှာ စည်းစည်း ကားကားကျင်းပခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်ကူးစက်မှုရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစလို့ အခုလို အကန့်အသတ်တွေနဲ့ ကျင်းပနေတာဖြစ်ပါတယ်။

၈။ ဖယ်ခုံတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သား ၂ ဦးကို စစ်ကောင်စီ ပစ်ခတ်၍ ခေါ်ဆောင်သွား
9 September 2021

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံ- ပင်လောင်း ကားလမ်းမပေါ်တွင် ဆိုင်ကယ်စီး၍ သွားလာ နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်များက ပစ်ခတ်၍ စစ်ကားပေါ်သယ်ဆောင်သွားသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက်၊ မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ် (PDF) တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားထားချိန် ဖယ်ခုံမြို့ဘက်မှ ဖယ်ခုံ- ပင်လောင်း ကားလမ်းအတိုင်း ဆိုင်ကယ် မောင်းနှင်လာသည့် အမျိုး သားနှစ်ဦးကို တားဆီးရာ မရပ်သဖြင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့သည့် ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်များ က ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာသည် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံ-ပင်လောင်း ကားလမ်းမ အနီး ကုန်းစုံကျေးရွာနှင့် ပူချယ် ကျေးရွာကြားတွင် ဖြစ်သည်။

ဒေသခံတဦးက “တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ မသိဘဲ လာတာ ထင်တယ်။ ဒီလမ်းမကြီးက ပင်လောင်းဘက်ကို တတ်တဲ့ လမ်းမို့လို့ အမြဲ ကားတွေ ဆိုင်ကယ်တွေနဲ့ ဖြတ်သွားနေကြတာပဲလေ။ မနေ့က စစ်ကားက ၄ စီး၊ ၅ စီး လောက်ရှိတယ်။ တစီးက မိုင်းထိတယ်။ ပစ်ကြခတ်ကြ ဆူညံနေပြီး အဲဒီ ဆိုင်ကယ်က ဖြတ်လာတာ ပစ်ခတ်ခံရတာ။ ဆိုင်ကယ်ရော လူရော မရှိ တော့ဘူး။ စစ်သားတွေ ခေါ်သွားတာပဲ။ ရွာထဲမြင်တဲ့ သူတွေ ရှိတယ်”ဟု ပြောသည်။ ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီတပ် များသည် စက်တင်ဘာ ၈ ရက်၊ မနက်ပိုင်းက စစ်ကား ၅ စီးဖြင့် ကင်းလှည့်ခြင်းများပြုလုပ်ရာ မြို့ပြင်၊ ဖယ်ခုံ-ပင်လောင်း ကားလမ်း၊ ကုန်းစုံကျေးရွာအနီးတွင် စစ်ကားများကို ဖယ်ခုံ PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကို ဆန့်ကျင်၍ တော်လှန်ရေး လုပ်ကိုင်နေသည့် ဒေသခံ အမျိုးသမီးတဦးကလည်း “မနေ့က ပစ်ခံရတာ ကျမတို့ အဖွဲ့ဝင် မဟုတ်ဘူး။ သူတို့က တခြားကျေးရွာတွေက ခရီးသွားတွေ ဖြစ်နိုင်တယ်။ ကျမတို့လည်း ဖယ်ခုံမြို့ပေါ် ရပ်ကွက်တွေ ကိုလည်း လိုက်စုံစမ်းတယ်။ အဲဒီလို လူငယ်တွေ ကလေးတွေ ပျောက်တာ မရှိဘူး။ ကျမတို့ တခြား ကျေးရွာတွေကိုလည်း တောက်လျှောက် လိုက်စုံစမ်းနေပါတယ်”ဟု ပြောသည်။ ဖယ်ခုံ- ပင်လောင်း ကားလမ်းမသည် လွိုင်ကော်-တောင်ကြီး အဝေး ပြေး ကားလမ်းမကြီး၏လမ်းပိုင်း ဖြစ်သဖြင့် ဖယ်ခုံမြို့နယ်တွင်းမှ ဒေသခံများသာမက မြို့နယ်အသီးသီးမှ ဒေသခံများသည် လည်း ခရီးသွားလာရာ၌ အသုံးပြုကြသဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားနှစ်ဦးသည် အခြားရပ်ရွာများမှလည်း ဖြစ်နိုင်သည် ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

၉။ ဖာပွန်ခရိုင်၌ စစ်တပ်က ကရင်ရွာသားအချို့ကိုသတ်ဖြတ်ပြီး ရိက္ခာနှင့်အဖိုးတန်ပစ္စည်းများကို ခိုးယူ
9 September, 2021

ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း၊ မဲဝိုင်တိုက်နယ်ရှိ ကျေးရွာတချို့ကို စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ က ဝင်ရောက်ပြီး အနည်းဆုံး ရွာသား ၁ ဦးကို သတ်ဖြတ်ကာ ကရင်ရွာသားတွေရဲ့ နေအိမ်တွေမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ စားနပ်ရိက္ခာတွေ ခိုးယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ ၄၀၄ နဲ့ ခလရ ၉၇ တပ်တွေက မဲဝိုင်တိုက်နယ်ရှိ ကတီခီး၊ ခေါးဖိုးခီး စတဲ့ ကျေးရွာ ၃ ရွာကို ထိုးစစ်ဆင်ဝင်လာရောက်လာပြီး စက်တင်ဘာ ၃ ရက်မှ ၇ ရက်အထိ ၅ ရက်ကြာ တပ်စွဲနေတာကြောင့် ဒေသခံ ကရင်ပြည်သူတွေ ရွာထဲကနေ တိမ်းရှောင်ထွက်ပြေးကြရတာပါ။ ခုလိုရွာသားတွေ ထွက်ပြေးသွားတာကို အခွင့်ကောင်း ယူပြီး စစ်ကောင်စီတပ်တွေက ရွာတွင်းမွေးမြူထားတဲ့ အိမ်မွေးကြက်၊ ဝက် ဘဲ၊ ဆိတ်၊ နွားအစရှိ တိရစ္ဆာန်တွေနဲ့ စားနပ်ရိက္ခာ ဆန်တွေသာမက အိမ်တွင်းအဖိုးတန်ပစ္စည်းတွေပါ ခိုးယူသွားတာလို့ ဒေသခံ ရွာသားက ပြောပါတယ်။

ဒါ့အပြင် ရွာသား ၁ ဦးကိုလည်း စစ်တပ်ကသတ်သွားကာ အိမ်နဲ့မနီးမဝေး နေရာမှာ မြှုပ်နှံထားခဲ့ပြီး ရွာသားတချို့လည်း ပျောက်ဆုံးနေပါတယ်။ စစ်ကောင်စီက ခုလို ထိုးစစ်ဆင်နေတာကို ကရင်ပြည်သူလူထုက လက်မခံနိုင်ကြောင်းနဲ့ အခုလို ထိုးစစ်ဆင်တာကို ချက်ချင်းရပ်တန့်ဖို့ရွာသားတွေက တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်ကလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာ အကြမ်းဖက်စစ်တပ်က ထိုးစစ်တိုက်ခိုက်ပြီး ရွာသားတွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ အမျိုးသမီးတွေ ကို အဓမ္မပြုကျင့် သတ်ဖြတ်တာရှိခဲ့ဖူးပါတယ်။

၁၀။ ကရင်နီပြည်က စစ်ကောင်စီတပ်ရင်းတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်ဖြစ်နိုင်ကြောင်း KNDF ဆို
September 09, 2021

