• Today is: Thursday, March 28, 2024

ဖက်ဒရယ်စနစ်နဲ့ နိုင်ငံသားများတာဝန်

Federal

 

ဖက်ဒရယ်စနစ်/ဖက်ဒရယ်ဝါဒနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေဟာ ဗဟိုချုပ်ကိုင်မှုများတဲ့ ပြည်နယ်တွေရဲ့ အားနည်းချက်တွေကို ရှာဖွေကြည့်ရာကနေ ပေါ်လာတာ တွေ့ရတယ်။ ဒီအတွေးအခေါ်ဟာ ၁၇ ရာစုနဲ့ ၁၈ ရာစုတွေမှာ ပေါ်ထွန်းတိုးတက်လာတယ်လို့ ဆိုကြတယ်။ ယိုဟန်နက်စ် အလ်ထူးဇီးယုစ် (Johannes Althusius (1557–1630)) ကို ခေတ်သစ်ဖက်ဒရယ်စနစ် အတွေးအခေါ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖြစ် သတ်မှတ်ကြတာလည်း ရှိပါတယ်။

ဒီနေ့ခေတ်ဖက်ဒရယ်စနစ်မှာ အနည်းဆုံး အစိုးရအဆင့် (၂) ဆင့် ရှိတယ်။ တစ်ခုက ပြည်ထောင်စုအဆင့်ဖြစ်ပြီး နောက်တစ်ခုက ပြည်နယ်အဆင့် ဖြစ်ပါတယ်။

တစ်ပြည်ထောင်စနစ်တုန်းက တစ်တိုင်းပြည်လုံးကို ဗဟိုအစိုးရက ချုပ်ကိုင်ထားရာကနေ ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာတော့ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်ထားမှုတွေကို ဖြေလျှော့ချလိုက်ပြီး ပြည်နယ်တွေကိုလည်း အာဏာတွေ ခွဲဝေပေးလိုက်တာမျိုး ဖြစ်ပါတယ်။ တကယ်လို့ အစကတည်း ကိုယ်ပိုင်အာဏာတွေ ရှိနေကြတဲ့ ပြည်ထောင်တွေ စုပေါင်းပြီး ပြည်ထောင်စုဖွဲ့တာဆိုရင်တော့ ဗဟိုက အာဏာကို ခွဲပေးလိုက်ရတာမျိုး မဟုတ်တော့ဘဲ ဗဟိုအတွက် ပြည်ထောင်တွေ (ပြည်နယ်တွေ)က အာဏာကို ခွဲဝေကာ ဘုံအနေနဲ့ စုပေါင်းပေးလိုက်ရတဲ့ သဘောမျိုး ဖြစ်သွားမယ် ထင်ပါတယ်။ ဒီအဆင့်(၂)ခုစလုံးမှာ နောက်ဆုံးအပြီးပြတ် ဆုံးဖြတ် ချက်တွေကို ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ခွင့်ရှိသလို ပြည်နယ်အဆင့်တွေမှာလည်း အဲဒီလို ဆုံးဖြတ်ပိုင်ခွင့်က အပြည့် အဝ ရှိနေတတ်ကြပါတယ်။ ဒါကို ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံချက်ပေးထားရပါတယ်။

စီအာရ်ပီအိတ်ချ်နဲ့ အခြားအဖွဲ့အစည်းတွေက ဦးဆောင်ရေးဆွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရဆိုရင် ပြည်နယ်တွေကို အာဏာအပြည့်အဝပေးထားတဲ့အပြင် ြွကင်းကျန်တဲ့ အာဏာတွေကိုလည်း ပေးထားတာ တွေ့ရပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအတွက်တော့ ဘုံအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ အာဏာတွေလောက်ပဲ အပ်နှင်းထားတာကို တွေ့ရတယ်။

