• Today is: Saturday, April 20, 2024

ရည်မှန်းချက် ပြတ်သားရမည့် တော်လှန်ရေး

“ရည်မှန်းချက် ပြတ်သားရမည့် တော်လှန်ရေး”

တော်လှန်ရေးဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ လူထုဟာ သွေးအေး လာကြ ပါပြီ။ ပုံမှန်ဘ၀ထဲ ပြန်သွားနေကြ ဖို့တာ ဆူနေကြတယ်။‌ ငွေထုတ် ရဖို့အ‌ရေး ဘဏ်‌တွေမှာတန်းဆီနေရဆဲ။‌ ကိုဗစ်ဒဏ်ခံစား‌နေရတဲ့ မိသားစုဝင်တွေ အတွက် အောက်ဆီဂျင်ရတဲ့နေရာမှာ‌ အောက်ဆီဂျင်အိုးတွေ တန်းစီပြီး ဖြည့်နေရတယ်။ ဒါဟာမငြင်းနိုင်တဲ့ မြေပြင် ပေါ်ကပကတိအမှန်တရားပါ။

ဘုရင်ရူးရူးပြီး အာဏာထလုတဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုဟာ နိုင်ငံကိုချောက်ထဲဆွဲချနေတာ ဖြစ် တယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို မရတဲ့ စစ်အုပ်စုဟာ အင်အားကောင်းလာတဲ့ တော်လှန်ရေး သမား တွေ နဲ့ဒီမိုကရေစီ အင်အားစုတွေကို ဖြိုခွဲဖို့ ဖဲချပ်တစ်ချပ်ကို ထုတ်သုံး လာတယ်လို့ ဆိုရမယ်။ ဒီဖဲချပ်ဟာ စစ်အာဏာ ရှင် တိုင်းလိုလို ထုတ်သုံးခဲ့တဲ့ ဖဲချပ် ဖြစ်တယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေအိမ်အကျယ်ချုပ်ချခံရတဲ့ ဒေါ်စုနဲ့တွေ့ဆုံခဲ့တဲ့ သတင်းတွေ ကြားရတယ်။ ကျဉ်းထဲကြပ်ထဲရောက်လာရင်၊ အသိအမှတ်ပြုမှူကို လိုချင်ရင် စစ်အာဏာရှင်‌တွေ လုပ်နေကျ ဆီသည်မ လက်သုတ်အကွက်ပဲ။

အမှန်အတိုင်းပြောရရင် မြန်မာလူထုဟာ ဒီမိုကရေစီအစစ်အမှန်ကို မခံစား ခဲ့ရဘူး။ စစ်ဖိနပ်အစိတ်သား ရောနေတဲ့‌ ရွှေရည်စိမ် ဒီမိုကရေစီကို ဆယ်စုနှစ် တစ်ခုနီးပါးရရှိခဲ့တာ ဖြစ်တယ်။ ဒေါ်စုရဲ့အာဏာရ ကာလ (၂၀၁၆ – ၂၀၂၀) တွင်းမှာ အမျိုးသားရင်ကြားစေ့ရေး လုပ်တာလဲမအောင်မြင်ခဲ့ဘူး။

တိုင်းရင်းသားဒေသတွေမှာ စစ်ပြေးဒုက္ခသည် တွေဟာ ရှိနေဆဲ၊ တိုင်းရင်းသား ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နိမ့်ကျမြဲနိမ့်ကျဆဲဖြစ်တယ်။

တော်လှန်ရေးရဲ့ တပ်ဦးမှာ ရှိ‌သော လူထုထောက်ခံမှုရထားတဲ့ NUG နဲ့ CRPH ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ EAOs တွေ နဲ့သာ ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်တယ်။ ဒါမှသာစစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးကို ရရှိမှာဖြစ်တယ်။ စစ်မှန်တဲ့ အမျိုးသားရင်ကြားစေ့ရေးမှ တဆင့်ဖက်ဒရယ်ဒီမိုကရေစီအထိ ချီတက်နိုင်မှာပါ။

နွေဦး‌တော်လှန်ရေးမှာ မင်းသား‌ခေါင်းဆောင်းထားတဲ့ စစ်အုပ်စုရဲ့ ပကတိ သရုပ်မှန်ဟာ ပေါ်ပေါက်လာခဲ့ပါပြီ။ မျိုးဆက်ဟောင်း အက်စ် နဲ့ ဝိုင် တွေထဲက အခွင့်အ‌ရေးမက်တဲ့ တောကြောင်တွေ၊‌ ခေတ်ပျက်သူဌေး ခရိုနီတွေကလွဲရင် လူထုဟာ စစ်အုပ်စုနဲ့ ရန်ငှါပြတ်ခဲ့ပါပြီ။ သွေးကြွေးဆပ်ဖို့အထိ စိတ်အား ထက်သန်နေကြပြီ။  ‌မြန်မာပြည်ရဲ့ နေရာတိုင်းလိုလိုမှာ စစ်ခွေးနဲ့ဒလန်တွေရဲ့ နာရေးသတင်းတွေဟာ ကြားနေရပြီ။

မြန်မာ့နွေဦး‌‌တော်လှန်‌ရေးမှာ ဦးကျိုးစေနိုင်တဲ့ အချက်တစ်ချက်ရှိတယ်။ အဲ့ဒီ အချက်ဟာ ဒေါ်စုလွတ်မြောက်ရေး ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်မှာ အလွန် အန္တရာယ်များတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကြောင့် ဒီတော်လှန်ရေးဟာ ရှုံးနိမ့် သွားနိုင်တယ်။ စစ်အုပ်စုဟာ ဒီအချက်ကိုသုံးပြီး ဒီမိုက‌‌ရေစီအင်အားစု‌ တွေနဲ့ လူထုကြား ဖြိုခွဲဖို့ အသင့်ပါပဲ။ စစ်အုပ်စုနဲ့ ဆွေးနွေးသူ၊ ဆွေးနွေးဖို့ အားပေး ထောက်ခံသူ တိုင်းဟာ ဖောက်ပြန်သူတွေပါပဲ။ တော်လှန်ရေးမှာ သူတို့ကို လည်း ရှင်းလင်းဖို့လိုအပ်တယ်။

တော်လှန်ရေး အင်အားစုတွေဟာ လူထုရဲ့နိုင်ငံရေးရေချိန်ကို မြှင့်တင်ပေးရမှာ ဖြစ်တယ်။ ပုဂ္ဂိုလ်စွဲ နိုင်ငံရေးမှသည် စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ချီတက်နိုင်ဖို့ အထိ အသိပညာပေးမှုတွေ လုပ်ဆောင်ရမယ်။ အဖိနှိပ်ခံ မြန်မာ မဟုတ်တဲ့ တိုင်းရင်းသား‌တွေရဲ့ ဘဝကိုနားလည်ပြီး သူတို့ဘက်က ရပ်တည်‌ ပေးရမယ်။ “တိုင်းပြည်နဲ့ ဒေါ်စုထဲက တစ်ခုကို မဖြစ်မနေ ရွေးရရင် တိုင်းပြည် ကိုသာ ရွေးဖို့အထိ လူထုဟာ စိတ်ပိုင်းဖြတ်နိုင်မှု ရှိနေရမှာ” ဖြစ်တယ်။ ဒါမှ သာလျှင် မြန်မာ့ နွေဦးတော်လှန် ရေးဟာ အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ ယူဆ မိပါတယ်။

အရေးတော်ပုံအောင်ရမည်။

ရဲဘော်တေဇော

Federal Journal