ကရင်နီပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ အချိန်နောက်မကျခင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နဲ့ အမြန်ဆုံး လာရောက်ပူးပေါင်းပေးဖို့ ဖိတ်ခေါ်တဲ့စာကို စက်တင်ဘာ (၈) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလို ဖိတ်ခေါ်တာ နောက်ဆုံးအကြိမ်လည်းဖြစ်နိုင်တယ်လို့ KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ”အဓိက ဒါက နောက်ဆုံးဖိတ်ခေါ်တဲ့စာလည်း ဖြစ်နိုင်တယ်။ ရေးထားတဲ့အတိုင်းမျိုးပေါ့။ ကျနော်တို့နယ်မြေခံတွေ အခု ကျနော်တို့ပြည်နယ် ကို ရောက်နေတဲ့ ရဲတွေ စစ်တပ်တွေ လူထုနဲ့ပူးပေါင်းဖို့ အချိန် နောက်မကျသေးဘူး။ အဲ့တာကြောင့် အမြန်ဆုံး ပြန်လာပူး ပေါင်းဖို့ ကျနော်တို့ကနေ ကြိုဆိုတဲ့စာကိုလေ ကျနော်တို့အထဲမှာ ရေးထားတဲ့အတိုင်းပါပဲ။ ပူးပေါင်းခဲ့ရင်တော့ ကျနော်တို့ ထိုက်သင့်လျောက်ပတ်တဲ့ ဆုကြေးငွေ လုံခြုံတဲ့နေရာထားပေးဖို့ ကျနော်တို့ အားလုံးစီစဥ်ပြီးသား စီစဉ်ပြီးပြီဖြစ်တယ်ပေါ့။“

ကရင်နီပြည်နယ်မှာဆိုရင် တိုက်ပွဲဖြစ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပြီး စစ်သားတွေ၊ ရဲတွေ မုန်းလို့ တိုက်နေတာမဟုတ်သလို NLD အတွက်၊ တိုင်းရင်းသားပါတီတွေ အာဏာရရေးအတွက် တိုက်နေတာမဟုတ်ကြောင်း ပါရှိပါတယ်။ တိုင်းပြည်အပေါ် နှစ်ပေါင်း ၆၀ ကျော် လက်နက်အားကိုး ဗိုလ်ကျပြီး ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်နေတဲ့ စစ်ဗိုလ်တစ်စုနဲ့ အပေါင်းအပါတွေကို တော်လှန်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီး ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ဖို့အတွက် တော်လှန်နေကြချိန်မှာ အမြန် ဆုံးပြီးမြောက်အောင် မြင်ဖို့အတွက် အဖိနှိပ်ခံ ပြည်သူတွေဖက် ရပ်တည်ပေးဖို့လည်း ပါရှိပါတယ်။ ကရင်နီပြည်နယ်မှာ တိုက်ပွဲ တွေ ဆက်လက်ပြင်းထန်ဖို့ရှိပြီး အခုရက်ပိုင်းအတွင်းမှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

၁၁။ ထန်တလန်မြို့တွင် ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးဟုဆို
September 10, 2021

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန် နေ့ မွန်းလွှဲပိုင်း ၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

“သူတို့ ၁ နာရီလောက်ကစတာ အခုလည်းပြန်ပစ်နေပြန်ပြီ အပြင်ထွက်လို့လည်းမရဘူး။ CB ဘဏ်အရှေ့ ထန်တလန် မြို့မဈေးလမ်းမကြီး မြို့လယ်ပေါ်မှာ အဲဒီမှာ စစ်သား (၂) ဦး သေဆုံးတယ်။ အိမ်လည်း တော်တော်များများပျက်တယ်။ စစ်သားတွေက သူတို့လက်နက်ကြီးနဲ့ သူတို့ မြို့ပေါ်မှာ အဲလိုရမ်းပစ်တဲ့အခါကျတော့” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထန်တလန်မြို့တွင်းပစ်ခတ်မှုကြောင့် လူနေအိမ်များ ကျည်ထိပျက်စီးမှုရှိပြီး လူနေအိမ်တစ်လုံးလည်း မီးလောင်နေသည်ဟု သိရသည်။

၁၂။ AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ပြောခြင်းသည် ဒေသ တွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးရန်ကြိုးပမ်းခြင်းဟု AA တုန့်ပြန်
September 9, 2021

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်ကခေါ်ယူပြီး AA ၏ အုပ်ချုပ်ရေး ကိစ္စ များ ကိုလက်မခံရန်ပြောကြားခြင်းမှာ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်စီးရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။“ကျောက်တော်မှာရှိတဲ့ မွတ်ဆလင်ရွာ သူကြီးတွေကို မြန်မာစစ်တပ်ကခေါ်ယူပြီးတော့ AA ရဲ့အုပ်ချုပ်ရေးကိစ္စကို လက်မခံဖို့၊ နောက်ပြီးတော့ မှုခင်းတွေဖြစ်ရင် ULA/AA ကိုမတိုင်ဖို့ ပြောဆိုတယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါဟာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကို မြန်မာစစ်တပ် ကနှောင့်ယှက်ဖျက်စီးဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကိုကန့်ကွက်ရှုတ်ချပါတယ်။ တဖက်က ပြောရမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်ဖို့ကြိုးစားတာဖြစ်တယ်။ ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများပေးပါက လက်မခံကြရန် စက်တင်ဘာ ၆ ရက်နေ့က စစ်တပ်ကခေါ်ယူပြောကြားခဲ့ကြောင်း သိရ သည်။ အဆိုပါ မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို ခမရ(၃၇၅)တပ်ရင်း အစည်းအဝေးခန်းမသို့ခေါ်ယူကာ စကစ(၉) တပ်ရင်းမှ တာဝန်ရှိသူများက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက DMG သို့ ပြောဆိုထားသည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ရခိုင်ပြည်အတွင်းဖြစ်ပွားသည့်အမှုကိစ္စများကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင် ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်တပ်က ပြော ကြားလာခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြီး AA နှင့်ပတ်သက်သည့်ကိစ္စများရပ်များကို သတင်းပေးရန် ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။

၁၃။ ဘောလခဲတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
10 September, 2021

ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာနီး စက်တင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက် ကြီးနဲ့ပစ်ခတ်မှုကြောင့် နှမ်းခုတ်နေတဲ့ အရပ်သား အမျိုးသမီး ၁ ဦး ကျဉ်ထိမှန် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူ ၄ ဦးထဲက ၁ ဦးမှာ ဒဏ်ရာပြင်ထန်နေကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က သတင်းထုတ် ပြန်ထားပါတယ်။ မနေ့ညကလည်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းနဲ့ ဒီးမော့ဆိုအခြေစိုက်တပ်ရင်းတွေကနေ လက်ကြီး၊ လက်နက် ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ငွေတောင်ကျေးရွာနဲ့ ဒီးမော့ဆိုရပ်ကွက်တွေထဲမှာ လက်နက်ကြီးကျည် ကျရောက်ပေါက် ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ဒီးမော့ဆိုကျေးရွာအုပ်တွေမှာ တပ်တွေဖြန့်ထားသလို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲ မရှိသေးဘူးလို့ KNDF က ထုတ်ပြန်ထားပါတယ်။

၁၄။ NUG ၏ အရေးပေါ်ကြေငြာချက်ကို ပြန်လည်ရုပ်သိမ်းရန် KNU ဒူးပလာယာခရိုင် ဥက္ကဌ မေတ္တာရပ်ခံ
September 8, 2021

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် အရေးပေါ် ကြေငြာချက် နှင့်ပတ်သက်ပြီး ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း က ထိုနေ့တွင်ပင် မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။