ဒီပဋိညာဉ်အရဆိုရင် ပြည်နယ်တွေက ပိုပြီး အာဏာရှိနေမယ့်သဘော သက်ရောက်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် သတ်မှတ်ထားတဲ့ ဘုံအကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ အာဏာတွေထဲမှာ ဘာတွေ ပါဝင်သလဲဆိုတာကို ဖွင့်ဆိုလိုက်ရင်တော့ ဖက်ဒရယ်ပြည်ထောင်စုအဆင့်က ကျင့်သုံးမယ့် အာဏာတွေဟာ ရုပ်လုံးပေါ်လာမယ် ထင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖက်ဒရယ်စနစ်ကို ကျင့်သုံးကြတဲ့ နိုင်ငံသားတွေမှာ နိုင်ငံရေးအရ ယူကြရတဲ့ တာဝန်ဝတ္တရားတွေကလည်း အဲဒီ(၂)ဆင့်စလုံးမှာ ရှိနေကြပါတယ်။ ပြည်နယ်အဆင့်မှာ နိုင်ငံရေးအရ နိုင်ငံသားတွေ ယူကြရတဲ့ တာဝန်ဝတ္တရားတွေ ရှိနေသလို ပြည်ထောင်စုအဆင့်မှာလည်း အဲဒီနိုင်ငံသားတွေ ယူကြရတဲ့ တာဝန်ဝတ္တရားတွေက ရှိနေကြပါတယ်။ ပြီးတော့ ဒီအဆင့်(၂)ခုစလုံးမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကလည်း ရှိနေကြပါတယ်။ ဒီအခွင့်အရေးတွေကိုလည်း ပြည်နယ်အဆင့်မှာ ရှိနေတဲ့ အစိုးရတွေက အာမခံချက်ပေးထား၊ ကာကွယ်ပေးထားရသလို ပြည်ထောင်စုအဆင့်အစိုးရတွေကလည်း အာမခံချက်ပေးထား၊ ကာကွယ်ပေးထားရပါတယ်။

ဒီဖက်ဒရယ်စနစ်မှာ မျှဝေအုပ်ချုပ်မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုဆိုပြီး (၂)မျိုး ရှိပါတယ်။ မျှဝေအုပ်ချုပ်မှုက ပြည်ထောင်စုအဆင့် ဖြစ်ခဲ့ရင် ကိုယ်ပိုင်အုပ်ချုပ်မှုကတော့ ပြည်နယ်အဆင့်ဖြစ်ပါမယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလည်း ကိုယ်ပိုင်အုပ်ချုပ်မှုထဲမှာ အကျုံးဝင်သွားပါလိမ့်မယ်။ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ(၂)ရပ်စလုံးကလည်း နိုင်ငံသားတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေကြပါတယ်။

ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ဟာ ပုဂ္ဂလိကနိုင်ငံသားတစ်ဦးချင်းစီနဲ့ လည်ပတ်အလုပ်လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂလိကနိုင်ငံသားတစ်ဦးချင်းစီနဲ့ပဲ နေးရှင်းဆိုတဲ့ နိုင်ငံတော်တစ်ခုကို ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ ဒီပုဂ္ဂလိကနိုင်ငံသားတစ်ဦးချင်းစီဟာ ပြည်သူဆိုတာလည်း ဟုတ်ပါတယ်။ ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ ပြည်နယ်အစိုးရဖြစ်ဖြစ် ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြရပါတယ်။ ဒီလို ရွေးကောက်တင်မြှောက်ကြရတာဟာ နိုင်ငံသားတွေရဲ့ အခွင့်အာဏာဖြစ်သလို တာဝန်လည်းပဲ ဖြစ်တယ်။ သမ္မတစနစ်မှာဆိုရင် ပြည်သူတွေက ဖက်ဒရယ်ပြည်ထောင်စုရဲ့ သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်တယ်။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်အမတ်တွေကိုလည်း ပြည်သူတွေကပဲ တိုက်ရိုက် ရွေးကောက်တင်မြှောက်တယ်။

ဥပမာအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကို ပြောကြည့်ပါမယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်က ကွန်ဂရက်လွှတ်တော် ဖြစ်ပါတယ်။ အဲဒီကွန်ဂရက်ဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်ကြီးမှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ဆိုပြီး လွှတ်တော် နှစ်ရပ် ပါဝင်တယ်။အထက်လွှတ်တော်ကို ဆီးနိတ်လို့ ခေါ်ပြီး အောက်လွှတ်တော်ကတော့ ပြည်သူ့လွှတ်တော် ဖြစ်ပါတယ်

