• Today is: Thursday, March 28, 2024

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ တွေ့ဆုံရန် မနီးစပ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်။

 

ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့၏ ပဋိပက္ခမှာ တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် ခက်ခဲနေဆဲဟု ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့များက ပြောသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် သဘောထားရှိကြသော် လည်း နယ်မြေသတ်မှတ်မှု အပေါ်တွင် အခြေခံ၍ ဖြစ်ပေါ် လာသည့် လက်နက်ကိုင် ပဋိပက္ခဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာနိုင်ရန် ခက်ခဲနေဆဲဟု SSPP နှင့် RCSS က ပြော သည်။

SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က “ကျနော်တို့က ပြောထားပြီးသားပြီလေ ခင်ဗျား။ သူ့နေရာ သူနေ ကိုယ့်နေရာကိုယ်နေပေါ့နော။ ဒီလိုအနေအထား ပြန်ရောက်တဲ့ အချိန်ကျရင် ကျနော်တို့က ဒီနေ့ လုပ်နိုင် လို့ ရှိရင် မနက်ဖြန် ကျနော်တို့ ဆွေးနွေးပွဲက ပြန်စလို့ရပါတယ်ဆိုတဲ့ အကြောင်းပေါ့လေ။” ဟု ပြောသည်။

RCSS ဖက်မှ ၎င်းတို့၏ ထိန်းချုပ်ရာ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြန်ဆုတ်သွားမည်ဆိုပါက တွေ့ဆုံဆွေးနွေး မှု မှာ ချက်ချင်း ဖြစ်ပေါ်လာနိုင်သည်ဟု SSPP ဖက်မှ ပြောဆိုနေသော်လည်း ထိုကဲ့သို့ နယ်မြေကန့်သတ်မှုမျိုးဖြင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း RCSS ဖက် ပြောသည်။

SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ RCSS ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ယခုကဲ့သို့ ပြောသည်။

ဗိုလ်မှူးစိုင်းခမ်းစံက “SSPP က သူတို့ က တွေ့ဆုံဆွေးနွေးချင်တယ်ဆိုတာ အဲဒါကြိုဆိုရမှာပဲ။ RCSS အနေနဲ့ ကလည်း တွေ့ဆုံဆွေးနွေးရေးသာ ထွက်ပေါက် ဖြစ်တယ်။ အဖြေရှာလာတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ် တယ်။ ဒါပေမယ့် တစ်ခုရှိတာက တွေ့ဆုံဆွေးနွေးမယ်ဆိုရင် RCSS က တောင်ပိုင်းကို အရင်ဆုတ်၊ ဆုတ်ပြီးမှ ကျနော်တို့ ဆွေးနွေးမယ်ဆို ဒီ Pre-Condition လို့ခေါ်တဲ့ ကန့်သတ်ချက်နဲ့ ပါတဲ့ ဆွေးနွေးမှုမျိုးဆိုတော့ မအောင်မြင်နိုင်ဘူးလေ။ ဒါကြောင့် တိုက်ပွဲကလည်း မရပ်သေးဘူးဆိုတော့ ထိုးစစ်ဆင် တာ မရပ်သေးဘူးဆို တော့ ဆွေးနွေးမှုက မစနိုင်သေးဘူးပေါ့နော်” ဟု ပြောသည်။

နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့် အခြားတစ်ဖက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး နေထိုင်စားသောက်ရေးနှင့် ကျန်းမာ ရေးဆိုင်ရာ အခက် အခဲများကို ကြုံတွေ့နေရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသူများနှင့် ဒေသခံများက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေး သီးမြို့နယ်နှင့် မိုင်းကိုင်မြို့နယ် ၄ မြို့နယ်တို့တွင် SSPP နှင့် RCSS တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားနေ သည်ဟု RCSS က ပြောသည်။

ယခုဖြစ်ပေါ်နေသည့် နယ်မြေအငြင်းပွားမှု ပြဿနာသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် RCSS မှ တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းသို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု SSPP နှင့် ၎င်းတို့ ၏ မဟာမိတ်အဖွဲ့များက ပြောဆိုထားသည်။