NUG ကြေငြာချက်သည် စစ်ကြေငြာလိုက်သည့် အသွင်ဆောင်ခြင်းဖြစ်သောကြောင့် လွန်စွာထိတ်လန့်စိုးရွံ့မိကြောင်းနှင့် ပြည်သူများကို စစ်ပွဲဒုက္ခများနှင့် ထပ်မံမကြုံတွေ့စေလိုခြင်းကြောင့် ယခုလို စာပေးပို့လိုက်ရခြင်းဖြစ်သည်ဟု ပဒိုစောရွှေမောင်း က ယခုလိုပြောသည်။ ၎င်းက “အခု သူတို့(NUG)လုပ်နေတာက အရင်ကျနော်တို့ ကြုံတွေ့ခဲ့ရသလို ပုံစံမျိုးထပ်မကြုံတွေ့ စေချင်တော့ ဘူး။ အကောင်းဆုံးက နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာ ဖြေရှင်းကြတာက အကောင်းဆုံးပဲလို့ မြင်တဲ့အတွက် ကျနော့်သဘောထားကို ကျနော်ထုတ်ပြန်လိုက်တာပဲ။ ကျနော်တို့ KNU ကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောထားရှိထားသလိုပဲ အဲ့အတိုင်းဆက်သွားဖို့ သဘောထားရှိတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်း၏ မေတ္တာရပ်ခံစာတွင် စစ်ကြောင့် ပြည်သူများအနေဖြင့် စားဝတ်နေရေး ဆင်းရဲကြရ၍ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရပြီးဖြစ်ပြီး အလားတူ ထပ်မံမကြုံတွေ့စေလိုကြောင်းနှင့် လက်ရှိ အမိန့်ကြေငြာချက်ကို မရုပ်သိမ်း နိုင်ခဲ့လျှင် တိုင်းပြည်သည် စစ်တလင်း အဖြစ်သို့ ပို့ဆောင်ပေးသည့် သဘောဆောင်နေသည်ဟု ဖော်ပြထားသည်။ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းသည် KNU နှင့် ယခင် အစိုးရများအကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုများတွင်လည်း ပါဝင်လာခဲ့သူဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေး ထိုးသည့်နောက်ပိုင်း စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ဆက်ဆံရေးနီးစပ်သူတစ်ဦးအဖြစ်လည်း ကရင်အသိုင်းအဝိုင်းတွင် ရှုမြင်ခြင်းခံရသူ ဖြစ်သည်။ NUG အစိုးရ၏ အရေးပေါ် ကြေငြာချက်ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး ရေချိန်ပြန်လည်မြှင့် တက်နေချိန် ယခုလို သဘောထား ထုတ်ပြန်ချက်အပေါ်တွင်လည်း ပဒို စောရွှေမောင်းအပေါ် ဝေဖန်မှုများ မြှင့်တက်နေသည်။

၁၅။ ကျောက်မဲ မန်ခါစစ်ရှောင် (၁၀) ဦး ကိုဗစ် ထပ်မံတွေ့ရှိ
September 9, 2021

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ လူနာအသစ် (၁၀) ဦးထပ်မံတွေ့ရှိကြောင်း စုံစမ်း သိရှိရသည်။ ထို (၁၀) ဦးတွင် အဖျားအနည်းငယ်ရှိသောကြောင့် ယနေ့ စက်တင်ဘာ (၉) ရက် Test Kit ဖြင့် စစ်ဆေးကြည့် ရာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

“ ဒီနေ့ ထပ်စစ်ပေးကြည့်လိုက်တာ (၁၀) ယောက်ထပ်တွေ့တယ်။ အဖျားနည်းနည်းရှိနေလို့ ဆိုပြီးတော့ စစ်ပေးလိုက်တာ။ အဲဒါနဲ့ Postive အဖြေထွက်သွားတာ။ အခုတော့ စစ်ရှောင်တွေနဲ့တော့ ခွဲထားတယ်။ ဆေးရုံကိုခေါ်သွားလာတော့ ကျနော်တို့ လည်း သေချာမသိရသေးဘူး” ဟု ကျောက်မဲစစ်ရှောင်ကို ကူညီပေးနေသည့် သူက ပြောသည်။ “ ဒီနေ့ ပိုးတွေ့တဲ့သူကိုတော့ Test Kit နဲ့ပဲ စစ်ပေးတာ။ မတွေ့တဲ့သူတွေကို တော့ ကျနော်တို့ တို့ဖက် ယူပြီးတော့ လားရှိုးဆေးရုံကိုပို့ထားပေးတယ်။ ကျန်တဲ့သူတွေ ဘယ်လောက်ပိုးတွေ့ရှိမလဲတော့ မနက်ဖြန်မှပဲ ထပ်သိရမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

မန်ခါစစ်ရှောင်ဘုန်ကြီးကျောင်တွင် ယနေ့ စက်တင်ဘာ (၉) ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေလူနာ စုစုပေါင်း (၂၁) ဦးရှိပြီး ဖြစ်ကြောင်းသိရသည်။

၁၆။ အကြမ်းဖက်မှုပုဒ်မဖြင့် (၂) နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်လူငယ် ၄ ဦးလွတ်မြောက်
September 9, 2021

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ၂ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို ဟနေ့ စက်တင်ဘာလ ၉ နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ယင်းသို့ လွတ်မြောက်လာသူများမှာ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေ (၃၃)နှစ်၊ ရသေ့တောင်မြို့နယ်၊ အောင်သစ္စာ ကျေးရွာမှ ကိုနေလင်းထွန်း(၁၉)နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ကိုဇော်နိုင်ဝင်း(၁၉)နှစ်နှင့် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေး(၂၂)နှစ်တို့ဖြစ်သည်။

၎င်းတို့လေးဦးနှင့်ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက တရားဝင်ရုပ်သိမ်းလွှာတင်လာသည့်အတွက် ယခုကဲ့သို့ အမှုကိုရုပ်သိမ်း လိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းကပြောသည်။“အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုက ဥပဒေအကြံပြုချက်နဲ့ တရားစွဲဆိုရတာဖြစ်တာကြောင့် တရားရုံးကို ရုပ်သိမ်းလွှာတင်လာပေမယ့် တရားစွဲအဖွဲ့အစည်းအဆင့်ဆင့်ကိုသွားပြီးမှ အဲဒီအဖွဲ့အစည်းတွေကလည်း ရုပ်သိမ်း လွှာအပေါ်မှာခွင့်ပြုရတာဖြစ်တဲ့အတွက်တရားရုံးကရုပ်သိမ်းခွင့်ပြုတဲ့အမိန့်ကိုချမှတ်လိုက်တာဖြစ်တယ်”ဟု ဦးအောင်နိုင်ဝင်း က ပြောသည်။

ကိုမောင်ချေအပါအဝင် ဖမ်းဆီးခံရသူလေးဦးတို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကိုမောင်ချေ၏ ကားဖြင့် စီးနင်း လိုက်ပါရာကာကနေ ပုဏ္ဏားကျွန်းမြို့ရဲစခန်းအနီးမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက်၎င်းတို့လေးဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က) နှင့် တရားစွဲ ဆိုခံရခြင်းဖြစ်သည်။ လွတ်မြောက်လာသူထဲမှ ကိုဇော်နိုင်ဝင်းက “ကျွန်တော်တို့ အခုလိုအပြစ်မရှိဘဲ အကြာကြီးဖမ်းဆီးခံရတဲ့ အတွက် အရမ်းကိုဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့လို ဖမ်းဆီးခံရသူတွေလည်းအထဲမှာ အများကြီးရှိသေးတယ်။ သူတို့ကို လည်း လွတ်စေချင်ပါတယ်”ဟု ပြောသည်။