အထက်လွှတ်တော်ဆိုတဲ့ ဆီးနိတ်လွှတ်တော်ကို တစ်ပြည်နယ်ကို အမတ် (၂) ယောက်နှုန်းနဲ့ ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ပေးရတယ်။ အောက်လွှတ်တော်ဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုတော့ လူဦးရေအရေအတွက်၊ လူဦးရေအချိုးအစားပမာဏတစ်ခု သတ်မှတ်ပြီး ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ပါတယ်။ လူဦးရေအရေအတွက် ဘယ်နှယောက်ကို အမတ်တစ်ယောက်နှုန်းစသဖြင့် ဖြစ်ပါတယ်။

ဒီလို လူဦးရေအရေအတွက်အတိုင်း အမတ်တွေကို ရွေးချယ်တာက နိုင်ငံရေးတရားမျှတမှု (political justice) ပိုရှိပါတယ်။ ဥပမာ လူမှုရေးတရားမျှတမှု (social justice)အရ သတ်မှတ်ထားတဲ့ ပြည်သူဘယ်နှယောက်ကို ရဲတစ်ယောက်နှုန်း၊ ကျောင်းသားဘယ်နှယောက်ကို ဆရာတစ်ယောက်နှုန်း၊ ပြည်သူဘယ်နှယောက်ကို ဆရာဝန်တစ်ယောက်နှုန်းစတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံရေးတရားမျှတမှု၊ လူမှုရေးတရားမျှတမှုတွေ ရှိနေပြီဆိုရင် စီးပွားရေးတရားမျှတမှု (economic justice)ဟာလည်း အဆင်ပြေချောမွေ့စရာ ရှိနေမယ်လို့ ယူဆနိုင်ပါတယ်။ ပြည်နယ်အဆင့်မှာလည်း သက်ဆိုင်ရာပြည်နယ်က ပြည်သူတွေကပဲ တိုက်ရိုက် ရွေးကောက်တင်မြှောက်ပါတယ်။ဥပမာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာပြည်နယ်က ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်တယ်။ ပြည်နယ်လွှတ်တော်တွေရဲ့ ပြည်နယ်လွှတ်တော်အမတ်တွေကိုလည်း သက်ဆိုင်ရာပြည်နယ်က ပြည်သူတွေကပဲ တိုက်ရိုက် ရွေးကောက်တင်မြှောက်တယ်။

ပါလီမန်စနစ်မှာတော့ ပြည်သူတွေက လွှတ်တော်အမတ်တွေကိုပဲ ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်။ ပြည်ထောင်စုလွှတ်တော်အမတ်တွေကို ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြသလို ပြည်နယ်လွှတ်တော်အမတ်တွေကိုလည်း ပြည်သူတွေကပဲ တိုက်ရိုက် ရွေးကောက်တင်မြှောက်ကြပါတယ်။ ဒါပေမဲ့ ဒီပါလီမန်စနစ်မှာ သမ္မတစနစ်မှာလို အုပ်ချုပ်ရေးမဏ္ဍိုင် (စီမံခန့်ခွဲရေးမဏ္ဍိုင်)ကို ပြည်သူတွေက တိုက်ရိုက် ရွေးကောက်တင်မြှောက်ခွင့် မရှိပါဘူး။

ဖက်ဒရယ်ပြည်ထောင်စုရဲ့ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ စည်းမျဉ်းခံသမ္မတကို လွှတ်တော်ကပဲ ရွေးကောက်တင်မြှော က်သလို ဖက်ဒရယ်ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေးအဖွဲ့ (စီမံခန့်ခွဲရေးအဖွဲ့)ရဲ့ အကြီးအကဲဖြစ်တဲ့ ဝန်ကြီးချုပ်ကိုလည်း ဖက်ဒရယ်ပြည်ထောင်စုကပဲ ရွေးကောက်တင်မြှောက်ပါတယ်။ တကယ်လို့ နိုင်ငံတော်ရဲ့ အကြီးအကဲက စည်းမျဉ်းခံဘုရင်၊ ဘုရင်မသာ ဖြစ်ခဲ့မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ကပါ ရွေးကောက်တင်မြှောက်ခွင့် မရှိတော့ပါဘူး။ ဒီလို ပါလီမန်စနစ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကိုလည်း ပြည်နယ်လွှတ်တော်တွေကပဲ ရွေးကောက်တင်မြှောက်ကြပါတယ်။

