• Today is: Thursday, April 25, 2024

နေ့စဉ်တိုင်းရင်းသားသတင်းများ စုဆောင်းတင်ပြခြင်း

 

(No. 98 , April 23, 2021)

၁။ အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

၂။ ဗန်းမော်ခရိုင်တွင် စစ်ပြေးဒုက္ခသည် ၂ ထောင်ခန့်ရှိလာ

၃။ ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး

၄။ ကျိုက်ကော်တွင် KNU နှင့် အာဏာသိမ်းတပ် ပစ်ခတ်မှုဖြစ်

၄။ NUG အစိုးရအဖွဲ့ကို လက်ခံခြင်းမရှိသေးဟု DKBA အသိပေးထုတ်ပြန်

၅။ စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ

၆။ နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ်များ မီးထပ်မံလောင်

၇။ ကျောင်းဆရာမ အဖမ်းခံရသတင်း လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံ အဖမ်းခံရ

၈။ ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ်

၉။ မြစ်ကြီးနား ကျောင်းသားသမဂ္ဂသပိတ် ဆက်လက်ဆန္ဒပြ

၁၀။ ပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများကို မိုးမကျမီ အချိန်မှီ ပြုပြင်နိုင်ရန် အလှူရှင်များလိုအပ်နေ

၁၁။ မွန်ပြည်နယ်အတွင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း

၁၂။ NUG အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်တရားစွဲ

၁၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက် ကျောင်းမတက်ရန် မော်လမြိုင်လူငယ်များ လှုံ့ဆော်

၁၄။ ရလခ တိုင်းစစ် လက်အောက်ခံ ပြည်သူ့စစ်တပ်များ အင်အားဖြည့်ပေးရန် တိုင်းမှူးဆင့်ဆို

၁၅။ သီပေါမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်

၁၆။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆို

၁၇။ မြန်မာနိုင်ငံတဝှမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို စုစည်းပေးနိုင်မည်ဟု NUG ကို AASYC ရှုမြင်

၁၈။ အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ

၁၉။ ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီဟုဆို

၂၀။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တောင်ကိုးရီးယားအစိုးရနှင့် လွှတ်တော်မှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အဖြစ်အသိအမှတ်ပြုပေးရန် တောင်ကိုးရီးယားနိုင်ငံရှိမြန်မာအဖွဲ့အစည်းများကတောင်းဆို

၂၁။ အာဆီယံစည်းဝေးပွဲ အပေါ် ကုလအကြီးအကဲ မျှော်လင့်ချက်ထား

***************

၁။ အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်
April 22, 2021

အာဏာသိမ်းတပ်နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည် တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့ နယ် မိုင်းနောင်မြို့နယ်ခွဲ အတွင်းတို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟုသိရသည်။

“နမ့်စန်မြို့နယ်ဘက်လဲ တနေရာဖြစ်တယ်။ အခု မိုးနဲမြို့နယ် အတွင်းတော့ နားခန် ကျေးရွာကနေ ကောင်းယောင်းရွာ ဘက်သွားတဲ့လမ်းမှာဖြစ်တာ။ အာဏာသိမ်းတပ်ဘက်က တစ်ယောက် ဒဏ်ရာ ရပြီး နမ့်စန်စစ်ဆေးရုံမှာ သွားသေတယ်” ဟု နမ့်စန်မြို့ တပ်မိသားစု နှင့် နီးစပ်သူ တဉီးက ပြောသည်။ နမ့်စန် – မိုးနဲ လမ်း (နမ့်စန်မြို့အထွက်) အရှေ့ဘက် လွိုင်ငင်း – ကုန်းမုန့် ရွာ ဘက်တွင်လည်းကောင်း၊ မိုးနဲ – ကျိုင်းတောင်းလမ်း မြောက်ဘက် နားခန် – ကောင်းယောင်းရွာ ဘက်တွင်လည်းကောင်း၊ ကျေးသီးမြို့နယ် မိုင်းနောင်မြို့ နောင်တောင်း – မိုင်းလိန်း ဘက်တွင်လည်းကောင်း အာဏာသိမ်း တပ် နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ယနေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ထိပ်တိုက်ရင်ဆိုင်တဲ့တိုက်ပွဲငယ်လေးတွေပါ။ တိုက်ပွဲလို့တောင် ကျနော်တို့မမှတ်ပါဘူး” ဟု သျှမ်းပြည် တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံကပြောသည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ အမည်မဖေါ်လိုသည့်ပြည်သူ့စစ်အရာရှိတစ်ဉီးက- RCSS/SSA မှ ဒေသခံလူထုအား အဆိုပါ ဒေသအတွင်း စစ်သင်တန်းဖွင့်ပေးနေကြောင်း၊ စစ်သင်တန်းသတင်းကြောင့် ၎င်းတို့အားတိုက်ခိုက်ခြေမှုန်းရန် အရှေ့ အလယ် ပိုင်းတိုင်းမှူး ကိုယ်တိုင် ညွှန်ကြားခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။ သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသော်လည်း တပ်မတော်မှ တိုင်းပြည် အာဏာ လုယူမှုအားရှုပ်ချကြောင်း ဒါ့အပြင်ဆန္ဒပြလူထုနှင့်အတူ ရပ်တည်ကြောင်း နှစ်ကြိမ်ထက်မနည်း သဘောထား ထုတ်ပြန်ကြေငြာထားသည်။ https://burmese.shannews.org/archives/21740

***************

၂။ ဗန်းမော်ခရိုင်တွင် စစ်ပြေးဒုက္ခသည် ၂ ထောင်ခန့်ရှိလာ
21 April 2021

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိလာပြီ ဟု သိရသည်။

မိုးမောက် (Nmawk) KBC ဘုရားကျောင်းတွင် လူဦးရေ ၇၀၀ကျော်၊ ဗန်းမော် တံခွန်တိုင် ဘုန်းကြီးကျောင်းတွင် ၄၀၀ ကျော်၊ နန့်လိုင်ရွာ ကတ်သလစ်ဘုရားကျောင်းတွင် ၅၀၀ ကျော်၊ ဗန်းမော် မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကျောင်းတိုက်တွင် အိမ်ထောင်စုအနည်းငယ်နှင့် သိမ်တော်ကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ခန့်ရောက်ရှိနေကြကြောင်း သက်ဆိုင်ရာ တာဝန်ရှိ သူများက ပြောသည်။“လူကတစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ မနေ့ကအထိဆို ၇၀၀ကျော်ရှိလာပြီ။ ခုလောလော ဆယ်တော့ ကျနော်တို့ အသင်းတော်ကနေ တာဝန်ယူထားပြီးတော့ တစ်ချို့အရပ်ဘက်အဖွဲ့အစည်းက ကူညီတာတွေရှိ တယ်။ ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ ပြန်ပြီးအစည်းအဝေးတွေ သေချာပြန်လုပ်ရမယ် ခုအနေထားနဲ့ကြည့်မယ် ဆိုရင် လူကနောက်ထပ် ထပ်တိုးလာနိုင်သေးတယ်။” ဟု မိုးမောက် KBC နှစ်ခြင်းအသင်းတော်မှ တာဝန်ခံဆရာတစ်ဦးက ပြောသည်။

ဧပြီလ ၁၅ရက်နေ့မှစကာ အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲများကြောင့် မြို့သစ်၊ စီဟပ်၊ ကုန်းလော၊ မိုဟက်၊ မိုင်းခတ်၊ မင်းဂျမ်း၊ နောင်ကွမ်၊ ရွှေမြောင်း၊ နန့်ငိုး၊ မြို့ဟောင်း၊ တာလီ၊ ဒေါ့ဖုန်းယန် အစရှိသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ၎င်းကဆက်ပြောသည်။“ကျနော်တို့ရွာမှာဆို အကုန်ပြေးကုန်ကြပြီ။ ဒီမှာလုံးဝကို ဆက်နေလို့မရတော့ဘူး။ နေ့ရော ညရော ပစ်နေတော့ နေလို့အဆင်မပြေတော့ဘူး။” ဟု မြို့သစ် ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ရုတ်တရက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင် များအတွက် အခြေခံစားသောက်ကုန်များနှင့် အဝတ်အစား၊ ဆေးဝါးများစွာ လိုအပ်နေကြောင်း သိရသည်။ https://bur mese.kachinnews.com/2021/04/21/apr-21-z/