၁၇။ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် နိုင်ငံရေးရည်မှန်းချက် (၇) ရပ် PPST ချမှတ်
September 10, 2021

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ် ကို အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ချမှတ်နိုင်ခဲ့သည်ဟု ဗိုလ်မှူးကြီးစိုင်းငင်း ကဆို သည်။ တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST ၏ ယနေ့ကျင်းပသော အစည်းအဝေးတွင် အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း ကိုယ်စား အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက နိဂုံးချုပ်မိန်းခွန်းတွင် အထက်ပါအတိုင်း ပြောခဲ့သည်။

ဗိုလ်မှူးကြီးစိုင်းငင်း “မိမိတို့ PPST အနေနဲ့ NCA အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားဆုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေး, အရပ်သားများအား အကာအကွယ် ပေးရေးတို့ကို အခြေခံလို့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးရည်မှန်းချက်များ (၇) ရပ်ကို ချမှတ်နိုင်ခဲ့ပါတယ်”ဟု ပြောသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင် များ အပါအဝင်ပုဂ္ဂိုလ်များအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေး၍ နိုင်ငံရေးမတူညီမှုများအား အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားရန်၊ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲများတွင် သက်ဆိုင်သူ အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုနှင့်အတူ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် တိုက်တွန်းခဲ့သည်။

တိုင်းပြည်၏အာဏာကို အရပ်သားကိုယ်စားလှယ်များအုပ်ချုပ်မှုနှင့် ဒီမိုကရေစီမူဘောင်အတွင်း ဆောလျင်စွာ ပြန်လွှဲပြောင်း ရေးကို ဝိုင်းဝန်းအဖြေရှာကြရန်လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းထားသည်။ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ အခြေခံအဆောက် အအုံ (Institutions) များကို ပြုပြင်ပြောင်းလဲမှုများ (Reforms) ပြုလုပ်သွားရန် ပါရှိသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် အရေးပေါ်အခြေအနေ ကြေညာခြင်းသည် နိုင်ငံရေးတောင်းဆိုချက်အရ နိုင်ငံရေး ကြိုးပမ်းမှုတစ်ရပ်ဖြစ်ကြောင်း အပစ်ရပ် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် ရှုမြင်ကြောင်း အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

၁၈။ မွန်ပြည်သစ်ပါတီ သထုံခရိုင် ကိုဗစ်ကာကွယ်ဆေးခွဲတမ်းထက် စာရင်းပေးသွင်းသူများပြား
September 10, 2021

မွန်ပြည်သစ်ပါတီ သထုံခရိုင်အုပ်ချုပ်ရေးဒေသအတွက် ရရှိထားသောကိုဗစ်ကာကွယ်ဆေး ခွဲတမ်းထက် စာရင်းလာရောက်ပေး သွင်းသူ များပြားနေသဖြင့် ယခုပထမအကြိမ်ကာကွယ်ဆေးထိုးနှံရာတွင် ဆေးလုံလောက်မှုမရှိကြောင်း တာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံရန် သထုံခရိုင်အတွက် လူအယောက် (၈၅၀) စာ ဆေးအလုံးရေလျာထားသော်လည်း ယမန်နေ့က ကာကွယ်ဆေးစတင်ထိုးနှံသည့်အခါ စာရင်းလာရောက်ပေးသွင်းသူ (၁၅၀၀) ကျော်ရှိခဲ့သည်ဟု မွန်ပြည်သစ်ပါတီ သထုံခရိုင် ကျန်းမာရေးဌာနတာဝန်ခံ နိုင်ဇော်မင်းဦးက ဆိုသည်။ နိုင်ဇော်မင်းဦးက “ဒီ တတိယလှိုင်းမှာ ကျနော်တို့ ခရိုင်အုပ်ချုပ်ရေးရုံးဌာနချုပ်အနီးအနားရွာတွေက လူသေနှုန်းမြင့်ခဲ့တယ်။ ကာကွယ်ဆေးလာထိုး ကြဖို့ ဒေသခံလူထုတွေကို နှိုးဆော်ပြီး စာရင်းလာသွင်းခိုင်းတယ်။ ထင်ထားတာထက် ကျတော်တို့ဆီ စာရင်းလာ သွင်းကြတာ တော်တော်များတယ်။ ကာကွယ်ဆေးထိုးဖို့ကို လူထုက စိတ်ဝင်စားလာကြပြီ” ဟု ပြောသည်။

အဆိုပါ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သော ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၊ ကော့ဗိန်းကျေးရွာသာသနာဗိမာန်ကျောင်း၌ မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီ၏ အစီ အစဉ်ဖြင့် မွန်ပြည်သစ်ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံဆရာဝန်များ ပူးပေါင်း၍ ထိုးနှံပေးခဲ့သည်ဟု သိရသည်။ အလား တူ မွန်ပြည်သစ်ပါတီ မော်လမြိင်ခရိုင်အုပ်ချုပ်ရေးဒေသအခြေစိုက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက် ကျေးရွာ၌ ယမန်နေ့က ပထမကြိမ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာတွင် ရရှိထားသည့်ဆေးခွဲတမ်းအရေအတွက်ထက် လာရောက် ထိုးနှံသူများပြားသဖြင့် ဆေးမလုံမလောက်ဖြစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် အစိုးရကျန်းမာရေးဌာနက ဆေးအလုံး ၅ ထောင်ထောက်ပံ့ပေးထားကြောင်း မွန်ပြည်သစ်ပါတီ ဗဟို ကိုဗစ်ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ်က မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့ပြီးဖြစ်သည်။

၁၉။ မြစ်ကြီးနားတွင် လူငယ် ၇ ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွား
8 September 2021

မြစ်ကြီးနားမြို့တွင် အာဏာသိမ်းစစ်ကောင်စီက အင်အားအများအပြားဖြင့် လူငယ် ၇ ဦးထက်မနည်းကို ကျောက်စိမ်းအဝိုင်း ပတ်ရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ညနေပိုင်း ၄ နာရီခွဲ ဝန်းကျင်ခန့်တွင် အိမ်စီးကားများအပါ စစ်ကားများဖြင့် လူငယ် ၇ ဦးခန့်ကို ခြိမ်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပြည်သူတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။“အားလုံးက အမျိုးသားတွေကြီးဘဲ။ အနည်းဆုံး ၇ ယောက် အထက်လောက်ရှိတယ်။ ဒူးထောက်ထားခိုင်းတယ်။ နောက် လက်ကိုလည်း ခေါင်းပေါ်တင်ထားခိုင်းတယ်။ အဲ့လူငယ်တွေက ဆိုင်ကယ်နဲ့ဟုတ်တယ်။ အဝေးကနေဘဲလှမ်းမြင်နေရတယ်။ ဘာကြောင့်ဖမ်း တာက ကျနော်လည်း မသိဘူး။ ဖမ်းသွားတာကိုဘဲ မြင်လိုက်ရတယ်”ဟု ပြောဆိုသည်။ ဖမ်းဆီးသွားသည့် လူငယ်များ မည်သူမည်ဝါများဖြစ်သည်ကို သေချာမသိရကြောင်း သူကဆက်ဆိုထားသည်။

၂၀။ နိုင်ငံရေး လှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီး

September 8, 2021

သျှမ်းပြည် တောင်ကြီးမြို့တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခြင်း မရှိသည့် လူငယ် တစ်ဦးကို အာဏာသိမ်း စစ်ကောင်စီမှ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