အထက်ပါအချက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် သမ္မတစနစ်နဲ့ ပါလီမန်စနစ် (၂)မျိုးမှာ သမ္မတစနစ်လောက် ပါလီမန်စနစ်က နိုင်ငံသားတွေကို နိုင်ငံရေးမှာ ပါဝင်ခွင့် မပေးထားဘူးဆိုတဲ့ အချက်ကို တွေ့ရပါတယ်။ အဓိပ္ပာယ်က နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်မှု (citizen participation)ဘက်က ပြောရင် ပါလီမန်စနစ်က သမ္မတစနစ်လောက် အားမကောင်းဘူးလို့ ဆိုလိုပါတယ်။

နိုင်ငံရေးမှာ နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အလွန်အင်မတန် အရေးကြီးပါတယ်။ ဥပမာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နဲ့ ပတ်သက်လာရင် နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိ၊ မရှိဆိုတာဟာ အင်မတန် အခရာကျလာတတ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တို့ဆိုတဲ့ စကားလုံးတွေကို နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးဦးဆောင်သူတွေက ကိုင်ပြီး ပြောဆိုနေကြပေမယ့် နိုင်ငံတကာစံနှုန်းတွေနဲ့ ပြောရင်တော့ နောက်ဆုံး ဆုံးဖြတ်ချက်ချရတဲ့သူတွေဟာ ပြည်သူတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ဥပမာ ဒေသတစ်ခုကို ပြည်နယ်အဖြစ် သတ်မှတ်မယ်ဆိုပါတော့။ ဒါကို စတင်ပြောဆိုတဲ့သူတွေ၊ စည်းရုံးတဲ့သူတွေဟာ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးဦးဆောင်သူတွေ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ပြည်နယ်သတ်မှတ်မှုကို နောက်ဆုံး ဆုံးဖြတ် ချက်ချရတဲ့သူတွေဟာ ပြည်သူတွေကိုယ်တိုင်ပဲဆိုတာကိုလည်း သတိပြုမိဖို့ လိုပါတယ်။ ဆိုလိုတာက တကယ်လို့ ဧရာဝတီကို ပြည်နယ်အဖြစ် သတ်မှတ်မယ်ဆိုရင် အဲဒီလို ပြည်နယ်သတ်မှတ်မှုကို နောက်ဆုံး အဆုံးအဖြတ်ပေးရတဲ့သူတွေဟာ ဧရာဝတီက ပြည်သူတွေကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတာပါ။ ဧရာဝတီကို ပြည်နယ်အဖြစ် သတ်မှတ်ချင်တဲ့သူတွေဟာ အဲဒီလို ဖြစ်လာဖို့အတွက် စည်းရုံးဟောပြောနိုင်ပါတယ်။ အဲဒီလို ဟောပြောစည်းရုံးတဲ့သူတွေဟာ နိုင်ငံရေးသမားတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ စာရေး ဆရာတွေ၊ ကဗျာဆရာတွေလည်း ဖြစ်ချင်ဖြစ်မယ်၊ ပညာရှင်တွေလည်း ဖြစ်ချင်ဖြစ်မယ်၊ တက်ြွကလှုပ်ရှားသူတွေလည်း ဖြစ်ချင်ဖြစ်ပါမယ်။ ဒါပေမဲ့ သူတို့က စည်းရုံးဟောပြောပေးလို့ပဲ ရပြီး ဧရာဝတီကို ပြည်နယ်အဖြစ် သတ်မှတ်မယ်၊ မသတ်မှတ်ဘူးဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဧရာဝတီပြည်သူတွေကပဲ ချမှတ်ရပါတယ်။ ဒါဟာ နိုင်ငံတကာစံနှုန်းလည်း ဖြစ်ပါတယ်။ ဒါကို အားလုံးက သတိပြုမိဖို့ လိုပါတယ်။