*************

၃။ ခေါင်လန်ဖူး လူငယ် ၆ ဦးကို မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်မှ ဖမ်းဆီး
22 April 2021

ခေါင်လန်ဖူးဒေသမှ ပူတာအိုဒေသသို့ လာရောက်သည့် ခေါင်လန်ဖူး လူငယ် (၆)ဦးအား ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် နောင်မွန်းမြို့နယ် မဂွေဇကြိုးတံတားစောင့် ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်မှ ဖမ်းဆီးကာ နောင်မွန်းမြို့သို့ ပို့ဆောင်လိုက် ကြောင်း သတင်းရရှိပါတယ်။

မည်သည့် အကြောင်းကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နောင်မွန်း လူ ငယ်တစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။ “ကျနော်တို့သေဒမှာရှိတဲ့ပြည့်သူ့စစ်တွေက CDM မှာပါဝင်တဲ့သူတွေနဲ့ ဆန္ဒပြ ထဲမှာ ပါဝင်နေတဲ့လူငယ်တွေကို စစ်ကောင်စီတွေဆီမှာအကြောင်းကြားပေးပြီး ဖမ်းဆီးခြိမ်းခြောက်တာတွေမကြာခဏ လုပ်နေတာဟုတ်တယ်။ ပြောမယ်ဆိုရင်ဒလံလုပ်ပေးတာပေါ့”ဟု နောင်မွန်းဒေသခံ လူငယ်တစ်ဦးက KNG ကိုပြော သည်။

မဂွေဇဂိတ်စောင့် ခေါင်လန်ဖူး(ဌာနေ)ပြည်သူ့စစ်များကြောင့် ခရီးသွားပြည်သူများ နေ့စဉ်နှင့်အမျှ မလုံခြုံမှုများခံစားနေ ရကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။ https://burmese.kachinnews.com/2021/04/22/apr-22-n1/

**************

၄။ ကျိုက်ကော်တွင် KNU နှင့် အာဏာသိမ်းတပ် ပစ်ခတ်မှုဖြစ်
23 April 2021

မွန်ပြည်နယ် သထုံခရိုင် ကျိုက်ကော်မြိုတွင် ယနေ့ မနက် ၆ နာရီခွဲခန့်က ဆန္ဒထုတ်ဖော်သူများအား လုံခြုံရေးလိုက်ပါ လာသည့် KNU/KNLA တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ သူ ဒေသခံတဦးက ပြောသည်။

ပစ်ခတ်မှုသည် နောင်ဘို၊ သက္ကတောင်ပေါ်ဘုရား အတက်မုခ်ဦးအဝင် ကောင်းကြိုက်စားသောက်ဆိုင်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး အာဏာသိမ်းတပ်ဘက် ၄ ဦး ထိမှန်ခဲ့သည့်အတွက် အရေးပေါ်ကားဖြင့် တင်သွားသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။“မနက် ဆန္ဒပြတဲ့ဆီကို စစ်ကားတစီး လူ ၁၀ ခန့် လက်နက် အပြည့်အစုံနဲ့ လာတယ်၊ ရှေ့ကကားတစီးကလည်း မီးဖွင့်ပြီး မောင်းလာတော့ အဲဒီမှာ ပြည်သူကို လုံခြုံရေးစောင့်ပေးနေတဲ့ KNU ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ။ စစ်တပ်ဘက် က ၄ ဦး ထိတာမှာ တဦးကတော့ ခြေထောက်မှန်တာ၊ နောက်ပိုင်းတဦး သေတယ်လို့ ကြားပေမယ့် အတိအကျတော့ မသိရ သေးဘူး”ဟု အနီးအနား မျက်မြင်တွေ့သူက ပြောသည်။ ယနေ့ ပစ်ခတ်မှုဖြစ်ခဲ့သည့် တပ်သည် သထုံမြို့နယ် အလံတရာ တောင်ခြေမှ လေ့ကျင့်ရေး ၉ တပ်မှ ဖြစ်ကြောင်းလည်း သိရသည်။

ကျိုက်ကော်နှင့် ဘီးလင်း အကြားရှိ သုဝဏ္ဏဝတီမြို့၊ ပုတိန်ရိုး( ဖော်ဖ) စာသင်ကျောင်းရှေ့တွင် အင်အား ရာဂဏန်းဖြင့် NUG အစိုးရကို ထောက်ခံသည့် ဆန္ဒပြပွဲ ယင်းသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ပြန်ဆုတ်သွားသည့် စစ်တပ်အနေဖြင့် ၉ နာရီ ခွဲခန့်တွင် စစ်ကူများဖြင့် ပြန်လည် ရောက်ရှိလာပြီး သက္ကတောင်ပေါ်ဘုရားမုခ်ဦးအနီးရှိ ရာဘာခြံထဲတွင် ပစ်ခတ်မှုများရှိ သော်လည်း ထိခိုက်မှုအခြေအနေ မသိရှိရသေးကြောင်း ဒေသခံတဦးကပြောသည်။ ယနေ့မနက်ပိုင်း ပစ်ခတ်မှုဖြစ်စဉ်များ ကြောင့် ရန်ကုန်- မော်လမြိုင် လမ်းမကြီး ခေတ္တပိတ်ဆို့သွားပြီး ၉ နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်ကာ သွားလာလျက်ရှိ ကြောင်းလည်း ဒေသခံများက ပြောသည်။ ယမန်နေ့ ဧပြီ ၂၂ ရက် ညဦးပိုင်းကလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြဒေသ ဘက် ချောင်းဇောက်၊ မရမ်းကုန်ကျေးရွာများ ဘက်သို့ အာဏာသိမ်းတပ် အမြှောက်တပ်မှ လက်နက်ကြီး ၅ ချက်ခန့် ပစ်ခတ် ခဲ့ကြောင်း သိရပြီး မရမ်းကုန်းကျေးရွာမှ အသက် ၅၀ ကျော်ခန့် အမျိုးသမီးတဦး လက်နက်ကြီး ဗုံးစထိမှန်ကာ သေဆုံးခဲ့ ကြောင်းလည်း ဒေသခံများထံက သိရသည်။ https://burma.irrawaddy.com/news/2021/04/23/241031.html

**************

၄။ NUG အစိုးရအဖွဲ့ကို လက်ခံခြင်းမရှိသေးဟု DKBA အသိပေးထုတ်ပြန်
April 23, 2021

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဖွဲ့စည်းလိုက်သည့် အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG)ကို ၎င်းတို့အဖွဲ့အစည်းအနေဖြင့် လက်ခံခြင်းမရှိသေးကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)က ယနေ့ (ဧပြီ ၂၃) ရက်စွဲဖြင့် အသိပေးစာတစ်စောင်ထုတ်ပြန်လိုက်သည်။

ဧပြီလ ၂၁ ရက်နေ့က ဒေါနအရှေ့ခြမ်း ဒေသအတွင်းရှိ ရပ်မိရပ်ဖ ကျေးရွာလူကြီးများနှင့်အတူ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်( DKBA)၊ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)တို့ DKBA ဗဟို စစ်ဌာနချုပ်ရုံး၌ ပညာရေးတွေ့ဆုံဆွေးနွေးမှုအပြီး ယမန်နေ့(ဧပြီ ၂၂) က ထုတ်ပြန်သည့် သဘော ထားထုတ်ပြန်ချက်များ တွင် “NUG အစိုးရအဖွဲ့အား ထောက်ခံပံ့ပိုးကူညီဆောင်ရွက်သွားမည်”ဟု ဆိုသည့် အချက်ကို KIC -ကရင်သတင်းဌာနက သတင်းရေးသားခဲ့သည်။ အဆိုပါ KIC -ကရင်သတင်းဌာန၏ သတင်းရေးသားချက်ကဲ့သို့ ၎င်းတို့အဖွဲ့အစည်းသဘောထား ထုတ်ပြန်ချက်မရှိသလို လုံးဝလက်ခံခြင်းမရှိကြောင်း၊ ယင်းပညာရေးဆွေးနွေးပွဲတွင် ဒေသတွင်း ပညာရေးနှင့်ပတ် သက်၍ ဆွေးနွေးခြင်းသာဖြစ်ပြီး NUG နှင့် ပတ်သက်၍ဆွေးနွေးခြင်းမဟုတ်ကြောင်း DKBA က ပြန်လည်အသိပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