မြေပြင်တွင် နိုင်ငံရေး လှုပ်ရှားမှု မရှိရုံသာမက ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလည်း နိုင်ငံရေးနှင့် ပက်သက် သော အကြောင်း အရာ တင်ခြင်းများလည်း မရှိသည့် တောင်ကြီးမြို့ ချမ်းသာရပ်ကွက် နယ်မြေ (၈) နေ မောင်ဇော်ဇော်ဝင်း အမည်ရှိ လူငယ်ကို ယမန်နေ့ (စက်တင်ဘာ ၇ )ရက် ည ၁၁ ကျော်အချိန်တွင် စစ်ကောင်စီတို့က အိမ်ခန်းထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“သူ (မောင်ဇော်ဇော်ဝင်း)က သာမာန်ပြည်သူတစ်ဦးပါပဲ၊ သူ့မှာ နိုင်ငံရေးလှုပ်ရှားမှုလည်း မရှိပါဘူး၊ ပြီး တော့ ဆိုရှယ်မီဒီယာမှာလည်း ဘာမှမတင်တာ ၄ လ လောက်ရှိနေပြီတဲ့၊ စစ်ကောင်စီတွေက နေအိမ်ဝင်းတံ ခါးကို ဖျက်ပြီးဝင်တယ်၊ တချို့က အုတ်တံတိုင်းကို ကျော်ပြီးဝင်တယ် အင်အား ၂၀ ကျော်နဲ့ လာဖမ်းသွား တယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မောင်ဇော်ဇော်ဝင်းကို ဘာကြောင့် ဖမ်းခေါ်သွားသည်ကို မသိရှိရသည့်အပြင် မည်သည့်နေရာသို့ ဖမ်းဆီးထား ကြောင်းလည်းမသိရကြောင်း၊ မိသားစုဝင်များ အလွန်စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

၂၁။ နန်းမားမြို့ လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီ ဖမ်းဆီး
9 September 2021

မိုးညှင်းမြို့နယ် နန်းမားမြို့ ညောင်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ရုံးဝန်းထမ်း လူငယ် ၂ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ရက်နေ့ ညနေပိုင်း ၅နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ လူငယ် ၂ ဦးကို အာဏာသိမ်းစစ်တပ်က စစ်ကား ၃စီးဖြင့် လျှပ်စစ်ရုံးဝင်းအတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု နန်းမားဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။“လျှပ်စစ်ရုံးအတွင်းမှာကို ဝင်ဖမ်းသွားတယ်လို့ သူတို့ရဲ့အရာရှိတစ်ယောက်က ကျနော့်ဆီအကြောင်းကြားလာတယ်။ ဘယ်တပ်က ဖမ်းတယ်ဆိုတာလည်း မသိရဘူးတဲ့။ အခုက စုံစမ်းနေဆဲလို့ဘဲပြောနေတယ်” ဟု ပြောဆိုသည်။ ဖမ်းဆီးခံရသည့် လျှပ်စစ်ဝန်ထမ်း လူငယ် ၂ ဦးမှာ အသက် ၂၅ နှစ် ကို အောင်ဆန်းဝင်း နှင့် ၂၆ နှစ်အရွယ် ကို ကျော်ကျော် တို့ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသည့်အပြင် အဆက်အသွယ်မရရှိသေးကြောင်း သူက ဆက်ဆိုသည်။ နန်းမားမြို့တွင် အာဏာသိမ်းစစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေပြီး လက်ရှိချိန်အထိ ဖမ်းဆီးခံထားရသည့် သူများလည်းရှိနေသည်။

၂၂။ KNLA စစ်ရေးချုပ် ဗိုလ်ချုပ်စောပိလစိန် ကွယ်လွန်
September 8, 2021

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ရေးချုပ် ဗိုလ် ချုပ်စောပိလစိန်သည် (စက်တင်ဘာလ ၈ရက်) နံနက် ၅နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည် ဟု မိသားစုဝင်များက ပြောသည်။“အဖေက ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါ အခံရှိတယ်လေ။ အခုဆုံးတာကတော့ လူကြီး ရောဂါနဲ့ပဲ ဆုံးသွားတယ်လို့ သမီးကြီးဖြစ်သူ နော်ကစီးယာ က ကေအိုင်စီသို့ ပြောသည်။

ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိ ဗိုလ်ချုပ်စောပိလစိန် သည် ၁၉၆၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ကရင့်တော်လှန်ရေး ထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး သာမန်တပ်သားတစ်ဦးအနေဖြင့် ဝင်ရောက်ခဲ့ပြီး တပ်သားအဖြစ် ၈ နှစ် ကြာ တာဝန်ထမ်းဆောင် ခဲ့သည်။ ထို့နောက် တပ်ကြပ်ကြီးအနေဖြင့် တာဝန်ပေးခြင်းခံရသည်။ ၎င်းအပြင် ဗိုလ်၊ ဒုဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးချုပ် စသဖြင့် အဆင့်ဆင့် တာ ဝန်ပေးခြင်း ခံရသည်။ ၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ် ရာထူးဖြင့် စစ်ရေးချုပ်တာဝန်ပေးခြင်းခံရကာ ထိုတာဝန်ကိုထမ်းဆောင်ရင်းနှင့်ပင် ကွယ်လွန်သွားခြင်းဖြစ် သည်။

ယခုလို စစ်ရေးချုပ် ကွယ်လွန်သွားမှုသည် ကရင့်တော်လှန်ရေးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု KNLA ဗဟိုဋ္ဌာနချုပ်က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြ ထားသည်။ ဗိုလ်ချုပ်စောပိလစိန်သည် ကွယ်လွန်သူ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ KNLA စစ်ဦးစီးချုပ်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးစောတာမလာဘော၏ ဒုတိယမြောက်သားဖြစ်သလို ကေအဲန်ယူ-ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ အစ်ကိုလည်း ဖြစ်သည်။

၂၃။ စစ်ကောင်စီလက်အောက်ခံ ဇယ်လန့် ဆိုင်ကျော့ ပြည်သူ့စစ် စခန်း မီးရှို့ဖျက်ဆီး ခံရ
9 September 2021

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နမ့်ခမ်းမြို့ကြား လန့်ကျေးရွာအုပ်စုရှိ စစ်ကောင်စီလက်အောက်ခံ ဆိုင်ကျော့ ပြည်သူ့စစ် စခန်း ယနေ့ စက်တင်ဘာ ၉ ရက်နေ့ မနက် ၈ နာရီခန့်က မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူ့စစ် ဆိုင်ကျော့ တပ် ကို မီးရှို့ဖျက်ဆီးလိုက်တာ မှန်တယ်။ ဟုတ်တယ်။ TNLA ၅၇၁ တပ်ကပါ။ ခုလေးတင် ကျွန်တော် အဲဒီ ဘက်က လာခဲ့တာ။ အဆောက်အုံပဲ မီးရှို့ပဲ ရှို့ထားခဲ့တယ်။”ဟု မျက်မြင်ဒေသခံ တစ်ဦးက ပြောသည်။ အဆိုပါ ပြည်သူ့စစ်စခန်းတွင် စစ်ကောင်စီ နှင့် ပြည်သူ့တပ်များ မရှိနေချိန် သွားရောက် မီးရှို့လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နောက်ဆက်တွဲအနေဖြင့် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်လာမှာကို ဒေသခံများအနေဖြင့် စိုးရိမ်ကြောင်း ပြောဆိုနေကြသည်။ “အခု အဲဒီ တအာင်းပလောင် ရွာခံတွေက အရမ်းကြောက်နေတယ်။ လောလောဆယ် အဲရွာမှာ TNLA ရှိနေတော့ တိုက်ပွဲဖြစ် လာမှာ စိုးရိမ်နေကြတယ်။ ဒေသခံတွေကို စစ်ကောင်စီဘက်က လာနှိပ်စက်မှာကို စိုးရိမ်နေကြတာ။” ဟု နောက်ထပ် ဒေသခံ တစ်ဦးက ပြောသည်။