ဧရာဝတီကို ပြည်နယ်သတ်မှတ်ရေး၊ မသတ်မှတ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းကို နိုင်ငံတကာစံနှုန်းနဲ့အညီ ပြောရရင် အပိုင်း (၂)ပိုင်းနဲ့ ပြောနိုင်ပါလိမ့်မယ်။ ပထမပိုင်းက ပြည်နယ်သတ်မှတ်ရေးအတွက် ဟောပြောစည်းရုံးတဲ့ကာလ ဖြစ်ပြီး ဒုတိယပိုင်းကတော့ ပြည်သူ့ဆန္ဒခံယူပွဲ (referendum) ကျင်းပကာ ပြည်သူတွေက အဆုံးအဖြတ်ပေးရတာ ဖြစ်ပါတယ်။ ဧရာဝတီကို ပြည်နယ်သတ်မှတ်ရေးအတွက် ဟောပြောစည်းရုံးမယ့်သူတွေက ကာလတစ်ခု သတ်မှတ်ပြီး ဟောပြောစည်းရုံးပါ။ ဒါက ပထမပိုင်း ဖြစ်ပါတယ်။ အဲဒီလို ဟောပြောစည်းရုံးပြီးရင် ဧရာဝတီကို ပြည်နယ်အဖြစ် သတ်မှတ်မယ် (yes)၊ မသတ်မှတ်ဘူး (No) ဆိုတဲ့ မဲပုံး (၂) ပုံး စိုက်ရပါမယ်။ သို့မဟုတ် မဲစာရွက်မှာ ]]ပြည်နယ်အဖြစ် သတ်မှတ်မယ်}}အကွက်နဲ့ ]]ပြည်နယ်အဖြစ် မသတ်မှတ်ဘူး}}အကွက်တွေ ထားပြီး ပြည်နယ်အဖြစ် သတ်မှတ်ချင်တဲ့သူတွေက ]သတ်မှတ်မယ်}အကွက်မှာ အမှတ်အသားပြုလုပ်၊ သဘောမတူတဲ့သူတွေက ]မသတ်မှတ်ဘူး}ဆိုတဲ့ အကွက်ထဲမှာ အမှတ်အသားပြုလုပ်ကာ မဲပေးနိုင်ပါတယ်။

ဧရာဝတီပြည်သူတွေ ထည့်လိုက်တဲ့ မဲတွေထဲမှာ ပြည်နယ်အဖြစ် သတ်မှတ်မယ်ဆိုတဲ့ မဲပုံးက၊ သို့မဟုတ် မဲအကွက်က မဲအများဆုံး ရမယ်ဆိုရင် ပြည်နယ်သတ်မှတ်မှု အောင်မြင်မယ်၊ မသတ်မှတ်ဘူးဆိုတဲ့ မဲပုံးက၊ သို့မဟုတ် မဲအကွက်က မဲတွေ များနေမယ်ဆိုရင်လည်း ပြည်နယ်မသတ်မှတ်တဲ့ဘက်က အနိုင်ရသွားပါလိမ့်မယ်။ ဒီနေရာမှာ ဧရာဝတီပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ဧရာဝတီပြင်ပက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေက လုံးဝ (လုံးဝ) လိုက်နာလေးစားရမယ်ဆိုတာကို အထူးသတိပြုမိဖို့ လိုပါတယ်။ တကယ်လို့ ဧရာဝတီပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ဧရာဝတီပြင်ပက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေက မလိုက်နာမလေးစားဘူး၊ ဆန့်ကျင်ကန့်ကွက်ခဲ့မယ်ဆိုရင် အဲဒီဧရာဝတီပြင်ပက နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေဟာ ဧရာဝတီပြည်သူတွေရဲ့ ]]ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်}}တွေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်သွားနိုင်ပါတယ်။

ဒီအချက်ဟာ အထူးသတိပြုဖွယ် ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို ဟောပြောစည်းရုံးနေတဲ့သူတွေ၊ တောင်းဆိုနေတဲ့သူတွေကိုယ်တိုင်က အခြားသူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကိုတော့ မလေးစား၊ မလိုက်နာတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါတွေအားလုံးက နိုင်ငံရေးမှာ နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို အခြေခံထားတဲ့အရာတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် အထူးသတိပြု လေးစားလိုက်နာဖို့ လိုပါတယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်မှာ နိုင်ငံသားတွေရဲ့ ပါဝင်ဆောင်ရွက်မှုဟာ အရေးပါအခရာကျနေတတ်ပါတယ်။