DKBA ပြောခွင့်ရ ဗိုလ်မှူးချုပ် စောမူးခိုက “အကြောင်းအရာကတော့ အခုအစိုးရအဖွဲ့တွေက တစ်ဖွဲ့မှ တည်ငြိမ်မှုမရှိသေး ဘူးလေ။ ဒီအခြေ အနေကို ကျနော်တို့စောင့်ကြည့်နေပါတယ်။ သူတို့ထဲက တစ်ဖွဲ့ဖွဲ့ရသွားရင်တော့ ကျနော်တို့ လက်တွဲ လုပ်ဆောင်သွားမှာပါ။ အဲဒါကြောင့် အခုက ကျနော်တို့ ဆုံးဖြတ်လို့မရသေးဘူး။ စောင့်ကြည့်နေဆဲပါ။ ကျနော်တို့ပညာရေး ဆွေးနွေးပွဲမှာဆိုလည်း ပညာရေးအကြောင်းပဲ ဆွေးနွေးခဲ့ကြပါတယ်။”ဟု ကေအိုင်စီသို့ပြောသည်။ ဒေါနအရှေ့ခြမ်း ရပ်မိ ရပ်ဖ ကျေးရွာလူကြီးများနှင့်အတူ KNU၊ DKBA နှင့် KECD တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်ချက်တွင် KNU အုပ်ချုပ်ရေး ယန္တရားဖြစ်သည့် (KECD)၏ ပညာရေးစနစ်အတိုင်း ရပ်တည်ကာ စစ်ကောင်စီ၏အုပ်ချုပ်ရေးဟူသမျှ ဆန့်ကျင်တွန်းလှန် သွားမည်ဖြစ်ပြီး KNU ဒူးပလာယာခရိုင်၏ ထုတ်ပြန်ထားသည့် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုအပေါ် အားပေးထောက် ခံ အကာအကွယ်ပြုသွားမည့်အတိုင်း ရပ်တည်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU၊ DKBA ခေါင်းဆောင်များ၊ ဒေါနအရှေ့ဖက်ခြမ်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပညာရေးဆိုင်ရာ တွေ့ဆုံဆွေး နွေးပွဲတွင် လူဦးရေ (၁၀၀) ဝန်းကျင်တက်ရောက်ခဲ့ပြီး ကရင့်ပညာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု၊ စစ်အာဏာသိမ်းမှုဖြစ် ပွားပြီးနောက် နယ်မြေအတွင်း အုပ်ချုပ်ရေးအခြေအနေနှင့် လတ်တလော နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ http://kicnews.org/2021/04/nug-%e1%80%a1%e1%80%85%e1%80%ad%e1%80%af%e 1%80%b8%

***************

၅။ စစ်အာဏာသိမ်းခြင်းကြောင့် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
22 April 2021

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၃ လအတွင်း ပြည်နှင့် တိုင်းအသီးသီးတွင် အရပ်သား ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း ကုလသမဂ္ဂ၏ International Organization For Migration (IOM) နှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့က စာရင်းပြုစုကာ ထုတ်ပြန်ထားသည့် အချက်အလက် များအရသိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tom Andrewက “မြန်မာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း၂ သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ပြေးကြရတယ်ဆိုတဲ့ သတင်းကြောင့် အင်မ တန် ထိတ်လန့်တုန်လှုပ်မိပါတယ်။ ဒီလောက်ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခကြီးကို နိုင်ငံတကာအနေနဲ့ ချက်ချင်းကိုင်တွယ် ဖြေရှင်းမှ ရပါမယ်”ဟု ဆိုသည်။ IOM က ဧပြီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည့် စာရင်းထဲတွင် မြန်မာနိုင်ငံ နေရပ်စွန့်ခွာ ထွက်ပြေး နေရသူများမှာ ရန်ကုန်တိုင်း အတွင်းမှ လူဦးရေ ၁ သိန်းကျော်၊ ပဲခူးတိုင်းတွင် လူဦးရေ ၁ သိန်းကျော်၊ ကရင်ပြည်နယ်တွင် လူဦးရေ ၃၁၀၀၀ ကျော်၊ မကွေးတိုင်းတွင် လူဦးရေ ၃၀၀၀ ကျော်၊ ကချင်ပြည်နယ်တွင် လူဦးရေ ၁၇၀၀ ကျော်နှင့် ချင်းပြည်နယ်တွင် လူဦးရေ ၂၀၀ ကျော် ရှိသည်ဟု ဖော်ပြ ထားသည်။

ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တွင် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ စစ်တပ်နှင့် ဒေသတွင်း တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ များကြား တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ထွက်ပြေးနေရသူများ ဖြစ်သည်။ ကချင်ပြည်နယ်တွင် စစ်တပ်နှင့် KIA တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြသူများ ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသား အစည်းအရုံး (KNU) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက လက်မှတ်ရေးထိုးထားသော်လည်း စစ်တပ်က အရပ်သားအစိုးရကို ဖမ်းဆီးချုပ်နှောင်ပြီး အာဏာသိမ်းယူခြင်းကို လက်မခံနိုင်ခြင်းကြောင့် စစ်တပ်၏ ရှေ့တန်းတပ်စခန်းများကို ဖေဖော်ဝါရီမှ စ၍ တိုက်ခိုက်လျက် ရှိသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်နှင့် ပဲခူးတိုင်းဒေသကြီး တို့အတွင်း KNU တပ်ဖွဲ့များက စစ်တပ်ကို တိုက်ခိုက်ခြင်းကြောင့် စစ်တပ် က တိုက်လေယာဉ်များ အသုံးပြုပြီး ဗုံးကြဲရာ အရပ်သားကျေးရွာများကိုပါ ပစ်မှတ်ထား ကြဲချသဖြင့် အရပ်သား များမှာ ထွက်ပြေးနေရခြင်း ဖြစ်သည်။ ကချင်ပြည်နယ်တွင်လည်း ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA) သည် စစ်တပ်က လူထုအပေါ်သတ်ဖြတ်နေသည့် လုပ်ရပ်ကို လက်မခံနိုင်ဟုဆိုကာ မတ် ၁၁ ရက်မှစ၍ အင်ဂျန်းယန်၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ တနိုင်း၊ နမ္မတီး၊ ဖားကန့်မြို့ နယ်တို့တွင် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်ရာ စစ်တပ်ကလည်း တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ထားသည်။ https://burma.irrawaddy.com/news/2021/04 /22/240999.html

**************

၆။ နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်ချင်း တိုက်ပွဲကြောင့် အရပ်သားနေအိမ်များ မီးထပ်မံလောင်
April 22, 2021

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယမန်နေ့ (ဧပြီ ၂၁)ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အရပ်သားနေအိမ်များ မီးထပ်မံလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဧပြီ (၂၁) ရက်တွင် နမ္မတူမြို့နယ် အတွင်းရှိ ပန်လုံကျေးရွာ၊ ရေအိုးကျေးရွာ နှင့် မန်ဆာ ကျေးရွာတို့မှာ တိုက်ပွဲဖြစ်ပွားမှု ကြောင့် ဒေသခံ နေအိမ် ခန့်မှန်းခြေ (၇)လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း နမ္မတူစစ်ရှောင် ကူညီနေသည့် သူများက ပြောသည်။“မနေ့ က မနက်ကနေ နေ့လည်လောက် တိုက်ပွဲတွေဖြစ်ကြတယ်။ နေအိမ်တွေ မီးလောင်သွားပြီး ဘယ်သူ့အိမ် ဆိုတာတော့ တိတိကျကျ အတည်ပြုလို့တော့ မရသေးဘူး။ ခန့်မှန်းခြေက (၆)အိမ်၊ (၇)အိမ်ရှိတယ်။ ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်”ဟု နမ္မတူ စစ်ဘေးရှောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဧပြီ (၄) ရက်နေ့ နှင့် မတ်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပန်လုံကျေးရွာတွင် နေအိမ် (၂၈) လုံး မီးလောင် ပျက်ဆီးခဲ့ရကြောင်း၊ ထိုမီးလောင်ပျက်စီးပျက်စီးသွားသည့် ကျေးရွာများတွင်နေထိုင်သည့် ဒေသခံများ ထွက်ပြေး နေရကြောင်း သိရသည်။“ဒေသခံတွေ ထွက်ပြေးကြတာ ရွာတောင်ပျက်တယ်။ နမ့်ဆန်၊ သီပေါ၊ မန်စံ တွေ ဘက် ပြေး ကုန်ကြပြီ။” ဟု ဒေသခံ တစ်ဦး ကပြောသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့ တိုက်ပွဲ ကြောင့် နမတူမြို့နယ်အတွင်းရှိ စစ်ရှောင်များ (၂၀၀၀) ခန့် ရှိနေပြီး ၎င်းတို့သည် စားနပ်ရိကာအတွက် အခက်ခဲဖြစ်နေ ကြောင်းလည်း သိရသည်။ https://burmese.shannews.org/archives/21729