“အဓိက ဖြစ်နေတဲ့ ပြဿနာက ဒီနယ်မြေပိုင်းခြားသတ်မှတ်မှုပဲ သူတို့က ရှမ်းပြည်တပ်မတော် ဖြစ်တယ်ပေါ့ နော်။ သွားချင်တဲ့ နေရာသွားလို့ရတယ်။ လုပ်ချင်တဲ့နေရာ လုပ်လို့ရတယ်။ လုပ်ချင်တဲ့ဟာ လုပ်လို့ရတယ်ဆိုတဲ့ သဘောက သူတို့က ဒါက သူတို့ရဲ့ မူပေါ့လေ။ ပြဿနာက ဒီကနေစတာပဲ။ ကျနော်တို့ နယ်မြေပိုင်းခြား သတ် မှတ်မှုပဲ။ ဒီဟာကို မလုပ်နိုင်သေးသ၍ကျတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းက ဘယ်လိုမှ မတတ်နိုင်ဘူး” ဟု SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က ဆက်ပြောသည်။

SSPP ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူးစိုင်းခမ်းစံက ယခုကဲ့သို့ တုန့်ပြန်ပြောဆိုသည်။

ဗိုလ်မှူး စိုင်းခမ်းစံက “အဲဒါ စွပ်စွဲ ပြောဆိုချက်သာ ဖြစ်တယ်။ ဒီ ကျနော်တို့ မြောက်ပိုင်းမှာ သူတို့ လှုပ်ရှား နယ် မြေဆိုတာ ခါတိုင်းတုန်းက သူတို့ သမိုင်းကြောင်းအရ ရှည်မှာပေါ့ ပြောရမယ်ဆိုရင် တကယ်တမ်းကျရှိရင် တော့ ဒါဒီမြောက်ပိုင်း အထိမှာ ကျနော်တို့ တပ် ၇၀၁ ဆို နယ်မြေဒေသရှိတယ်။ အဲဒီဥစ္စာဆိုရင် မူဆယ်-နမ့်ခမ်း ဟိုးလွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကျနော်တို့ လှုပ်ရှားနေတဲ့ ဥစ္စာရှိတယ်။ ပြောမယ်ဆိုရင်တော့ နယ်မြေကျ တော့ Over Lap ဖြစ်ရင်ဖြစ်မှာပေါ့။ သူ့နယ်ပဲ နင်တို့နဲ့ မဆိုင်ဘူးဆို ပြောလို့မရဘူးလေ” ဟု ပြောသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှ စတင်ကာ နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် ရှမ်းပြည် နယ် မြောက်ပိုင်းတွင် SSPP နှင့်အတူ ၎င်းတို့၏ မဟာမိတ် ပူးပေါင်းတပ်များနှင့် RCSS တို့ အကြား တိုက်ပွဲများ ဆက် တိုက် ဆိုသလိုဖြစ်ပွား လာခဲ့ပြီးနောက် ဒေသခံများမှာလည်း စစ်ဘေးရှောင်များအဖြစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တိုက်ပွဲများ ချုပ်ငြိမ်းရန်နှင့် ရှမ်းလက်နက်ကိုင် အဖွဲ့အ စည်းများ ပေါင်းစည်းနိုင်ရန် ရှမ်းနိုင်ငံရေးပါတီများ၊ ရှမ်း လူမှုအသင်းအဖွဲ့များ၊ ရှမ်းလူ ငယ်အဖွဲ့အစည်းများ၊ ရဟန်းသံဃာတော်များနှင့် ဒေသခံပြည်သူများက ကြိုးစား ညှိ နှိုင်းပေးခဲ့ကြသော်လည်း ယနေ့အချိန်ထိ ပြေ လည်မှု တစ်စုံတစ်ရာ မရသေးပဲ တိုက်ပွဲများဆက်လက်ဖြစ်ပွား နေခြင်းဖြစ်သည်။