၂၄။ လောင်းလုံမြို့ ၌ ပျူစောထီးနှင့် PDF အပြန်အလှန်ပစ်၊ ပျူစောထီး ခေါင်းဆောင်သေဆုံး
10 September 2021

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ပြင်ဦးသဘော့ဆိပ်ရွာတွင် ပျူစောထီးအဖွဲ့နှင့် လောင်းလုံ ပြည်သူ့လုံခြုံရေးတပ်ပေါင်းစုတို့ ယနေ့နံနက်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးသွား ကြောင်း လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစုမှ အဖွဲ့ခေါင်းဆောင်မှ ပြောသည်။ အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ ယနေ့မနက် ၁၁ နာရီဝန်းကျင်ခန့်က ပျူစောထီးအဖွဲ့မှလူများ ကျေးရွာရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးတွင် အစည်းအဝေးပြုလုပ်ပြီး အပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစု (LPSF ) မှ ခေါင်းဆောင်က “မနက်က ၁၁နာရီဝန်းကျင်လောက်ကဖြစ်တာ။ အပြန် အလှန်ပစ်ခတ်တာတွေရှိတာပေါ့။ သူတို့က ပျူစောထီးအဖွဲ့ဖွဲ့ထားတယ်။ ရွာမှာသူက အုပ်ချုပ်ရေးမှူး သူ့မှာလက်နက် တွေ ရှိတယ်။ အဖွဲ့သားတွေရှိတယ်။ အဖွဲ့သားတွေနဲ့ မနက်တိုင်း ၈နာရီလောက်ဆို ရပ်ကွက်ရုံးမှာ အစည်းအဝေးလုပ်ကြတယ်။ အဲဒီ ကို ကျနော်တို့အဖွဲ့က သူတို့အစည်းအဝေးပြန်တဲ့လမ်းမှာ သွားစောင့်နေတာ” ဟုပြောသည်။ ပျူစောထီးအဖွဲ့မှာ ၆ ဦးပါရှိပြီး ပစ္စတိုများ ကိုင်ဆောင်ထားကြောင်း လောင်းလုံပြည်သူ့လုံခြုံရေးတပ်ပေါင်းစုမှာ ၎င်းတို့ထက် လူအင်အားနည်းကြောင်း ပစ်ခတ်မှုကြောင့် ပျူစောထီးအဖွဲ့ခေါင်းဆောင်သေဆုံး၍ ကျန်လူများ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ ကြောင်းသိရ သည်။

ထိုသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် သဘော့ဆိပ်ကျေးရွာသို့ စစ်ကောင်စီအင်အား ၅၀ ခန့်ရောက်ရှိလာခဲ့ပြီး ရွာထဲတွင် သေနတ်များဖြင့် ခြောက်လှန့်ပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးဖြစ်ပြီး ၎င်းကျေးရွာအတွင်း သေနတ်ကိုင်ဆောင်၍ ရွာအတွင်း အကြောင်းမဲ့ ပစ်ခတ်မှုများလည်း ရှိနေကြောင်း ဒေသခံတချို့က ပြောသည်။

၂၅။ မော်လမြိုင်ဈေးကြီး ဆိုင်ခန်းပြန်အပ်သူများလာ
September 10, 2021

မော်လမြိုင်မြို စျေးကြီးများဖြစ်သော အမှတ် (၁) ဈေး၊ မြိုင်ရတနာနှစ်ထပ်ဈေးနှင့် လေးထပ်ဈေးတို့တွင် အဌားဆိုင်ခန်းဖြင့် ရောင်းချနေသူ ၅၀ ရာခိုင်နှုန်းကျော် ဆိုင်ခန်းများ ပြန်အပ်နေကြပြီဖြစ်ကြောင်း အမှတ် (၁) ဈေးကော်မတီအဖွဲ့ထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်း မြင့်တက်လာသည့်ကာလက စည်ပင်သာယာဈေးများတွင် အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့် ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ပိတ်ထားရန် ဇူလိုင် ၅ ရက်တွင် ညွှန်ကြားခဲ့ ကြောင်း၊ လက်ရှိအချိန်ထိ ဖွင့်လှစ်ခွင့်မရသောကြောင့် ဆိုင်ခန်းဌားထားသူများ ဆိုင်ခန်း ပြန်အပ်နေကြခြင်းဖြစ်ကြောင်း ဈေးကော်မတီအဖွဲ့ဝင် ဦးစိုးက ပြောသည်။ “ကိုယ်ပိုင်ဆိုင်သမားတွေက ကိစ္စမရှိဘူး။ အဌားသမားတွေဆို ဆိုင်တွေတောင် ပြန်အပ်ကုန်ကြပြီ။ အဌားသမားတွေကျတော့ ဆိုင်ဌားခလည်းပေးရတယ်။ အလုပ်သမားခနဲ့ဆို မကိုက်ကြလို့ အဌားသမားတွေ တော်တော်များများ ဆိုင်ပြန်အပ်ကုန်ကြပြီ” ဟု ၎င်းကပြောသည်။

အမှတ် (၁) ဈေးမှ စက်နှင့်စက်ပစ္စည်း၊ ချည်ထည်များ ရောင်းချနေသူတစ်ဦးက “အခုတော့ အိမ်မှာပဲ အိမ်ဆိုင်လေးဖွင့်ဖို့စီစဉ် ထားတယ်။ ဆိုင်ခန်းက မဖွင့်ရဘူး။ ဆက်ပြီး ယူထားမယ်ဆို ဌားခက ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေ။ ဈေးကလည်း ဘယ်ချိန်မှ ဖွင့်ခွင့်ရမလဲဆိုတာ ဘယ်သူမှ မသိဘူးလေ” ဟု ၎င်းကပြောသည်။ ဆိုင်ခန်းဌားခသည် နေရာပေါ်မူတည်ပြီး ဈေးနှုန်း တစ်သိန်းမှ ၇ သိန်းထိပေးရကြောင်း၊ ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်ခွင့်ရပါက ဈေးသူဈေးသားများနှင့် ဈေး ကိုမှီခိုနေကြသူများ စားဝတ်နေရေး အဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။ မော်လမြိုင်အမှတ် (၁) ဈေး၊ မြိုင်ရတနာ နှစ် ထပ်ဈေးနှင့် လေးထပ်ဈေးတို့တွင် ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်၊ ကုန်ထမ်းသမားများအပါအဝင် အခြေခံလုပ်သား ၃၀၀၀ နီးပါး အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

၂၆။ အဂတိမှုဖြင့် တရားစွဲခံထားရသော ရခိုင်ဝန်ကြီးဟောင်း ၅ ဦးအမှု ပထမအကြိမ် ရုံးထုတ်
8 September 2021

အဂတိ တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲထားရသော ရခိုင်ပြည်နယ် အစိုးရဝန်ကြီး ဟောင်း ၅ ဦး အမှုကို အွန်လိုင်းမှ ရုံးထုတ် ကာ စတင်ကြားနာကြောင်း သိရသည်။ အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသူများမှာ ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေး ဝန်ကြီးဟောင်း ဦးမင်းအောင် တို့ ဖြစ်သည်။

ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း အမှုအား လိုက်ပါဆောင်ရွက်သူ မင်းထီး Law Firm မှ တရားလွှတ်တော် ရှေ့နေ ဦးအောင်စစ်မင်း က “ဒီနေ့ ရခိုင်ပြည်နယ် တရားလွှတ်တော်မှာ အွန်လိုင်းကနေ အမှုကို စတင်ကြားနာပါတယ်။ အမှုစစ်ဆေး ခြင်းတော့ မရှိသေးဘူး။ သို့သော် တခုရှိတာက ကျနော်တို့က အမှုသည်တွေနဲ့ တွေ့ခွင့် မရသေးဘူး။ တွေ့ဆုံခွင့်မရဘဲ အမှု စစ်ဆေးမယ်ဆိုရင်တော့ ကျနော်တို့ ထုချေ ရှင်းလင်းဖို့အတွက် အခက်အခဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းသို့ NLD အစိုးရအဖွဲ့၏ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများအား စစ်ကောင်စီ တရားစွဲထားသည့် အမှုများကို လိုက်ပါ ဆောင်ရွက်ရာတွင် ကိုဗစ်ကို အကြောင်းပြ၍ ၎င်းတို့နှင့် တွေ့ဆုံခွင့် မပေးသေးခြင်းဖြစ်ကြောင်း၊ အမှုသည်များနှင့် တွေ့ဆုံ ခွင့်ရရန် စာတင်ထားကြောင်းလည်း ၎င်းက ဆိုသည်။ အဆိုပါ ဝန်ကြီးဟောင်းများ အမှုကို လာမည့် စက်တင်ဘာလ ၂၁ ရက်၊ ၂၂ ရက်တို့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်မှ ရုံးချိန်း ပေးလိုက်ကြောင်းလည်း သိရသည်။ အဆိုပါ ဝန်ကြီး ဟောင်းများကို စစ်ကောင်စီက အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် စစ်တွေမြို့မ ရဲစခန်း၌ အမှုဖွင့်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သြဂုတ်လ ၁၂ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

၂၇။ ကျိုက်ဒုံမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံများအတွက် ကိုဗစ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသေး
September 8, 2021

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများတွင် နေထိုင်လျှက်ရှိကြသည့် ဒေသခံရွာသူရွာသားများ အတွက် ကိုဗစ်ကူးစက်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေသေးကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်အရ သိရသည်။

ကျိုက်ဒုံမြို့နယ်ခွဲရှိ ပူရေ၊ တောရကျောင်း၊ မိတန်၊ ကော်သနောက်၊ ကွင်းကလေးနှင့် ကျိတ် စသည့်ကျေးရွာတွင် အနံ့၊ အရသာ ပျောက်နေကြသူများနှင့် ဖျားနာကိုက်ခဲ စသည့်လက္ခဏာများ ခံစားရသလို မိမိနည်းလမ်းဖြင့်သာ ကုသနေကြ ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ရွာမှာဆိုရင် တစ်ရွာလုံးနီးပါးပဲ နေမကောင်းဖြစ်နေကြ တယ်။ တချို့ကလည်း အနံ့ပျောက်တယ်။ တချို့က လည်း အရသာပျောက်တယ်။ ဖျားတာတွေ နာကျင်ကိုက်ခဲတာတွေရှိတယ်။ စစ်ဆေးတာတွေလည်း မရှိဘူးပေါ့နော်။ တချို့ကလည်း ဗိန္ဓောဆေးတွေနဲ့ ကုတယ်။ ဒီလိုပဲ ကြိတ်ကုနေရတယ်ပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါကျေးရွာများတွင် ဒေသခံများ နေမကောင်းဖြစ်လျှင် အိမ်တွင်းကုသမှုများရှိပြီး အချို့မှာလည်း ကျိုက်ဒုံဆေးရုံသို့ သွား ရောက်စစ်ဆေးမှု ခံယူသော်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လက်ခံစစ်ဆေးခြင်း မပြုလုပ်ပေးကြောင်းကိုလည်း အဆိုပါဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။ လတ်တလော ကျိုက်ဒုံမြို့တွင် ကိုဗစ်ကူးစက်မှုများလာသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် ကျိုက် ဒုံမြို့ကို အသွားအလာ ကန့်သတ်သတ်မှတ်လိုက်ပြီးဖြစ်သလို စစ်ကောင်စီ ဘက်ကလည်း ၎င်းကျေးရွာတွင် စစ်ရေးလှုပ် ရှားမှုရှိပြီး စစ်အင်အားဖြည့်တင်းမှုများ ရှိသည်ဟုလည်း ဒေသခံများထံမှ သိရသည်။

၂၈။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် မြင့်တက်
September 8, 2021

သျှမ်းတောင် ပင်လောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျသော်လည်း ကျေးရွာများတွင် ကိုဗစ် ကူးစက်မှု ပိုများလာ ကြောင်း သိရသည်။ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ (၈)ရက် ယနေ့ တွင် (၁၇၅)ဦး စစ်ဆေးရာ ကိုဗစ်ပိုးကူးစက်ခံရသူ (၄၄)ဦး တွေ့ရှိခဲ့ကြောင်း၊ မြို့ပေါ်ထက် ကျေးရွာများတွင် ကူးစက်မှု ပိုများနေကြောင်း သိရသည်။

“မြို့ပေါ်မှာ ကိုဗစ်ကူးစက်မှုကလျော့တယ်၊ ကျေးရွာတွေမှာတော့ ပြန်များလာတယ်၊ ပေါင်းလောင်းမြို့ တောင်ကျရွာမှာဆို ပိုးတွေ့တာများတယ်၊ တခြားရွာတွေမှာလည်း များနေတယ်”ဟု ပင်လောင်းမြို့နယ် ကိုဗစ်ကုသရေးစင်တာမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့တွင် RTD ဖြင့် (၄၆)ဦး စစ်ဆေးရာ (၁၄)ဦးတွေ့ရှိခဲ့ပြီး PCR ဖြင့် (၁၂၉) ဦးစစ်ဆေးရာ (၃၀)ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် ယခင်က PCR စက်ဖြင့် စစ်ဆေးမှုတွင် ထက်ဝက်နီးပါး ကိုဗစ်ပိုး တွေ့ရှိခဲ့သော်လည်း ယခုတွင် သိသိသာသာ လျော့နည်းသွားကြောင်း၊ ပင်လောင်းမြို့နယ်အတွင်းပါဝင်သည့် နောင်တရားမြို့တွင်လည်း ကိုဗစ်ကူးစက်မှု လျော့နည်းသွား ကြောင်း ဒေသခံထံမှ သိရသည်။“အရင်က PCR နဲ့ (၂၀၀)လောက်စစ်ရင် ပိုးတွေ့တာ (၁၀၀)လောက်ထိရှိခဲ့တယ်၊ နောင်တရားမြို့ ရပ်ကွက်(၁)မှာဆိုရင်လည်း အရင်က ကိုဗစ်ကူးစက်မှု တော်တော်များတယ်၊ ခုတော့ လျော့ကျသွားပြီ” ဟု အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

၂၉။ လှိုင်းဘွဲမြို့နယ်၊ တာပေါင်ရွာသားများ ပေါ်တာဆွဲခံရမည်စိုး၍ ထွက်ပြေး
September 9, 2021