**************

၇။ ကျောင်းဆရာမ အဖမ်းခံရသတင်း လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံ အဖမ်းခံရ
April 22, 2021

ကရင်ပြည်နယ် ဖားအံမြို့ အိန္ဒုရွာတွင် ယမန်နေ့ညက ကျောင်းဆရာမတစ်ဦး အဖမ်းခံရသည့်အကြောင်းနှင့် ပတ်သက်၍ ဖေ့ဘွတ်လူမှုကွန်ယက်ပေါ်တင်သည့် ဇနီးမောင်နှံနှစ်ဦးသည် ယနေ့ ဧပြီ ၂၂ ရက်နံနက် အစောပိုင်းတွင် အရပ်ဝတ် လူ ၄ ဦး မှ စစ်ဆေးရန်ရှိသည့်အတွက် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

အဆိုပါအဖမ်းခံရသည့် ဇနီးမောင်နှံသည် ယမန်နေ့ည အဖမ်းခံရသည့် ကျောင်းဆရာမ နန်းနွေးနွေးလှိုင် တိမ်းရှောင်သည့် နေအိမ်မှ ဖြစ်ပြီး လူမှုကွန်ယက်ပေါ်တွင် သတင်းဖြန့်ပြီးတင်သည့်အတွက် ဖုန်းစစ် ဆေးရန်ရှိသည်ဆိုကာ ယနေ့နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် အရပ်ဝတ်၄ ဦးက ဖားအံမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။“ မနက်စောစောမှာ ယောက်ျားဖြစ်သူရဲ့ ဖုန်းကိုလာစစ်တယ်။ တင်ထားတာတွေ့တော့ ခေါ်သွားတယ်။ နောက်ပြီး လိုင်းရတဲ့ အချိန် ၉ နာရီလောက်မှာ သူ့မိန်းမကို ထပ်လာခေါ်သွားကြတယ်။ ဖုန်းနဲ့ အတူ စစ်ဆေး စရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ အသရေဖျက်မှုနဲ့ တရားစွဲမယ်။ နာမည်ပျက်အောင်တင်တယ်လို့တဲ့ လာဖမ်းတဲ့လူက ပြောသွားတယ်။ ညနေစောင်းရှိပြီး အခုထိ ပြန်မလာသေးဘူးစိတ်ပူတယ်”ဟု အဖမ်းခံရသည့် ဇနီးမောင်နှံနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

အဆိုပါအဖမ်းခံရသည့် ဇနီးမောင်နှံသည် မောင်ပြည့်ဖြိုး(ခ)ကို ပန်းတိုင်နှင့် မနှင်းပွင့်ဝေအောင်ဖြစ်ပြီး အိန္ဒုရွာတွင်နေ ထိုင်ကာ CDM ဝင်ပြီး ယမန့်နေ့ညအဖမ်းခံရသည့် ကျောင်းဆရာမ နန်းနွေးနွေးလှိုင်၏ သူငယ်ချင်းဖြစ်သည်ဟု သိရသည်။ http://kicnews.org/2021/04/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%

***************

၈။ ချင်းမိုင်ခရိုင် ဝိန်းဟိန်မြို့ အနီးရှိ RCSS/SSA တပ်စခန်းဆီကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ထပ်ပစ်
April 22, 2021

မြန်မာ-ထိုင်း နယ်စပ် ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ် အနီးရှိ ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ကင်းစခန်းတခုကို အကြမ်းဖက် စစ်ကောင်စီ မှ လက်နက်ကြီး( ၅) လုံးပစ်ခတ်ခဲ့ကြောင်း သတင်း ရရှိသည်။ ( ဧပြီ ၂၁) ရက် ည (၁၀) နာရီခွဲဝန်းကျင်တွင် မြန်မာ-ထိုင်းနယ်စပ် (Wiang Haeng မြို့နယ်) မျဉ်း နှင့် ၄ မိုင် ခန့် အကွာ ပန်မိုင်ဆုန် ရွာဟောင်း တောင်ဘက်ကနေ RCSS/SSA အမှတ် (၁) လွိုင်လမ်လုံ ကင်းစခန်း ဘက်အား အကြမ်း ဖက်စစ်ကောင်စီမှ လက်နက်ကြီး (၅)လုံးဖြင့် ပစ်ခတ်လာခဲ့ကြောင်း နယ်စပ်တွင်နေထိုင်သည့် ဒေသခံတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။“ မနေ့ ည က လက်နက်ကြီး (၅) လုံးပစ်ခဲ့တယ်။ ဒါပေမယ့် တလုံးဘဲပေါက်ကွဲတယ်။ အဲနေရာက ဘယ်သူမှ မနေတော့ ဘူး။ ဟိုအရင်ကတော့နေတယ်။ 81 mm.နဲ့ပစ်လာခဲ့တာ”ဟု နယ်စပ်ဒေသတွင် နေထိုင် သည့် ဒေသခံတစ်ဦးကပြောသည်။

လက်နက်ကြီး ကျသည့်နေသည့် RCSS/SSA တပ်စခန်း မနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ထိုနေရာအနီးတွင် မြန်မာ-ထိုင်းနယ်စပ် မျဉ်းပေါ်တွင် တည်ရှိသည့် Wiang Haeng မြို့နယ် လူသိများသည့် Wat Fah Wiang Inn ဘုန်းကြီးကျောင်း နှင့် ၂မိုင်သာ ကွာဝေးသည်။ ဧပြီ ၁၈ ရက်မှ စတင်ကာ ဧပြီ ၂၁ရက် ည (၁၀)နာရီခွဲဝန်း ကျင်ထိ အကြမ်းဖက် စစ်ကောင်စီ မှ RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ၊ လွိုင်ဆမ်ဆစ်၊ လွိုင်လမ် နှင့် လွိုင်ကော်ဝမ်း တပ်စခန်းရှိရာဘက်ကို လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့သည်။

နယ်စပ်မျဉ်း တလျောက် RCSS/SSA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီ မှ တိုက်ခိုက်လာမည်ဆိုသည့် သတင်းကြောင် ဧပြီ (၃)ရက်မှစတင်ကာ ချင်းမိုင်ခရိုင် Wiang Haeng မြို့နယ် မြန်မာ-ထိုင်းနယ်နမိတ်မျဉ်းပေါ်တွင် တည်ရှိသည့် Wat Fah Wiang Inn ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဦးဇင်းများ၊ ကိုရင်များက ဗုံးခိုကျင်းများတူကာ ပြင်ဆင်ထားကြ ကြောင်းသိရသည်။ https://burmese.shannews.org/archives/21726

**************

၉။ မြစ်ကြီးနား ကျောင်းသားသမဂ္ဂသပိတ် ဆက်လက်ဆန္ဒပြ
23 April, 20212

မြစ်ကြီးနားမြို့မှာ ကျောင်းသားတွေ ဖမ်းဆီးခံနေရပေမယ့်လည်း ဧပြီ ၂၃ ရက်နေ့မနက်က မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ မြစ်ကြီးနား ဒေသခံတွေ စုပေါင်းပြီး အင်ဂျန်ဒုံရပ်ကွက်မှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့မှာ အထွေထွေသပိတ်မှလူငယ်တွေ၊ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂတွေ၊ ပင်မသပိတ်တွေပ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့အထိ ဆက်လက် ဆန္ဒပြ ခဲ့ကြတာပါ။ http://burmese.dvb.no/archives/459134