ဗဟိုချုပ်ကိုင်မှု အားကြီးတဲ့ တစ်ပြည်ထောင်စနစ်မှာထက် ဗဟိုချုပ်ကိုင်မှုကို ဖြေချလိုက်တဲ့ ဖက်ဒရယ်စနစ်မှာ နိုင်ငံသားတွေရဲ့၊ ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုက ပိုများပြီး ပိုအားကောင်းပါတယ်။ အဲဒီအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို ဆွဲကိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုကြတဲ့သူတွေကလည်း ပြည်သူတွေကိုယ်တိုင် ပါဝင်ပြီး၊ နိုင်ငံသားတွေကိုယ်တိုင် ပါဝင်ပြီး ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို မပိတ်ပင်၊ မတားဆီးမိဖို့ လိုပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စုခရီးစဉ်မှာတော့ ပိုကောင်းလာတဲ့ အချက်တွေ ရှိလာနေတာကိုလည်း တွေ့နေရပါတယ်။ အဲဒါကတော့ အရင်တုန်းက ဖက်ဒရယ်စနစ်ကို ပိတ်ပင်တားဆီးတဲ့သူတွေဟာ စစ်အာဏာရှင်အုပ်စု ဖြစ်ပြီး ဒီစနစ်ကို တောင်းဆိုတဲ့သူတွေဟာလည်း နိုင်ငံရေးသမား (တိုင်းရင်းသားခေါင်းဆောင်)တွေသာ ဖြစ်နေပေမယ့် အခု လက်ရှိအချိန်မှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုတဲ့သူတွေဟာ နိုင်ငံသားတွေ၊ ပြည်သူတွေကိုယ်တိုင် ဖြစ်လာလို့ပါပဲ။ အဲဒါကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို ဆုပ်ကိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောင်းဆိုတဲ့သူတွေဟာ ဒီဖြစ်စဉ်တွေမှာ နိုင်ငံသားတွေ၊ ပြည်သူတွေရဲ့ ဆုံးဖြတ်မှုတွေကို၊ သက်ဆိုင်ရာဒေသက ပြည်သူတွေက သက်ဆိုင်ရာဒေသအလိုက် ဆုံးဖြတ်ထားမှုတွေကို လေးစားလိုက်နာအကောင်အထည်ဖော်ကြဖို့လည်း လိုအပ်ပါတယ်ဆိုတဲ့ အကြောင်း။ ဒီလို နိုင်ငံရေးမှာ နိုင်ငံသားတွေ ပါဝင်ဆောင်ရွက်မှုအားလုံးဟာ ဖက်ဒရယ်စနစ်မှာ နိုင်ငံသားတွေ ဆောင်ရွက်ကြရမယ့် တာဝန်တွေလည်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ထပ်ပြောရရင် ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ မူလအဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူက၊ နိုင်ငံ သားတွေက အုပ်ချုပ်ခြင်း။နိုင်ငံသားတွေ၊ ပြည်သူတွေက အုပ်ချုပ်တယ်ဆိုတာ တိုင်းနိုင်ငံတစ်ခုလုံးရဲ့ အရေးအရာကိစ္စတွေကိုပဲဖြစ်ဖြစ်၊ ဒေသအလိုက် ပြည်သူတွေက ဒေသအလိုက် အရေးအရာကိစ္စကိုပဲဖြစ်ဖြစ် နိုင်ငံသားတွေ၊ ပြည်သူတွေက ဆုံးဖြတ်ချက်ချ၊ သတ်မှတ်ကြတာကို ခေါ်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတွေ မဖြစ်မနေ ထမ်းကြရတဲ့ တာဝန်တွေလည်း ဖြစ်ပါတယ်။ ဒါကိုပဲ ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေစီဖက်ဒရယ် ကြိုက်သလိုလည်း ခေါ်နိုင်ပါသေးတယ်။

 

အောင်နိုင်

Federal Journal