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်များရောက်ရှိလာသည့် အတွက် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများ က ကေအိုင်စီသို့ ပြောသည်။ အဆိုပါ စစ်ကောင်စီတပ်သည် လှိုင်းဘွဲမြို့နယ် ထီလုံရွာမှ တာပေါင်ကျေးရွာသို့ ဝင်ရောက်လာပြီး နယ်ခြား စောင့်တပ် (BGF) နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ယခုလို ပြောသည်။ ၎င်းက “ဒီမနက် ၁၀ နာရီကျော်မှာ သူတို့ရောက်လာတယ်။ ပေါ်တာဆွဲတာတော့ မဟုတ်ဘူး။ လူတွေက ပေါ်တာဆွဲ မှာ ကြောက်လို့ ထွက်ပြေးကြတာပဲ။ သူတို့ အင်အားက ၄၀ကျော် ၅၀လောက်တော့ ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်များသည် တာပေါင်ကျေးရွာ၌ အကြောင်းပြချက် အမျိုးမျိုးပြ ကာ ရွာအတွင်း စစ်ဆေးမှုများရှိသည်ဟု ဒေသခံများ၏ ပြောဆိုနေကြသော်လည်း စစ်ကောင်စီ၏မည်သည့်တပ်ရင်း ဖြစ်သည်ကိုမူ အတည်မပြုနိုင်ကြချေ။ အလားတူ ဖားအံမြို့တွင်လည်း စစ်တပ်ကားငယ်တစ်စီးနှင့်အတူ သစ်သားသေတ္တာများ၊ စစ်သည်အချို့ တင်ဆောင် လာသော စစ်ကားကြီး ၇စီးမှာ ဖားအံမြို့ ကမ်းနားလမ်းမှ ပြည်နယ်လွှတ်တော်ရုံးဘက်သို့ မောင်းနှင်သွားသည် ကိုတွေ့ရကြောင်း မြင်တွေ့ခဲ့ကြသူများက ပြောသည်။

၃၀။ ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ဖိအားပေး ထွက်ဆိုမှု ဗီဒီယို ထွက်ပေါ်
9 September 2021

ပူတာအို လူငယ်များအနေဖြင့် ‘KIA က ပေးသည့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်းနေထိုင်ရန် ပြော လိုကြောင်း’ ဖမ်းဆီးခံလူငယ်တစ်ဦး၏ထွက်ဆိုမှု ဗီဒီယိုဖိုင်မှာ စစ်ကောင်စီ၏ဖိအားပေးပြောဆိုခိုင်းမှုတစ်ခုသာဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ လူငယ်တစ်ဦး က ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ Facebook စာမျက်နှာတစ်ခုတွင်တင်ထားသော ရုပ်သံဗီဒီယိုဖိုင်တွင် ထွက်ဆိုထားသူမှာ ပြီးခဲ့သော ဇွန်လ ၂၈ ရက်နေ့ ပူတာအို မြို့မရပ်ကွက်တွင် ယောက်ဖဖြစ်သူ ဦး ရင်ထန်ဖေရမ်ကို လာရောက်ဖမ်းဆီးခဲ့ချိန် ယောက်ဖ မရှိ သည့်အတွက် ကိုယ်စား ဖမ်းဆီးခံရသော လဂေါင်နော် (La Gawng Naw) ဆိုသူဖြစ်သည်။ “အခုရုပ်သံဗီဒီယိုနဲ့ ထွက်ဆို ထားတဲ့ လူငယ်ကို အစတုန်းကတော့ ပူတာအိုအကျဉ်းထောင်မှာ ထည့်ထားတာ ဟုတ်တယ်။ နောက်ပိုင်းမှာဘဲ (၄၆) တပ်ရင်း ထဲ ပြန်ခေါ်ပြီးတော့ အတင်းထွက်ဆိုခိုင်းတဲ့ ရုပ်သံဖြစ်နေတယ်။ အဲ့ဒါကို တစ်ချို့က မသိကြဘူး။ သူ့ဘက်ကနေ ဒီတိုင်း ဝန်ခံ ပြောဆိုထားတယ်လို့ဘဲ ထင်နေကြတယ်” ဟု နီးစပ်ခဲ့သူ လူငယ်တစ်ဦးက KNG ကို ပြောသည်။

အဆိုပါ ဗီဒီယိုတွင် ထွက်ဆိုမှုများမှာ ၎င်းတို့အနေဖြင့် ပူတာအိုမှ တီယန်ဇွပ်တစ်ဖက်ကမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နယ်မြေတွင် ၁ လကြာ စစ်သင်တန်းဆင်းပြီး ပြန်လာသူများဖြစ်ကြောင်း ထွက်ဆိုထားသည်။ လက်ရှိတွင် သူနှင့်အတူသင်တန်းတက်ခဲ့သော မိတ်ဆွေများမှာ တောတောင်ထဲတွင် ထွက်ပြေးနေရသဖြင့် ပူတာအိုရှိ တိုင်းရင်းသား ညီအစ် ကိုများအနေဖြင့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်း နေသွားဖို့ ပြောချင်ကြောင်း ဆိုထားသည်။ လက်ရှိ ပူတာအိုမြို့ပေါ် ရပ်ကွက်များနှင့် မူလာရှီးဒီဂိတ်အနီးတဝိုက်တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တွင် ပါဝင် သည်ဟု ယူဆရသော လူငယ်များ၏ ဓါတ်ပုံများကို ကပ်ထားကာ ဖမ်းဆီးရန်ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

၃၁။ စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
10 September 2021

စစ်ကောင်စီသည် ၎င်းတို့ ဖမ်းဆီးလိုသူများကို မတွေ့သည့်အခါ မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးမှုများ ရှိနေပြီး အာဏာသိမ်းမှု ၇ လကျော် ကာလအတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထား ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၈ ရက်နေ့အထိ ဓားစာခံအဖြစ် ၁၇၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၄၀ ဦးမှာ ပြန်လည်လွတ်မြောက် လာပြီ ဖြစ်သော်လည်း ၁၃၇ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ထိုသို့ ဖမ်းဆီးခံရမှုတွင် အသက် ၁၈ နှစ် အောက် ကလေးငယ် ၁၅ ဦး ပါဝင်ပြီး ၉ ဦး ပြန်လည် လွတ်မြောက်လာကာ ၆ ဦးမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲ ဖြစ် ကြောင်း AAPP ၏ အချက်အလက်များက ဖော်ပြထားသည်။

လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုကျော်မင်းထွဋ်၏ ဇနီးနှင့် ၂ နှစ်အရွယ် သားငယ် ကို စက်တင်ဘာ ၅ ရက်နေ့က လမ်းပေါ်၌ပင် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထို့အတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသည့် ဦးရွှေဝင်းကို ဖမ်းဆီးရ မိခြင်း မရှိသည့်အတွက် ၎င်း၏ သား ၃ ဦး ဖြစ်သော အသက် ၁၇ နှစ်၊ ၁၃ နှစ်နှင့် ၁၁ နှစ်အရွယ် ကလေးငယ် များကို စစ်ကောင်စီက ဩဂုတ် ၃၀ ရက်တွင် ဖမ်းဆီးခဲ့သည်။

ထိုကဲ့သို့ အသက်မပြည့်သေးသည့် ကလေးငယ်များကို ဓားစားခံ အနေဖြင့် ဖမ်းဆီးနေမှုများသည် စစ်ကောင်စီက ကလေး သူငယ် အခွင့်အရေးကို ချိုးဖောက်နေသည်သာမက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုလည်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများက သုံးသပ် ပြောဆိုသည်။ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူ တဦးက “စစ်ကောင်စီက ကလေး အခွင့်အရေးတွေကိုလည်း အ လေးအနက်ထားတာ မတွေ့ရပါဘူး။ ဖမ်းဆီးတဲ့ အချိန်ကနေ စပြီးတော့ ချိုးဖောက်နေတာ လုပ်ငန်းစဉ်တခုလုံးမှာ အဆုံးထိပဲ ကျနော် မြင်တာတော့။ တွေ့ရှိချက်အရ ပြောတာပါ။ အသုံးချဖို့၊ ဓားစားခံလုပ်ဖို့၊ ကလေးတွေကို ထပ်မလုပ်ရဲအောင် ပညာပေးဖို့ ဒါမျိုးတွေပဲတွေ့တယ်”ဟု ပြောဆိုသည်။

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။