*************

၁၀။ ပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများကို မိုးမကျမီ အချိန်မှီ ပြုပြင်နိုင်ရန် အလှူရှင်များလိုအပ်နေ
April 22, 2021

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းအချို့တွင် ဒုက္ခသည်များနေထိုင်သည့် တဲအိမ်များ ပျက်စီးမှု၊ အမိုးအကာ မလုံ လောက်မှုများရှိသဖြင့် မိုးရာသီမရောက်မီ ပြုပြင်နိုင်ရန် အလှူရှင်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်စခန်း သိရသည်။ ပျက်စီးနေသည့် စစ်ဘေးရှောင်စခန်းများမှာ မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြသည်။

ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၂၀ စု၊ လူဦးရေ ၃၄၀၀ ကျော် နေထိုင် လျက်ရှိပြီး၊ ယင်းစစ်ဘေးရှောင်စခန်းရှိ တဲအိမ် သုံးပုံတစ်ပုံခန့်မှာ ပျက်စီးနေကြောင်း၊ နှစ်ပုံခန့်မှာ အမိုးအကာများ ပျက်စီးနေ သဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။“အခေါင်တွေ ပေါက်ပြဲပြီး တော့ တချို့ဆိုရင် အမိုးလည်း အဆင်မပြေဘူး။ အကာလည်း မလုံတော့ဘူး။ ခြေရင်းက တိုင်တွေ ပျက်စီးပြီးတော့ ယာဉ် သွားပါပြီ။ အလှူရှင်တွေကလည်း မရှိဘူး။ အမိုးမလုံတဲ့အတွက် မိုးရွာလာတာနဲ့ သူတို့အခက်အခဲဖြစ်မှာကို ကြိုမြင် နေတဲ့ အတွက် စိုးရိမ်နေကြတယ်။ အိပ်ဖို့မရ နေဖို့မရထိ ဖြစ်သွားနိုင်တယ်။ သူတို့မှာက စားဖို့သောက်ဖို့အနိုင်နိုင် ဖြစ်နေတဲ့ ဟာမှာ သူတို့ကိုယ်တိုင် ပြုပြင်ဖို့အတွက်ကျတော့လည်း မဖြစ်နိုင်ဘူး။ ဝါးတွေ၊ သစ်တွေရှာပြီး ပြုပြင်ဖို့အတွက်ကျတော့လည်း တချို့သူတွေမှာ လုပ်တတ်ကိုင်တတ်တဲ့ သူတွေမရှိ အိမ်ထောင်စုတွေများတယ်” ဟု ကိုခိုင်မျိုးအောင်က ပြောသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ကျေးရွာသားများမှာ တင်းမကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာများမှ အများစုပါဝင်ပြီး၊ အဆိုပါကျေးရွာများမှာ မီးလောင်မှုကြောင့် နေအိမ်များ ပျက်စီးသွားသဖြင့် နေရပ်သို့ပြန်ရန် အခက်အခဲရှိသူများဖြစ်ကြသည်။ “အိမ်တိုင်းလိုလို ပြိုပျက်နေပါပြီ။ အိမ်ပြန်လည်ဆောက်ဖို့အတွက်ဆိုရင် အမိုးအကာ ဓနိလိုမယ်။ ဝါးလိုမယ်။ အဲဒါတွေ ဝယ်ဖို့ ငွေကြေးလိုအပ်တယ်။ ဒီဟာတွေကို မပြုပြင်ဘဲထားလိုက်ရင် မိုးရာသီမှာ နေရေးထိုင်ရေး တော်တော် လည်းကို အခက်အခဲဖြစ်နိုင်တယ်။ အခု လက်ရှိစခန်းမှာ ကျန်တဲ့သူတွေမှာက အိမ်လည်း မရှိတော့ဘူး။ ဥယာဉ်ခြံမြေတွေလည်း ပျက်စီးဆုံးရှုံးသွားတာကြောင့် နေရပ်ကို ပြန်ဖို့အခက်အခဲဖြစ်နေကြတဲ့သူတွေ ဖြစ်ပါတယ်”ဟု ကိုမောင်အေးသာက ပြောသည်။ https://www.bnionline.net/mm/news-80596

**************

၁၁။ မွန်ပြည်နယ်အတွင်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်း
April 23, 2021

မွန်ပြည်နယ်တွင်း မြို့နယ်အလိုက် (G-Z)လူငယ်၊ ကျောင်းသား၊ ဝန်ထမ်း၊ နည်းပညာတတ်ပုဂ္ဂိုလ်၊ မြို့ခံရပ်မိ/ရပ်ဖများ နှင့် ပြည်သူလူထုများစုစည်း၍ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (National Guard)ကို ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၂၂ ရက်နေ့ က ကြေညာလိုက်သည်။ အဆိုပါအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ရည်ရွယ်ချက် ငါးချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး ၎င်း ရည်ရွယ်ချက်ထဲတွင် နိုင်ငံတော်၏အာဏာကို ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရထံ ပြန်လည် အပ်နှင်းရေး၊ စစ်အာဏာရှင်မှ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုများ လွတ်မြောက်ရေး

နှင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာသတ်ဖြတ်နေသည့် စစ်ကောင်စီကို တိုင်းရင်းသား ညီနောင်များနှင့်အတူ တော်လှန်သွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်း ကင်းဝေးရန်အတွက် ပြည်သူလူထု များအား ကာကွယ်စောင့်ရှောက်ရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ အမြန်ဆုံးဖြစ်ထွန်းပြီး စစ်အာဏာရှင်ကျဆုံးသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူတကွ လက်တွဲတိုက်ခိုက် ချေမှုန်းမည်ဟူ၍လည်း ဖော်ပြထားသည်။ အဆိုပါ မွန်ပြည်နယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ဖယ်ဒရယ်တပ်မတော် မဖြစ်ပေါ်လာသေးမီ စပ်ကြား ကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မူဝါဒလမ်းညွန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဟု လည်း မှတ်ချက်ပြု ထားသည်။ အလားတူ တိုင်းနှင့်ပြည်နယ်တချို့တွင်လည်း သက်ဆိုင်ရာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းလိုက် ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ကိုလည်း တွေ့ရသည်။ http://kicnews.org/2021/04/%e1%80%99%e 1%80%bc%e1%80%94%e1%80%b9%e1%80%bb%e1%

*************

၁၂။ NUG အစိုးရအဖွဲ့ဝင်များကို အကြမ်းဖက်စစ်အုပ်စုက အမှုဖွင့်တရားစွဲ
23 April, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာပါဝင်တဲ့အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ အစိုးရဖွဲ့ စည်းရာမှာ ပါဝင်ဆောင်ရွက်သူ စုစုပေါင်း ၂၆ ယောက်ကို သက်ဆိုင်ရာတရားရုံးတွေနဲ့ ရဲစခန်းအသီးသီးမှာ တရားစွဲဆို၊ အမှုဖွင့်အရေးယူနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေကနေ ဧပြီ ၂၂ ရက်ညမှာ သတင်းထုတ်ပါတယ်။

အမှုဖွင့်ခံရတဲ့ပုဂ္ဂိုလ် ၂၆ ယောက်အထဲမှာ ဒုသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒေါက်တာ ဆာဆာ၊ ဒေါက်တာ ဇော်ဝေစိုး၊ ဒေါက်တာ တူးခေါင်၊ နော်ဆူဇန်နာလှလှစိုး တို့ပါဝင်ပါ တယ်။ ဒါအပြင် ပြည်ထောင်စုဒုဝန်ကြီးတွေဖြစ်တဲ့ ဦးမိုးဇော်ဦး၊ ခူထဲဘူး၊ ဒေါ်ခင်မမမျိုး၊ နိုင်ကောင်းရွက်၊ ဦးချစ်ထွန်း၊ မိုင်းဝင်းထူး၊ မင်းဇေယျာဦး၊ နော်ထူးဖော၊ ဂျာထွယ်ပန်၊ ဒေါက်တာ ရွှေပုံ၊ ခွန်းဘီထူးနဲ့ ဒေါ်အိသဉ္စာမောင်တို့အပြင် အစိုးဖွဲ့ရာမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဦးအောင်ကြည်ညွန့်နဲ့ ဒေါက်တာ ဝေဖြိုးအောင်တို့ကိုလည်း အမှုဖွင့်တရားစွဲထား တယ်လို့ ဆိုပါတယ်။

NUG အစိုးရဖွဲ့စည်းတာဟာ စစ်ကောင်စီကို ဖြိုဖျက်ဖို့ အားထုတ်ရာ ရောက်တဲ့အတွက် ပါဝင်ဆောင်ရွက်သူတွေဟာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကို ကျူးလွန်ရာရောက်လို့ ရာဇသတ်ကြီးပုဒ်မ ၁၂၂ အရ လည်းကောင်း၊ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇(၁) အရလည်းကောင်း ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့် အာဏာအပြည့်အဝ အပ်နှင်းချက်အရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ဖွဲ့စည်းခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့မှာတော့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရအဖွဲ့ဝင် ၁၅ ဦးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့ စည်းပြီး ဒုတိယဝန်ကြီး ၁၂ ဦးကိုလည်း တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ http://burmese.dvb.no/archives/459131

**************

၁၃။ အကြမ်းဖက်စစ်ကောင်စီလက်အောက် ကျောင်းမတက်ရန် မော်လမြိုင်လူငယ်များ လှုံ့ဆော်
23 April, 2021

အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ကျောင်းတွေ ပြန်ဖွင့်လာခဲ့ရင် ကျောင်းပြန်မတက်ဖို့ မော်လမြိုင် လူငယ်တွေက ဧပြီ ၂၃ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ လူငယ်တွေကတော့ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အတန်းဖော်တွေရဲ့ သွေး တွေ မခြောက်သေးကြောင်းနဲ့ သွေးစွန်နေတဲ့ လက်နဲ့ ပညာမသင်ဖို့ တိုက်တွန်းတာပါ။

အကြမ်းဖက် စစ်ကောင်စီဟာ လာမယ့် မေလဆန်းမှာ ကျောင်းတွေပြန်ဖွင့်ဖို့ စီစဉ်နေသလို သူတို့နဲ့ ပူးပေါင်းထားတဲ့ ဆရာ ဆရာမတွေကိုလည်း သင်တန်းတွေ ပို့ချနေတာပါ။ မော်လမြိုင်မှာ စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ လူငယ်တွေ စုပေါင်း ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ပြောက်ကျားသပိတ် ပြုလုပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြ မော်လမြိုင် လူငယ် တွေကတော့ ဒီအရေးတော်ပုံ တိုက်ပွဲမှာ ဓမ္မသာနိုင်လိမ့်မယ်လို့ ဆိုကြပါတယ်။ http://burmese.dvb.no/archives/45

**************

၁၄။ ရလခ တိုင်းစစ် လက်အောက်ခံ ပြည်သူ့စစ်တပ်များ အင်အားဖြည့်ပေးရန် တိုင်းမှူးဆင့်ဆို
April 22, 2021

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် ခိုလမ်မြို့အခြေစိုက် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ၎င်းလက်အောက်ခံရှိပြည်သူ့စစ်တပ်ဖွဲ့များအား ဆင့်ခေါ်တွေ့ဆုံပြီး အင်အားဖြည့်တင်းပေးဖို့ ပြောကြားခဲ့သည် ဟု သိရသည်။ ခလရ တိုင်းမှူးက ကွန်ဟိန်းမြို့ကာလိ အခြေစိုက် ကာလိပြည်သူ့စစ်တပ်ဖွဲ့၊ နမ့်စန်မြို့နယ် ပန်လျဲန်းဆိုင် မတ်ကျိုင်းရွာ အခြေစိုက် မတ်ကျိုင်းပြည်သူ့စစ်တပ်ဖွဲ့၊ နားရိုင်း ပြည်သူ့စစ်တပ်ဖွဲ့ နှင့် ဟိုမိန်းခြေစိုက် မဟာကြာ၏ SSS ပြည်သူ့စစ်ခေါင်းဆောင်များအား နမ့်စန် တပ်နယ် အစည်းအဝေးခန်းမ တွင်ဆင့်ခေါ်တွေ့ဆုံဆွေးနွေးကြသည်ဟုသိရသည်။

“အဓိက က ၃ ချက် ပေါ့ – (၁) ဒေသဖွံ့ဖြိုးရေးအတွက်ဘာတွေလိုအပ်လဲ ကူညီပေးမယ် (၂) CDM နဲ့ ဆန္ဒပြတဲ့သူတွေ ခိုလှုံခွင့်တောင်းလာရင် ကောင်းကောင်းမွန် လက်ခံပြီး တပ်ထံပြန်အပ်ပေးဖို့ပေါ့ (၃) ဒေသအတွင်းလုံခြုံရေးအတွက် အင်အား ဖြည့်ပေးဖို့ တိုင်းမှူးက ပြောတယ်” ဟု အမည်မဖေါ်လိုသည့် ပြည်သူ့စစ်အရာရှိတဉီးကပြောသည်။ တွေ့ဆုံမှု တွင် တိုင်းမှူး က ပြည်သူ့စစ်တပ်ဖွဲ့တခုလျှင် လူအင်အား ၁၀၀ ကျပေးဖို့ ဆင့်ဆိုခဲ့သော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ ခေါင်းဆောင် များက အယောက် ၃၀ သာ ကူညီနိုင်ကြောင်း ဈေးဆစ်ကြသည်ဟုလည်းသိရသည်။“ကျနော်တို့ လူကြီးက ပြောတယ်။ ကျိုင်းတောင်းဘက် လှုပ်ရှားနေတဲ့ RCSS တပ်တွေ ရှင်းထုတ်ဖို့ တပ်က တောင်းဆိုတာ လို့ဘဲကြားတယ်” – ဟုလည်း နမ့်စန်မြို့နေ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တဉီးက ပြောသည်။

ကျိုင်းတောင်းဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ “ထူးထူးခြားခြား စစ်ရေးလှုပ်ရှားမှု မရှိသေးဘူး”RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးခမ်းစံကပြောသည်။ နမ့်စံ မြို့ မိ မြို့ဖ တစ်ဉီးက ပြည်သူ့စစ်တပ်ဖွဲ့ကို အင်အားဆင့်ဆိုတာက မြို့အတွင်း ဆန္ဒပြလူထုကို နှိမ်နှင်းဖို့၊ တခြားတော်လှန်ရေးတိုက်ပွဲဆင်နွဲနေတဲ့တိုင်းရင်းသားတပ်တွေကို အင်အားဖြည့် တိုက်ခိုက်ဖို့ ဖြစ် သည့်အတွက် လက်အောက်ငယ်သားတွေကို မစေလွှတ်ဖို့ ၊ လူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ် အုပ်စု ကို မထောက်ခံဖို့ – တောင်းဆိုလိုက်ပါသည်။ https://burmese.shannews.org/archives/21736

**************

၁၅။ သီပေါမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်
23 April, 2021

ရှမ်းပြည်နယ် သီပေါမြို့မှာ ဧပြီ ၂၃ ရက် ဒီနေ့မနက်ပိုင်းက ပြည်သူအားလုံး စုပေါင်းဦးဆောင်တဲ့ သီပေါမြို့နယ် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေး အရုဏ်ဦးသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

ဒေသခံပြည်သူတွေက အစိုးရသစ် (NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)တို့ကို ထောက်ခံကြို ဆိုပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း မြို့အနှံ့လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဇာတိမာန်သီချင်းသံပြိုင်ရွတ်ဆိုကာ လူစုခွဲခဲ့ပါတယ်။ http://burmese.dvb.no/archives/459101

*************

၁၆။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အင်တာပိုရဲတပ်ဖွဲ့ ထံ NUG တောင်းဆို
23 April 2021

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နှင့် နိုင်ငံတကာ ရာဇဝတ်ရုံး (ICC)တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေ အတွင်းရေးမှူးထံသို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ဧပြီ ၂၂ ရက်တွင် အကြောင်း ကြားစာ ပေးပို့ထားသည်။

ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပမည့် အာဆီယံအစည်းအဝေး လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် NUG မှ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားထားခြင်း ဖြစ်သည်။ ၎င်းသည် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူ တစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊ ဧပြီလ ၂၁ ရက်အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း စသည့် အချက်အလက်များ အကြောင်းကြားစာတွင် ပါရှိပါသည်။

“မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသော အမှုများအတွက် ICJ နှင့် ICC တရားရုံး နှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း”ပါရှိသည်။ ထို့ပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက်လည်း တရားစွဲဆို ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့ အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ် သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့် ၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားသည်။ https:// burma.irrawaddy.com/news/2021/04/23/241017.html

*************

၁၇။ မြန်မာနိုင်ငံတဝှမ်းရှိ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများကို စုစည်းပေးနိုင်မည်ဟု NUG ကို AASYC ရှုမြင်
April 22, 2021

ဧပြီလ ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ အာဏာရှင်ဆန့် ကျင်ရေးအင်အားစုများအား ကျယ်ကျယ်ပြန့်ပြန့်စုစည်းပေးနိုင်မည့် အင်အားစုတစ်ရပ်အဖြစ် ရှုမြင်ကြောင်း ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC) အတွင်းရေးမှူး ကိုတိန်ဦးကပြောသည်။“အထူးသဖြင့် အဖိနှိပ်ခံ ဗမာတိုင်းရင်းသား ပြည်သူလူထုနဲ့ မြန်မာနိုင်ငံလွတ်ရေးတဲ့အချိန်က ကနေ့အချိန်ထိ အမျိုးသားတန်းတူရေးနှင့် ကိုယ်ကံ ကြမ္မာ ကိုယ်ဖန်တီးခွင့်အတွက်တိုက်ပွဲဝင်နေကြတဲ့ တခြားတိုင်းရင်းသားတွေကြားထဲမှာ သဘောတရားအရရော၊ လက်တွေ့ အရပါ ချိတ်ဆက်ပေးနိုင်မယ့် အင်အားစုတခုအဖြစ် မျှော်လင့်တယ်”ဟုလည်း ၎င်းကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)အား ဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ယခုဧပြီလ ၁၆ ရက်နေ့က ကြေညာခဲ့သည်။ အဆိုပါ NUG ဖွဲ့စည်းရာတွင်ပါဝင်ရန် ရက္ခိုင့်တပ်တော်(AA)ကို CRPH က ကမ်းလှမ်းခဲ့သော်လည်း ကိုယ့်ရပ်တည်ချက်နှင့်ကိုယ် မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၆ ရက်နေ့တွင် ၎င်း၏တွစ်တာအကောင့်မှ ရေးသားခဲ့သည်။ NUG ဖွဲ့စည်းမှုအား ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ပပျောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်နေသည့် ကြားကာလအစိုးရတရပ်အဖြစ် NUG ကို အသိအမှတ်ပြုကြောင်း AASYC က ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားတန်းတူးရေး၊ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရား ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် NUG နှင့် လိုအပ်သလို ညှိနိူင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း AASYC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။“AASYC အနေနဲ့ NUG နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ့်ပုံစံ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက

လက်တွေ့ တိုက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ဖြစ်ပါတယ်။ (၂၀၀၈)ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အစရှိတဲ့ ဘုံရည်မှန်းချက်တူညီတဲ့ကိစ္စတွေမှာ နိုင်ရာကဏ္ဍက တာဝန်ယူသွားဖို့ဖြစ်ပါတယ်။ ဒါနဲ့ တဆက်စပ်တည်း လုပ်ဆောင်သွားဖို့ စဉ်းစားထားတဲ့ ကိစ္စတွေလည်း ရှိပါတယ်”ဟု အတွင်းရေးမှူး ကိုတိန်ဦးက ပြောသည်။ https://www.bnionline.net/mm/news-80597

****************

၁၈။ အဖမ်းခံရသည့် အမျိုးသမီးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရ
23 April 2021

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရသည့် ရန်ကုန်မြို့ မှ အမျိုးသမီးငယ်တချို့ မှာ စစ်ကြောရေးအချိန်ကာလကို ဖြတ်သန်းရ စဉ် ညဘက်အချိန်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်ခံရမှုများနှင့် ရင်ဆိုင်နေရကြောင်း လုံခြုံရေးတပ်ဖွဲ့များ နှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရသည်။ တချို့ အမျိုးသမီးငယ်များသည် ၎င်းတို့၏ ချစ်သူများနှင့်အတူနေထား သည့် HD များ ဖုန်းထဲတွင် ပါလာရာ ၎င်းတို့ကို ပစ် မှတ်ထား၍ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်မှ စစ်ဘက်အရာရှိများက ညဘက်တွင် သီးခြား ခေါ်ယူ စစ်ဆေးစဉ် လိင်ပိုင်း ဆိုင်ရာ စော်ကားမှု တချို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“တပ်က ကောင်တွေက ညဘက် မူးလာရင် HD ပါလာတဲ့ ကလေးမလေးတွေကို ခေါ်ထုတ်တယ်။ ပြီးရင် သူ့ဖုန်းထဲက အဲဒီ ဟာကို ဖွင့်ပြပြီး ထိကပါး ရိကပါး လုပ်တာပေါ့။ ညဘက်မှာ အပြင်ခေါ်ထုတ်ပြီး သီးခြား စစ်တာမျိုးတွေ လုပ်တယ်။ အွန် လိုင်းမှာ ပြန့်နေတဲ့ အမျိုးသမီး အင်္ဂ ါကို တုတ်နဲ့ မွေတယ်ဆိုတာလည်း ဒီကောင်တွေပဲ လုပ်တာ”ဟု သတင်း ရင်းမြစ် တဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ လက်ထဲတွင် ယခုလို အမျိုးသမီးများ ဘက်ပေါင်းစုံမှ အကြမ်းဖက်ခံနေ ရခြင်းကို ကြားသိနေရ သော်လည်း လက်ရှိ တိုင်းပြည်၏ အခြေအနေအရ အကူအညီများ မပေးနိုင်သဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ အမျိုးသမီး အဖွဲ့များအနေဖြင့် တောင်းဆိုသင့်သည့်အရာများကို ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ် ထားကြောင်း အရှို အမျိုး သမီးအဖွဲ့ မှ ဒါရိုက်တာ မိုင်သန့်စီဦးက ပြောသည်။

“မလုပ်သင့်တဲ့အရာ၊ မဖြစ်သင့်တဲ့အရာကို လုံးဝ ကျူးလွန်တဲ့အပိုင်းတွေ ဖြစ်နေပြီ။ ဒီလိုမျိုး အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ်မှာ ဒီလိုမျိုး မတရားမှုတွေ လိင်ပိုင်းဆိုင်ရာအပြင် အဖက်ဖက်က စော်ကားမှုတွေကို တရားမျှတမှုရအောင် ကျမတို့က ပြန်ပြီးမှ ကြိုးစားသွားမယ်။ တနေ့မှာတော့ ရှိတဲ့အချက်အလက်တွေ အထောက်အထားတွေနဲ့ တရားမျှတမှု ရရှိအောင် လုပ်သွားပါ့မယ်”ဟု မိုင်သန့်စီဦးက ပြောသည်။ ယခုကဲ့သို့ အမျိုးသမီးများ အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားသူများကို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု များကို သာမက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် ဂုဏ်သိက္ခာ ညှိုးနွမ်း အောင် ပြုလုပ်သည့် မည်သည့် လုပ်ရပ်မျိုးကို မဆို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ https://burma.irrawaddy.com/news/2021/04/23/241022.html

**************

၁၉။ ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီဟုဆို
April 22, 2021

COVID -19 ကြောင့် ဆယ်လကျော်ကြာ အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့ရသည့် ရခိုင်ပြည်နယ်မှ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်း က ဆိုသည်။ ဧပြီလ ၁၂ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည် လုပ် ကိုင်ရန် ခွင့်ပြုမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူကပြောသည်။“အရင်တုန်းက ထုတ်ပြန်ခဲ့တဲ့ COVID-19 စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြန်ဖွင့်ခွင့်ပြုခဲ့တာပါ။ လက်ရှိမှာ စစ်တွေက ကုန်သွယ်ရေးလှေ ၁၀ စီး၊ မောင်တောက လှေ ၆ စီး စုစုပေါင်း ၁၆ စီးထွက်သွားပြီလို့ သိရပါတယ်။ လှေသမားတွေပြန်လာရင် Quarantine ထားဖို့အတွက်လည်း နေရာ တွေကို ကျွန်တော်တို့ စီစဉ်ထားပါတယ်” ဟု ဦးသန်းထွန်းက ပြောသည်။

“ဒီနယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားခဲ့တဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေချည်းပဲ ထိခိုက်ခဲ့တာမဟုတ်ဘူးလေ၊ ဒီလုပ်ငန်း မှာပါဝင်တဲ့ ကုန်စည်ထုတ်လုပ်သူတွေကစလို့ ကုန်တင်ကုန်ချအလုပ်သမားတွေအထိ သူတို့လည်း ထိခိုက်မှု ရှိခဲ့ကြတာပဲ လေ။ ရခိုင်ပြည်နယ်မှာက စီးပွားရေးလုပ်ငန်းက ဘာတစ်ခုမှ ရှိတာမဟုတ်တော့ ဒီလုပ်ငန်းလေးပြန်လုပ်ခွင့်ရတဲ့အတွက် အဆင်ပြေလာဖို့မျော်မှန်းတယ်”ဟု သူကဆိုသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် စစ်တွေနယ်စပ်ကုန် သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၇၃၆ ဒသမ ၈၁ သန်းနှင့် မောင်တောနယ်စပ်ကုန်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၅၅၄ သန်းတို့ကို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန် ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ အတွင်းက ဘင်္ဂလာဒေရှ့်နယ်စပ်ကုန်သွယ်ရေးမှ စစ်တွေမြို့သို့ ကုန်တင်ရေယာဉ်ဖြင့် ရောက်ရှိလာသူတစ်ဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် စစ်တွေကုန်သွယ်ရေးစခန်းအား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားခဲ့ပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းကိုလည်း ကိုဗစ်ကြောင့် ဇူလိုင်လအတွင်းမှ စတင်ကာ အကန့်အသတ်မရှိ ပိတ်ထားခဲ့ခြင်းဖြစ်သည်။ https://www.bnionline.net/mm/news-80595

**************

၂၀။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တောင်ကိုးရီးယားအစိုးရနှင့် လွှတ်တော်မှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အဖြစ်အသိအမှတ်ပြုပေးရန် တောင်ကိုးရီးယားနိုင်ငံရှိမြန်မာအဖွဲ့အစည်းများကတောင်းဆို
April 22, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အား ကိုရီးယားလွတ်တော်နှင့်အစိုးရမှ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိ အမှတ်ပြုပေးရန် တောင်းဆိုတင်ပြသည့် သတင်းစာရှင်းလင်းပွဲ တွင် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ ဦးဆောင်၍ စီစဉ်ကျင်းပခဲ့ပြီး ကိုရီးယားနိုင်ငံရှိ အခြားသော မြန်မာအဖွဲ့အစည်းပေါင်း (၂၀)ဖွဲ့နှင့်အတူ Chin Youth Organization South Korea ကိုယ်စားလှယ် အနေဖြင့် ပါဝင်တက်ရောက်ကြောင်း CYO South Korea အဖွဲ့၏လူမူကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ထိုသတင်းစာရှင်းလင်းပွဲကို ကိုရီးယားနိုင်ငံရှိ မြန်မာအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် စစ်အာဏာသိမ်းမှုဆန့်ကျင် ရေးကော်မတီ (ကိုရီးယား)မှ ဦးဆောင်၍ စီစဉ်ကျင်းပခဲ့ပြီး ကိုရီးယားနိုင်ငံရှိ အခြားသော မြန်မာအဖွဲ့အစည်းပေါင်း (၂၀) ဖွဲ့နှင့်အတူ ကိုရီးယားအဖွဲ့အစည်းပေါင်း (၂၀၀)ကျော်မှ လက်မှတ်ရေးထိုးထားသည့် တင်ပြတောင်းဆိုချက်စာကို လက်ရှိ အာဏာရ ပါတီမှ ကိုရီးယား မြန်မာ လွတ်တော်အမတ်များချစ်ကြည်ရေးအသင်း၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ဖတ်ဂယောင်းဆွန်းနှင့်အတူ အဖွဲ့ဝင် လွတ်တော်အမတ် (၅)ဦးတို့က မြန်မာ့ဒီမိုကရေစီအရေးကို မိမိတို့အနေဖြင့် အားပေး ထောက်ခံကြောင်း ထို့နည်းတူ NUG အစိုးရကိုလည်း မိမိတို့ လွတ်တော်အမတ်များအနေဖြင့် ချွင်းချက်မရှိ အသိမှတ်ပြု ထောက်ခံပါကြောင်း လွတ်တော်အတွင်း၌လည်းအများက ထောက်ခံစေပြီး အသိအမှတ်ပြုပါရန် မိမိတိုမှတိုက်တွန်းနှိုးဆော် သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပေးခဲ့ကြပြီး ထိုတောင်းဆိုစာကို ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားရေးရာဌာနမှ မူဝါဒရေး ရာ စီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဖြစ်သူ လွတ်တော်အမတ် မစ္စတာ လီယုံဆန် ထံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံတကာ စည်းရုံးရေးကော်မတီ ကိုရီးယားဌာန၏ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားညီညွတ်ရေး(NUG)အစိုးရကိုကိုးရီးယားလွှတ်တော်မှထောက်ခံရန်တင်ပြတောင်းဆိုစာကို များမကြာခင် ကိုရီးယား ပြည်သူ့လွတ်တော် အစည်းအဝေးသို့ တင်ပြပြီး လွတ်တော်မှ ဆွေးနွေးသုံးသပ်ချက်များဖြင့် အများသဘောတူ ဆုံးဖြတ် အတည်ပြုပေးမည် ဖြစ်ကြောင်းသိရှိရပါသည်။ https://www.bnionline.net/mm/news-80594

*************

၂၁။ အာဆီယံစည်းဝေးပွဲ အပေါ် ကုလအကြီးအကဲ မျှော်လင့်ချက်ထား
23 April, 2021

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီလ ၂၄ ရက်၊ စနေနေ့မှာကျင်းပမယ့် မြန်မာ့အရေး အရေးပေါ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက တညီတညွတ်ထည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က မျှော်လင့်ထားကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အာဆီယံဆီက တညီတညွတ်ထည်း ပြင်းပြင်းထန်ထန် ပြောဆိုကြမယ်လို့ အတွင်းရေးမှုးချုပ်က မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြန်ပြီး အုပ်ချုပ်လာစေဖို့ ကျနော်တို့ အားလုံးလိုလားတဲ့ ရည်မှန်းချက်အောင်မြင်အောင် အာဆီယံက သိပ်ကို အရေးပါတဲ့ ကဏ္ဍကနေ အကူညီပေးနိုင်တဲ့ အစိတ်အပိုင်း တခုအနေနဲ့ ရှိနေပါတယ်။ အာဆီယံ တနိုင်ငံချင်းစီရဲ့ အခန်းကဏ္ဍတိုင်းက အရေးပါသလို ပြောဆိုချက်အသီးသီး ကလည်း အရေးပါပါတယ်။ ဒါကြောင့် ဒီအစည်းဝေးကနေ ပြင်းထန်တဲ့ သတင်းစကားပါးမယ်လို့ ကုလသမဂ္ဂက မျှော်လင့်ထားကြောင်း” ပြောသွားတာပါ။

အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာမြို့ကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ သီးခြားတွေ့ ဆုံ ဆွေးနွေးဖို့ရှိတယ်လို့လည်း အတည်ပြုပြောဆိုပါတယ်။ စနေနေ့မှာကျင်းပမယ့် ဒီ စည်းဝေးပွဲကို အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ တက်ကြဖို့ အစောပိုင်းက စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ထိုင်းဝန်ကြီးချုပ်က Prayuth Chan-O-Cha ကသူကိုယ်တိုင်မတက်နိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့သလို ဖိလစ်ပိုင်သမ္မတ Rodrigo Duterte မတက်ရောက် နိုင်ကြောင်းလည်း ကြာသပတေးနေ့မှာ သမ္မတပြောခွင့်ရက ပြောပါတယ်။ https://burmese.voanews.com/a/-on-asean-meeting-un-guterres-hope-/5863486.html

 

 

မှတ်ချက်။ သက်ဆိုင်ရာသတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

** ပြီး **